Published 10 Feb 2022
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားက မီးသတ်သမားတွေဟာ ဖေဖော်ဝါရီ(၈)ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံကြီးတစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေတာကို ကြိုးစားငြှိမ်းသတ်ခဲ့ကြရပါတယ်။ အိုကလာဟိုးမား အနောက်မြောက်ပိုင်းက ဆောက်လုပ်ဆဲ ဟိုတယ်နှင့်အိမ်ခန်းတွဲများ အဆောက်အအုံမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
Source AFP
#DailyNews
Published - 10 Feb 2022
၁။ ၂၀၂၂ ခုနှစ် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလ သတ်မှတ်မည်။
၂။ မြိုင်ရတနာ ကုန်စိမ်းဈေး၏ မူလဆိုင်ခန်းပိုင်ရှင်များအား နေရာချပေးနိုင်ရန် ယခုလကုန်တွင် စည်ပင်သို့အခန်းများအပ်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ၅ နှစ်ကြာသည့်တိုင်အောင် လည်ပင်းမှာဘီးတာယာစွပ်မိနေခဲ့သည့် မိချောင်းတစ်ကောင်ကို ကယ်တင်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 10 February 2022
ကြာသပတေးနေ့က တိုက်ခိုက်ရေးသမားတွေဟာ လစ်ဗျားဝန်ကြီးချုပ်'အက်ဘ်ဒူဟာမစ်အယ်လ်ဒီဘီဘာ'ရဲ့ကားကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘဲ လွတ်မြောက်သွားခဲ့ကြောင်း ဝန်ကြီးချုပ်နဲ့နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
လစ်ဗျားနိုင်ငံမှာ အစိုးရအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အဖွဲ့ဂိုဏ်းတွေကြား ပဋိပက္ခတွေပြင်းထန်နေတာဖြစ်ပါတယ်။'ဒီဘီဘာ'အိမ်ပြန်နေစဉ်မှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာသေချာကြောင်း၊ တိုက်ခိုက်တဲ့လူတွေက ထွက်ပြေးသွားခဲ့ပြီး ဒီအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးဖို့ မှာကြားထားကြောင်း ဝန်ကြီးချုပ်နဲ့နီးစပ်သူက ပြောခဲ့ပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဓာတ်ပုံအထောက်အထားတွေ မှတ်တမ်းမတင်နိုင်ခဲ့ကြောင်း၊ မျက်မြင်သက်သေတွေနဲ့လည်း မေးမြန်းခြင်းမပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။
ဝန်ကြီးချုပ်'ဒီဘီဘာ'က သူ့နေရာမှာအစားထိုးဖို့ အရှေ့ပိုင်းအခြေစိုက်ပါလီမန်ရဲ့မဲဆန္ဒကို ဥပက္ခာပြုသွားမယ်လို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ရာ 'ဒီဘီဘာ'ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက လစ်ဗျားနိုင်ငံရဲ့ပဋိပက္ခတွေကို ပိုဆိုးရွားလာစေနိုင်တယ်လို့ ယူဆလို့ရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်ကိရိယာတွေ စုဆောင်းနေကြတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လာရပါတယ်။
၂၀၁၁ ခုနှစ်က နေတိုး(NATO)တပ်ဖွဲ့အကူအညီနဲ့ 'ဂဒါဖီ'ကို ပုန်ကန်တော်လှန်ခဲ့ပြီးကတည်းက လစ်ဗျားမှာ မတည်မငြိမ်ဖြစ်နေခဲ့ရကာ ၂၀၁၄ ခုနှစ်မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းအဖွဲ့ဆိုပြီး ဂိုဏ်းကွဲသွားခဲ့ပါတယ်။
ကုလသမဂ္ဂမှထောက်ခံမှုနဲ့အတူ တိုင်းပြည်အတွင်းပြိုကွဲမှုတွေကို စည်းလုံးညီညွတ်စေရန်ရည်ရွယ်ချက်နဲ့ 'ဒီဘီဘာ'ကို အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် မတ်လကခန့်အပ်ခဲ့ပြီး တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီဇင်ဘာလရွေးကောက်ပွဲကို ကြီးကြပ်ဆောင်ရွက်ရတာဖြစ်ပါတယ်။
အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေတွေကြား အငြင်းပွားမှုများရှိခဲ့ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြိုလဲပျက်စီးပြီးနောက် အတိုက်အခံပြိုင်ဘက်အဖွဲ့တွေက ရာထူးနေရာရဖို့ အကြိတ်အနယ်ဝင်ရောက်လာခဲ့ပါတယ်။
ပြည်တွင်းစစ်အတွင်း အရှေ့ပိုင်းအဖွဲ့တွေကို အများစုထောက်ခံကူညီခဲ့တဲ့ ပါလီမန်လွှတ်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရကို အသိအမှတ်မပြုကြောင်း၊ ဝန်ကြီးချုပ်အသစ်ခန့်အပ်ပြီး အစိုးရအသစ်ကိုဖွဲ့စည်းဖို့ ကြာသပတေးနေ့မှာ မဲဆန္ဒကောက်ခံသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
'ဒီဘီဘာ'က ယခုအပတ်အတွင်း မိန့်ခွန်းပြောကြားခဲ့ရာမှာ ရွေးကောက်ပွဲပြုလုပ်ပြီးမှာ အာဏာလွှဲပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုလမှလစ်ဗျားအကြံပေးပုဂ္ဂိုလ်နဲ့ အနောက်နိုင်ငံတွေကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရကို ဆက်လက်အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပါလီမန်နဲ့ အခြားနိုင်ငံရေးအဖွဲ့အစည်းက နိုင်ငံရဲ့ယာယီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ပြီး ယခုနှစ်အတွင်း ဘာရွေးကောက်ပွဲမှမပြုလုပ်ဘူးလို့ ပြောကြားခဲ့ရာ မဲဆန္ဒပေးဖို့စာရင်းပေးထားတဲ့ လစ်ဗျားပြည်သူတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
'ဒီဘီဘာ'ရဲ့စည်းလုံးညီညွတ်ရေးအစိုးရအုပ်ချုပ်မှုမတိုင်ခင်က လစ်ဗျားနိုင်ငံကို မြို့အသီးသီးကနေ အပြိုင်အုပ်ချုပ်ဖို့ကြိုးပမ်းခဲ့တဲ့အခြေအနေ ဖြစ်ပေါ်ခဲ့ရာ ဝန်ကြီးချုပ်အသစ်ခန့်အပ်လိုက်ပါက အဆိုပါအခြေအနေသို ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။
ဒါပေမဲ့လည်း ချက်ချင်းကြီးတော့ ပြည်တွင်းစစ်အသွင်ဖြစ်လာဦးမှာ မဟုတ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
Source: Reuters
#WorldHealth
Published - 10 February 2022
ကိုယ်ဝန်ဆောင်ချိန်နှောင်းပိုင်းတွင် ကိုဗစ်ရောဂါကူးစက်ခြင်းက သားဖွားခြင်းမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ချေများကြောင်း တွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေ မရရှိခင် ကလေးမွေးဖွားခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၄,၁၀၄ ယောက်ကို လေ့လာကြည့်ရာ မမွေးခင် ၆ ပတ်အတွင်း ကိုဗစ်ကူးစက်ထားတဲ့အမျိုးသမီးတွေနဲ့ မွေးဖွားစဉ် ကိုဗစ်ကူးစက်ခဲ့ပြီး ရောဂါပြင်းထန်သူ ၅၈၆ ယောက်တို့ဟာ ဗိုက်ခွဲမွေးဖွားရခြင်း၊ သက်တမ်းမစေ့ခင်မွေးဖွားခြင်း၊ မွေးဖွားနေစဉ်သေဆုံးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ သွေးထွက်များခြင်း၊ အခြားရောဂါပိုးကူးစက်ခြင်းတို့မှ အပြင်းအထန်ဖျားနာခြင်းတို့ကို ပိုမိုကြုံတွေ့ရနိုင်ပါတယ်။
ဒီပြဿနာတွေဖြစ်ပေါ်နိုင်တဲ့နှုန်းက ကိုဗစ်မကူးစက်တဲ့ကိုယ်ဝန်ဆောင်တွေမှာ ၉.၂ ရာခိုင်နှုန်းရှိကာ လတ်တလောကိုဗစ်ပြင်းထန်စွာဖြစ်ပွားတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ၂၆.၁ ရာခိုင်နှုန်းရှိပါတယ်။
အခြားဘေးထွက်ဆိုးကျိုးတွေကိုပါ ထည့်သွင်းစဉ်းစားကြည့်ပါက အဆိုပါနောက်ဆက်တွဲဆိုးကျိုးတွေထဲက အနည်းဆုံးတစ်ခုလောက်အထိ ခံစားရနိုင်ချေက ကိုဗစ်ပြင်းထန်စွာခံစားရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ၂ ဆပိုများပြားပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါပြင်းထန်တဲ့ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ မွေးဖွားပြီးခါစမှာ ကလေးအသက်သေဆုံးခြင်းတို ဖြစ်တတ်ပါတယ်။ကိုဗစ်ရောဂါအပျော့စားနဲ့ ရောဂါလက္ခဏာမပေါ်တဲ့သူတွေကတော့ အဆိုပါနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်တတ်ပါဘူး။
ဒီအချက်အလက်တွေအားလုံးဟာ ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေ မပေါ်ခင်က လေ့လာထားတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးလည်း မထိုးရသေးတဲ့အချိန်ဖြစ်တာကြောင့် လက်ရှိအခြေအနေတွေအရတော့ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။
ကိုယ်ဝန်ဆောင်အရွယ်အမျိုးသမီးတွေနဲ့ ကိုယ်ဝန်လွယ်ထားရတဲ့အမျိုးသမီးတွေမှာ ကိုဗစ်ကာကွယ်ဆေးဖို့နဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သတိပြုဆောင်ရွက်သွားဖို့ ကလေးကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ'ဒိုင်ယာနာဘီယန်ချီ'က အလေးထားပြောကြားလိုက်ပါတယ်။
Source: Reuters
#WorldHealth
Published - 10 February 2022
တရုတ်နိုင်ငံကဲ့သို့ ကိုဗစ်ရောဂါစည်းကမ်းတင်းကျပ်ထားတဲ့နေရာတွေမှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားခွင့်ပြုလိုက်ပါက တစ်နှစ်အတွင်း သေဆုံးသူ ၂ သန်းခန့်ရှိလာနိုင်ကြောင်း၊ ဗိုင်းရပ်စ်ကိုထိန်းချုပ်ရာမှာ အရေးကြီးတာက ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေထုတ်လုပ်ဖို့ဖြစ်ကြောင်း တရုတ်သုတေသီများက ပြောပြခဲ့ပါတယ်။
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဘေကျင်းမှာလက်ခံကျင်းပမှာဖြစ်တာကြောင့် လတ်တလောမှာ တရုတ်နိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက်စည်းကမ်းတွေကို စောင့်ကြည့်လေ့လာနေကြပါတယ်။
ရောဂါကူးစက်မှုအန္တရာယ်က များလွန်းပြီး အစုလိုက်အပြုံလိုက်ကူးစက်မှုတွေဖြစ်လာရင် ကျန်းမာရေးစနစ်ကို ဖိအားတွေကျရောက်လာမှာဖြစ်တဲ့အတွက် ထိန်းချုပ်ကန့်သတ်ချက်တွေကို ကြပ်ကြပ်မတ်မတ်ပြုလုပ်ဖို့ တရုတ်သိပ္ပံပညာရှင်တွေနဲ့ ပြည်သူ့ကျန်းမာရေးဆရာဝန်တွေက ထပ်ခါထပ်ခါ မှာကြားနေကြပါတယ်။
သုတေသီတို့က ချီလီနိုင်ငံမှာ ကိုရိုနာဗက်ကာကွယ်ဆေးအသုံးပြုခြင်းနဲ့ ဗြိတိန်မှာ ဖိုင်ဇာနဲ့ အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးအသုံးပြုခြင်း ဖြစ်ရပ်တွေမှာ ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အနိမ့်ဆုံးကာကွယ်နိုင်စွမ်းကို လေ့လာတွက်ချက်ခဲ့ကြပါတယ်။
ကာကွယ်ဆေးရဲ့ ကိုဗစ်ရောဂါလက္ခဏာဖြစ်ပေါ်လာမှု အနိမ့်ဆုံးကာကွယ်နိုင်စွမ်းက ၆၈.၃ ရာခိုင်နှုန်းဖြစ်ကာ လက်ရှိကာကွယ်ဆေးတွေရဲ့ အသက်သေဆုံးမှုကို အနိမ့်ဆုံးကာကွယ်နိုင်စွမ်းက ၈၆ ရာခိုင်နှုန်းဖြစ်ပါတယ်။
ကူးစက်မှုကာကွယ်နိုင်စွမ်းကို ဗြိတိန်နိုင်ငံရဲ့ အချက်အလက်တွေအပေါ် အခြေခံကာတွက်ချက်ထားတာဖြစ်ပြီး ရောဂါလက္ခဏာပေါ်လာမှုနဲ့ သေဆုံးမှုကာကွယ်နိုင်စွမ်းကိုတော့ ချီလီနိုင်ငံမှာအသုံးပြုတဲ့ ကိုရိုနာဗက်ကာကွယ်ဆေးအပေါ် အခြေခံထားတာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိရင်တောင် ၂၀၁၉ ခုနှစ်ကလို ပုံမှန်အတိုင်းသွားလာလှုပ်ရှားခွင့်ပြုလိုက်ပါက ကိုဗစ်ရောဂါစည်းကမ်းတင်းကျပ်ထားတဲ့နေရာတွေမှာလည်း တစ်နှစ်အတွင်းကူးစက်မှု ၂၃၄ သန်းကျော်ဖြစ်ပွားနိုင်ကာ ရောဂါဖြစ်ပွားမှု ၆၄ သန်းနဲ့ အသက်သေဆုံးသူ ၂ သန်းခန့်ရှိနိုင်ကြောင်း သုတေသီတို့က ခန့်မှန်းလိုက်ပါတယ်။
ကာကွယ်ဆေးကိုထုတ်လုပ်ရာမှာ ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်တဲ့ဆေးမျိုး တီထွင်နိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပုံမှန်သွားလာခွင့်ပြုပြီးနောက်ပိုင်းအထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့ဆိုရင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်စွမ်းက ၄၀ ရာခိုင်နှုန်းများလာဖိုလိုအပ်ပြီး ရောဂါလက္ခဏာပေါ်မှုကို ကာကွယ်နိုင်စွမ်းက ၉၀ ရာခိုင်နှုန်း များလာဖိုလိုအပ်ပါတယ်။
တရုတ်နိုင်ငံဟာ ကိုဗစ်စည်းကမ်းတင်းကျပ်ထားတဲ့ တစ်ခုတည်းသော စီးပွားရေးအင်အားကြီးနိုင်ငံကြီးဖြစ်ကာ စီးပွားရေးတိုးတက်မှုကို ထိခိုက်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။
"အရင်ကတော့ ကိုဗစ်ရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်လို့ရမယ်လို့ထင်ခဲ့ပေမယ့် အခုတော့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေနဲ့သာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်" လို့ ကူးစက်ရောဂါပညာရှင်ကြီး 'ဝူကျွန်ယူ'က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post
#WorldInnovation
Published 09 February 2022
အကြွေးပြန်မဆပ်နိုင်တာကြောင့် အကျဉ်းထောင်များအတွင်း ကျရောက်နေခဲ့ရတဲ့ အကျဉ်းသားများကို လွတ်မြောက်စေရန်ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတွေရရှိအောင် အီရန်အကျဉ်းသားဟောင်းနှစ်ဦးဟာ အကျဉ်းထောင်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
Published: 9 Feb 2022
ဖိလစ်ပိုင်မှာ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ ဖေဖော်ဝါရီ၈ရက် အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ မေ၉ရက်နေ့မှာ ကျင်းပမယ့် နောက်ထပ်ခြောက်နှစ်သက်တမ်းအတွက် သမ္မတအသစ် ရွေးကောက်ပွဲမတိုင်ခင် (၃)လ မတိုင်ခင် စတင်ခဲ့တာဖြစ်ပါတယ်။
သမ္မတလောင်း၁၀ဦးနှင့် ဒုတိယသမ္မတလောင်း(၉)ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုများအရ ယခင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သား အသက် ၆၄နှစ်အရွယ် မာဒီနန်မားကို့စ်ဂျုနီယာဟာ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။
Source: CCTV Plus
Page 849 of 857