#World_Petroleum
Published 16 July 2022
အမေရိကန်နိုင်ငံရဲ့လောင်စာဆီဈေးနှုန်းထိန်းညှိနိုင်ရန်အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့အုပ်ချုပ်သူတွေနဲ့ အရေးပါတဲ့တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီကနေ ရေနံတင်ပို့မှု တိုးမြင့်လာမယ်လို့မျှော်မှန်းကြောင်း 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။
ရေနံထုတ်လုပ်မှုကို ချက်ချင်းလက်ငင်းမြှင့်တင်မယ့် သဘောမတွေ့ခဲ့ရပေမယ့် ရေနံထုတ်လုပ်ရေးနိုင်ငံများ အဖွဲ့အစည်း(OPEC+) မဟာမိတ်အဖွဲ့အနေနဲ့ တဖြည်းဖြည်းချင်း တိုးမြှင့်ထုတ်လုပ်ရန် ဆော်ဒီက ဦးဆောင်သွားနိုင်မယ်လို့ယုံကြည်ကြောင်း အမေရိကန်အရာရှိများက ပြောကြားလိုက်ပါတယ်။
"အမေရိကန်ပြည်ထောင်စုအတွက် လောင်စာဆီတိုးမြှင့်ရရှိဖို့ ကျွန်တော်တတ်နိုင်သမျှဆောင်ရွက်နေပြီး အဲဒီလိုဖြစ်လာဖို့လည်း မျှော်မှန်းထားပါတယ်၊ ဆော်ဒီဘက်ကလည်း ဒီအခြေအနေကို သဘောပေါက်ပါတယ်၊ ဒီကနေ့ကျွန်တော်တို့ဆွေးနွေးမှုများအရ လာမယ့်သီတင်းပတ်တွေမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ 'ဘိုင်ဒန်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
'ဘိုင်ဒန်'က ဘုရင်'ဆာလ်မန်ဘင်အက်ဘ်ဒူလာဇစ်'၊ အိမ်ရှေ့စံမင်းသား'မိုဟာမက်ဘင်ဆာလ်မန်'တို့နဲ့ ဂျက်ဒါဆိပ်ကမ်းမြိုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဝါရှင်တန်ပိုစ်ဆောင်းပါးရှင်'ဂျာမယ်လ်ခါရှော့ဂီ'အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆော်ဒီကိုအရေးမလုပ်ဘဲထားခဲ့ရာ လောင်စာဆီဈေးနှုန်းများမြင့်တက်လာတဲ့အချိန်မှာတော့ 'ဘိုင်ဒန်'အနေနဲ့ ပြန်လည်ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဓာတ်ဆီ ၁ ဂါလံကို ၅ ဒေါ်လာနီးပါးဖြင့် စံချိန်တင်မြင့်တက်လျက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့အမျှ မကျေနပ်မှုများ ပိုဆိုးလာပါတယ်။
ယခုတွေ့ဆုံမှုအပြီး ဩဂုတ်လ ၃ ရက်နေ့မှာ ရေနံတင်ပို့ရေး နိုင်ငံများအဖွဲ့အစည်း(OPEC)နဲ့ မဟာမိတ်နိုင်ငံများ တွေ့ဆုံမယ့်အစည်းအဝေးကို သတ်မှတ်ခဲ့ကာ ထိုနေ့က ရေနံဈေးကွက်အတွက် အရေးပါတဲ့နေ့ဖြစ်လာဖို့ရှိနေပြီး စက်တင်ဘာလနဲ့ နောက်ပိုင်းရေနံအထွက်နှုန်းအတွက် ဆွေးနွေးချိန်ညှိသွားကြမှာဖြစ်ပါတယ်။
ရေနံဈေးနှုန်းက လတ်တလောမြင့်တက်ရာကနေ ကျဆင်းလာပေမယ့် စီးပွားရေးကျဆင်းမှုက ဈေးကွက်လုပ်ငန်းတွေအပေါ် သက်ရောက်နေဆဲဖြစ်ပါတယ်။
အစဉ်မပြတ်ဈေးကွက် အကဲဖြတ်ခြင်းဖြင့် ရေနံထောက်ပံ့မှုအခြေအနေကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ကြောင်း၊ OPEC+ မဟာမိတ်အဖွဲနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး'အဒဲလ်အယ်လ်ဂျူဘဲ'က ဆိုပါတယ်။
ထိုမဟာမိတ်အဖွဲ့ထဲမှာ ရုရှားနိုင်ငံလည်းပါဝင်ပြီး ယူကရိန်းကိုကျူးကျော်တာကြောင့် အမေရိကန်က ရုရှားရေနံဝယ်ယူခြင်းကို ပိတ်ပင်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။
"ကမ္ဘာ့ရေနံဈေးကွက် ဟန်ချက်ညီဖို့နဲ့ စီးပွားရေးတိုးတက်မှု ရေရှည်တည်တံ့ရန် ဆော်ဒီအာရေဗျက ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်၊ လာမယ့်ရက်သတ္တပတ်တွေမှာ ထိုလုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပြီး ကမ္ဘာ့ဈေးကွက်ကို တည်ငြိမ်စေမယ်လို့ မျှော်မှန်းထားပါတယ်" လို့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လစ်ဗျားနိုင်ငံရေး မငြိမ်မသက်ဖြစ်တဲ့ကိစ္စတွေနဲ့ ရုရှားအားဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေကြောင့် ရေနံထောက်ပံ့မှု ပြတ်တောက်မှုများရှိနေပြီး ပါရှန်ပင်လယ်ကွေ့အင်အားကြီးနိုင်ငံ ဆော်ဒီအာရေဗျကလည်း တိုင်းပြည်အတွက်ရေနံအရန်လက်ကျန်ကို ပမာဏတစ်ခုအထိ ထိန်းသိမ်းထားရှိချင်တာကြောင့် ရေနံထုတ်လုပ်တင်ပို့မှုက အတိုင်းအတာတစ်ခုအထိသာ တိုးမြှင့်ဖွယ်ရှိပါတယ်။
လက်ရှိ OPEC+ ရဲ့သဘောတူညီချက်အရ နောက်လကစပြီး ဆော်ဒီကနေ တစ်နေ့ကို ရေနံစည်ပိုင်း ၁၁ သန်းနီးပါး ထုတ်လုပ်ရမှာဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆောဒီအာရေဗျနိုင်ငံတို့ကြား သန့်စင်သော စွမ်းအင်ထုတ်လုပ်ရေးမှာလည်း လက်တွဲပူးပေါင်းထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ထိုကိစ္စမှာ သန့်စင်တဲ့ စွမ်းအင်ရရှိရေးအတွက် ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ ဆက်ပြီး မထုတ်လုပ်ဖို့ ဆော်ဒီက ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ့်ကိစ္စတွေ ပါဝင်ပါတယ်။
Source: Bloomberg
#Yangon_Media_Group
Published 16 July 2022
Meta ပလက်ဖောင်း ဖေ့စ်ဘုတ်ခ်ဟာ အသုံးပြုသူတွေ ပို့စ်တင်တာနှင့် sharing လုပ်တာတွေကို အားပေးတဲ့အနေနှင့် အသုံးပြုသူတွေကို ပရိုဖိုင်းပေါင်းစုံ ဖန်တီးခွင့်ကို စတင်ခွင့်ပြနေပြီလို့ ကြေညာပါတယ်။
စမ်းသပ်တဲ့အနေနှင့် အချို့သော ဖေ့စ်ဘုတ်ခ်အသုံးပြုသူတွေဟာ နောက်ထပ် ပရိုဖိုင်းလေးခုအထိ ထပ်ဖန်တီးခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီထပ်ဖွင့်လို့ရမယ့် ပရိုဖိုင်းတွေမှာလည်း အသုံးပြုသူရဲ့ နာမည်ရင်း သို့မဟုတ် သက်သေခံမှု မလိုအပ်တော့ဘူး လို့ဆိုပါတယ်။ဥပမာအားဖြင့် အသုံးပြုသူတွေဟာ တစ်ခုကို သူငယ်ချင်းတွေအတွက်၊ နောက်တစ်ခုကို လုပ်ဖော်ကိုင်ဖက်တွေ အတွက် စသဖြင့် တစ်ခုချင်းစီဟာ သီးခြား ပို့စ်တွေနှင့် တင်လို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပရိုဖိုင်းတစ်ခုမှာ အခြားပို့စ်တစ်ခုခုကို comment သို့မဟုတ် like ပဲ ပေးနိုင်မှာလို့ ဖေ့စ်ဘုတ်ကပြောပါတယ်။
Meta ဟာ ယင်းရဲ့ ကမ္ဘာ့အကြီးဆုံး ဆိုရှယ်ကွန်ယက်အပေါ်မှာ ဆက်စပ်ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ ကြိုးစား လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ်အသုံးပြုမှုတွေဟာ အထူးသဖြင့် လူငယ်လူရွယ်တွေအကြား နှေးကွေးလာတဲ့ အတွက် ယခုလိုဆောင်ရွက်တာလို့ဆိုပါတယ်။
နောက်ထပ်တိုးဖွင့်တဲ့ ပရိုဖိုင်းတွေဟာ ဖေ့စ်ဘုတ်ခ်ရဲ့ ပို့စ်တွေအပေါ် မူဝါဒတွေကိုတော့ လိုက်နာဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲဒီအပြင် အဲဒီပရိုဖိုင်းအသစ်တွေဟာ အသုံးပြုသူရဲ့ ပင်ရင်း account အကောင့် နှင့်ချိတ်ဆွဲထားမှာဖြစ်ပြီး ပရိုဖိုင်းတစ်ခုက မူဝါဒတွေချိုးဖောက်မိတာနှင့် အခြားပရိုဖိုင်းတွေပါ ထိခိုက်စေမှာ ဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
ပရိုဖိုင်းမျိုးစုံကြောင့် အသုံးပြုသူတွေအနေနှင့် သူတို့ရဲ့ မတူခြားနားတဲ့ စိတ်ဝင်စားမှုတွေအပေါ်မူတည်ပြီး သီးခြားပုံစံတွေ ခွဲထုတ်နိုင်လိမ့်မယ်လို့ ဖေ့စ်ဘုတ်က ယုံကြည်နေပါတယ်။ ဆိုလိုတာက ဂိမ်းစကားတာ၊ခရီးထွက်တာ ဒါမှမဟုတ် အစားအသောက်စသဖြင့် ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ခ်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ယခုစမ်းသပ်မှုကို အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအနည်းငယ် က အချို့သော အသုံးပြုသူတွေနှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Source Bloomberg
#Facebook_Users_will_havr_5 Profiles
#Facebook_New_Change
#Facebook_announcement
#WorldHealth
Published 16 July 2022
နယူးယော့ခ်တက္ကသိုလ်(NYU)မှ ခွဲစိတ်ဆရာဝန်များက ဦးနှောက်သေဆုံးထားတဲ့လူနာနှစ်ဦးမှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးတွေနဲ့ အောင်မြင်စွာအစားထိုးခွဲစိတ်နိုင်ခဲ့ပါတယ်။
လူသားအင်္ဂါအစားထိုးဖို့ ရှားပါးလာချိန်မှာ ဝက်တွေရဲ့အစိတ်အပိုင်းနဲ့ ရေရှည်မှာအသုံးပြုဖို့ ရည်မှန်းချက်လည်း ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း သုတေသီများက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
စမ်းသပ်မှုပြုလုပ်တဲ့ ၃ ရက်အတွင်း နှလုံးတွေက ပုံမှန်အတိုင်းအလုပ်လုပ်ပြီး ခန္ဓာကိုယ်က ဆန့်ကျင်လက်မခံတာမျိုး မဖြစ်ခဲ့ပါဘူး။
ဒီစမ်းသပ်မှုမတိုင်ခင် မတ်လတုန်းက အသက် ၅၇ နှစ်အရွယ်လူနာဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့ဝက်နှလုံးနဲ့ ပထမဆုံးအစားထိုး ခွဲစိတ်ခံရသူဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အစားထိုးထားတဲ့နှလုံးက တဖြည်းဖြည်းချင်းအလုပ် မလုပ်တော့ဘဲ သေဆုံးခဲ့ရပြီး အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။
ဝက်နှလုံးကို ပြုပြင်မှုများ ပြုလုပ်ပြီး ဗိုင်းရပ်စ်ပိုးပါ/မပါ စစ်ဆေးခဲ့ကြပါတယ်။
ထိုနှလုံးမှာ ဝက်တွေမှာရှိတတ်တဲ့ ဆိုင်တိုမဂ္ဂါလိုဗိုင်းရပ်စ်မရှိခဲ့ပေမယ့် သေဆုံးသူမှာတော့ အဆိုပါ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။
လူ့ခန္ဓာကိုယ်က လက်မခံတာမျိုးမဖြစ်အောင် ဝက်တွေကို မျိုးရိုးဗီဇပြုပြင်ခြင်း ၄ ကြိမ်လုပ်ခဲ့ပြီး လူနဲ့ဝက်အင်္ဂါတို့ကြား သဟဇာတဖြစ်အောင် ပြုပြင်မှု ၆ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်က NYU သုတေသီတွေဟာ ဝက်ကျောက်ကပ်တွေနဲ့ ဦးနှောက်သေဆုံးတဲ့လူနာမှာ အစားထိုးခွဲစိတ်ဖူးပါတယ်။
အခုဆိုရင် မတူညီတဲ့သက်ရှိ သတ္တဝါတွေအကြား အစားထိုးခွဲစိတ်ခြင်းက အသက်ရှိနေတဲ့ လူနာတွေမှာထက် ဦးနှောက်သေဆုံးထားတဲ့ လူနာတွေမှာ ပိုပြီးဘေးကင်းစိတ်ချရကြောင်း သိရှိလာကြပါတယ်။
ပြင်ဆင်ခြင်းတွေက ပုံမှန်လူ့နှလုံးအစားထိုးခွဲစိတ်ခြင်းအတိုင်း ဝယ်ယူမှု၊ သယ်ယူမှု၊ အစားထိုးခွဲစိတ်မှုနဲ့ ခုခံအားဖိနှိပ်မှုတို့ကို ပြုလုပ်ရပါတယ်။
"အခြားစက် ပစ္စည်းဆေးဝါးတွေမလိုအပ်ဘဲ ပုံမှန်အတိုင်းအလုပ်လုပ်နိုင်မယ့် တိရိစ္ဆာန် အင်္ဂါအစားထိုးခွဲစိတ်မှုကို လုပ်ဆောင်နိုင်ဖို့ရည်မှန်းထားပါတယ်" လို့ NYU မှ နှလုံးအစားထိုးခွဲစိတ်မှု ညွှန်ကြားရေးမှူးဒေါက်တာ'နာဒါမိုအာဇာမီ'က ပြောကြားခဲ့ပါတယ်။
လူနဲ့ဝက်နှလုံးစမ်းသပ်မှုများ မပြုလုပ်ခင် ထွက်ပေါ်လာတဲ့ ရလာဒ်များအရ သံသယဖြစ်ဖွယ် အချက်အလက်တွေတော့ ရှိနေပါသေးတယ်။
Source: Reuters.
#Yangon_Media_Group
#Health_Science
Published 16 July 2022
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက SARS-CoV-2 စပိုက်ခ်ပရိုတိန်းအတွက် ပဋိပစ္စည်း(antibody)များကို ကြက်ဉကနေ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။
ထိုပဋိပစ္စည်းတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းကို ကာကွယ်ကုသတဲ့နေရာမှာ အသုံးဝင်နိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ယူစီဒေးဗီးစ်တိရိစ္ဆာန်ဆေးပညာဆိုင်ရာ တက္ကသိုလ် ကြက်ငှက်မွေးမြူရေးနှင့်ဆေးပညာဆိုင်ရာ ပရော်ဖက်ဆာ'ရိုဒရီဂိုဂယ်လာဒို'က ငှက်တွေဟာ ပဋိပစ္စည်းအမြောက်အများကို အကုန်အကျသက်သာစွာနဲ့ အချိန်တိုအတွင်း ထုတ်လုပ်ရန်အတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
"ဒီနည်းလမ်းရဲ့အဓိကအရေးပါမှုက ငှက်တွေဟာ ပဋိပစ္စည်းများစွာထုတ်လုပ်နိုင်တာပါပဲ၊ ကြက်ဥတွေမှာပါဝင်တဲ့ပဋိပစ္စည်းတွေက အကုန်အကျသက်သာတဲ့အပြင် ကြက်မတွေကို ကိုယ်ခံအားစနစ်မြှင့်တင်တဲ့နေရာမှာ လွယ်ကူလျင်မြန်စွာပြောင်းလဲနိုင်ပြီး လက်ရှိမျိုးဗီဇကွဲတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ငှက်တွေကထုတ်တဲ့ ပဋိပစ္စည်း IgY ဟာ လူသားတွေရဲ့ပဋိပစ္စည်း IgG နဲ့ဆင်တူပြီး IgY ကို လူသားထဲထည့်သွင်းတဲ့အခါ ဓာတ်မတည့်တာမျိုးမဖြစ်စေပါဘူး။
IgY က ငှက်တွေရဲ့သွေးရည်ကြည်နဲ့ ဥတွေထဲမှာပါဝင်ပါတယ်။
ကြက်တွေက တစ်နှစ်ကို ဥ ၃၀၀ လောက်ဥကြတာကြောင့် သူတို့မှာ IgY ပမာဏအများအပြားပါဝင်ကြောင်း 'ဂယ်လာဒို'က ဆိုပါတယ်။
သုတေသီတွေက ကာကွယ်ဆေး ၃ လုံး ၂ ကြိမ်ကို ကြက်မတွေထံ ထိုးပေးလိုက်တဲ့အခါ SARS-CoV-2 စပိုက်ခ်ပရိုတိန်းကို သွားပေါင်းပစ်လိုက်ပါတယ်။
အဲဒီနောက် ကာကွယ်ဆေးထိုးပြီး ၃ ပတ်မှ ၆ ပတ်ကြာတဲ့အခါ ကြက်မတွေနဲ့ ကြက်ဥအနှစ်တို့ရဲ့ သွေးနမူနာများမှ ရရှိတဲ့ပဋိပစ္စည်းများကို တိုင်းတာခဲ့ကြပါတယ်။
ထိုပဋိပစ္စည်းတွေက လူတွေကို ကိုဗစ်ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်သလားဆိုတာကိုသိရှိရန် ဗာဂျီးနီးယားရှိ ဂျော့ဂျ်မေဆန်တက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခဲ့ကြပါတယ်။
ကြက်ဥတွေရော သွေးရည်ကြည်တွေမှာပါ SARS-CoV-2 ကိုဖော်ထုတ်နိုင်တဲ့ ပဋိပစ္စည်းများပါဝင်ပြီး သွေးရည်ကြည်ထဲက ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်တွေကိုချေဖျက်ရာမှာ ပိုအသုံးဝင်ကြောင်း တွေ့ခဲ့ကြပါတယ်။
'ဂယ်လာဒို'က ထိုပဋိပစ္စည်းတွေကို ကိုဗစ်ရောဂါပိုးထိတွေ့နိုင်ချေမြင့်မားတဲ့လူတွေမှာ စပရေးဖျန်းတဲ့အနေနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldAgriculture
Published 15 July 2022
ဆားငန်ရေနဲ့စိုက်ပျိုးတဲ့ အပင်မာတွေက ယူအေအီးကန္တာရခြံတွေမှာ ရှင်သန်ပေါက်ရောက်နေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟမ်ဘာဂါတွေ ပြုလုပ်တဲ့နေရာမှာ အသုံးဝင်လျက်ရှိပါတယ်။
#Yangon_Media_Group
Published 15 July 2022
ဂျပန်နိုင်ငံရဲ့ ဘော့စတွန် ဒိုင်းနမစ် စက်ရုပ်စက်ရုံက စပေါ့တ်"Spot" လို့အမည်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီစက်ရုပ်ဟာ ခြေလေချောင်းတပ် အဝါရောင် စက်ရုပ်ဖြစ်ပြီး တောထဲမှာစမ်းသပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ သစ်တောလုပ်ငန်းတွေမှာ ကူညီနိုင်စေဖို့ ရည်ရွယ်တီထွင်ခဲ့ပါတယ်။
အီလက်ထရွန်းနစ် အမဲလိုက်ခွေးကလေးဟာ မြက်ထူတဲ့ကုန်းတွေပေါ်မှာလည်း လမ်းလျှောက်နိုင်ပါတယ်။ သစ်တောထဲမှာလည်း ပိုက်စိတ်တိုက်သွားနိုင်ပါတယ်။ ပြီးတော့ အကူအညီမပါဘဲ သစ်ငုတ်တွေပေါ်ကျော်တက်နိုင်ပါတယ်။
#Source_AFP
#Spot_Robot_Japan
#Robot_dog_for_Forest_Japan
#Japan_Robotic_industry
#DailyNews
Published - 15 July 2022
၁။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ပြည်ပတင်ပို့မှုတွင် ပို့ကုန်ရငွေမတင်ပြဘဲ တိမ်းရှောင်မှုများရှိနေ
၂။ တစ်ကျော့ပြန် ကိုဗစ်ဖြစ်ပွားမှုသတိပြုရန်လို၊ ပုဂ္ဂလိက ဆေးရုံ(၁၀)ရုံကျော်၌ ကိုဗစ်စစ်ဆေးနိုင်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူအေအီးကန္တာရတွင် စိုက်ပျိုးသည့်အပင်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟမ်ဘာဂါများ ထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 779 of 942