#WorldNews
Published 15 June 2022
အမေရိကန်ပြည်ထောင်စု မင်နီဆိုတာရှိစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ဟာ တစ်နိုင်ငံလုံးဓာတ်ဆီဈေးနှုန်းမြင့်တက်လာတာကို စာနာနားလည်တဲ့အနေနဲ့ "ငါတို့လည်းဆီဈေးတက်လာတာကို သဘောမကျဘူး"ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်အပြင်မှာချိတ်ဆွဲထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆီဈေးတစ်ဂါလံကို ၄.၇၂ ဒေါ်လာအထိမြင့်တက်လာခဲ့ကာ မာဖီကားပြုပြင်ရေးစင်တာရဲ့ပိုင်ရှင်များက စိန့်အန်သိုနီဓာတ်ဆီဆိုင်အပြင်ဘက်မှာ အဆိုပါ ဆိုင်းဘုတ်ကိုထောင်ထားလိုက်တာဖြစ်ပါတယ်။
ဓာတ်ဆီဆိုင်ပိုင်ရှင်'ချက်ခ်ဂရက်ဖ်'က ဆီဝယ်ယူသူတွေရဲ့ဒုက္ခကို သူတို့လည်းသိရှိနားလည်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို မီဒီယာတစ်ခုကိုပြောပြခဲ့ပါတယ်။
အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၃ ရက်စလုံး ဓာတ်ဆီဈေးစံချိန်တင်မြင့်တက်ခဲ့ရာ တစ်နိုင်ငံလုံးအနေနဲ့ တစ်ဂါလံကို ၅ ဒေါ်လာနီးပါးအထိရောက်ရှိခဲ့ပါတယ်။
ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၂၁ ခုမှာ ခဲမပါတဲ့လောင်စာဆီတစ်ဂါလံကို ၅ ဒေါ်လာအထိရှိခဲ့ပါတယ်။
"အဲဒီအကြောင်းကို သည်းမခံနိုင်ဘူးဆိုရင်လည်း ထိုင်ငိုနေရုံသာရှိပါတယ်၊ သူတို့လည်းဘာမှမတတ်နိုင်ပါဘူး၊ တစ်ဂါလံအတွက် ၅ ဒေါ်လာပေးရမယ်ဆိုရင် အကုန်အကျများတယ်ဆိုပေမယ့် ပေးမှရမှာပဲလေ" လို့ ဆီဖြည့်သူတစ်ဦးက ပြောပြသွားပါတယ်။
နောက်ထပ်ဝယ်သူတစ်ဦးကလည်း ဆီဈေးမြင့်တက်လာတာကြောင့် သူ့ရဲ့ထရပ်ကားကြီးကို မမောင်းသာတော့ဘဲ ဆီဒန်ကားလေးကိုမောင်းနှင်နေရတယ်လို့ ဆိုလာပါတယ်။
"တခြားကားကိုမောင်းရင် ဆီအပြည့်ဖြည့်ဖို ဒေါ်လာ ၁၀၀ လောက်ကုန်ပါတယ်၊ ဒီကားလေဆိုရင်တော့ ၅၀ ဒေါ်လာလောက်ပဲကုန်ပါတယ်၊ ဆိုင်ကဒီလိုမျိုး ဆိုင်းဘုတ်လေးနဲ့ဖော်ပြထားတာကောင်းပါတယ်၊ ဘဝကအမြဲတမ်း ခက်ခဲနေတာပါပဲ၊ ဒါကြောင့် စိတ်အပန်းပြေစရာရဖို့လည်းလိုအပ်ပါတယ်" လို့ ပြောပြသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#WorldHealth
Published 15 June 2022
အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ နှလုံးဖောက်ခြင်းဝေဒနာဖြစ်နိုင်ချေကို မျက်လုံးတွေကနေတဆင့် ၅ နှစ်လောက်စောပြီး သိရှိနိုင်ပါတယ်။
ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်းတို့အတွက်လည်း လက္ခဏာများပေါ်ပေါက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
ယူကေဘိုင်အိုဘဏ်ရဲ့အချက်အလက်တွေထဲမှာပါဝင်တဲ့ ဗြိတိန်နိုင်ငံသားသိန်းဂဏန်းခန့်ကို အီဒင်ဘာ့ဂ်တက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပါတယ်။
တစ်ယောက်စီတိုင်းမှာ မျက်လုံးအနောက်ဘက်ရှိ အလင်းအာရုံခံနိုင်တဲ့အလွှာကို ပုံဖော်ထားကြပါတယ်။
ထိုပုံတွေကနေမှ သုတေသီများဟာ Fractal Dimension (Df) ဆိုတဲ့ အတိုင်းအတာတစ်ခုကိုအသုံးပြုပြီး မြင်လွှာမှသွေးကြောများရဲ့ကျန်းမာရေးအခြေအနေကို ကြည့်ရှုခဲ့ကြပါတယ်။
Df အတိုင်းအတာ တန်ဖိုးနည်းပါးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ နှလုံးဖောက်ခြင်းမျိုးဖြစ်လာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ အဖြစ်အများဆုံးနှလုံးရောဂါမျိုးဖြစ်ပြီး နှလုံးဖောက်ခြင်းအဖြစ်နိုင်ဆုံး အကြောင်းအရင်းဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က တစ်ကမ္ဘာလုံးအတိုင်းအတာမှာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ နှလုံးသွေးကြောကျဉ်းရောဂါက အန္တရာယ်အပေးဆုံးအအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီနောက် သုတေသီတွေက နှလုံးဖောက်ခြင်းဖြစ်နိုင်ချေကို ခန့်မှန်းသိရှိနိုင်မယ့် နည်းလမ်းပုံစံတစ်ခုကို တီထွင်ခဲ့ကြပါတယ်။
အဆိုပါ ဂရပ်ဖ်နဲ့တွက်ချက်ဖော်ပြတဲ့အချက်အလက်တွေထဲမှာ Df အပြင် အသက်၊ လိင်အမျိုးအစား၊ လူမျိုးအလိုက် BMI အတိုင်းအတာနဲ့ ဆေးလိပ်သောက်ခြင်းအခြေအနေတို့လည်း ပါဝင်ပတ်သက်နေပါတယ်။
ဂရပ်ဖ်အချက်အလက် ချည်းသက်သက်နဲ့စာရင် နှလုံးဖောက်ပြန်နိုင်ခြင်းရှိတဲ့သူတွေမှာ ရလာဒ်ထွက်ရှိမှုက ပိုပြီးသိသာပါတယ်။
နှလုံးဖောက်ပြန်နိုင်ခြင်း မျိုးရိုးဗီဇအလားအလာကို ထည့်သွင်းတွက်ချက်ပါက ရလာဒ်ကပိုပြီးသိသာကောင်းမွန်စေပါတယ်။
မြင်လွှာပေါ်က သွေးကြောအပြောင်းအလဲများကိုကြည့်ပြီး ဆီးချိုကြောင့် မျက်လုံးထိခိုက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်ကြောင်းကိုလည်း ထောက်ပြနိုင်ပါတယ်။
သုတေသီတွေ တီထွင်ထားတဲ့နည်းလမ်းပုံစံဟာ ရောဂါမဖြစ်ခင် ၅ နှစ်လောက်စောပြီး သိရှိစေနိုင်ကြောင်း ဖော်ပြထားကြပါတယ်။
သူတို့ရဲ့တွေ့ရှိချက်တွေကို လူသားမျိုးရိုးဗီဇဆိုင်ရာ ဥရောပအဖွဲ့အစည်းရဲ့ နှစ်စဉ်ညီလာခံမှာတင်ပြထားပါတယ်။
Source: The Sun
#Yangon_Media_Group
#WorldBusiness
Published 14 June 2022
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှ ခေတ်မီဆန်းသစ်တဲ့ ဆိပ်ကမ်းတစ်ခုမှာ မြေအောက်ဘူတာရုံတစ်ခု၊ နာမည်ကြီးစားဖိုမှူးတစ်ဦးရဲ့စားသောက်ဆိုင်နဲ့ ဈေးဝယ်စင်တာတို့ ဖွင့်လှစ်ထားပါတယ်။
#Yangon_Media_Group
Published 14 June 2022
အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေကျဆင်းမှုကို ဦးတည်နေဖွယ်ရှိကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တွေက ခန့်မှန်း လိုက်ကြပါတယ်။ ထကြွနေတဲ့ ငွေကြေးဖောင်းပွမှုနှင့် မြင့်မားလာနေတဲ့ အတိုးနှုန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ထားနေတာကြောင့်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ချီကာဂိုတက္ကသိုလ်နှင့် ပူးတွဲပြုလုပ်တဲ့ စစ်တမ်းအရ စီးပွားရေးပညာရှင်၄၉ဦးကိုမေးမြန်းခဲ့ရာမှာ သူတို့ထဲက ၇၀ ရာခိုင်နှုန်းက အမေရိကန်စီးပွားရေးဟာ ၂၀၂၃ ပထမနှစ်ဝက် သို့မဟုတ် ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှုနှင့်ကြုံရဖွယ်ရှိတယ်လို့ ပြောကြပါတယ်။
အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ရာမှာ အမေရိကန်ရဲ့ စားသုံးသူဈေးနှုန်းတွေဟာ မေလမှာ ခန့်မှန်းထားခဲ့တဲ့ ၈.၆ ရာခိုင်နှုန်းထက် မြင့်မားနေပြီး ၁၉၈၁ခုနှစ်ဒီဇင်ဘာကတည်းက ဒါဟာ အမြင့်ဆုံးငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုမြင့်တက်လာနေတာကို အဆိုးရွားဆုံးဖြစ်လာမှာ စိုးရိမ်တာကြောင့် အမေရိကန်ဖက်ဒရယ်အရန်ငွေကြေး အဖွဲ့က အတိုးနှုန်းတွေကို တိုးပစ်လိုက်ပါတယ်။ ဒါပေမယ့် အဲသလိုလုပ်လိုက်တာကြောင့် ငွေကြေးဖောင်းပွမှုမြင့်နေတာကို ကာကွယ်ပေးနိုင်ပါ့မလား သံသယဖြစ်နေကြပြီး ဒါဟာ စီးပွားရေးတိုးတက်မှုအလားအလာကိုပါ အနှောက်အယှက်ဖြစ်စေမှာကို ပညာရှင်တွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
Source CCTV+
#Ukraine_Crisis
Published 14 June 2022
ဒွန်ဘတ်စ်ဒေသမှာ အနိုင်ရလာတဲ့ရုရှားတို့က ဆက်လက်တွန်းအားပေးလာခြင်းနဲ့အတူ ယူကရိန်းအရှေ့ဘက်မြို့ဆီဗီရိုဒိုနက်စ်မှ အရပ်သားများထွက်မြောက်ရာနောက်ဆုံးလမ်းကြောင်းများကို ရုရှားတပ်ဖွဲ့များ ဖြတ်တောက်လိုက်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
အဆိုပါမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ရုရှားတို့ကထိန်းချုပ်ထားတဲ့အပြင် မြို့ကိုဆက်သွယ်ထားတဲ့ နောက်ဆုံးတံတားကို ဖျက်ဆီးလိုက်ကြတာကြောင့် မြို့ထဲကအရပ်သားတွေ ပိတ်မိနေပြီး လူသားချင်းကူညီမှုအထောက်အပံ့တွေ ပေးပို့လို့မရတော့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး'ဆာဂျီဂေဒိုင်'က ကြေညာခဲ့ပါတယ်။
စစ်ပွဲအခြေအနေနဲ့ ဒွန်ဘတ်စ်ဒေသကတိုက်ပွဲအတွက် အခရာကျတယ်လို့ ယူကရိန်းဘက်ကဆိုထားတဲ့ ဆီဗီရိုဒိုနက်စ်မြို့ကို ကာကွယ်ဖို့အတွက် အနောက်နိုင်ငံများမှ လက်နက်ကြီးများထောက်ပံ့ပေးဖို့ ယူကရိန်းက အရေးတကြီးတောင်းဆိုထားပါတယ်။
အရှေ့ဘက်ဒွန်ဘတ်စ်ဒေသက တိုက်ပွဲဟာ ဥရောပသမိုင်းမှာ အကြမ်းတမ်းအရက်စက်ဆုံးတိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် တိုက်ပွဲမှာပေးဆပ်ရတာ များလွန်းနေပါပြီ၊ ကြောက်ခမန်းလိလိပါပဲ၊ ယူကရိန်းအတွက် ခေတ်မီလက်နက်ခဲယမ်းများ အလုံအလောက်ထောက်ပံ့မှသာ ယူကရိန်းအသာရနိုင်တယ်ဆိုတာကို မဟာမိတ်နိုင်ငံတွေကို အမြဲတမ်းအသိပေးနေပါတယ်"လို့ ဆိုခဲ့ပါတယ်။
သမ္မတအကြံပေးပုဂ္ဂိုလ်'မစ်ခေလိုပိုဒိုလီယက်ခ်'က ယူကရိန်းအနေနဲ့ ဟောင်ဝစ်ဇာလက်နက် ၁,၀၀၀ ၊ တင့်ကား ၅၀၀ ၊ ဒရုန်း ၁,၀၀၀ စင်းနဲ့ အခြားလက်နက်ကြီးများ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒွန်ဘတ်စ်ဒေသမှာ လူဟန့်စ်နဲ့ ဒိုနက်စ်ပြည်နယ်များပါဝင်ပြီး ရုရှားထောက်ခံရေးသမားများက ထိန်းချုပ်ထားကြောင်း အသိပေးထားပါတယ်။
ယူကရိန်းခွဲထွက်ရေးဒေသများမှ ခေါင်းဆောင်တစ်ဦးက ရုရှားထံမှနောက်ထပ်တပ်ဖွဲ့အင်အား ပို့ပေးဖို့တောင်းဆိုခဲ့ရာ ရုရှားတို့ရဲ့အဓိကရည်မှန်းချက်က ဒိုနက်စ်နဲ့ လူဟန့်စ်တို့ကို ခုခံကာကွယ်ဖို့ဖြစ်ကြောင်း ရုရှားအုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က တနင်္လာနေ့ကဆိုပါတယ်။
ရုရှားနောက်ဆုံးရ သတင်းတင်ပို့မှုများအရ အမေရိကန်နဲ့ဥရောပမှ လက်နက်များနဲ့ ကိရိယာပစ္စည်းများကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားတို့ရဲ့တိကျမှုနှုန်းမြင့်မားတဲ့ဒုံးကျည်များဖြင့် ဒိုနက်စ်အနောက်မြောက်ပိုင်း အူဒါချီရွာရှိ ဘူတာရုံအနီးကို ပစ်ခတ်ခဲ့ရာ ယူကရိန်းတပ်များထံသို့ ပေးပို့ထားတဲ့ လက်နက်ပစ္စည်းများကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေညသန်းခေါင်ကျော်မှာ အူဒါချီရွာကို ရုရှားတို့တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက တယ်လီဂရမ်မှာ ဖော်ပြထားပေမယ့် လက်နက်တွေထိခိုက်ခြင်းရှိ/မရှိကိုတော့ မဖော်ပြခဲ့ပါဘူး။
ယူကရိန်းကိုလက်နက်တွေထောက်ပံ့နေတဲ့ အမေရိကန်နဲ့ အခြားနိုင်ငံများကို ရုရှားတို့ကဝေဖန်လိုက်ကာ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပါက ပစ်မှတ်နေရာအသစ်တွေကို ထပ်မံတိုက်ခိုက်သွားမယ်လို့ ရုရှားကခြိမ်းခြောက်ထားပါတယ်။
ဥရောပကော်မရှင်က ယူကရိန်းကို ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် တရားဝင်ခွင့်ပြုသွားမှာဖြစ်ကြောင်း အရာရှိအများအပြားရဲ့အဆိုကို Politico မီဒီယာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
EU အဖွဲ့ဝင်ဖြစ်ဖို့ ယူကရိန်းရဲ့တောင်းဆိုချက်အပေါ် EU အမှုဆောင်ရဲ့ သဘောထားခွင့်ပြုချက်က ယခုသီတင်းပတ်အကုန်မှာ အဆင်သင့်ရှိနေမယ်လို့ ဥက္ကဌ'အာဆူလာဗွန်ဒါလိုင်ယန်'က စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#DailyNews
Published - 14 June 2022
၁။ Visa အခက်အခဲကြောင့် International school များတွင် ဆရာ၊ ဆရာမလိုအပ်ချက်ရှိနေသလိုပုဂ္ဂလိက ကျောင်းများတွင်လည်းဆရာ၊ ဆရာမလိုအပ်နေ
၂။ တက္ကသိုလ်ဝင်အောင်စာရင်း ရက်အတိအကျကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာသွားမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဧည့်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ခေတ်မီဇိမ်ခံသင်္ဘောဆိပ်ကမ်းကြီးအား တူရကီအာရုံစိုက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldScience
Published 14 June 2022
အတွေးအခေါ်ပညာရှင်တွေက လူသားတွေဟာ မွေးကတည်းက လူ့ကျင့်ဝတ်တရားသိရှိတာလား ဒါမှမဟုတ် အသက်အရွယ်ကြီးလာမှ လေ့လာသင်ယူကြတာလားဆိုတာကို နှစ်ပေါင်းများစွာကို စူးစမ်းခဲ့ကြပါတယ်။
အခုအခါမှာတော့ ကလေးငယ်ငယ်လေးတွေက ကိုယ်ကျင့်တရားအမှားအမှန်ကိုဆုံးဖြတ်တတ်ပြီး လူသားမဆန်တဲ့ အပြုအမူများကို အပြစ်ပေးချင်စိတ်ရှိကြောင်း တွေ့ရှိခဲ့ကြပြီး လူတွေဟာ မွေးတဲ့အချိန်တုန်းက ကိုယ်ကျင့်တရားကောင်းကြတယ်လို့ ယူဆလို့ရနေပါတယ်။
စမ်းသပ်ချက် ပြုလုပ်ရာမှာတော့ ဂျပန်ပညာရှင်များက မျက်လုံးခြေရာခံစနစ်ကိုအသုံးပြုကာ ကွန်ပျူတာဖန်သားပြင်ပေါ်က လူမျက်နှာနဲ့တူတဲ့အတုံးလေးတွေကို အသက် ၈ လအရွယ်ကလေးတွေအနေနဲ့ ဆုံးဖြတ်ပေးနိုင်ခြင်းရှိ/မရှိ လေ့လာခဲ့ကြပါတယ်။
ကလေးငယ်တွေက တစ်စုံတစ်ခုအပေါ် ကြမ်းကြမ်းတမ်းတမ်းပြုမူတဲ့သူကို အပြစ်ပေးချင်တဲ့စိတ်ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ရရှိလာတဲ့ရလာဒ်တွေကတော့ မွေးလာတဲ့အချိန်မှာ မတရားမှုကို အပြစ်ပေးချင်တဲ့စိတ် လှုံ့ဆော်မှုမျိုးရှိနေပြီး အသက်ကြီးလာတဲ့အခါ သိရှိလာရတာမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
"မတရားတာကို ဆန့်ကျင်တဲ့စိတ်က အသက်အလွန်ငယ်တဲ့အချိန်မှာတည်းက ရှိနေလားဆိုတာကို ကျွန်တော်တို့သိချင်ခဲ့ကြပါတယ်၊ ကိုယ်ကျင့်တရားက သင်ယူလာရတာလားဆိုတာကိုလည်း သိရှိလာရပါတယ်" လို့ အိုဆာကာတက္ကသိုလ်မှ ဦးဆောင်စာတမ်းပြုစုသူ'ယာဆူဟီရိုကာနာကိုဂီ'က ဆိုပါတယ်။
စမ်းသပ်မှုပြုလုပ်ရာမှာ အသက် ၈ လအရွယ်ကလေး ၁၂၄ ယောက်ကို မိဘတစ်ဦးရဲ့ပေါင်ပေါ်မှာတင်ပြီး ကွန်ပျူတာပေါ်က လှုပ်ရှားမှုများကိုကြည့်စေခဲ့ပါတယ်။
ကလေးက ဘယ်နေရာကိုကြည့်နေလဲဆိုတာကိုသိရဖို့ မျက်လုံးခြေရာခံစနစ်တစ်ခုတပ်ဆင်ထားပါတယ်။
ပြသမှုထဲမှာ မျက်လုံးနှစ်လုံးပါတဲ့ လေးထောင့်တုံးအစိမ်းရောင်တစ်ခုနဲ့ လိမ္မော်ရောင်တစ်ခုတို့ကို ပြသထားပါတယ်။
ကလေးက လိမ္မော်ရောင်တုံးကိုကြည့်လိုက်ရင် ကျောက်တုံးတစ်ခုပြုတ်ကျလာပြီး လေးထောင့်တုံးပြားသွားပါတယ်။
ထို့အတူ အစိမ်းရောင်တုံးကိုကြည့်လိုက်ရင်လည်း ကျောက်တုံးပြုတ်ကျလာပြီး လေးထောင့်တုံးလေးပြားသွားပါတယ်။
နောက်တစ်ဆင့်ကတော့ အစိမ်းရောင်တုံးက လိမ္မော်ရောင်တုံးနောက်ကိုလိုက်ကာ ရန်လိုတွန်းတိုက်နေတဲ့ပုံစံမျိုး ၃ ကြိမ်ပြသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကလေးတွေက ရန်လိုတဲ့ပုံစံဖြစ်နေတဲ့အစိမ်းရောင်တုံးကိုသာ အကြည့်များနေတာကို တွေ့ရှိခဲ့ရပါတယ်။
သုတေသီအဖွဲ့ရဲ့ပြောကြားချက်အရ အစိမ်းရောင်တုံးက လိမ္မော်ရောင်ကိုရန်လိုနေတာကြောင့် ကလေးတွေက အစိမ်းရောင်တုံးကိုအပြစ်ပေးချင်ကြတဲ့ လက္ခဏာမြင်တွေ့ရကြောင်း ဖော်ပြထားပါတယ်။
"ရလာဒ်တွေက အံ့ဩစရာကောင်းပါတယ်၊ စကားမပြောတတ်သေးတဲ့ကလေးတွေက ရန်လိုတဲ့အရာကို မျက်လုံးနဲ့လိုက်ကြည့်ပြီး အပြစ်ပေးချင်ကြတာကို တွေ့ရှိခဲ့ရပါတယ်" လို့ 'ကာနာကိုဂီ'ကပြောကြားခဲ့ပါတယ်။
ကလေးငယ်တွေဆီကနေ အခုလိုဆုံးဖြတ်ချက်မျိုးကို တိုင်းတာတာဟာ ကမ္ဘာပေါ်မှာပထမဆုံးလေ့လာမှုဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။
ယခုလေ့လာမှုအသစ်ကို Nature Human Behaviour ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 774 of 905