#World_Health
Published 3 September 2022
စတီးရွိုက်ဆေးတွေ သောက်သုံးနေရခြင်းက စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းအပြင် အခြားကျန်းမာရေးပြဿနာများနဲ့ ဆက်စပ်နေကြောင်း အဓိကလေ့လာချက်ကြီးမှာ တွေ့ရှိထားပါတယ်။
ဗြိတိန်လူမျိုးသန်းပေါင်းများစွာက အဆစ်အမြစ်ရောင်၊ အသက်ရှူကြပ်အဆုတ်ရောင်ရောဂါ၊ နှင်းခူ၊ ရင်ကြပ်ရောဂါ၊ ခုခံအားကျဆင်းဝေဒနာတွေကို ကုသဖို့ စတီးရွိက်တွေ အသုံးပြုနေကြပါတယ်။
စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ဂလူကိုကော်တီကွိုက်ဟာ ဦးနှောက်ရဲ့ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲစေနိုင်ပြီး စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေများစေပါတယ်။
ဂလူကိုကော်တီကွိုက်ကြာရှည်စွာ သုံးစွဲခြင်းက ရေရှည်မှာ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ချေရှိတာနဲ့ ပတ်သက်နေပေမယ့် သုတေသနအရတော့ အထောက်အထားအနည်းငယ်သာရှိပါ သေးတယ်။
ဆေးတွေရဲ့ ဓာတုပစ္စည်းတွေ ကိုယ်တွင်းအင်္ဂါတွေကို ပစ်မှတ်ထားနိုင်ရန်အတွက် ဆေးတွေက လူရဲ့ကိုယ်ခံအားစနစ်ကိုချပေးပါတယ်။
ဒီလိုဓာတုပစ္စည်းတွေထဲမှာ ဒက်ဆာမီသာဆုန်း၊ ကော်တီဆုန်း၊ ဘူဒီဆိုနိုက်တို့ ပါဝင်ပါတယ်။
လူနာတွေရဲ့ဦးနှောက်ကို ကျန်းမာတဲ့ဦးနှောက် ၂၄,၀၀၀ ကျော်နဲ့နှိုင်းယှဉ်ကာ ဦးနှောက်ရဲ့ ခဲရောင်အသားနဲ့ အဖြူရောင်အသားတို့မှာ ပြောင်းလဲမှုဖြစ်ပေါ်ပုံကို ကြည့်ရှုခဲ့ကြပါတယ်။
စတီးရွိုက်သုံးစွဲနေရသူတွေက စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ချေ ၇၆ ရာခိုင်နှုန်းပိုဖြစ်နိုင်ပြီး ထုံထိုင်းခြင်းဝေဒနာ ၉၀ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပါတယ်။
ဒါ့အပြင် စိတ်မပါလက်မပါဖြစ်ခြင်း ၈၄ ရာခိုင်နှုန်းနဲ့ ဂဏာမငြိမ်ခြင်း ၇၈ ရာခိုင်နှုန်းပိုဖြစ်နိုင်ပါတယ်။
လေ့လာချက်အရ ဂလူကိုကော်တီကွိက်သောက်သုံးခြင်းနဲ့ ရှူသွင်းခြင်းကြောင့် ဦးနှောက်ပုံရိပ်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဂလူကိုကော်တီကွိုက်ရေရှည်သုံးစွဲသူတွေထဲမှာ ဆေးပမာဏအတိုင်း ဒါမှမဟုတ် သုံးစွဲချိန်အတိုင်း ဦးနှောက်အဖြူအသားတည်ဆောက်ပုံအရ ဂလူကိုကော်တီကွိုက်ရှူသွင်းတဲ့သူတွေမှာ သက်ရောက်မှုအနည်းဆုံး၊ သောက်သုံးတဲ့သူတွေမှာ သက်ရောက်မှုများကာ ရေရှည်သုံးစွဲသူတွေထဲမှာ သက်ရောက်မှုအများဆုံးဖြစ်နေပါတယ်။
ဒီတွေ့ရှိချက်တွေက ထင်ရှားပြီးတော့ ရောဂါကုသမှုနဲ့ အာရုံကြောဘေးထွက်ဆိုးကျိုးများကြား ဆက်စပ်မှုကို သတိထားမိစေမှာဖြစ်ပါတယ်။
ဂလူကိုကော်တီကွိုက်သုံးစွဲသူတွေမှာ စိတ်ကျန်းမာရေးပြဿနာများဖြစ်ပေါ်ကြောင်း သတင်းတင်ပြခဲ့ကြပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာကတော့ သိပ်ပြီး မပြောင်းလဲပါဘူး။
ဂလူကိုကော်တီကွိုက်သုံးစွဲခြင်းနဲ့ ဦးနှောက်တည်ဆောက်ပုံကြားဆက်စပ်မှုကို လေ့လာတဲ့ အကြီးဆုံးသုတေသနဖြစ်ပြီး ပထမဆုံးလည်းဖြစ်ပါတယ်။
Source: Telegraph
#Yangon_Media_Group
#World_Health
Published 3 September 2022
သွေးအမျိုးအစား-အေ ပိုင်ရှင်တွေဟာ အသက်စောစောအချိန်မှာပဲ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ များနေပြီး အို-သွေးပိုင်ရှင်တွေကတော့ ဖြစ်နိုင်ချေနည်းတဲ့သူတွေဖြစ်ပါတယ်။
Neurology ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့ကဖော်ပြရာမှာ လေဖြတ်ထားတဲ့လူ ၁၇,၀၀၀ နီးပါးနဲ့ လေဖြတ်ခြင်းမဖြစ်ဖူးသူ ၅၇၀,၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြပါတယ်။
"လေ့လာသုံးသပ်ချက်များအရ လူတွေရဲ့မျိုးဗီဇနဲ့ပတ်သက်ပြီး သွေးအမျိုးအစားနဲ့ စောစီးစွာလေဖြတ်ခြင်းဖြစ်နိုင်ချေတို့ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်၊ အသက်အရွယ်နောက်ပိုင်းမှ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေဆက်စပ်မှုက အသက်အစောပိုင်းဖြစ်နိုင်ချေလောက် အထောက်အထားမပြနိုင်ပါဘူး"လို့ စုံစမ်းရေးမှူး'ဘရက်စ်တန်မစ်ချဲလ်'က ဆိုပါတယ်။
မေရီလန်းဆေးပညာတက္ကသိုလ်မှ 'မစ်ချဲလ်'နဲ့သုတေသီအဖွဲ့က သွေးအမျိုးအစားနဲ့ လေဖြတ်ခြင်းအန္တရာယ်ကြား ဆက်စပ်ပုံကို လေ့လာခဲ့ကြပါတယ်။
သွေးအမျိုးအစား အေ၊ အေဘီ၊ ဘီ၊ အို တို့ကို လေ့လာခဲ့ကြရာ အေ-သွေးပိုင်ရှင်တွေက အသက် ၆၀ မတိုင်ခင်မှာ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေအများဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
တွေ့ရှိချက်ကို ကောက်ချက်ချနိုင်ရန် သုတေသီတွေက စမ်းသပ်ခံသူတွေကို သွေးအမျိုးအစားအလိုက် ခွဲခြားပြီး စောစီးစွာလေဖြတ်ခြင်း၊ အသက်အရွယ်နောက်ပိုင်းလေဖြတ်ခြင်း၊ လေဖြတ်ခြင်းအန္တရာယ်မဖြစ်ခြင်းဆိုတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
အေ-သွေးပိုင်ရှင်တွေက စောစီးစွာလေဖြတ်နိုင်ချေရှိနေပြီး အို-သွေးပိုင်ရှင်တွေကတော့ သိပ်ပြီးဖြစ်နိုင်ချေမရှိပါဘူး။
ဘီ-သွေးပိုင်ရှင်တွေကတော့ စောစီးစွာဖြစ်နိုင်ချေအပြင် အသက်အရွယ်နောက်ပိုင်းမှလည်း ဖြစ်နိုင်ချေရှိနေပါတယ်။
၂၀၂၀ ခုနှစ်အတွင်း လေဖြတ်ခြင်းကြောင့် သေဆုံးသူ ကမ္ဘာတဝှမ်းမှာ ၃.၅ သန်းနီးပါးရှိခဲ့ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
ဒီလိုတွေ့ရှိချက်ကြောင့် သွေးအမျိုးအစားက လေဖြတ်နိုင်ချေနဲ့ဆက်စပ်နေတာကို ပိုပြီးစူးစမ်းစရာဖြစ်လာပါတယ်လို့ 'ဒင်းမာ့ခ်ဂလက်ဝင်း'က မှတ်ချက်ပြုခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Climate
Published 2 September 2022
ဆိုးဆိုးရွားရွားမိုးခေါင်ရေရှားခြင်းကြောင့် စပိန်နိုင်ငံရှိရေလှောင်ကန်များမှ ရေမျက်နှာပြင်များ ကျဆင်းလာကာ အရင်ကရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ အထိမ်းအမှတ်ကျောက်တုံးအစုအဝေးကြီးနဲ့ ရာစုနှစ်သက်တမ်းရှိ ဘုရားကျောင်းတစ်ခုတို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
#Yangon_Media_Group
Published- 2Sept 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးကို စက်တင်ဘာ ၂ရက် သောကြာနေ့က ပွဲထုတ်လိုက်ပါတယ်။ ဒါဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားလက်နက်တွေကို မှီခိုနေရတာကိုလျှော့ချဖို့နှင့် ဒေသအတွင်း တရုတ်ရဲ့စစ်ရေးအရယုံကြည်စိတ်ချ မှုတိုးပွားလာနေတာ ကို တန်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းမှုဖြစ်ပါတယ်။
INS Vikrant (အိုင်အင်န်အက်စ် ဗစ်ကရန့်) လို့ အမည်ပေးထားတဲ့ အဲဒီ လေယာဉ်တင်သင်္ဘောကြီးဟာ အလျား ၈၆၀ ပေရှိပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောတွေထဲမှာ တစ်စီးဖြစ်ကာ နှစ်ပေါင်း ၁၇နှစ်ကြာ တည်ဆောက်မှုနှင့်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်ရေတပ်ကို ပိတ်ဆို့နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး အနားယူသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးရဲ့ အမည်ကို အမွေဆက်ခံထားတာလည်းဖြစ်ပါတယ်။
“ ယနေ့မှာ အိုင်အင်န်အက်စ် ဗီကရန့်ဟာ နိုင်ငံကို ယုံကြည်မှုအသစ်တွေနှင့် ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဖန်တီးပေးလိုက်ပါပြီ “ လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တောင်ပိုင်း ကရာလာပြည်နယ်မှာပြုလုပ်တြ့ သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားပါတယ်။
“ ပြည်တွင်းမှာ ဒီလို လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ အနည်းငယ်သော နိုင်ငံအုပ်စုထဲ ကျွန်တော်တို့ ဝင်ရောက်လိုက်ပါပြီ” လို့လည်းသူကပြောပါတယ်။
အိန္ဒိယရဲ့ တစ်စီးတည်းသော အခြားလေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တွေမှာ အမှုထမ်းနေသူ ၁၆၀၀ဦးခန့်ကို ယခုလေယာဉ်တင် သင်္ဘောကြီးမှာ တာဝန်ပေးမှာဖြစ်ပါတယ်။
အဲဒီအခြားလေယာဉ်တင်သင်္ဘောကြီးကို အိန္ဒိယရဲ့ အဓိက လက်နက်ရောင်းနိုင်ငံဖြစ်တဲ့ ရုရှားထံမှ တစ်ပတ်ရစ်သင်္ဘောကြီးအဖြစ် အိန္ဒိယက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ နိုင်ငံက နိုင်ငံခြားကနေ စစ်ရေးပစ္စည်းတွေ ဝယ်ယူမှီခိုနေရတာကို ဖြတ်တောက်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်းစက်မှုလုပ်ငန်းတွေကို တည်ဆောက်ခဲ့ပါတယ်။
အခုဆို စစ်သင်္ဘောတွေနှင့် ရေငုပ်သင်္ဘောတွေ အစီးရေ သုံးဒါဇင်ကျော်ကို နိုင်ငံရဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်နေပါတယ်။
အိန္ဒိယရဲ့ ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီသရုပ်သကန်တွေမပါတော့ တဲ့ ရေတပ်အလံအသစ်ကိုပါ သောကြာနေ့က စတင်အသုံးပြုပြသခဲ့ပါတယ်။
“ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုလုပ်ခဲ့ကြပြီ။ ကျွန်တော်တို့လက်အောက်ခံဘဝ အမှတ်လက္ခဏာတွေကို ဖယ်ရှားပစ်ခဲ့ပြီ” လို့ လည်း မိုဒီက ပြောပါတယ်။
ရေတပ်အလံသစ်မှာ ယခင်ကပါခဲ့တဲ့ အင်္ဂလန် နိုင်ငံတော်အလံက စိန့်ဂျော့ကြက်ခြေခတ်နေရာမှာ ဟိန္ဒူစစ်ဘုရင် ချတ်ထရာပါတီ ရှီဗာဂျီရဲ့ တော်ဝင်တံဆိပ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။
Source: AFP
#India
#India_Home_made_aircraft_carrier
#INS_Vikrant
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Technology
Published 2 September 2022
ပန်းကန်ဆေးစက်နည်းပညာအသစ်က ရေဖိုး၊ မီတာဖိုး၊ ဆပ်ပြာအကုန်အကျသက်သာအောင် ပြုလုပ်ပေးနိုင်တော့မှာပါ။
သုတေသီတွေက ပန်းကန်ဆေးဖို့အတွက် ဆပ်ပြာအစား စူပါအပူပေးရေငွေ့စနစ်ဖြင့် ပုံစံတူပြုလုပ်ပြီး စမ်းသပ်ကြည့်ခဲ့ကြပါတယ်။
ထိုစနစ်က ရေဆူကနေရတဲ့ ရေငွေ့တွေကနေအပူပေးကာ အပူချိန်အလွန်မြင့်မားပါတယ်။
၂၅ စက္ကန့်အတွင်း ဘက်တီးရီးယားတွေကို ၉၉ ရာခိုင်နှုန်းဖယ်ရှားနိုင်မယ်လို့ ကွန်ပျူတာပုံစံတူစမ်းသပ်ချက်မှာ တွေ့ရှိခဲ့ပါတယ်။
အခုအထိတော့ ဒီစနစ်က ကွန်ပျူတာထဲမှာသာရှိနေသေးပြီး တကယ့်စက်ပစ္စည်းတော့ မထုတ်ရသေးပါဘူး။
နောက်ထပ်ပန်းကန်ဆေးစက်မော်ဒယ်လ်အသစ် ဖြစ်လာတော့မယ်လို့ မှတ်ချက်ပြုခဲ့ ကြပါတယ်။
ဒီနည်းပညာကို ဂျာမနီနိုင်ငံ ဒေါ့မွန်နဲ့ မြူးနစ်နည်းပညာတက္ကသိုလ်တို့မှ သုတေသီများ ဦးဆောင်ခဲ့ကြတာပါ။
စူပါအပူပေး ရေငွေ့စနစ်က ရေ၊ သန့်ရှင်းချိန် သက်သာစေပြီး ဓာတုဆပ်ပြာများ မလိုအပ်တာကြောင့် စားသောက်ဆိုင်၊ ဟိုတယ်၊ ဆေးရုံများအတွက် အထူးသင့်တော်မှာဖြစ်ကြောင်း Physics of Fluids ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အစားအစာအကြွင်းအကျန်များအပြင် ပိုးမွှားသန့်ရှင်းစေခြင်းကလည်း အရေးကြီးတဲ့ လိုအပ်ချက်အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။
ပုံမှန်ပန်းကန်ဆေးစက်တွေက ပိုးမွှားအားလုံးကိုမသတ်နိုင်ဘဲ ကျန်နေတတ်ပါတယ်။
ဒါ့အပြင် မီတာခ၊ ဆပ်ပြာအသုံးပြုမှုနဲ့ ရေများစွန့်ထုတ်ရတာကြောင့် အချိန် ကြာမြင့်ရပါတယ်။
စူပါအပူပေးရေငွေ့စနစ်ကတော့ ပိုမိုထိရောက်ပြီး ပတ်ဝန်းကျင်အတွက် ပိုပြီးသင့်တော်ပါတယ်လို့ သုတေသီများက ဆိုပါတယ်။
စတင်ဝယ်ယူတဲ့အခါမှာ ပုံမှန်ပန်းကန်ဆေးစက်တွေထက် ဈေးပိုကြီးနိုင်ပေမယ့် ရေရှည်မှာတော့ ရေဖိုး၊ မီတာခ၊ ဆပ်ပြာခ သက်သာစေမှာဖြစ်ပါတယ်။
ရေငွေ့တွေက ပန်းကန်ဆေးစက်ပုံးထဲကို အလွန်လျင်မြန်စွာထွက်လာပြီးတော့ ဘေးနံရံတွေမှာပါ ရောက်ရှိစေပါတယ်။
အဲဒီကနေ အပူချိန်မြင့်တက်လာပြီးတော့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ရေငွေ့စက်တွေက အစားအစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။
၂၅ စက္ကန့်အတွင်း သန့်စင်ပေးနိုင်တာကြောင့် စားသောက်ဆိုင်လိုနေရာမျိုးတွေမှာ အလွန်ထိရောက်စေမှာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Disaster
Published 2 September 2022
မစ္စစ္စပီပြည်နယ်မြို့တော်မှာ ပြီးခဲ့တဲ့ ၄ ရက်ကတည်းက
ရေသန့်စက်ရုံကြီးပျက်ယွင်းခဲ့တာကြောင့် ရေကောင်းရေသန့်မရရှိတဲ့လူတွေအတွက် မြို့တော်ရဲ့နေရာ ၇ နေရာမှာ ကြာသပတေးနေ့က ရေသန့်ဗူးများ ဖြန့်ဝေပေးနေရပါတယ်။
မြို့တော်ဂျက်ဆန်ရှိ ရေဗူးဖြန့်ဝေရေးနေရာတွေနဲ့ ကုန်စုံဆိုင်တွေမှာ ရေသန့်ဗူးရရှိဖို့ လူတွေတန်းစီစောင့်ဆိုင်းနေရပါတယ်။
O.B. Curtis ရေသန့်စက်ရုံကို ညဘက်တွေအထိပါ ပြုပြင်နေပြီး အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း
မြို့တော်က ကြေညာထားပါတယ်။
လတ်တလောရေလျှံခြင်းဖြစ်ပွားခဲ့တာကြောင့် တနင်္လာနေ့ညက ရေသန့်စက်ရုံဟာ ထိခိုက်သွားပြီး အလုပ်မလုပ်နိုင်ဖြစ်ခဲ့ရပါတယ်။
ပြုပြင်မှုတွေက နောက်ရက်တွေအထိ ပြုလုပ်ရဖွယ်ရှိပေမယ့် အခုလက်ရှိအလားအလာက တိုးတက်နေပါတယ်လို့ ထုတ်ပြန်ထားကာ အချို့နေရာတွေကို ရေအကန့်အသတ်ဖြင့် လွှတ်ပေးထားပြီလို့ သိရပါတယ်။
ရေသန့်မရရှိတဲ့ လူပေါင်း ၁၈၀,၀၀၀ ခန့်နေထိုင်တဲ့ နေရာတဝိုက်နဲ့ မြို့တော်ရှိ ရေသန့်ဖြန့်ဖြူးရေးနေရာများသို့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်သွားမှာဖြစ်ကြောင်း မစ္စစ္စပီအုပ်ချုပ်ရေးမှူး'တိတ်ရိဗ်စ်'က ပြောပြသွားပါတယ်။
"မြို့ပေါ်ကပြည်သူတွေ အားလုံးအနေနဲ့ ဒီလိုအခက်အခဲကြုံတွေ့နေရတာကို ကျွန်တော်သဘောပေါက်ပါတယ်၊ တကယ်ကိုစိတ်ပျက်စရာပါ၊
အမြန်ဆုံးပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်" လို့ 'ရိဗ်စ်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျက်ဆန်မြို့တော်မှာ အခြေအနေတွေက အတော်ရိုက်ခတ်နေကာ စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်များ ပိတ်ထားရပြီး စာသင်ကျောင်းများနဲ့ ဂျက်ဆန်ပြည်နယ်တက္ကသိုလ်တိုဟာ အွန်လိုင်းသင်ကြားမှုပုံစံသို့ ပြောင်းလဲသင်ကြားနေရပါတယ်။
"ကျွန်မမှာ ကလေး ၆ ယောက်ရှိပါတယ်၊ ဒီရေသန့်ဗူးတွေကရေနဲ့ သွားမတိုက်ဖို့၊ မျက်နှာမသစ်မိဖို့ ကလေးတွေကို တစ်ချိန်လုံးသတိပေးနေရပါတယ်၊ မိဘတစ်ယောက်အနေနဲ့ ဒီလိုရေသန့်မရတဲ့ အကြပ်အတည်းအတွင်း ဒီမိသားစုအသက်ရှင်ရုန်းကန်နိုင်ဖို့ ကျွန်မဘာမဆိုလုပ်ရမှာပါ" လို့ 'ဒန်နီကာဆမ်မြူယယ်'က ပြောပြပါတယ်။
တနင်္လာနေ့ စက်ရုံပျက်ပြီးတော့ ဒေသတွင်းအဖွဲ့များက ယာယီရေစုပ်စက်များ အပြိုင်အဆိုင်တပ်ဆင်ကြပြီး လက်ရှိစက်ပစ္စည်းတွေကို ပြုပြင်နေကြပါတယ်။
ကြာသပတေးနေ့မှာတော့ ရေသိုလှောင်တိုင်ကီတွေ တဝက်ကျော်လောက် ပြန်လည်စတင်ရေဖြည့်လျက်ရှိကာ ရေတိုင်ကီထဲရှိ ရေပမာဏမြင့်တက်လာတာနဲ့အမျှ ရေလွှတ်အားလည်း များလာမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအဖွဲ့က အကူအညီများစေလွှတ်ဖို့ အင်္ဂါနေ့နှောင်းပိုင်းမှာ အရေးပေါ်ကြေညာချက်ကို အတည်ပြုလိုက်ပြီး ဖက်ဒရယ်အရေးပေါ်စီမံရေးအဖွဲ့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့တို့ကို ဂျက်ဆန်မြို့သို့ စေလွှတ်ထားပါတယ်။
"ဒေသတွင်းအာဏာပိုင်များနဲ့ ပူးပေါင်းအဖြေရှာပြီး ဂျက်ဆန်မြို့ကလူတွေ သန့်ရှင်းစိတ်ချရတဲ့ သောက်သုံးရေသေချာပေါက်ရရှိဖို့ ကြိုးပမ်းသွားပါမယ်" လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ'ကာရင်ဂျွန်ပီရာ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 778 of 991