#World_Society
Published 19 August 2022
သီးသန့်ပါတီပွဲတွေမှာ ဖင်လန်နိုင်ငံဝန်ကြီးချုပ်'ဆန်နာမာရင်' ကခုန်နေခဲ့တဲ့ဗီဒီယိုတွေ အွန်လိုင်းပေါ်မှာပျံ့နှံသွားတာကြောင့် မကျေမနပ်ဖြစ်နေရတယ်လို့ ကြာသပတေးနေ့မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
အသက် ၃၆ နှစ်ရှိ ဝန်ကြီးချုပ်'မာရင်'နဲ့အတူ ပြည်တွင်းမှ နာမည်ကျော်ပုဂ္ဂိုလ်များနဲ့ အနုပညာရှင်များ သီဆိုကခုန်နေတာကို ရိုက်ကူးထားတဲ့ ၂ မိနစ်စာဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေနဲ့ ဖင်လန်မီဒီယာတွေကြား ဗုဒ္ဓဟူးနေ့က ပျံ့နှံသွားခဲ့ပါတယ်။
ထိုဗီဒီယိုတွေက အစကတော့ အင်စတာဂရမ်သီးသန့်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကမ္ဘာ့အသက်အငယ်ရွယ်ဆုံးအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ 'မာရင်'ဟာ ဗီဒီယိုရိုက်နေတယ်ဆိုတာကို သိထားပေမယ့် လူအများကြားပျံ့နှံသွားမယ်လို့ မထင်ခဲ့မိကြောင်း ဆိုပါတယ်။
"ဒီဗီဒီယိုတွေကို သီးသန့်တစ်နေရာမှာ ရိုက်ကူးခဲ့တာပါ၊ ဒါကို အများပြည်သူကြားသိရှိသွားတဲ့ ဒေါသဖြစ်မိပါတယ်၊ ဘယ်သူဖြန့်လိုက်လဲဆိုတာကို မသိရသေးပါဘူး" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
'မာရင်'ဟာ အရည်အချင်းရှိပြီး သိုသိုသိပ်သိပ်နေတတ်တာကြောင့် ဖင်လန်ပြည်သူအများအပြားက ထောက်ခံအားပေးကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အုပ်ချုပ်ရေးစနစ်ဟာ မေးခွန်းထုတ်ချင်စရာဖြစ်လာကြောင်း ဟယ်လ်ဆင်ဂင်ဆာနိုမက်သတင်းစာက ဖော်ပြလိုက်ပါတယ်။
"မာရင်က ယုံကြည်တတ်သူဖြစ်ပေမယ့် ဒီလောက်လွယ်လွယ်နဲ့ မယုံသင့်ပါဘူး၊ ဖင်လန်နိုင်ငံကို ပျက်ပြားစေချင်တဲ့ သူတွေလက်ထဲ ဝန်ကြီးချုပ်က သေနတ်ထည့်ပေးလိုက်သလိုပါပဲ" လို သတင်းစာမှာဖော်ပြထားပါတယ်။
ဒီဗီဒီယိုတွေဟာ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်က ပွဲနှစ်ခုမှာ ရိုက်ကူးခဲ့တဲ့ဗီဒီယိုတွေဖြစ်ကာ ထိုပွဲတွေမှာ လူတွေက အရက်သေစာသောက်စားကြပေမယ့် သူသိသလောက်တော့ ဆေးချတဲ့သူမရှိဘူးလို့ 'မာရင်'က ဆိုပါတယ်။
"ကျွန်မတို့ ပါတီလုပ်ပြီး ပျော်ပါးခဲ့ကြတာပဲရှိတာပါ၊ သီချင်းဆိုတယ်၊ ကတယ်၊ နောက်ထပ်ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်တောင်မလိုတဲ့အချိန်ကျမှ စတန့်ထွင်ပြီးဗီဒီယိုတွေကို လွှင့်လိုက်တာမဟုတ်ပါဘူး" လို့ ပြောပြခဲ့ပါတယ်။
'မာရင်'နဲ့ ငယ်ရွယ်တဲ့အခြားအမျိုးသမီးဝန်ကြီးချုပ်တွေဟာလည်း မိန်းမသားဖြစ်နေရတဲ့အတွက် ရုံးအတွင်း စကားများဖြင့် ပစ်မှတ်ထားထိုးနှက်ခြင်းခံနေရကြောင်း ဇန်နဝါရီလက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 19 August 2022
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အဟာရဓာတ်အကြွယ်ဝဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပြီး ဗိုက်တာမင်-ကေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါနဲ့ သွေးခဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာချက်အသစ်တစ်ခုမှာ ဗိုက်တာမင်-ကေပါဝင်တဲ့ အစားအစာများကို စားသုံးခြင်းက ဆဲလ်သေဆုံးခြင်းကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါလို ခန္ဓာကိုယ်ဆုတ်ယုတ်ခြင်းကြောင့် ဖြစ်လာတဲ့ရောဂါများကို တားဆီးပေးနိုင်ကြောင်း နိုင်ငံတကာသုတေသီအဖွဲ့က တွေ့ရှိခဲ့ပြီး Nature ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
ဟားဗတ်ကျန်းမာရေးတက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ဗိုက်တာမင်-ကေဟာ နှစ်မျိုးနှစ်စားရှိပါတယ်။
အဓိကတစ်မျိုးက ကိုက်လံနဲ့ ဟင်းနုနွယ်တို့လို အစိမ်းရောင်အရွက်တွေမှာပါဝင်တဲ့ ဖိုင်လိုကွီနုန်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုယ်တွင်းကလီစာအသားတွေနဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ မီနာကွီနုန်းတို့ဖြစ်ပါတယ်။
ဗိုက်တာမင်-ကေက ခန္ဓာကိုယ်ထဲမှာ ပုံစံမျိုးစုံနဲ့စုပ်ယူပြီး အမျိုးမျိုးသောလုပ်ငန်းဆောင်တာများ လုပ်ဆောင်ပါတယ်။
ဗိုက်တာမင်-ကေက ဆဲလ်သေခြင်းကိုတားဆီးပေးတဲ့ အန်တီအောက်ဆီဒင့်အဖြစ် လုပ်ဆောင်ပေးကြောင်း မြူးနစ်၊ ဂျပန်၊ ကနေဒါတက္ကသိုလ်တို့မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ဖယ်ရော့ပ်တိုဆစ်ဆိုတဲ့ဖြစ်စဉ်ဟာ သဘာဝအတိုင်းဆဲလ်သေဆုံးခြင်းဖြစ်ပြီး အယ်လ်ဇိုင်းမားနဲ့ အခြားရောဂါတွေမှာ တွေ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ရောဂါတွေကို ကုသရာမှာ ဖယ်ရော့ပ်တိုဆစ်ဖြစ်စဉ်ကို တားဆီးဖို့က အရေးပါတဲ့အချက်ဖြစ်လာပါတယ်။
ဂျပန်တိုဟိုကူတက္ကသိုလ်မှ ဒေါက်တာ'အီကန်မီရှီမာ'က ဖိုင်လိုကွီနုန်း(ဗိုက်တာမင်-ကေ၁)နဲ့ မီနာကွီနုန်း(ဗိုက်တာမင်-ကေ၂)တိုဟာ ဆဲလ်တွေကိုကယ်ဆယ်နိုင်ပြီး ဖယ်ရော့ပ်တိုဆစ်ဖြစ်စဉ်ဖြစ်လာတဲ့ တစ်ရှူးတွေကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အဟာရဓာတ်ကြွယ်ဝစွာစားသုံးရင် အယ်လ်ဇိုင်းမားကဲ့သို့ရောဂါတွေကို တားဆီးနိုင်ကြောင်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
ဖလေဗိုနွိုက်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေဟာ အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးတားဆီးနိုင်ကြောင်း ၂၀၂၀ မှာ တွေ့ရှိထားပါတယ်။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ရေနွေးကြမ်းတို့က မှတ်ဉာဏ်ချို့တဲ့ခြင်းရောဂါတွေကို လွယ်ကူရိုးရှင်းစွာ ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဖလေဗိုနွိုက်ဓာတ်အဓိကပါဝင်တဲ့ အစားအစာတွေက သစ်တော်သီး၊ သံလွင်ဆီ၊ ကိုက်လံ၊ ပဲ၊ လက်ဖက်ခြောက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ဝိုင်၊ ခရမ်းချဉ်သီး၊ ပန်းသီးတို့ဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 18 August 2022
နယူးဇီလန်က လေလံပွဲတစ်ခုကနေ ဝယ်ယူခဲ့တဲ့ ခရီးဆောင်လက်ဆွဲသေတ္တာ နှစ်လုံးထဲက ကလေးငယ်(၂)ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ကြာသပတေးနေ့က ရဲတွေက ပြောပါတယ်။ အဲဒီအတွက်ရဲက တရားခံကို ရှာဖွေဖို့ ကြိုးစားနေကြပါတယ်။
အဲဒီအလောင်းတွေဟာ နှစ်ပေါင်းများစွာ ဒီအထဲ သိမ်းဆည်းထားခဲ့ပုံရတယ်လို့ စုံထောက်တစ်ဦးဖြစ်တဲ့ တိုဖီလော ဖမ်မန်နူအား ဗက်လူရာက ပြောပါတယ်။ ရုပ်ကြွင်းတွေထဲက ကလေးနှစ်ဦးဟာ သူတို့သေဆုံးစဉ်က အသက်ငါးနှစ်နှင့် ဆယ်နှစ်ကြား ဖြစ်ပုံရတယ်လို့ သူကပြောပါတယ်။
အရွယ်တူ ခရီးဆောင်သေတ္တာနှစ်လုံးထဲမှာ ကလေးတစ်ဦးစီ ထည့်သွင်းထားတာဖြစ်ပါတယ်။
“သေဆုံးတဲ့အချိန်နှင့် တွေ့ရှိတဲ့အချိန်နှစ်ခုအကြား အချိန်ခြားနားမှုက စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ရာမှာ ရှာဖွေတွေ့ရပုံရဲ့ သဘာဝအရကို အနည်းငယ် ရှုပ်ထွေးမှုတွေဖြစ်စေပါတယ်” လို့ ဗက်လူရာကပြောပါတယ်။
တောင်အောက်ကလန်မှာရှိတဲ့ ဂိုဒေါင်တစ်ခုမှာ ပစ္စည်းတွေ အစုလိုက်အပြုံလိုက်ကို လေလံပစ်တာကို သံသယမရှိဘဲ ဝယ်ယူမိတဲ့ မိသားစုတစ်စုက အဲဒီရုပ်အလောင်းတွေကို တွေ့ခဲ့တာပါ။
မိသားစုဘယ်သူဆိုတာဖွင့်မပြောတာဟာ လူသတ်မှုနှင့်ဆက်နွယ်တာကြောင့်မဟုတ်ဘဲ အလောင်းတွေတွေ့ရလို့ သူတို့ စိတ်ထိခိုက်ခံစားနေရတာတွေကို စာနာနားလည်လို့ဖြစ်တယ်လို့ ဗက်လူရာကဆက်ပြောပါတယ်။
သေဆုံးသူတွေဘယ်သူဆိုတာသိနိုင်ဖို့ ရဲတွေက အဲဒီခရီးဆောင်သေတ္တာနှင့်အတူပါလာတဲ့အခြား အိမ်သုံးပစ္စည်းတွေကနေ စုံစမ်းဖော်ထုတ်နေကြပါတယ်။
အချိန်ကြာသွားတဲ့အတွက် အဲဒီကလေးတွေကို ဘယ်သူဘယ်ဝါတွေဆိုတာ သိအောင်လုပ်ဖို့ အတော်ရှုပ်ထွေးခက်ခဲနေယ်လို့ ရဲတွေကပြောပါတယ်။
ဒါပေမယ့် အဲဒီခရီးဆောင်သေတ္တာထားခဲ့တဲ့ ဂိုဒေါင်နှင့် အိမ်တွေကိုတော့ မှုခင်းပညာရှင်တွေက စစ်ဆေးနေကြပါတယ်။
အဲဒီအပြင် နယူးဇီလန်ရဲတွေက နိုင်ငံတကာရာဇဝတ်မှုခင်းရဲတပ်ဖွဲ့တွေနှင့်ပါ ချိတ်ဆက်ပြီး အမှုကိုဖော်ထုတ်နိုင်အောင် ကြိုးစာနေကြတယ်လို့ ဗက်လူရာကပြောပါတယ်။
သူတို့မိသားစုတွေက ဒီကလေးတွေ သေသွားခဲ့တာတောင် သိချင်မှသိကြလိမ့်မယ်လို့လည်း သူကပြောပါတယ်။
မျိုးရိုးဗီဇတွေကို စုံစမ်းထောက်လှမ်းမှုကတော့ အတော်တိုးတက်နေပါတယ်လို့တော့ ပြောချင်ပါတယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
အလောင်းတွေရှာတွေတဲ့ မိသားစုရဲ့ အိမ်နီးချင်းက အဲဒီမိသားစုရဲ့ အိမ်ကိုစောင့်ရှောက်ပေးနေရတယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမိသားစုက မီဒီယာတွေရဲ့ အာရုံစိုက်လာတာကို ရှောင်ရှားချင်လို့ အိမ်ကနေ ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။
Source: AFP
#New_Zealand
#Bodeis_in_Suitcases_New_Zealand
#Crime_story
#World_Sports
Published 17 August 2022
ပြီးခဲ့တဲ့နှစ်များအတွင်း အီဂျစ်မြို့တော်ကိုင်ရိုမှာ လူငယ်တွေကြား ပက်ဒယ်တင်းနစ်အားကစားဟာ နာမည်ကျော်လူကြိုက်များလာပါတယ်။
#Yangon_Media_Group
#DailyNews
Published - 18 August 2022
၁။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ပုံစံနှစ်မျိုးဖြင့်
အဆင့်မြှင့်တင်မည်
၂။ ပြည်တွင်းရွှေဈေး YGEA ရည်ညွှန်းဈေးများအရ ၅ ရက်အတွင်း ကျပ် ၄ သောင်းကျော် ကျဆင်းလာ
၃။ ကိုဗစ်ဖြင့်သေဆုံးသူ ၃ ဦးသည် ရောဂါခံကြောင့် သေဆုံးခြင်းဖြစ်ဟုဆို
၄။ အီဂျစ်မြို့တော်ကိုင်ရိုတွင် ပက်ဒယ်အားကစားလူကြိုက်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 18 August 2022
ထိုင်းမြောက်ပိုင်းခေါက်ဆွဲ(Khao Soi)ဟာ ကမ္ဘာပေါ်က အကောင်းဆုံးစွပ်ပြုတ်ဟင်းလျာ ၅၀ မျိုးထဲမှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်မှာ တိုင်းပြည်ရဲ့စီးပွားရေးအားသာချက်ကို မြှင့်တင်သွားနိုင်ရန် အဆိုပါဟင်းလျာကို အသုံးချပြီး ဈေးကွက်ချဲ့ထွင်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
အစိုးရမှကြီးမှူးပြုလုပ်တဲ့ ဘန်ကောက်အစားအစာပြပွဲမှာ မြောက်ပိုင်းရိုးရာ Khao Soi ခေါက်ဆွဲကို ဝန်ကြီးချုပ်က စားသုံးမြည်းစမ်းပြီးနောက် "နိုင်ငံခြားသားတွေကြား ထိုင်းအစားအစာတစ်ခု နာမည်ရလာတာ တကယ်ကိုသတင်းကောင်းဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Khao Soi ကို အုန်းနို့ဖြင့်ပြုလုပ်ထားပြီး အသား၊ ကြက်ဥခေါက်ဆွဲ၊ သံပရာသီး၊ ဂေါ်ဖီချဉ်၊ ကြက်သွန်နီ၊ ငရုတ်သီးများ ပါဝင်ပါတယ်။
စစ်မှန်တဲ့ဒေသတွင်း အစားအစာစားသောက်ဆိုင်များကို မှတ်တမ်းတင်ဖော်ပြတဲ့ TasteAtlas ဒီဂျစ်တယ်ပလက်ဖောင်းရဲ့ဖော်ပြချက်အရ Khao Soi ဟာ ကမ္ဘာပေါ်က အကောင်းဆုံးစွပ်ပြုတ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ထိုဟင်းရည်ကို ၁၉ ရာစုနဲ့ ၂၀ ရာစုများအတွင်း တရုတ်မွတ်ဆလင်ကုန်သည်များက ယူနန်ကနေ ထိုင်းမြောက်ပိုင်းကို ယူဆောင်လာခဲ့တယ်လို့ ယူဆရပါတယ်။
Khao Soi က ဒေသထွက်ပစ္စည်းများနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အုန်းနို့ခေါက်ဆွဲမျိုးဖြစ်ကြောင်း TasteAtlas က ဖော်ပြထားကာ ထိုစာရင်းထဲမှာ ထိုင်းနိုင်ငံရဲ့ တုန်ယမ်းဟင်းရည် (tom yum kung) နဲ့ ကြက်သားအုန်းနို့ချဉ်စပ်ဟင်းရည် (tom kha gai) တိုလည်း ပါဝင်လာပါတယ်။
Khao Soi က အခုဆိုရင် တိုင်းပြည်းစီးပွားရေးမြှင့်တင်ပေးနိုင်မယ့် အားသာချက်တစ်ခုဖြစ်လာပြီး ဆိုရှယ်မီဒီယာမှ နာမည်ကျော်များဖြင့် ထိုအစားအစာကို ပိုမိုကျော်ကြားလာအောင်ပြုလုပ်ပေးဖို့ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူမှုဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အစားအစာ၊ ရုပ်ရှင်၊ ဖက်ရှင်၊ မွေထိုင်း၊ နိုင်ငံရပ်ခြားပွဲတော် စတဲ့ကဏ္ဍ ၅ ရပ်ကို မြှင့်တင်မယ့် 5 Fs soft power မူဝါဒလမ်းစဉ်ကို ဧပြီလက အကောင်အထည်ဖော်ခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းက ကယ်လီဖိုးနီးယားက ကိုချယ်လာဂီတပွဲတင်ဆက်မှုအတွင်း သရက်ကောက်ညှင်းဟင်းလျာကို နာမည်ကြီးအောင်ပြုလုပ်နိုင်ခဲ့တဲ့ ထိုင်းရက်ပါအဆိုတော် အစိုးရဝေဖန်ရေးပုဂ္ဂိုလ် 'ဒါနူပါမီလီကာနာတီရာကူလ်'ကိုလည်း 'ပရာယွတ်'က ချီးကျူးခဲ့ပါတယ်။
ထိုင်းတို့ရဲ့အချိုပွဲကိုလည်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းနိုင်ရန်အတွက် ယူနက်စ်ကိုသို့တင်ပြရန်စီစဉ်နေကြောင်း အစိုးရကပြောကြားခဲ့ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Disaster
Published 18 August 2022
ရုရှားနဲ့ အမေရိကန် နျူကလီးယားစစ်ပွဲဖြစ်ပွားပါက တစ်ကမ္ဘာလုံးအငတ်ဘေးဆိုက်ကပ်နိုင်ပြီး ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံခန့် သေဆုံးနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
တကယ့်စစ်ပွဲကြီးဖြစ်လာခဲ့ရင် လူပေါင်း ၅ ဘီလီယံ(သန်း ၅ ထောင်) ငတ်ပြတ်သေဆုံးရနိုင်ပါတယ်။
ကွန်ပျူတာ ပြုလုပ်ချက်များဖြင့် ပုံစံတူဖန်တီးခဲ့ကြရာမှာ မီးတောက်တွေက လေထုအပေါ်ပိုင်းအထိတက်သွားပြီး နေကွယ်သွားခဲ့ပြီး ကောက်ပဲသီးနှံတွေ ပျက်စီးသွားနိုင်ပါတယ်။
"ဒီအချက်အလက်တွေအရ လူတွေအားလုံး သေချာပေါက်လုပ်ဆောင်ရမှာက နျူကလီးယားစစ်ပွဲကြီး ဖြစ်မလာအောင် တားဆီးဖို့ပါပဲ" လို့ နယူးဂျာစီမှ ပရော်ဖက်ဆာ'လီလီရှာ'က ပြောကြားလိုက်ပါတယ်။
ထိုစမ်းသပ်ချက်များအတွင်း အိန္ဒိယ-ပါကစ္စတန် စစ်ပွဲငယ် ၅ ခုနဲ့ အမေရိကန်-ရုရှား စစ်ပွဲကြီး ၁ ခုတိုကို ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒါတွေဟာ 'ဗလာဒီမာပူတင်' ယူကရိန်းကိုကျူးကျော်ပြီး ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေဖြစ်ပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံမှာ နျူကလီးယားလက်နက်ပေါင်း ၁၃,၀၀၀ ကျော်ရှိနေပြီး လတ်တလောနျူကလီးယားလက်နက် ထုတ်လုပ်ထားတဲ့နိုင်ငံတွေကြား တိုက်ပွဲတစ်ခုဖြစ်ခဲ့ရင်တောင် အစားအစာပြတ်လပ်မှုဖြစ်ပြီး အငတ်ဘေးပျံ့နှံလာမှာဖြစ်ပါတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
သားငါးမွေးမြူရေးများနဲ့ ပင်လယ်ရေသတ္တဝါများ အခြေအနေပြောင်းလဲလာနိုင်ပုံကိုလည်း တွက်ချက်ထားပါသေးတယ်။
အိန္ဒိယနဲ့ပါကစ္စတန် စစ်ပွဲဖြစ်ခဲ့ရင် ၅ နှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့သားငါးထုတ်လုပ်မှု ၇ ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။
အဆိုးဆုံးဖြစ်နိုင်ချေကတော့ အမေရိကန်နဲ့ရုရှားသာပါဝင်လာရင် ၉၀ ရာခိုင်နှုန်းအထိ ရှိလာမှာပါ။
ကောက်ပဲသီးနှံရှားပါးခြင်းက ရုရှား၊ အမေရိကန်တိုလို အဓိကတင်ပို့ကုန်နိုင်ငံများနဲ့ လတ်တီကျုအလယ်အလတ်မှ အမြင့်ပိုင်းနိုင်ငံတွေမှာ အဆိုးဆုံးခံစားရနိုင်ပါတယ်။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့လို သွင်းကုန်မှီခိုရတဲ့နိုင်ငံတွေ ကပ်ဘေးဆိုက်ရောက်နိုင်ပြီး ကမ္ဘာ့စားသောက်ကုန်ထောက်ပံ့မှုကွင်းဆက် ပျက်စီးသွားမှာဖြစ်ပါတယ်။
၇ ရာခိုင်နှုန်းဆိုတာဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေထက်ကို ပိုမိုဆိုးရွားနေပါတယ်။
နျူကလီးယားစစ်ပွဲကြီးဖြစ်လာရင် ၂ နှစ်အတွင်း ကမ္ဘာပေါ်က လူဦးရေ ၇၅ ရာခိုင်နှုန်းကျော် အငတ်ဘေးဆိုက်နိုင်ပြီး လူ ၅ ဘီလီယံကျော် ပျောက်ကွယ်နိုင်ချေရှိနေပါတယ်။
လက်ရှိကမ္ဘာ့လူဦးရေကတော့ ၈ ဘီလီယံခန့် ရှိနေပါတယ်။
နျူကလီးယားကြောင့် အိုဇုန်းလွှာပျက်စီးပြီး ကမ္ဘာ့မျက်နှာပြင်ကို ခရမ်းလွန်ရောင်ခြည် ပိုမိုသက်ရောက်ကာ အစားအစာထုတ်လုပ်မှုကို ထိခိုက်လာနိုင်ပါတယ်။
ပရော်ဖက်ဆာ'အလန်ရိုဘော့ခ်'က နျူကလီးယားလက်နက်တွေရှိတယ်ဆိုတာနဲ့ အသုံးပြုတဲ့အထိ ဖြစ်လာနိုင်ပြီး နျူကလီးယားစစ်ပွဲဖြစ်ဖို့ အကြိမ်ကြိမ်နီးစပ်ခဲ့ဖူးပြီလို့ ဆိုပါတယ်။
နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းခြင်းကသာ ရေရှည်အတွက်ထိရောက်တဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 783 of 981