#World_Wildlife
Published 1 August 2022
ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန်ဖားနဲ့ သစ်ညိုမြွေမျိုးစိတ် ၂ ကောင်တို့ကြောင့် ၁၉၈၆ ခုနှစ်မှ ၂၀၂၀ အတွင်း ကမ္ဘာတဝန်းမှာ ဒေါ်လာ ၁၆ ဘီလီယံဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။
အကြောင်းကတော့ အဆိုပါမျိုးစိတ်တွေကြောင့် ကောက်ပဲသီးနှံပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းများပါ ဖြစ်ပေါ်ခဲ့ကြောင်း ကြာသပတေးနေ့က ဖော်ပြထားပါတယ်။
lithobates catesbeianus လို့ခေါ်တဲ့ အညိုရောင်နဲ့ အစိမ်းရောင်ရှိဖားမျိုးစိတ်ဟာ အလေးချိန် ၂ ပေါင်ကျော်ရှိပြီး ဥရောပမှာ အများဆုံးထိခိုက်ပျက်စီးစေပါတယ်။
boiga irregularis လို့ခေါ်တဲ့ သစ်ညိုရောင်မြွေကတော့ မာရီယာနာကျွန်းနဲ့ ဂွမ်ကျွန်းတို့အပါအဝင် ပစိဖိတ်ကျွန်းတွေမှာ ထိန်းမနိုင်သိမ်းမနိုင်ပေါက်ဖွားနေကြပါတယ်။
သူတို့ကို ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တပ်သားများက စတင်တွေ့ရှိခဲ့တာဖြစ်ကြောင်း သုတေသီ'အစ္စမေးလ်ဆိုတို'က ပြောပြပါတယ်။
မြွေတွေကပွားများလွန်းတဲ့အတွက် လျှပ်စစ်ဓာတ်အားပေးပစ္စည်းများအပေါ် ဖြတ်သန်းသွားလာကြတာကြောင့် ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုမျိုးစိတ်တွေအတွက် အကုန်အကျခံပြီး ရွှေ့ပြောင်းခိုင်းတာမျိုးမဖြစ်ရအောင် ထိန်းချုပ်ထားဖို့လိုအပ်လာကြောင်း ချက်သမ္မတနိုင်ငံ ဘိုဟမ်မီယာတောင်ပိုင်းတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရကျောင်းသား'ဆိုတို'က ပြောပြခဲ့ပါတယ်။
"အခုအချိန်မှာ သတ္တဝါမျိုးစိတ်ရောင်းဝယ်ခြင်းများပြုလုပ်နေကြပြီး ဒီလိုအထူးဆန်းဆုံးမြွေမျိုးစိတ်ကို အားလုံးကလိုချင်နေကြပါတယ်၊ ရောင်းဝယ်ဖို့တားမြစ်ထားတဲ့စာရင်းကို အစဉ်မပြတ်ပြုပြင်ထိန်းသိမ်းသင့်ပါတယ်" လို့ ရိုက်တာကိုပြောကြားခဲ့ပါတယ်။
အဆိုပါကုန်ကျစရိတ်ကိန်းဂဏန်းတွေကို ကျူးကျော်မျိုးစိတ်များနဲ့ ဆက်စပ်ကုန်ကျစရိတ်များကိုပေါင်းစည်းပြီး ခန့်မှန်းချက်များနဲ့နှိုင်းယှဉ်ကာ တွက်ချက်ထားတာဖြစ်ပါတယ်။
Source: Reuters.
#Yangon_Media_Group
Published 31 July 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ရဲ့ စစ်နယ်တိုင်းကြီး (၃)တိုင်းဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် အခြား တရုတ်ရေပိုင်နက်တွေမှာ တကယ်စစ်ပွဲပုံစံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုလေ့ကျင့်မှုဟာ စစ်ပွဲအတွက် တိုက်ပွဲဝင် အဆင်သင့်အနေအထား အသင့်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ CCTV က ပြောပါတယ်။
တရုတ်တပ်မတော် မြောက်ပိုင်းစစ်နယ်တိုင်း ရေတပ်ဟာ ပင်လယ်ဝါထဲမှာ လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အလားတူ အရှေ့ပိုင်းစစ်နယ်တိုင်းကလည်း အရှေ့တရုတ်ပင်လယ်ထဲမှာ ရေတပ်သင်္ဘော အုပ်စုနှင့်အတူ ပစ်ခတ်တိုက်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။ တောင်ပိုင်းစစ်နယ်တိုင်းကလည်း အလားတူ စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ရက်များအတွင်း ပြုလုပ်ခဲ့ကြပါတယ်။
Source: CCTV Plus
#China_ PLA_combat_ready_drill
#China_Taiwan_Tension
#China_US_Pelosi_Visit
Published: 31 July 2022
ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒဲလ်ဗယ်ဒက်ဇ်ရာမို့စ်ဟာ ဒီကနေ့ ဇူလိုင် ၃၁ ရက်၊ တနင်္ဂနွေနေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန် ချိန်မှာ သူဟာ အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
သူဟာ မားကို့စ်ရဲ့အစိုးရကနေ စွန့်ခွာ ဘက်ပြောင်းခဲ့တဲ့အတွက် လူတော်တော်များများရဲ့ သူရဲကောင်းဖြစ်ခဲ့သူပါ။ အဲဒီတုန်းက သူဟာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ၁၉၈၆ခုနှစ် လူထုအုံကြွမှုမှာ အာဏာရှင်မားကို့စ် ပြုတ်ကျစေဖို့သူ့ရဲ့ဘက်ပြောင်းမှုက တွန်းအားဖြစ်ခဲ့ပါတယ်။
အခြာတစ်ဖက်မှာလည်း မားကို့စ်အာဏာရစဉ်အတွင်း စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို မေ့မရနိုင်သူတွေလည်းရှိနေခဲ့ကြပါတယ်။
၁၉၉၂ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကပ်နိုင်ခဲ့ပြီးနောက် ရာမို့စ်ဟာ မားကို့စ်ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့အာဏာခေါင်းဆောင် ကော်ရာဇွန် အကီနိုနေရာကို အစားထိုးရောက်ရှိလာပြီး သမ္မတဖြစ်လာခဲ့ပါတယ်။အဲဒီတုန်းက သူဟာ ထောက်ခံမဲ ၂၃ရာခိုင်နှုန်းလျော့လျော့ရရှိခဲ့ပေမယ် သူ့ရဲ့သမ္မတသက်တမ်းမှာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိခဲ့တာကြောင့် လူထုထောက်ခံမှု ၆၆ ရာခိုင်နှုန်းအထိ ရရှိခဲ့သူလည်းဖြစ်ပါတယ်။
သမ္မတဟောင်းရာမို့စ်ကွယ်လွန်တာသိရလို့ အထူးကြေကွဲဝမ်းနည်းရတယ်လို့ သမ္မတဖာဒီနန်မားကိုစ်ဂျူနီယာရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ထရီဇီခရုခ် အိန်ဂျယ်ကပြောပါတယ်။
Source: Reuters
#Fidel_Valdez_Ramos_died
#Philippine_Former_President_Ramos
#Philippine_Politics
Published 31 July 2022
အမေရိကန်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ကမ္ဘာတွင် အများဆုံးအဖြစ် ၁၂၈၉ဦးထိ မြင့်တက်လာ
အမေရိကန်ပြည်ထောင်စု နယူးယောက်စီတီးမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူတွေဟာ ဇူလိုင် ၂၉ရက်အထိ စုစုပေါင်း ၁၂၈၉ ဦးရှိသွားပြီဖြစ်ပြီး ရောဂါပျံ့နှံ့ကူးစက်နေမှုအပေါ် အမေရိကန်ရဲ့ ချည်းကပ်နေမှုအပေါ် စိတ်ပျက်မှုတွေ တိုးပွားလာနေပါတယ်။
ယခုအခါ အမေရိကန်ပြည်ထောင်စုဟာ တစ်ကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာပါတယ်။
ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအပေါ် နိုင်ငံက အိပ်မောကျရင်းလမ်းလျှောက်နေသလို လုပ်နေတာတွေကြောင့် ရွေးကောက်ခံအရာှရှိတွေကို အိပ်နေရာက နိုးထကြဖို့ နယူးယောက် ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
“ ကျွန်တော်တို့ တောင်းဆိုနေတာက ပိုပြီးကောင်းမွန်ပြီး အဓိပ္ပါယ်ရှိတဲ့ ကမ်းလင့်ထောက်ကူမှုတွေ၊ ထိရောက်တဲ့ အရေးပေါ် ကုသမှုတွေ၊စမ်းသပ်မှုတွေနှင့် ကာကွယ်ဆေးထိုးနှံမှုတွေပြုလုပ်ပေးဖို့ပဲဖြစ်တယ်။ အဲဒါတွေကို မနေ့ကတည်းက လုပ်သင့်ခဲ့ကြတာ” လို့ Act Up New York (အက်သ်အပ် နယူးယောက်) အဖွဲ့က လှုပ်ရှားတက်ကြွသူတစ်ဦးဖြစ်တဲ့ ဂျေဆန် ရိုဆန်ဘတ်က ပြောပါတယ်။
TPOXX (တီပေါ့) လို မျောက်ကျောက်ရောဂါ ကုသမှုတွေကို ပိုမိုရရှိစေဖို့အတွက် အမတ်တွေကို ကြိုးနီစနစ်တွေ ဖြတ်တောက်ပစ်ကြဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ ဖက်ဒရယ်အစိုးရကတော့ ကာကွယ်ဆေးပေါင်း သုံးသိန်း ဖြန့်ပြီးထားပါ။ဒါပေမယ့် ဒီထက်ပိုပြီးကာကွယ်ဆေးထိုးနှံပေးဖို့ တောင်းဆိုမှုတွေက ကြီးထွားလာနေတာဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါဖြစ်ပွားမှုအပေါ် အစိုးရရဲ့တုန့်ပြန်ချက်အပေါ် စိတ်ပျက်မှုတွေရှိနေပေမယ့် အကူအညီတွေပိုပေးဖို့ စီစဉ်ထားတယ်လို့ အရာရှိတွေက ပြောနေကြပါတယ်။ နောက်ထပ် မျောက်ကျောက် ကာကွယ်ဆေးပေါင်း ခုနှစ်သိန်း ခြောက်သောင်းကျော်ကို အမေရိကန်ကိုပို့ပေးခဲ့ပြီးပါပြီ။ အုပ်ချုပ်ရေးမှူး ကေသီဟိုချူးက နယူးယောက်အနေနှင့် မျှတတဲ့ခွဲတမ်းရဖို့ အသေအချာရဖို့လိုတယ်လို့ ပြောနေပါတယ်။
မျောက်ကျောက်ရောဂါဟာ နီးကပ်စွာထိတွေ့ဆက်ဆံမှုက ကူးစက်ပြီး လူတိုင်းကို အကျိုးသက်ရောက်စေနိုင်ပါတယ်။ လိင်တူဆက်ဆံကြတဲ့ အမျိုးသားတွေမှာ ကူးစက်မှုတွေက ပိုများနေပါတယ်။
မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာနေတဲ့အလျောက် LGBTQ+ တွေ အများစုလာကြတဲ့ ဘားတွေမှာ လူတွေအလာကျဲသွားပါတယ်။
နယူးယောက်စီတီးဟာ မျောက်ကျောက်ရောဂါနှင့်ပတ်သက်တဲ့ သတင်းလွှာတွေကို ဒီလိုလုပ်ငန်းတွေကိုပေးထားပြီး ဖြန့်ချိပေးဖို့ပြောထားပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ အစိုးရအနေနှင့် ဒီ့ထက်ပိုပြီး လေးနက်တဲ့ အရေးယူလုပ်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ မျှော်လင့်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ် ။
Source CCTV Plus
#US_Monkeypox
#Monkeypox_outbreak
#Health
Published 31 July 2022
အသက်၆နှစ်သား အစ်ကိုဖြစ်သူက ၅ နှစ်သမီး နှမကလေးကို သေနတ်ဖြင့် မတော်တဆပစ်မိပြီး နှမဖြစ်သူသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်အတွက် မိဘနှစ်ပါးကို မသိကျိုးကျွန်ပြုမှုဖြင့် အမှုဖွင့်ထားရာ ထောင်ဒဏ် အနှစ်၄၀ အထိကျခံရဖွယ် ရှိနေပါတယ်။
ဇူလိုင် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ် ဒယ်လာဝဲ ခရိုင်က အိမ်တစ်အိမ်မှာ အသက်၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ပစ်ခံရကြောင်း သတင်းပို့ချက်အရ ရဲတွေ အပြေးအလွှားသွားရောက်ခဲ့ရပါတယ်။
အမည်မဖော်ပြလိုတဲ့ အဲဒီနှမငယ်ကလေးကို ရရှိဒဏ်ရာတွေနှင့် ဆေးရုံကိုပို့ဆောင်တဲ့အခါ ဆရာဝန်တွေက သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။
ကလေးနှစ်ဦးရဲ့ မိဘတွေဟာ အသက်၂၈နှစ်အရွယ် ဖခင် ဂျက်ကော့ကာတစ် ဂရေဆန်နှင့် အသက် ၂၇နှစ်အရွယ်မိခင်ဖြစ်သူ ကင်ဘာလေ ဒန်နီယယ်ဂရေဆန်တို့ဖြစ်ကြပါတယ်။
သူတို့ရဲ့သားဖြစ်သူဟာ မီးခံသေတ္တာထဲမှာ မောင်းတင်ထားပြီးသား သေနတ်ကိုတွေ့တဲ့အတွက် သူ့ရဲ့နှမကလေးဖြစ်သူကို မတော်တဆပစ်မိခဲ့တာ ဖြစ်တယ်လို့ Muncie Star Press သတင်းစာကရေးသားပါတယ်။
အဲဒီမီးခံသေတ္တာထဲမှာ မောင်းတင်ပြီးသား သေနတ်နှစ်လက်ကို သိမ်းထားတာဖြစ်တယ်လို့ ဂျက်ကော့ နှင့် ကင်ဘာလီတို့က ရဲတွေကို စစ်ဆေးမေးမြန်းစဉ် ပြောပါတယ်။
အမေအိပ်ပျော်နေတုန်း သေနတ်ကိုထုတ်ယူသွားတာဖြစ်ပြီး မီးခံသေတ္တာ သော့ပေါက်မှာသော့တန်းလန်းနှင့်လို့ ရဲတွေက ပြောပါတယ်။
သူတို့ရဲ့သားကို သေနတ်ပစ်ကွင်းခေါ်သွားဖူးပြီး ကလေးငယ်ဟာ သေနတ်ဘယ်လိုပစ်ရတယ်ဆိုတာ သိနေတယ်လို့ သူတို့ကပြောပါတယ်။
အိမ်နံရံမှာ မစင်တွေပေကျံနေတာကိုလည်း ရဲတွေက တွေ့ပါတယ်။
သူတို့နေထိုင်မှုအခြေအနေဟာ အင်မတန်မနှစ်မြို့ဖွယ်ဖြစ်တယ်လို့လည်း ရဲတွေကပြောပါတယ်။
အိမ်တစ်အိမ်လုံးမှာလည်း အမှိုက်ပုံးနှင့် ပရိဘောဂတွေ ဖွာလျံကြဲနေတာကိုလည်းရဲကတွေ့ပါတယ်။
အဲဒီအပြင် ကလေးတွေရဲ့ အိပ်ရာခင်းတွေဟာလည်း ညစ်ပတ်စွန်းထင်းနေတာလို့ ရဲတွေကပြောပါတယ်။
ဂျက်ကော့နှင့်ကင်ဘာလေတို့ကို မှီခိုသူတွေကိုသေစေတဲ့ မသိကျိုးကျွန်ပြုကျင့်မှုနှင့် တရားစွဲထားပါတယ်။
အဲဒီအပြင် လျစ်လျူရှုမှု(၃)မှုနှင့်လည်း ထပ်တရားစွဲထားပါသေးတယ်။
ကင်ဘာလေကို ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပြီး ဂျက်ကော့ကိုတော့ ဒေါ်လာ ၆၅၀၀၀ အာမခံနှင့် ပြန်လွှတ်ပေးထားတယ်လို့ ဒယ်လာဝဲခရိုင်ရဲဌာနက ပြောပါတယ်။
#Source_NY Post
#Boy_accidentally_shot_sisiter
#Jacob_Kimberly
#US_Crime_story
Published: 31 July 2022
ယူကျု YouTube က နာမည်ကျော် မစ္စတာဘိစ် MrBeast ဟာ ဇူလိုင် ၂၈ ရက်က စာရင်းသွင်းကြည့်ရှုသူ (subscribers) ပေါင်း သန်း ၁၀၀ အထိရရှိတဲ့ ဒုတိယမြောက် တစ်သီးပုဂ္ဂလက ဖန်တီးသူတစ်ဦးဖြစ်လာခဲ့ပါတယ်။
အမည်ရင်း ဂျင်မီ ဒေါ်နယ်ဆန်ဖြစ်တဲ့ ယူကျုအမည် မစ္စဘာ ဘိစ်ဟာ သူ့ကိုအားပေးတဲ့ပရိဿတ်ကို ကျေးဇူးတင်ကြောင်း ယူကျုမှာ streaming ထုတ်လွှင့်ပြသပြီး တုန့်ပြန်ခဲ့ပါတယ်။
“ ဒီဗွီဒီယိုတွေကို ကြည့်ရှုကြသူ ခင်ဗျားတို့ တစ်ဦးချင်းစီကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တာ့်ဘဝမှာ ကျွန်တော် လုပ်ခဲ့သမျှ အားလုံးပါပဲ” လို့ သူကပြောပါတယ်။ “ ကျွန်တော်လုပ်သမျှအားလုံးက မနက်အိပ်ရာထတယ်။ ပြီးတော့ အကောင်းဆုံးဗွီဒီယိုကို ဘယ်လိုလုပ်မလဲဆိုတာကို စွဲစွဲလန်းလန်းလုပ်တယ်။ ဒါဟာ ကျွန်တော် ဂရုတစ်စိုက်လုပ်တာ အားလုံးပဲ။ဒါဟာ ကျွန်တော့်ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်” လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဒေါ်နယ်ဆန်ရဲ့ ချယ်နယ်လ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် subscribe အလုပ်ဆုံး ချယ်နယ်လ်ဖြစ်ပါတယ်၊ ယူကျု ပလက်ဖောင်းပေါ်မှာ သူဟ လူကြည့်အများဆုံးနှင့် ဝင်ငွေအများဆုံး ဖန်တီးသူလည်းဖြစ်နေပါတယ်။ သူ့အရင် သန်း၁၀၀ subscribers ရရှိခဲ့တဲ့ တစ်သီးပုဂ္ဂလကကတော့ ဂိမ်း influencer ပီဒိုင်းဒိုင်း PewDiePie ဖြစ်ပါတယ်။ သူ့နာမည်ရင်းက ဖဲလစ် ကေဂျဲလ်ဘတ်ဖြစ်ပြီး ယခုအထိ သူဟာ ဖော်လိုဝါ ၁၁၁သန်းရရှိထားပါတယ်။
သူ့ချယ်နယ်မှာ တင်ချင်တဲ့ စိတ်ကူးအကြောင်းအရာတွေ အများကြီးရှိနေသေးတယ်လို့ ဒေါ်နယ်ဆန်က ပြောပါတယ်။ သူဟာ ယူကျုပေါ်မှာပဲ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကို နှစ်ပေါင်း ၂၀ကနေ ၃၀ အထိတည်ဆောက်သွားမယ်လို့လည်း သူက ဆိုပါတယ်။
“ ဒါဟာ အစပိုင်းမျှပဲရှိသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော် စိတ်ကြီးဝင်နေတာမဟုတ်ပါဘူး၊ တကယ့်ကို အစလောက်ပဲရှိသေးတယ်လို့ ခံစားရတာပါ။ ကျွန်တော့်အနေနှင့် တီထွင်ဖန်တီးမှုတွေ အများကြီးပေးဖို့ ရှိသေးတယ်” လို့ သူက stream ထဲမှာပြောပါတယ်။
သူဟာ စေတနာထက်သန်လှတဲ့ သူ့ဗွီဒီယိုတွေကြောင့် သူ့ပရိသတ်တွေကြား ကောင်းသတင်းမွှေးပျံနေပါတယ်။ သူဟာ မကြာခဏဆိုသလို သူရတဲ့ပိုက်ဆံ ပမာဏာတော်တော်များများကို ကြည့်ရှုသူတွေထံ ပြန်ပေးလေ့ရှိပါတယ်၊ သူဟာ Twitch မှာ ဗွီဒီယို stream တင်သူအသေးကလေးတွေနှင့် ယူကျုသမားတွေကို ဒေါ်လာထောင်ပေါင်းများစွာ ပြန်လှူခဲ့တဲ့အတွက် ၂၀၁၈ မှာသူ နာမည်ရလာပါတယ်။ သိပ်မကြာသေးခင်ကပဲ သူဟာ ပရိဿတ်တွေကို ပြိုင်ပွဲကလေးတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပရိဿတ်တွေဟာ ကိုယ်ပိုင်ဗွီဒီယိုကလေးတွေနှင့် ဆုကြီးတွေရဖို့ ဝင်ပြိုင်ခဲ့ကြပါတယ်။
၂၀၂၁ခုနှစ်မှာ သူဟာ နက်ဖလစ်ရဲ့ စကွစ်ဂိမ်းပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပြီး အားပေးသူ ၄၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီအပြင် ဝီလီဝန်ကာရဲ့ ချောကလက်စက်ရုံ ခံစားပြီး ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပရိသတ်တစ်ဦးကို ဒေါ်လာ ငါးသိန်း ချီးမြှင့်ခဲ့ပါတယ်။
သူဟာ Beast Philanthropy လို့ခေါ်တဲ့ လူသားချင်းအကူအညီပေးရေးကုမ္ပဏီတစ်ခုကို ၂၀၂၀မှာ တည်ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီ က ဆင်းရဲမွဲတေနေသူတွေကို အကူအညီတွေပေးပါတယ်။ ပြီးတော့ ဘာဂါဆိုင်တွဲတွေနှင့် ချောကလက်ထုတ်ကုန် တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Source: Insider
#YouTube_Star-_MrBeast
#MrBeast
#Jimmy Donalds
#World_Health
Published 31 July 2022
ထုတ်လုပ်ထိန်းသိမ်းထားတဲ့ အသားတွေမှာပါဝင်တဲ့ တာရှည်ခံပစ္စည်းတွေနဲ့ အူမကြီးကင်ဆာရောဂါဖြစ်ပွားခြင်းတို့ကြား ဆက်စပ်မှုရှိနေကြောင်း ပြင်သစ်ကျန်းမာရေးအာဏာပိုင်များက တွေ့ရှိခဲ့ကြပါတယ်။
ပြင်သစ်အစားအစာ ပတ်ဝန်းကျင် လုပ်ငန်းခွင်ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးအေဂျင်စီ (ANSES)က ဝက်အူချောင်းကဲ့သို့ ထုတ်လုပ်ထိန်းသိမ်းထားတဲ့အသားတွေနဲ့ ဝက်သားမှာပါဝင်တဲ့ နိုက်ထရိတ်စ်နဲ့ နိုက်ထရိုက်စ်တို့ဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေပိုများစေကြောင်း အတည်ပြုခဲ့ကြပါတယ်။
အစ္စရေးလ်တစ်နိုင်ငံတည်းမှာပင် အူမကြီးကင်ဆာကြောင့် နှစ်စဉ်သေဆုံးသူ ၁,၅၀၀ ခန့်ရှိပါတယ်။
အသားကြိတ်ပြီးထုတ်လုပ်ရာမှာ တာရှည်ခံဖို့နဲ့ ပန်းရောင်သန်းနေစေရန်အတွက် နိုက်ထရိတ်စ်နဲ့ နိုက်ထရိုက်စ်တို့ကို အသုံးပြုလေ့ရှိပါတယ်။
အဲဒီနိုက်ထရိတ်စ်၊ နိုက်ထရိုက်စ်တွေကို ပိုပြီးစားမိလေ အူမကြီးကင်ဆာဖြစ်နိုင်ချေ ပိုများလေဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်များကဆိုပါတယ်။
နိုက်ထရိတ်စ်စားသုံးမိခြင်းရဲ့ တဝက်ကျော်လောက်က အသားကြိတ်ထုတ်လုပ်ရာမှာအသုံးပြုရတဲ့ နိုက်ထရိုက်တာရှည်ခံပစ္စည်းများကြောင့်ဖြစ်ပြီး အဆိုပါတာရှည်ခံပစ္စည်းများပါဝင်တဲ့ အစားအစာများကိုလျှော့ချစားသုံးခြင်းဖြင့် ထိုဓာတုပစ္စည်းများနဲ့ကင်းဝေးစေမှာဖြစ်ပါတယ်။
အစားအသာက်တွေကနေ နိုက်ထရိုက်နဲ့ နိုက်ထရိတ်များစားသုံးမိတဲ့အခါ နိုက်ထရိုဆိုလိုခေါ်တဲ့ဒြပ်ပေါင်းဖြစ်သွားပါတယ်။
အချို့သောနိုက်ထရိုဆိုတွေက မျိုးဗီဇပြောင်းလဲခြင်းများဖြစ်ပေါ်ကာ ကင်ဆာဖြစ်ပွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဥရောပအစားအစာဘေးကင်းရေးအာဏာပိုင်နဲ့ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီတို့မှ လေ့လာထားတဲ့ သိပ္ပံနည်းကျကင်ဆာအချက်အလက်များကို ANSES က ဆန်းစစ်သုံးသပ်ခဲ့ပါတယ်။
အဲဒီနောက် နိုက်ထရိတ် နိုက်ထရိုက်စားသုံးမိခြင်းနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို အတည်ပြုခဲ့ကြပါတယ်။
ထိုဒြပ်ပေါင်းကို ကြာရှည်စားသုံးထိတွေ့မိတာနဲ့အမျှ အူမကြီးကင်ဆာဖြစ်လာနိုင်ချေ ပိုများနေပါတယ်။
အခြားကင်ဆာတွေလည်း ဖြစ်နိုင်ချေရှိနေကြောင်း၊ ထိုဆက်စပ်မှုက အတည်ပြုနိုင်မလား ငြင်းဆိုရမလားဆိုတာကို ဆက်လက်လေ့လာဖိုလိုအပ်ကြောင်း သုံးသပ်သွားပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Page 763 of 943