#DailyNews
Published - 12 July 2022
၁။ဆန်နှင့်ဆန်ကွဲပို့ကုန်ကို တရုတ်ယွမ်ဖြင့်သာ ရောင်းချခွင့်ရကြသောကြောင့်ကုန်သည်များအဆင်ပြေ
၂။ကိုဗစ်ရောဂါ ပြည်တွင်းသို့ပြန်ဝင်ကူးစက်မှုမရှိစေရေး ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးနှံရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ငွေချည်မျှင်များဖြင့်ရက်လုပ်သည့် လစ်ဗျားရိုးရာရတနာလက်မှုပညာပြန်လည်ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ နိဗ္ဇာန်ယာဉ်ဟာ ဇူလိုင် ၁၂ရက်က ဂျပန်ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ အလေးအမြတ်ပြုဖို့အတွက် ခေတ္တရပ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အဆင့်မြင့်အစိုးရအရာရှိကြီးတွေက သူတို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ရုပ်ကလပ်ကို လက်အုပ်ချီကန်တော့ပြီး အလေးအမြတ်ပြုခဲ့ကြပါတယ်။
အာဘေးဟာ နာယာမြို့မှာ သေနတ်သမာတစ်ဦးရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရုံးက အလံတိုင်မှာလည်း ဂျပန်နိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ် တိုင်တစ်ဝက်လွှင့်ထူထားပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ဈာပနကို မိသားစုသီးသန့် ပြုလုပ်မှာဖြစ်ပြီး ဂျပန်တစ်နိုင်ငံလုံးက ပြည်သူတွေက ကွယ်လွန်သူ ခေါင်းဆောင်ဟောင်းအတွက် ကြေကွဲဝမ်းနည်းနေကြပါတယ်။
Source AFP
#Japan_Former_PM_Abe_Funeral
#Shinzo_Abe_Funeral
#Japan_Poliitcs
#ရှင်ဇိုအာဘေး
#WorldAstronomy
Published 12 July 2022
ဇူလိုင် ၁၁ ရက်နေ့ တနင်္လာနေ့က အိမ်ဖြူတော်မှာဆွေးနွေးပွဲတစ်ခုပြုလုပ်ရာ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က နာဆာနဲ့ နက္ခတ္တဗေဒပညာရှင်တွေရဲ့ စကြဝဠာရှိ အနက်ရှိင်းဆုံးမြင်ကွင်းပုံရိပ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး အာကာသအဝေးကြည့်မှန်ပြောင်းဖြစ်တဲ့ ဂျိမ်းစ်ဝက်ဘ်အာကာသတယ်လီစကုပ်နဲ့ ရိုက်ကူးထားတဲ့ပုံရိပ်ထဲမှာ အာကာသကောင်းကင်ပြင်ကြီးမှ သေးငယ်စွာမြင်ရတဲ့ဂလက်ဆီတွေကို ပိုမိုထင်ရှားစွာမြင်တွေ့လာရပုံကို ဖော်ပြထားပါတယ်။
အဆိုပါတယ်လီစကုပ်နဲ့ ပုံရိပ်တွေရိုက်ကူးနိုင်ခဲ့တဲ့အတွက် နာဆာကို သမ္မတက ချီးကျူးစကားဆိုခဲ့ပါတယ်။
"ဘယ်သူမှမမြင်ဖူးတာတွေကို ငါတို့မြင်နိုင်မယ့်အလားအလာတွေရှိနေတယ်၊ ဘယ်သူမှမရောက်ဖူးတဲ့နေရာတွေကို ငါတို့ရောက်နိုင်တော့မယ်" လို့ ဆိုခဲ့ပါတယ်။
'ဘိုင်ဒန်'ရဲ့ကြေညာချက်က အင်္ဂါနေ့မနက်မှာပြသမယ့် အာကာသတယ်လီစကုပ်ပုံရိပ်ပြပွဲအတွက် အကြိုတင်ဆက်မှုဖြစ်ခဲ့ပြီး အဲဒီပွဲမှာ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ ၆ လအတွင်း ဂျိမ်းစ်ဝက်ဘ်ရှာဖွေလေ့လာမှုတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
စားနပ်ရိက္ခာနဲ့ လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းနဲ့အတူ လက်နက်ထိန်းချုပ်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေးကိစ္စရပ်တွေမှာ သမ္မတရဲ့လုပ်ကိုင်နိုင်စွမ်းကို မေးခွန်းထုတ်လာကြပြီး အသိအမှတ်ပြုမှုလျော့ကျလာတဲ့အချိန်မှာ ဒီလိုမျိုးပုံရိပ်တွေကို ပြသခွင့်ရရှိခြင်းဖြင့် အမေရိကန်တွေကြား ဂုဏ်သိက္ခာပြန်လည်အဖတ်ဆယ်နိုင်ဖွယ်ရှိနေပါတယ်။
ဝက်ဘ်တယ်လီစကုပ်ရဲ့ ရည်ရွယ်ချက်တစ်ခုက စကြဝဠာစတင်ပေါ်ပေါက်ခြင်းသီအိုရီတွေ့ရှိပြီး နှစ်ပေါင်း ၁၄ ဘီလီယံပြီးနောက် စကြဝဠာရယ်လို့ဖြစ်ပေါ်လာစေတဲ့ ပထမဆုံးဂြိုဟ်တွေ ဂလက်ဆီတွေကို လေ့လာရန်ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ပုံရိပ်က သိပ်ပြီးမသိသာပေမယ့် တယ်လီစကုပ်ရဲ့သိပ္ပံနည်းကျနည်းပညာတွေကနေ နောက်ထပ်တွေ့ရှိလာနိုင်တာတွေကို အထောက်အထားပြုနိုင်မှာဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာ တယ်လီစကုပ်ကသာ နောက်ထပ်အချက်အလက်တွေရရှိမယ်ဆိုရင် အရင်ကမမြင်ဖူးတဲ့ စကြဝဠာအစွန်အဖျားနေရာတွေကိုပါ သိရှိနိုင်တော့မှာဖြစ်ကြောင်း ယေးလ်တက္ကသိုလ်မှ အာကာသပညာရှင်'ပရီယမ်ဗာဒါနာတာရာဂျန်'က ဆိုခဲ့ပါတယ်။
နာဆာကိုဦးဆောင်ဖို့ရွေးချယ်ခံရတဲ့ ဖလော်ရီဒါအမတ်ဟောင်း'ဘီလ်နယ်လ်ဆန်'က တယ်လီစကုပ်ရဲ့အလားအလာနဲ့ပတ်သက်ပြီး ဘာမေးရမှန်းမသိသေးတဲ့မေးခွန်းတွေကိုတောင် ဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
သောကြာနေ့မှာ ဝက်ဘ်ကရိုက်ကူးခဲ့တဲ့အရာ ၅ မျိုးရှိခဲ့ပြီး အိမ်ဖြူတော်မှာတော့ 'ဘိုင်ဒန်'က တစ်မျိုးတည်းကိုသာ ပြသခဲ့ပါတယ်။
ထိုပုံရိပ်ကို SMACS 0723 လို့အမည်ပေးထားပြီး ကမ္ဘာ့တောင်ဘက်ခြမ်းမှမြင်ရတဲ့ ကောင်းကင်ပြင်တစ်ခုဖြစ်ပါတယ်။
နက္ခတ္တဗေဒပညာရှင်တွေက အာကာသတယ်လီစကုပ်နဲ့ကြည့်ရှုရာမှာ အလင်းနှစ် ၄ ဘီလီယံလောက်ကွာဝေးတဲ့ ဂလက်ဆီအစုအဝေးကြီးတစ်ခုဖြစ်ပါတယ်။
ဒီပုံရိပ်က အနက်ရှိင်းဆုံးမြင်ရတဲ့ အနေအထားမဟုတ်ပေမယ့် ထိုတယ်လီစကုပ်ရဲ့အရည်အသွေးကို မြင်သာစေပါတယ်။
နောက်ထပ်တွေ့ခဲ့ရတဲ့ပုံတွေကိုတော့ အင်္ဂါနေ့စင်္ကာပူစံတော်ချိန်ည ၁၀ နာရီခွဲမှာ နာဆာတီဗီနဲ့ ယူကျူ့ဘ်တို့ကနေ တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။
Source: The Straits Times
#Yangon_Media_Group
#WorldHealth
Published 12July 2022
အူလမ်းကြောင်းရောဂါရဲ့ အစောပိုင်းလက္ခဏာများကို လူတစ်ယောက်ရဲ့မျက်လုံးတွေကနေ ရှာဖွေတွေ့ရှိနိုင်ဖွယ်ရှိနေပါတယ်။
မျက်လုံးပြဿနာရှိနေတဲ့သူတွေဟာ အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါတွေဖြစ်နိုင်ချေ ၂ ဆလောက်ရှိနေကြောင်း ဘာမင်ဂမ်တက္ကသိုလ်မှပညာရှင်များက ဆိုပါတယ်။
ဒီလိုအခြေအနေကြုံတွေ့နေရသူတွေဟာ မျက်လုံးရောင်ရမ်းခြင်းကြောင့် အမြင်ဝါးခြင်း၊ မျက်လုံးယားယံခြင်း၊ မျက်စိအပူလောင်ခြင်းနဲ့ အမြင်ကွယ်ခြင်းတို့အထိပါ ဖြစ်နိုင်ချေရှိနေပါတယ်။
မျက်လုံးပြဿနာတွေက အူလမ်းကြောင်းရောဂါဖြစ်နိုင်မယ့် အစောပိုင်းလက္ခဏာတွေလားဆိုတာကိုသိရဖို့ သုတေသီတွေက လူနာပေါင်း ၂ သိန်းနီးပါးကိုကြည့်ရှုလေ့လာခဲ့ပါတယ်။
ဒီအခြေအနေ ၂ ခုကြားဆက်စပ်မှုကို သေချာမသိရသေးပေမယ့် မျိုးရိုးဗီဇကလည်း ပါဝင်ပတ်သက်နေမယ်လို့ ယူဆရပါတယ်။
သိုင်းရွိက်ဂလင်းသိပ်ပြီးအလုပ်မလုပ်နိုင်တာက မှတ်ဉာဏ်ချို့တဲ့ခြင်းရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဍာန်သိုင်းရွိက်ဂလင်းဟာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်များနဲ့ ကိုယ်အပူချိန်ထိန်းညှိခြင်းတို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။
ဗြိတိန်လူမျိုး ၁.၄ သန်းလောက်ဟာ သိုင်းရွိက်အလုပ်သိပ်မလုပ်တာမျိုးတွေ့ရတာကြောင့် ဟော်မုန်းလုံလောက်စွာမထုတ်လုပ်နိုင်ဘဲ ကိုယ်အလေးချိန်တက်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာပါတော့တယ်။
သိုင်းရွိက်အလုပ်မလုပ်တဲ့ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေဟာ သိုင်းရွိက်ပြဿနာမရှိတဲ့ ယင်းတို့နဲ့သက်တူရွယ်တူလူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်ချို့တဲ့ခြင်းမျိုးဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်းလောက်ပိုများပါတယ်။
ဒါ့အပြင် ထိုပြဿနာအတွက် ဆေးကုသမှုခံယူနေရတဲ့လူတွေဟာ အခြားလူတွေထက်စာရင် မှတ်ဉာဏ်ချို့တဲ့ခြင်းဖြစ်နိုင်ချေ ၃ ဆပိုများနေကြောင်း Neurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldTechnology
Published 12 July 2022
ကလေးတွေရဲ့အခြေအနေကိုစောင့်ကြည့်ပေးပြီး အရေးပေါ်ကိစ္စများနဲ့ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးရေးပြဿနာများကို မိဘများထံအသိပေးနိုင်မယ့် ဉာဏ်ရည်တုစက်ပစ္စည်းတစ်ခုကို LittleOne.Care ကုမ္ပဏီက တီထွင်ထုတ်လုပ်နေပါတယ်။
ကလေးမွေးပြီးခါစအချိန်မှာတင်ပဲ ကလေးကိုအနှောင့်အယှက်မဖြစ်စေဘဲနဲ့ ကလေးအနှီးအဝတ်တွေမှာ ထိုစက်ပစ္စည်းကို တပ်ဆင်နိုင်ပါတယ်။
အဆိုပါစက်ပစ္စည်းက ကလေးတွေရဲ့အသံ၊ လှုပ်ရှားမှုတွေကို ဆန်းစစ်စောင့်ကြည့်သွားမှာဖြစ်ပြီး ကလေးရဲ့တစ်နေ့တာဖြတ်သန်းခဲ့သမျှကို ထုတ်နှုတ်အသိပေးသွားမှာပါ။
ရယ်မောခြင်း၊ ငိုယိုခြင်း၊ ဂီတသံကြားရာသို့ ရွေ့လျားခြင်း၊ တစ်ခုခုအားတုံ့ပြန်ခြင်းစတဲ့ ကလေးရဲ့ခံစားမှု၊ လှုပ်ရှားမှုများကို မှတ်တမ်းတစ်ခုအနေနဲ့ စုစည်းဖော်ပြသွားမှာဖြစ်ပါတယ်။
နေ့ကလေးထိန်းကျောင်းတွေမှာ သင့်တော်တဲ့စောင့်ရှောက်မှုမရရှိတဲ့အခါမျိုး၊ ကလေးတွေအနိုင်ကျင့်ခံရတာမျိုး စတဲ့အခြေအနေတွေကိုလည်း မိဘတွေအရေးပေါ်သိရှိနိုင်အောင် အသိပေးနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ကလေးတွေအနိုင်ကျင့်ခံရတဲ့သတင်းတွေထွက်လာတာကြောင့် ပိတ်သိမ်းလိုက်ရတဲ့ ကလေးထိန်းကျောင်းအများအပြားရှိခဲ့ပြီး ထိုစက်ပစ္စည်းဖြင့် ဒီလိုအခြေအနေတွေမှာ သိသိသာသာကူညီဆောင်ရွက်ပေးနိုင်မှာပါ။
အခြားအချက်ပေးမှုတွေထဲမှာတော့ ကလေးက တီဗီနဲ့ လက်ကိုင်ဖုန်းဖန်သားပြင်ကို အချိန်ကြာမြင့်စွာကြည့်မိနေတာမျိုး၊ ကားထဲမှာရှိပြီး မိဘတွေသွားလေ့မရှိတဲ့နေရာမျိုးမှာရှိနေခြင်း၊ စက်ပစ္စည်းဖယ်ရှားခံလိုက်တဲ့အခြေအနေမျိုးတွေ ပါဝင်ပါတယ်။
နောက်ထပ်အရေးပါတဲ့အချက်ကတော့ ကလေးကိုကားထဲမှာမေ့ပြီးထားခဲ့မိတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးကြောင့် နှစ်စဉ် ကလေးဒါဇင်နဲ့ချီပြီး သေဆုံးနေရပါတယ်။
အချက်အလက်တွေ ပြန်လည်တင်ပြခြင်းရဲ့ရည်ရွယ်ချက်က ကလေးတွေဘဝရဲ့ အရေးကြီးတဲ့ကြီးထွားဖွံ့ဖြိုးမှုအဆင့်ကာလတွေမှာ မိဘတွေကိုအကူအညီဖြစ်စေပြီး ကျန်းမာရေးဆေးဘက်ဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#AsiaArchaeology
Published 11 July 2022
တရုတ်နိုင်ငံမြောက်ပိုင်း ဟူဘေဒေသ ကျန်ကျာကော်မြို ရွှမ်ဟွာခရိုင်မှာ လတ်တလောကာလအတွင်း ဒိုင်နိုဆောခြေရာအများအပြား တွေ့ရှိခဲ့ရပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ ကျော်က အစောဆုံးခြေရာများဖြစ်နိုင်ပါတယ်။
#Yangon_Media_Group
Published 11 July 2022
နော့ဒ်စီးကြောင်း-၁ လို့အမည်ပေးထားတဲ့ ရုရှားကနေ ဥရောပကို ဓာတ်ငွေ့ပို့လွှတ်တဲ့ အဓိက ပိုက်လိုင်းကို တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက်ဆိုပြီး တနင်္လာနေ့က ပိတ်လိုက်ပြီး ပိုက်လိုင်းပိတ်တာ ၁၀ရက်ခန့်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပိတ်လိုက်လို့ ဥရောပမှာ ဓာတ်ငွေ့မလုံလောက်မှု ပိုကြီးမားလာလိမ့်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
အစိုးရဟာ ရုရှားရဲ့ ဓာတ်ငွေ့ထောက်ပံ့ပို့ဆောင်မှု အပြည့်အဝဖြတ်တောက်တာအတွက် အစီအစဉ်တွေလုပ်နေတယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမာရီက ပြောပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ငွေ့ရရှိမှုစုစုပေါင်းရဲ ၁၇ရာခိုင်နှုန်းခန့်ကို ရုရှားက တင်သွင်းနေရတာပါ။ ရုရှား-ယူကရိန်း ပဋိပက္ခစကတည်းက ဥရောပနိုင်ငံတွေဟာ ရုရှားကလွဲပြီး အခြားနိုင်ငံတွေထံမှ သဘာဝဓာတ်ငွေ တင်သွင်းမှုကို တိုးမြှင့်နေခဲ့ကြပါတယ်။
ဒါပေမယ့် ဖင်လန်နိုင်ငံရဲ့ စွမ်းအင်နှင့်သန့်စင်လေ သုတေသနစင်တာရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြင်သစ်ဟာ ရုရှားထံက ရေနံဓာတ်ငွေ့ရည်(LNG) ကို အများအပြားဝယ်ယူနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
နှစ်ပတ်လည်ပြုပြင်မွမ်းမံမှုအပြီးမှာ နော့ဒ်စီးကြောင်း-၁ ပိုက်လိုင်းကို ရုရှားက ဆက်ပြီးပိတ်ထားမယ်ဆိုရင် ဖြစ်နိုင်ချေရှိနေတဲ့ ပြိုလဲကျမှုတွေကို ဂျာမနီကလည်း စိတ်ပူပန်နေပါတယ်။
ဂျာမနီဟာ နိုဝင်ဘာအထိ သူတို့ရဲ့သိုလှောင်နိုင်စွမ်းရဲ့ ၉၀ရာခိုင်နှုန်းအထိ စုဆောင်းရရှိထားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ၆၂.၆ ရာခိုင်နှုန်းပဲရှိနေပါတယ်။
စွမ်းအင်မလုံလောက်မှုတွေဟာ ဂျာမန်ကို နှစ်ပေါင်းမျာစွာ ရိုက်ခတ်နေလိမ့်မယ်လို့ ဂျာမန် အဓိပတိ အိုလက်ရှခိုးလ်က စနေနေ့တုန်းက သတိပေးလိုက်ပါတယ်။
စွမ်းအင်မလုံလောက်မှုတွေအတွက် ပြင်ဆင်ဖို့ ရေတိုအဆင့်တွေ အတော်များများကို အစိုးရက လုပ်ဆောင်ပြီးပါပြီလို့ သူကပြောပါတယ်။ ဂျာမနီဟာ ရေနံ၊ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့တွေကို အမှီအခိုကင်းလာအောင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အချိုးအစားတိုးချဲ့ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
Source CCTV+
#Russia_Gas
#Nord_Stream_1
#Russia_Ukraine_war
Page 767 of 926