#World_Health
Published 28 March 2023
ဒီလိုရာသီတွေမှာ လူအတော်များများ လည်ချောင်းထဲမှာ ယားယံတဲ့ခံစားချက်မျိုး ခံစားကြရပါတယ်။
ရာသီတုပ်ကွေး H3N2 အပြင် ကိုဗစ်ရောဂါနဲ့ အက်ဒီနိုဗိုင်းရပ်စ်တို့လည်း အဖြစ်များနေတဲ့အချိန်မှာ လည်ချောင်းနာခြင်းခံစားကြရပြီး ချောင်းဆိုးဖျားနာကြပါတယ်။
လည်ချောင်းနာ ချောင်းဆိုးခြင်းမှသက်သာစေရန် အနားယူခြင်းနဲ့ လည်ချောင်းစိုစွတ်စေတဲ့ အစားအသောက်များ စားပေးသင့်ကြောင်း ကျွမ်းကျင်သူများကဆိုပါတယ်။
လည်ချောင်းနာခြင်းအပြင် ချောင်းဆိုးနဲ့ အခြားလက္ခဏာများပါ ရှိနေရင် ဆေးနဲ့ကုသဖို့လိုအပ်ပေမယ့် လည်ချောင်းယားယံရုံပဲဆိုရင်တော့ အိမ်မှာတင်သက်သာအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းများရှိကြောင်း ဖော်တစ်ဆေးရုံမှ အကြီးတန်းအကြံပေးဒေါက်တာ'ဆက်ဗ်ယာဆာချီဆက်စ်နာ'က ပြောပြခဲ့ပါတယ်။
ပထမဆုံးနည်းလမ်းကတော့ လုံလောက်အောင်အနားယူသင့်ပြီး အသံဖြင့်အလုပ်လုပ်ရတဲ့သူဆိုရင် ချက်ချင်းအနားယူရမှာဖြစ်ပါတယ်။
လည်ချောင်းကိုအစိုဓာတ်ရရှိစေရန် ရေ၊ စွပ်ပြုတ်နွေးနွေး၊ ကော်ဖီ၊ လက်ဘက်ရည်တို့ သောက်သုံးသင့်ပါတယ်။
အသီးအနှံလတ်လတ်ဆတ်ဆတ်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။
ရေနွေးနဲ့ဆားဖြင့် ပလုတ်ကျင်းပေးခြင်းကလည်း အရေးကြီးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
စိုထိုင်းမှုထိန်းပေးတဲ့ကိရိယာဖြင့် လည်ချောင်းကိုထိန်းသိမ်းနိုင်သလို မရှိပါက ရေနွေးငွေ့ရှူပေးခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေပါတယ်။
ထိုအချိန်အတွင်း ဆေးလိပ်အရက် ရှောင်ရှားသင့်သလို အဖန်၊ အချဉ်များကို ကန့်သတ်စားသုံးရမှာဖြစ်ပါတယ်။
အနားယူပြီးတော့ လက္ခဏာတွေမသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
Source: India Today
#Yangon_Media_Group
#World_Health
Published 28 March 2023
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုယ်အလေးချိန်အလွန်တက်လာတဲ့ အမျိုးသမီးတွေက မွေးလာတဲ့ကလေးတွေဟာ နောက်ပိုင်းမှာ အဝလွန်ပြီး ဆီးချိုရောဂါဖြစ်လာနိုင်ချေများကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သန္ဓေသားတွေ မွေးလာတဲ့ကလေးတွေမှာ အာဟာရဓာတ်လွန်ကဲခြင်းဖြင့် သူတို့ရဲ့ဦးနှောက်က ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေကို စားချင်စိတ်ရှိလာကြကြောင်း ရတ်ဂါစ်တက္ကသိုလ်မှ သုတေသီများကဆိုပါတယ်။
ဒီဖြစ်ရပ်ကိုစမ်းသပ်ဖို့အတွက် သုတေသီအဖွဲ့က ကြွက်တွေနဲ့စမ်းသပ်ကြရာ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးကာလတွေမှာ အဆီများတဲ့အစားအစာများ စားသုံးစေခဲ့ကာ အဝလွန်တဲ့အခြေအနေ ရောက်ရှိစေခဲ့ပါတယ်။
နောက်တစ်ဖွဲ့ကိုတော့ ကျန်းမာရေးညီညွတ်တဲ့အစာများသာ ကျွေးခဲ့ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြရာ အဝလွန်တဲ့ကြွက်မိခင်တွေရဲ့ ကလေးတွေဟာ အခြားကလေးတွေထက် သိသိသာသာ အစားများခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးစဉ်ကာလအတွင်း အာဟာရဓာတ်လွန်ကဲခြင်းဖြင့် ဖွံ့ဖြိုးဆဲကလေးတွေရဲ့ဦးနှောက်မှာ အပြောင်းအလဲဖြစ်ပြီး အနာဂတ်မျိုးဆက်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း စာတမ်းပြုစုသူပရော်ဖက်ဆာ'မာ့ခ်ရော့စီ'က ဖော်ပြခဲ့ပါတယ်။
"အဝလွန်မိခင်တွေကနေ မွေးလာတဲ့ကလေးတွေဟာ အရွယ်ရောက်တဲ့အချိန်မှာ ပိုမိုသွယ်လျတဲ့မိခင်တွေကနေ မွေးလာတဲ့ကလေးတွေထက် ကိုယ်အလေးချိန်ပိုများနိုင်ပြီး ဒီလိုမျိုးစမ်းသပ်ချက်များအရ ကလေးဘဝမှာ မသင့်လျော်တဲ့အစားအစာများ စားတတ်တဲ့အကျင့်တွေ တတ်မြောက်လာတတ်ပါတယ်"
ဒီအတွက်ဖြေရှင်းနည်းတွေကို ရှာဖွေကြရာမှာ ခန္ဓာကိုယ်သွယ်လျချင်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။
ရရှိလာတဲ့အချက်အလက်များအရ နောင်အခါ ကိုယ်အလေးချိန်ကျဆင်းလာနိုင်တဲ့ နည်းလမ်းများဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
ကမ္ဘာ့အဝလွန်ရောဂါဖက်ဒရေးရှင်းရဲ့ ခန့်မှန်းချက်အရ နောက် ၁၂ နှစ်အတွင်း ကမ္ဘာ့လူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းဟာ အဝလွန်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။
အပြောင်းအလဲတွေ ဘယ်လိုဖြစ်လဲဆိုတာကို သေချာမသိသေးတာကြောင့် လုပ်စရာတွေရှိသေးသလို အလွန်အကျွံစားသုံးခြင်းကို ဖြစ်စေတဲ့အခြေအနေတွေကိုလည်း သိလာရကြောင်း ရော့စီကပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 28 March 2023
လက်နက်အများကြီးကိုင်ဆောင်ထားတဲ့ အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက တင်နက်ဆီပြည်နယ်ရဲ့ မြို့တော် နက်ရှ်ဗီးလ်က ပုဂ္ဂလိကခရစ်ယာန်ကျောင်းတစ်ကျောင်းကို မတ် ၂၇ ရက်တနင်္လာနေ့က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ကလေးငယ်(၃)ဦးနှင့် ဝန်ထမ်း(၃)ဦးသေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက အဲဒီအမျိုးသမီးကို ပစ်သတ်ခဲ့ပါတယ်။
ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ချက်ခြင်းမသိရသေးပေမယ့် သူမဟာ ကျောင်းရဲ့ အသေးစိတ်မြေပုံကိုတော့ ရေးဆွဲ ခဲ့ပါတယ်။ အဲဒီအထဲမှာ အဆောက်အအုံရဲ့ ဝင်ပေါက်တွေလည်းပါဝင်ပါတယ်။ ကြေညာစာတမ်းတစ်ခုနှင့် အခြားစာတွေ လည်းတွေ့ရပြီး ရဲက အဲဒါတွေကိုစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲချုပ် ဂျွန်ဒရိတ်က သတင်းထောက်တွေကိုပြောပါတယ်။
သူမဟာ အသက်၂၈နှစ်အရွယ် အော်ဒရေးအဲလစ်ဇဘက်ဟေးလ်ဆိုသူဖြစ်ပြီး နက်ရှ်ဗီးလ်ဒေသမှာနေထိုင်သူဖြစ်တယ်။ အမည်ကိုအသံထွက်ကြည့်ပြီး အမျိုးသမီးတစ်ဦးလို့ရည်ညွှန်းတာဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။
သူမဟာ လိင်ပြောင်းထားသူတစ်ဦးလို့သိရပြီး သူမဟာ အမျိုးသားအဖြစ် ဒါမှမဟုတ်အမျိုးသမီးအဖြစ် ဘယ်လို အသတ်မှတ်ခံထားသလဲဆိုတာကိုတော့မသိရပါဘူး။
နက်ရှ်ဗီးလ်ရဲဌာနဟာ တနင်္လာနေ့ မနက်၁၀နာရီ ၁၃နိနစ်ခန့်မှာ ကျောင်းပစ်ခတ်မှုသတင်းရရှိလို့ အခင်းဖြစ်တဲ့နေရာ ရဲအရာရှိတွေ ရောက်ရှိသွားတဲ့အခါ အဆောက်အဦဒုတိယထပ်ကနေ သေနတ်ပစ်သံတွေကြားရတယ်လို့ ရဲပြောရေးဆိုခွင့် ရသူ ဒွန်အာရွန်က သတင်းထောက်တွေကိုပြောပါတယ်။
ရဲအရာရှိနှစ်ဦးက အဲဒီပစ်ခတ်သူကို အဆောက်အဦရဲ့ ဧည့်စောင့်ခန်းမမှာ သေနတ်နှင့်ပစ်ခဲ့ပါတယ်။ သူမဟာ ၁၀နာရီ ၂၇ မိနစ်မှာသေဆုံးသွားပါတယ်။
အဲဒီအမျိုးသမီးဟာ ယခင်က ဒီကျောင်းက ကျောင်းသူဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ဒရိတ်က ပြောပါတယ်။ သူမဟာ အဝင်တံခါးတစ်ခုကို သေနတ်နှင့်ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာလို့ ရဲချုပ်ကပြောပါတယ်။
မွန်ရိုးကာရယ်ဂျူနီယာကလေးဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာကြောင့် ကလေးငယ်(၃)ဦးသေဆုံးခဲ့ပါတယ်။ ကျောင်းဝန်ထမ်း(၃)ဦးလည်း သေနတ်နှင့်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားကလေးတွေဟာ အားလုံးအသက်(၉)နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ဟာ အိဗလင်း ဒိုင်ခေါ့စ်၊ဟာလီစကရပ်နှင့် ဝီလျံကင်နေတို့ဖြစ်ကြပါတယ်။ သေဆုံးခဲ့တဲ့ ဝန်ထမ်း(၃)ဦးက အသက်၆၁နှစ်အရွယ် ကျောင်း ထိန်းသိမ်းစောင့်ရှောက်သူ မိုက်ဟေးလ်၊အသက် ၆၁နှစ်အရွယ် အစားဝင်ကျောင်းဆရာမ စင်သီယာပိခ်နှင့် ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ အသက်၆၀အရွယ် ကက်သရင်းကွန်းတို့ဖြစ်ကြပါတယ်။
သေသွားခဲ့သူတွေကလွဲပြီး ကျန်သူတွေ သေနတ်နှင့်အပစ်မခံရဘူးလို့ ရဲကပြောပါတယ်။
Source Reuters
#နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှုကလေး(၃)ဦးသေဆုံး
#တင်နက်ဆီပြည်နယ်၊နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှု
#YangonMediaGroup



#World_Entertainment
Published 25 March 2023
နယူးယော့ခ်မြိုရှိ အမွှာတာဝါနှစ်ခုကြား ကြိုးတန်းလျှောက်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးကြာမြင့်ပြီဖြစ်ပေမယ့် 'ဖီလစ်ပီတစ်'က ဆက်ပြီးကြိုးတန်းလျှောက်ဖို စဉ်းစားနေဆဲဖြစ်ပါတယ်။
#YMG#Yangon_Media_Group
Published 27 March 2023
လေယာဉ်ပျံကိုရူးသွပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံက အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင်က လေယာဉ်ပျံတစ်ခါမျှမစီးဖူး သော်လည်း သူ့ရဲ့အိမ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးဒီဇိုင်းနှင့် တည်ဆောက်ခဲ့ပါတယ်။
သူဟာ ခရတ်ပေါင် ဆိုတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ သူဟာ သူတစ်သက်တာ လုံးစုဆောင်းလာခဲ့တဲ့ ဒေါ်လာ နှစ်သောင်းခန့်ကိုအသုံးပြုပြီး ကွန်ကရစ်နှင့်ပြုလုပ်ထားတဲ့ လေယာဉ်ပျံအိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ပျံအိမ်ကလေးဟာ တောင်ပံတွေ၊အမြီး၊ လေယာဉ်ဆင်းဂီယာနှင့်အင်ဂျင်တွေပါ ပုံစံထုတ်တပ်ဆင်ထားပါတယ်။ သူ့ရဲ့အိမ်ဟာ နာမည်ကျော် အန်ကာဝပ်ဘုရားကျောင်းတော်ကြီးတည်ရှိရာ ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ယိမြို့အနီးမှာတည်ရှိပါတယ်။
Source AFP
#လေယာဉ်ပျံစွဲလမ်းသူကမ္ဘောဒီးယားအမျိူးသား
#ဂျက်လေယာဉ်အိမ်
#YangonMediaGroup
#DailyNews
Published_ 27 March 2023
၁။ဗန်းမော်ဆရာတော်ဘုရားကြီးထိုင်းနိုင်ငံဘန်ကောက်တွင်(၁၄)ရက်ကြာဆေးကုသမှုခံယူနေ
၂။သင်္ကြန်ကာလ YBS ယာဉ်လိုင်းအချို့ရပ်နားထားမည်
၃။ ဆန်ကို အကန့်အသတ်စနစ်(Quota)နဲ့ ပြည်ပပို့ရန်ပြောင်းလဲသတ်မှတ်
၄။အသက်(၇၃)နှစ်ထိတိုင် ကြိုးတန်းလမ်းလျှောက်ချင်သေးသည့် ပြင်သစ်ကြိုးတန်းလမ်းလျှောက်သမား... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 27 March 2023
အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။
တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့ ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။
အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source: Reuters
#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်
#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ
#YangonMediaGroup

Page 766 of 1151