#World_Health
Published 21 August 2022
ကိုဗစ်ကပ်ရောဂါအစတုန်းက သိပ္ပံပညာရှင်များဟာ ၁၉၀၀ ခုနှစ်တွေကထုတ်လုပ်ခဲ့တဲ့ တီဘီကာကွယ်ဆေးဖြင့် ခုခံအားမြှင့်တင်ပြီး ကိုဗစ်ရောဂါကိုကာကွယ်ပေးနိုင်မလားဆိုပြီး စမ်းသပ်ခဲ့ကြပါတယ်။
Bacillus-Calmette-Guerin ဆိုတဲ့ ကာကွယ်ဆေးဟာ ကိုယ်ခံအားကို ကောင်းစွာမြှင့်တင်ပေးနိုင်ပြီး အခုအချိန်အထိ တီဘီကူးစက်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးကင်းစကလေးတွေကို ထိုးပေးနေဆဲဖြစ်ပါတယ်။
ထိုကာကွယ်ဆေးဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ပါရာဆိုက် စတဲ့ ကူးစက်ရောဂါအမျိုးမျိုးကို ခုခံနိုင်ရန် ကိုယ်ခံအားစနစ်အားမြှင့်တင်ပေးပြီး ကလေးငယ်တွေရဲ့ အသက်သေဆုံးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
မျောက်ကျောက်ရောဂါနဲ့ ပိုလီယိုတိုပါ ပြန်လည်ထွက်ပေါ်လာပြီး ကိုရိုနာဗိုင်းရပ်စ်ကလည်း ဆင့်ကဲပြောင်းလဲလာတဲ့အချိန်မှာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ဖွယ်ရှိနေတဲ့ ကာကွယ်ဆေးအဟောင်းကို သိပ္ပံပညာရှင်များ ပြန်လည်စိတ်ဝင်စားလာကြပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှာ ဆီးချိုရောဂါလူနာ ၁၄၄ ယောက်ကို လေ့လာခဲ့ပါတယ်။
လူ ၃ ပုံ ၂ ပုံဟာ ကပ်ရောဂါမတိုင်ခင်က တီဘီဆေးအနည်းဆုံး ၃ ကြိမ်ထိုးထားပြီး ကျန်လူနာတွေကတော့ အာနိသင်မပါတဲ့ဆေးများ ထိုးပေးခဲ့ပါတယ်။
တီဘီဆေးထိုးထားတဲ့လူနာတွေထဲက ၁ ရာခိုင်နှုန်းကသာ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးမထိုးတဲ့ လူတွေထဲကတော့ ၁၂.၅ ရာခိုင်နှုန်းဟာ ကိုဗစ်ကူးစက်ခဲ့ပါတယ်။
စမ်းသပ်ချက်အတိုင်းအတာက ကျဉ်းမြောင်းပေမယ့် ရလာဒ်တွေကတော့ မိုဒါနာနဲ့ ဖိုင်ဇာကာကွယ်ဆေးတွေလိုပဲဖြစ်ကြောင်း မာဆာချူဆက်အထွေထွေဆေးရုံမှ ဒေါက်တာ'ဒန်နစ်ဖော့စ်မန်'က ပြောပြခဲ့ပါတယ်။
ထိုကာကွယ်ဆေးက ထိုးနှံသူရဲ့ကိုယ်ခံအားစနစ်ကို အသစ်ဖြစ်အောင်ပြုလုပ်ပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
နှလုံးရောဂါ၊ အဆုတ်ရောဂါရှိတဲ့ နောက်ထပ်လူနာ ၃၀၀ ကိုလည်း တီဘီဆေးဖြင့်စမ်းသပ်ခဲ့ရာ လူ ၃ ပုံ ၂ ပုံမှာ ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဆိုပါတယ်။
အချို့တွေက တီဘီကာကွယ်ဆေးရဲ့အစွမ်းကို ယုံကြည်ကြပေမယ့် အချို့ကတော့ မယုံကြည်ကြပါဘူး။
"ဆေးက အခြားသက်ရောက်မှုတွေရှိတယ်ဆိုပေမယ့် ဘယ်လောက်များသိသာတဲ့လက္ခဏာ ဖြစ်နေလို့လဲ" လို့ ဩစတြေးလျ မဲလ်ဘုန်းတက္ကသိုလ်မှ ကလေးအထူးကုဒေါက်တာ'နိုင်ဂျယ်ကာတစ်'က ဆိုပါတယ်။
ဆယ်စုနှစ်များတိုင်အောင် တီဘီဆေးကို ဓာတ်ခွဲခန်းထဲမှ ဘက်တီးရီးယားနဲ့ထုတ်လုပ်ခဲ့ပါတယ်။
ထိုးနှံခြင်းအကြိမ်အရေအတွက်က ခုခံအားအပေါ်သက်ရောက်မှုရှိနေပြီး ကာကွယ်နိုင်စွမ်းအပြည့်အဝရနေဖို့ ထပ်ခါထပ်ခါထိုးနှံဖို့ လိုအပ်နိုင်ပါတယ်။
တီဘီဆေးကို နောင်ထွက်ပေါ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ချင်ကြတာဖြစ်ပါတယ်။
Source: New York Times
#Yangon_Media_Group
#World_Climate
Published 20 August 2022
'မာ့ခ်ကိုဝမ်ဟိုဗန်'နဲ့ ငါးဖမ်းအဖွဲ့က နယ်သာလန်နိုင်ငံရှိ ခန်းခြောက်နေတဲ့ ရေကန်ထဲကငါးတွေကို ရေပုံးထဲပစ်ထည့်နေကြပါတယ်။
#Yangon_Media_Group
Published: 20 Aug 2022
အိန္ဒိယရဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရာစုနှစ်တစ်စုနီးပါးမျှ လန်ဒန်စတိုင် နှစ်ထပ်ဘတ်စ်ကားတွေကို တိုးချဲ့ပြေးဆွဲလာခဲ့ရာမှာ ယခုတစ်ခါတိုးချဲ့လိုက်တာကတော့ ယခင်နှင့်မတူလှပါဘူး။ ဒီတစ်ခါနှစ်ထပ်ဘတ်စ်ကားတွေကို လျှပ်စစ်ကားတွေအဖြစ် ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာလကစပြီး ပထမဆုံး လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားကြီး အစင်းရေ ၂၀၀ဟာ မမ်ဘိုင်းရဲ့ အလုပ်များလှတဲ့ လမ်းတွေ အပေါ် ပြေးဆွဲတော့မှာပါ။ အဲဒီကားကြီးတွေဟာ လောလောဆယ်ပြေးဆွဲနေတဲ့ လျှပ်စစ် တစ်ထပ်ဘတ်စ်ကား အစီးရေ ၄၀၀ နှင့်အတူ ပူးပေါင်းကြ ပါလိမ့်မယ်။
လူဦးရေ၁.၄ဘီလျံရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်အထုတ်လုပ်မှု တတိယမြောက် အများဆုံးနိုင်ငံဖြစ်နေလို့ အစိုးရဟာ ၂၀၇၀ အရောက်မှာ ကာဘွန်ထုတ်လုပ်မှုလုံးဝမရှိစေရေးလျှော့ချဆောင်ရွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။
ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယရဲ့ အချို့မြို့တွေဟာ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လိုအပ်နေတဲ့အတွက် လျှပ်စစ်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ယခုလျှပ်စစ်ဘတ်စ်ကားတွေကို အိန္ဒိယကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အာရှော့လေးလန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆွစ် မိုဘီလတီ Switch Mobility က ဖန်တီးထုတ်လုပ်တာပါ။
ကုမ္ပဏီက ထုတ်လုပ်တဲ့ အလားတူ နှစ်ထပ်လျှပ်စစ်ဘတ်စ်ကားတွေကို ၂၀၁၄ခုနှစ်ကတည်းက လန်ဒန်မှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
“ လျှပ်စစ်ဓာတ်အားသုံးယာဉ်တွေကို သာမာန်ပြည်သူတွေသုံးစွဲလာစေချင်ပါတယ်။ ဒါမှ နက်ဇီးရိုးဆိုတဲ့ ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။ဘတ်စ်ကား အစင်း၂၀၀ ကြောင့် နှစ်စဉ် မြို့မှာ အပင် ၈၆၀၀၀(ရှစ်သောင်းခြောက်ထာင်)စိုက်ပေးတာနှင့်ညီမျှပါတယ်။” လို့ ဆွစ်မိုဘီလတီအိန္ဒိယရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ် ဘာဘူက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဘတ်စ်ကားအသစ်ကို ပြသတဲ့ ပွဲမှာအေအက်ဖ်ပီကိုပြောပါတယ်။
he Switch EiV 22 လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားတွေဟာ အိန္ဒိယမှာထုတ်လုပ်ပြီး ခရီးသည် ၆၅ ဦးစီးနင်းလိုက်ပါနိုင်ပြီး ၁၅၅ မိုင်အထိ မောင်းနှင်လို့ရတဲ့ ဘက်ထရီအိမ်ပူးတွဲပါရှိပါတယ်။
ရုပ်ကြွင်းလောင်စာသုံး နှစ်ထပ်ဘတ်စ်အနီကြီးတွေကတော့ ၁၉၃၇ ခုနှစ်ကတည်းက မမ်ဘိုင်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် လူအကြပ်ဆုံးအချိန်မှာ အဲဒီဘတ်စ်ကားတွေဟာ အစီးရေ ၉၀၀ အထိမြို့တွင်းလမ်းကြောင်းတွေမှာပြေးဆွဲနေပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဟောင်းနွမ်းနေတဲ့ အဲဒီဘတ်စ်ကားတွေကိုဖြည်းဖြည်းချင်း အစားထိုးခဲ့ပါတယ်။ ယခုဆိုရင် အဲဒီဘတ်စ်ဟောင်းတွေ အစင်း ၅၀ကျော်လောက်ပဲ ပြေးဆွဲနေတော့တာဖြစ်ပါတယ်။
Source AFP
#Electric_double-decker_Mumbai
#India_Electric_Vehicles
#Electric_Buses
#DailyNews
Published - 20 August 2022
၁။ မြဝတီနှင့်လားရှိုးတွင် ပညာတတ်အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ၊ ဥပဒေအရအကူအညီတောင်းခံနေ
၂။ ကြက်သွန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
၃။ ကုန်ကြမ်းဈေး ကြီးမြင့်မှုကြောင့် စားဆီဈေး မြင့်တက်နေ
၄။ မိုးခေါင်ရေရှားမှု ဒဏ်ခံနေရသည့် နယ်သာလန်မြစ်မှ ငါးများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Crime
Published 20 August 2022
၂၀၁၄ ခုနှစ်က မက္ကဆီကိုမှာ အဆိုးရွားဆုံးလူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်ခဲ့တဲ့ ကျောင်းသား ၄၃ ဦး အငြင်းပွားဖွယ်ရာ ပျောက်ဆုံးမှုကို ဦးဆောင်စုံစမ်းစစ်ဆေးခဲ့တဲ့ ရှေ့နေချုပ်ဟောင်းတစ်ဦးအား ဩဂုတ် ၁၉ ရက်နေ့မှာ နိုင်ငံတော်ကနေ ဖမ်းဆီးလိုက်ပါတယ်။
ထိုအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ ရှေ့နေချုပ်ဟောင်း'ဂျေဆူးမူရီလိုကာရမ်'က ရာထူးအမြင့်ဆုံးအရာရှိဖြစ်နေပါတယ်။
ထိုအမှုဟာ တစ်နိုင်ငံလုံးကို တုန့်လှုပ်ခြောက်ခြားစေပြီး နိုင်ငံတကာကလည်း ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။
ဒါ့အပြင်သူဟာ ထိုအချိန်က လူအတော်များများငြင်းပယ်ခဲ့ကြတဲ့ သမ္မတ'အင်းနရစ်ပီနာနီတို'အစိုးရအဖွဲ့ကနေ ၂၀၁၅ ခုနှစ်မှာတင်ပြခဲ့တဲ့ သမိုင်းဝင်အမှန်တရားအဖြစ်အပျက်ရဲ့ ဗိသုကာပညာရှင်လို့တောင် တင်စားခဲ့ကြပါတယ်။
တချိန်က နိုင်ငံရေးလွှမ်းမိုးမှုရှိခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းပါတီ(PRI)ရဲ့ အရေးပါသူတစ်ဦးလည်းဖြစ်ခဲ့တဲ့ 'မူရီလိုကာရမ်'ကို လူပျောက်ဆုံးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားမျှတမှုအား အလွဲသုံးစားလုပ်မှု စတဲ့ရာဇဝတ်မှုများဖြင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောကြားလိုက်ပါတယ်။
ကျောင်းသားတွေ မပျောက်ဆုံးခင်က မက္ကဆီကိုစီးတီးရှိ ဆန္ဒပြပွဲသို့ သွားရောက်ရန်အတွက် ဂွာရဲရိုးတောင်ပိုင်းက ဘတ်စ်ကားတွေကို ထိန်းချုပ်ညွှန်ကြားခဲ့ကြပါတယ်။
ထိုကျောင်းသားတွေကို အကျင့်ပျက်ရဲတွေက ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုထံ ပြိုင်ဘက်ဂိုဏ်းမှ အဖွဲ့သားတွေအထင်နဲ့ လွှဲအပ်ပေးပြီး ဘာတွေဆက်ဖြစ်လဲဆိုတာကတော့ အတော်လေးအငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က တရားဝင်ထုတ်ပြန်ချက်မှာတော့ မူးယစ်ဂိုဏ်းက ကျောင်းသားတွေကို သတ်ပစ်လိုက်ပြီး အမှိုက်ပုံမှာမီးရှို့ပစ်လိုက်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
ထိုမှတ်ချက်တွေကို ကျွမ်းကျင်ပညာရှင်များနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးအပြင် မိသားစုဝင်တွေကပါ ငြင်းပယ်ခဲ့ပါတယ်။
စစ်တပ်အဖွဲ့ဝင်တွေကလည်း ဒီကိစ္စမှာ တစ်စိတ်တစ်ပိုင်းပတ်သက်နေပြီး တိုက်ရိုက် ဒါမှမဟုတ် ပေါ့ဆမှုရှိနေပါတယ်။
"သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ ချန်လှပ်ထားမှုတွေ ဒါမှမဟုတ် ပူးပေါင်းပါဝင်မှုကြောင့် ကျောင်းသားတွေပျောက်ဆုံးသတ်ဖြတ်ခံလိုက်ရပြီး အခြားလူ ၆ ဦးလည်း သေဆုံးခဲ့ရပါတယ်" လို့ ပြည်ထဲရေးလက်ထောက်ဝန်ကြီး'အယ်လီယန်ဒရိုအင်ဆိုင်နတ်စ်'က ပြောကြားလိုက်ပါတယ်။
လက်နက်အဖွဲ့တွေထဲက ဘယ်သူတွေပါဝင်လဲဆိုတာသိရဖို့ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်သွားဦးမယ်လို့လည်း ဆိုပါတယ်။
ထိုအမှုနဲ့သက်ဆိုင်တဲ့ မည်သည့် စစ်မှုထမ်း၊ အရာရှိပဲဖြစ်ဖြစ် တရားမျှတမှုနဲ့ ရင်ဆိုင်သွားရမယ်လို့ သမ္မတ'အန်ဒရီမန်နူယယ်လိုပက်ဇ်အိုဘရာဒေါ်'က သောကြာနေ့က အသိပေးလိုက်ပါတယ်။
Source: CNA
#Yangon_Media_Group
#Health_Technology
Published 20 August 2022
တိုကျိုအစိုးရ အချက်အခြာအဆောက်အအုံတစ်ခုမှာ အလိုအလျောက်ကင်းလှည့်နေတဲ့ စက်ရုပ် ၃ ရုပ်ကို လုံခြုံရေးတာဝန်ပေးအပ်ထားပါတယ်။
ထိုစက်ရုပ်တွေဟာ တိုကျို Seqsense ကုမ္ပဏီမှထုတ်လုပ်တဲ့ SQ-2 ပုံစံဖြစ်ပြီး အဆောက်အအုံအတွင်းက လူတွေရဲ့လုံခြုံရေးအချက်အလက်များကို တိုက်ရိုက်ရိုက်ကူးကြည့်ရှုနိုင်မယ့် ကင်မရာများ တပ်ဆင်ထားပါတယ်။
RD-D2 စက်ရုပ်များနဲ့ ပိုမိုဆင်တူပြီး ခေါင်းမှာ လှည့်လည်နိုင်တဲ့ကင်မရာများပါဝင်ကာ ဘေးပတ်ပတ်လည်ကို 3D သုံးဖက်မြင်အတိုင်း ကြည့်ရှုနိုင်ပါတယ်။
ကင်းလှည့်ရမယ့်နေရာတွေက အတားအဆီးများကို ရှောင်ရှားနိုင်ပြီး လူတွေကိုစစ်ဆေးနိုင်မယ့် ဉာဏ်ရည်တုများ ထည့်သွင်းပေးထားပါတယ်။
လူတွေက လက်ဟန်ဖြင့် အကူအညီတောင်းနိုင်အောင် အာရုံခံကိရိယာတပ်ဆင်ထားကာ လုံခြုံရေးဝန်ထမ်းလူသားဆီကနေ အကူအညီရယူနိုင်မှာဖြစ်ပေမယ့် တကယ့်လုံခြုံရေးဝန်ထမ်းလိုမျိုးတော့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
အဓိကကတော့ ဝန်ထမ်းအင်အားနည်းပါးတဲ့ကာလမှာ ဈေးနှုန်းသက်သာစွာဖြင့် အစားထိုးနိုင်ဖို့ဖြစ်ကြောင်း တိုကျိုအချက်အခြာအစိုးရအဆောက်အအုံမှ မန်နေဂျာက Japan Today သတင်းဌာနထံ ပြောကြားခဲ့ပါတယ်။
ထိုစက်ရုပ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက အောက်ပါအတိုင်း အမျိုးမျိုးမှတ်ချက်ပေး တုံ့ပြန်လာကြပါတယ်။
"သူတို့ခေါင်းမှာ လည်နေတဲ့ဟာတွေက ကြောက်စရာတောင် ကောင်းပါတယ်"
"RD-D2 ပုံစံက မရလိုလား?"
"ကိုယ့်ကိုယ်ကိုကာကွယ်ရေးစနစ်ဆိုပြီး လက်နက်တွေများ ပါသေးလား"
"၃၆၀ ဒီဂရီလှည့်နိုင်တဲ့ လုံခြုံရေးကင်မရာတွေသာ တပ်လိုက်ပါလား"
"ညဘက်များတွေ့လိုက်ရရင် လုံခြုံရေးဝန်ထမ်းတွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ်"
"အဲဒါကို ဆောင့်ကန်လိုက်လိုရလား"
"အဲဒီအစား ဘော်စ်တွန်စက်ရုပ်ခွေးတွေကိုသာ သုံးလိုက်ပါလား" စသဖြင့် ရေးသားထားကြပါတယ်။
'အီလွန်မက်စ်'ရဲ့ Tesla ကုမ္ပဏီကထုတ်လုပ်တဲ့ Tesla Optimus လူသားစက်ရုပ်ကို မျှော်လင့်နေကြချိန်မှာ Seqsense ရဲ့စက်ရုပ်တွေက လူအများ လိုချင်တဲ့ပုံစံနဲ့ အတော်လေးကွာခြားနေပါတယ်။
Tesla စက်ရုပ်က စက်မှုလုပ်ငန်းများအတွက် ရည်ရွယ်ပြီး လူသားတစ်ယောက်ကဲ့သို ခြေလက်တွေနဲ့ ပုံပန်းသဏ္ဍာန်ရှိပါတယ်။
အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အရပ်နဲ့ကိုယ်အလေးချိန်နီးပါးရှိပြီး ပစ္စည်းသယ်ယူခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်းများ လုပ်ဆောင်နိုင်ကာ လူသားတွေနဲ့ မျက်နှာပေါ်က ဖန်သားပြင်ကနေ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Health_Tips
Published 20 August 2022
ပါးစပ်ကနေ ဆေးသောက်တဲ့အခါ ခန္ဓာကိုယ်ကို ဘယ်လိုအနေအထားနဲ့ သောက်သုံးခြင်းက အလျင်မြန်ဆုံးဆေးပျော်ဝင်စေမယ့် နည်းလမ်းဖြစ်မလဲဆိုတာကို ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ 'ရာဂျက်မစ်တယ်လ်'နဲ့အဖွဲ့က လေ့လာခဲ့ကြပါတယ်။
ခန္ဓာကိုယ်ကနေ ဆေးကိုဘယ်လောက်မြန်မြန် စုပ်ယူနိုင်လဲဆိုတာက ခန္ဓာကိုယ်အနေအထားအပေါ်မူတည်ပြီး အတော်လေးကွဲပြားနေပါတယ်။
"အရင်ကဆိုရင် ဆေးသောက်တဲ့ပုံစံ ဟုတ်လား မဟုတ်လားဆိုတာကို စဉ်းစားမနေပါဘူး၊ အခုတော့ ဆေးသောက်တိုင်း စဉ်းစားချင့်ချိန်ရပါတော့မယ်" လို့ 'မစ်တယ်လ်'က ပြောပြပါတယ်။
ပါးစပ်ကနေ ဆေးသောက်ခြင်းက ဘေးကင်းစိတ်ချရပြီး ဈေးနှုန်းသက်သာတဲ့အပြင် ဆေးပေးရတာလည်း လွယ်ကူပါတယ်။
သုတေသီတွေက အစာအိမ်ထဲမှာ အစာတွေ၊ ဆေးတွေ အလုပ်လုပ်တဲ့ပုံစံကို တုပကာ စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
အစာအိမ်ထဲက ချေဖျက်ပြီးသားအစာတွေကို အူထဲသို့ မပို့မချင်း သောက်ဆေးအများစုက အလုပ်စမလုပ်ကြသေးပါဘူး။
အစာအိမ်အောက်ဆုံးနားကို ဆေးရောက်သွားလေလေ ဆေးပျော်ဝင်ဖို့မြန်လေဖြစ်ပြီး အူထဲကို အစာတွေမြန်မြန်ညှစ်ထုတ်ပေးလိုက်ပါတယ်။
ထိုနေရာကို ဆေးရောက်ဖို့အတွက် ကမ္ဘာမြေဆွဲအားနဲ့ အစာအိမ်တည်ရှိပုံအတိုင်း ခန္ဓာကိုယ်အနေအထားကို ထိန်းညှိရမှာဖြစ်ပါတယ်။
ကိုယ်အနေအထား ၄ မျိုးနဲ့စမ်းသပ်ပြီးနောက် ရရှိလာတဲ့ရလာဒ်များအရ ညာဘက်ကိုစောင်းလှဲပြီး ဆေးသောက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အစာအိမ်ရဲ့အနက်ရှိုင်းဆုံးနေရာအထိ ဆေးရောက်ရှိနိုင်ကာ မတ်မတ်ထိုင်တဲ့အနေအထားထက် ဆေးပျော်ဝင်မှုနှုန်း ၂.၃ ဆ ပိုမြန်စေပါတယ်။
လက်ဝဲဘက်ကိုစောင်းလှဲပြီး ဆေးသောက်ခြင်းကတော့ အဆိုးဆုံးဖြစ်ပါတယ်။
ညာဘက်ကိုစောင်းလှဲပြီး ဆေးသောက်တဲ့အခါ ဆေးပျော်ဝင်ဖို့ ၁၀ မိနစ်ကြာတယ်ဆိုရင် မတ်မတ်ထိုင်အနေအထားနဲ့ဆေးသောက်ခြင်းက ၂၃ မိနစ်ခန့်ကြာမြင့်နိုင်ပြီး လက်ဝဲဘက်ကိုစောင်းလှဲပြီး ဆေးသောက်မယ်ဆိုရင်တော့ ဆေးပျော်ဝင်ဖို့ မိနစ် ၁၀၀ ကျော်ကြာမြင့်နိုင်ပါတယ်။
မတ်မတ်ထိုင်အနေအထားနဲ့ ပက်လက်လှဲတဲ့အနေအထားတို့က ဒုတိယရွေးချယ်သင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေ၊ အထိုင်များသူတွေ၊ အိပ်ရာထဲလဲနေသူတွေအနေနဲ့ လက်ဝဲဘက်သို့စောင်းလှဲတာနဲ့ လက်ယာဘက်စောင်းလှဲတာက သက်ရောက်မှုကွာခြားချက်အလွန်များကြောင်း 'မစ်တယ်လ်'က အကြံပြုလိုက်ပါတယ်။
ဆီးချိုရောဂါနဲ့ ပါကင်ဆန်ရောဂါတို့ကြောင့် အစာအိမ်ကနေ အစာစွန့်ထုတ်ရာမှာ ပုံမှန်နှေးပြီး အစာအိမ်ပြည့်လျှံလို့ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့ အခြေအနေကလည်း ဆေးပျော်ဝင်နှုန်းကို သက်ရောက်နေပါတယ်။
အစာအိမ်မှာ အပြောင်းအလဲလေးနည်းနည်းဖြစ်ရုံနဲ့ သောက်ဆေးသက်ရောက်မှုကို ကွာခြားစေကြောင်း သုတေသီ'ဂျယ်ဟိုလီ'က ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 662 of 862