#World_Health
Published 23 August 2022
ကိုဗစ်ရောဂါကူးစက်ခံရပြီး ၂ နှစ်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး လူပေါင်း ၁.၂၅ သန်းကို စစ်တမ်းကောက်ယူခဲ့ကာ The Lancet Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလေ့လာချက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ရေရှည်ရော ရေတိုမှာပါ အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများကို လေ့လာခဲ့တာဖြစ်ပါတယ်။
ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာက ဆေးပညာပိုင်းအရ ရောဂါအချက်အလက်ဆိုတာထက် စိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။
ဟားဗတ်ဒ်တက္ကသိုလ်မှ မှတ်ချက်ပြုထားတာကတော့ ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့စဉ်းစားဆုံးဖြတ်ချက်က လေးလံနှေးကွေးပြီး ထက်မြက်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးဝါးသုံးစွဲနေရခြင်း၊ အခြားနောက်ထပ်ရောဂါပါ ဖြစ်ပွားခြင်း စတာတွေ ပါဝင်ပါတယ်။
ဒီလိုအချက်တွေ တဖြည်းဖြည်းလျော့ပါးသွားတဲ့အခါ ဦးနှောက်ထိုင်းမှိုင်းနေတာလည်း သက်သာလာတတ်ပါတယ်။
ကိုဗစ်ရောဂါကြောင့် ဦးနှောက်ကို ထိခိုက်မှုများစွာဖြစ်ပွားစေပေမယ့် ဦးနှောက်ထိုင်းမှိုင်းခြင်းကတော့ အသိသာဆုံးလက္ခဏာပါ။
လေ့လာချက်များအရ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာ ၈ ဦးမှာ ၁ ဦးနှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
အနံ့အရသာပျောက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ နွမ်းနယ်ခြင်းတို့ဖြစ်တတ်ပြီး ဦးနှောက်ထိုင်းမှိုင်ခြင်းက အလွယ်တကူမပျောက်သွားတတ်ပါဘူး။
ကိုဗစ်ကူးစက်ခံရပြီး ၂ နှစ်လောက်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းအပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဝက်ရူးပြန်ထခြင်း၊ တက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများပါ ဖြစ်ပေါ်တတ်ပါတယ်။
ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေဟာ အခြားမျိုးဗီဇကွဲတွေထက် အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းများ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
ကလေးတွေဟာ လူကြီးတွေလောက် နောက်ဆက်တွဲလက္ခဏာမဖြစ်ကြသလို အသက် ၆၅ နှစ်အထက်လူကြီးတွေမှာတော့ လူလတ်ပိုင်းတွေထက် ဖြစ်နိုင်ချေပိုများနေပါတယ်။
ကပ်ရောဂါမပြီးသေးတဲ့အချိန်ဖြစ်နေတာကြောင့် ဒီလိုနောက်ဆက်တွဲလက္ခဏာတွေက ဘယ်လောက်အထိ ကြာကြာဖြစ်တတ်လဲဆိုတာ သေချာမသိရသေးပါဘူး။
ဒီလိုလက္ခဏာတွေကို ပျောက်ကင်းစေနိုင်မယ့် ဆေးစွမ်းကောင်းမရှိပေမယ့် အပြုအမူနေထိုင်မှုပုံစံများဖြင့် လက္ခဏာသက်သာအောင် ကျင့်ကြံနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများပါဝင်တဲ့ အစားအစာများနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာများစားသုံးခြင်း၊ နေ့စဉ် မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အလွန်အမင်းနွမ်းနယ်ခြင်းမဖြစ်စေရန် စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးခြင်း၊ ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပေးခြင်း၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောဓာတ် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
ဒီလိုမျိုးကျင့်ကြံနေထိုင်ပါက ကိုဗစ်ရောဂါကူးစက်ခံနေရချိန်မှာတောင် ကွဲပြားစွာခံစားရစေမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published: 22 Aug 2022
လျှပ်စစ်ဓာတ်အားချွေတာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တစ်ပတ်ကို ကျောင်းပိတ်ရက်တစ်ရက်ထပ်တိုးပြီး ရုံးတွေရဲ့ အလုပ်ချိန်တွေကို ဖြတ်တောက်မယ်လို့ အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇယ်နှင့် မောင်းတဲ့ ဓာတ်အားပေးစက်ရုံတွေအားလုံးကို ရပ်လိုက်ရတဲ့အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ယခုလို ကြေညာလိုက်ရတာဖြစ်ပါတယ်။
ရုရှား-ယူကရိန်းကိစ္စကြောင့် လောင်စာဆီတင်သွင်းရာမှာ ဈေးတွေမြင့်တက်သွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့လက နိုင်ငံရဲ့ ဒီဇယ်သုံးဓာတ်အားပေးစက်ရုံ ၁၀ရုံစလုံးကို ရပ်လိုက်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့လက တစ်ရက်ကို (၂)နာရီ လျှပ်စစ်မီးဖြတ်တောက်မှုစခဲ့ပေမယ့် နိုင်ငံရဲ့နေရတော်တော်များများမှာတော့ ဒီထက်ရှည်ကြာပြီး မီးတွေပြတ်တောက်နေရပါတယ်၊
ဒီဇယ်စက်ရုံတွေကထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၃,၀၀၀ မဂ္ဂါဝပ်ရဲ့ ၆ ရာခိုင်နှုန်းရှိပါတယ်။ စုစုပေါင်းထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ပြည်တွင်းနှင့်ပြည်ပက တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့တွေနှင့်မောင်းနှင်နေတဲ့ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်တွေက ထုတ်လုပ်ပေးနေတာပါ။
ကျောင်းတွေဟာ ပုံမှန်အာဖြင့် တစ်ပတ်ကို (၆)ရက်တက်ရပြီး သောကြာနေ့ပိတ်ပါတယ်။ ယခုစနေပါထပ်ပိတ်ပြီး တစ်ပတ်ကို နှစ်ရက်ပိတ်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အစိုးရရုံးတွေဟာ မနက်၉နာရီကနေ ညနေ ၅နာရီအစား မနက်၈နာရီကနေ ညနေ ၃နာရီ အလုပ်ချိန်ပြောင်းလဲမှာ ဖြစ်ပြီး ဘဏ်တွေက မနက်၁၀နာရီမှညနေ ၆နာရီဖွင့်လှစ်ရာကနေ မနက် ၉နာရီမှ ညနေ ၄ နာရီအထိပြောင်းလဲမှာဖြစ်ပါတယ်။ ပုဂ္ဂလိကရုံးတွေကတော့ သူတို့လုပ်ငန်းလိုအပ်ချက်နှင့်အညီပြောင်းလဲနိုင်တယ်လို့ကြေညာပါတယ်။ အဲဒီပြောင်းလဲမှုကို ဗုဒ္ဓဟူးနေ့ကနေ စတင်မှာဖြစ်ပါတယ်။
Source: Reuters
#Bangladesh_Power_shortage
#Electricity_crisis
#Bangladesh
Published 22 Aug 2022
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းပေါ်မှာ မိသားစုတစ်စုဟာ ဘယ်တော့မှပြုံးမပြနိုင်တော့တဲ့ သူတို့ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးတစ်ဦးနှင့် အတူ ဓာတ်ပုံအရိုက်ခံနေပါတယ်။ အဲဒီအချိန်မှာပဲ နောက်ဆွေမျိုးအုပ်စုတစ်စုက သူတို့ရဲ့ ဘိုးဘွားတွေကို ကာကစ်နှင့် ရှပ်အင်္ကျီတွေ ဝတ်ဆင်ပေးနေကြပြန်ပါတယ်။
ဒါပေမယ့် အဲဒီဘိုးဘွားတွေက ဘိုးဘွားရိပ်သာထဲမှာပိတ်မိနေကြတာမဟုတ်သလို သူတို့ရဲ့ သားသမီးမြေးမြစ်တွေကိုလည်း မကျေမနပ် ဆောင့်ကြီးအောင့်ကြီးလည်း လုပ်ပြမနေနိုင်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘိုးဘွားတွေဟာ လူသေတွေဖြစ်နေလို့ပါ။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းက မြို့ငယ်ကလေးနှစ်မြို့မှာ ဒေသခံတွေဟာ မာနီနီလို့ ခေါ်တဲ့ တစ်ရက်တာ အခမ်းအနားတစ်ခုကို ကျင်းပနေကြတာပဲဖြစ်ပါတယ်။
တိုရီယာ ရွာသင်္ချိုင်းက မြှပ်ထားတဲ့ အခေါင်းတွေရာပေါင်းများစွာကို ပြန်ဖော်ကြပြီး သူတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို ပူဇော်ကန်တော့ကြပြီး လက်ဆောင်တွေပေးကမ်းကြပါတယ်။
“ ကျွန်တော်တို့ မာနီနီပွဲလုပ်တဲ့အခါ ပထမဆုံး ဂူတွေကိုဖွင့်ရတယ်။ပြီးတော့ မြေပုံတွေ ဂူတွေနှင့် အနီးတစ်ဝိုက်ကို သန့်ရှင်းရေးတွေလုပ်ရတယ်” လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဆူလီ တိုဆေးက အေအက်ဖ်ပီကိုပြောပါတယ်။
“ အဲဒီနောက် အလောင်းတွေကို အဝတ်အစားတွေ လဲမပေးခင် ခြောက်သွေံသွားအောင် နေလှန်းပေးရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တောင်နံရံတွေကို ထွင်းပြီး မြှပ်နှံထားတဲ့ ဂူအတွင်းထဲက ကြာရှည်ခံအောင်လုပ်ထားတဲ့ အလောင်းတွေထည့်ထားတဲ့ ခေါင်းတလားတွေကို ဆွဲထုတ်ယူကြပါတယ်။
“ ပေးကမ်းလှုဒါန်းတယ်ဆိုတာကလည်း ကွယ်လွန်သူတွေအပေါ် ကျန်ရစ်တဲ့ သားသမီးမြေးမြစ်တွေက ကျေးဇူးဆပ်တဲ့ သဘောပါပဲ” လို့ တိုရီယာကျေးရွာသူကြီး ရာမန်ဘာဒတ်စ်က အေအက်ဖ်ပီကိုပြောပါတယ်။
“ သူတို့က သေသူတွေရဲ့ ဝိညာဉ်တွေကို လေးစားဂုဏ်ပြုကြတယ်။ ဘေးကင်းစွာ နှင့် အေးချမ်းပျော်ရွင်စွာ အမြဲနေထိုင်နိုင်ဖို့ လုပ်ပေးကြတာဖြစ်တယ်” လို့ သူကပြောပါတယ်။
မိသားစုတစ်စုက ပြန်ဖော်ပြီးကာစ သူတို့ရဲ့ဆွေမျိုးသားချင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဆေးလိပ်တိုက်နေပါတယ်။ အခြားသူတစ်ဦးကတော့ နောက်ရုပ်အလောင်းတစ်ခုကို စတိုင်ကျကျ မျက်မှန်တစ်လက် တပ်ပေးနေပါတယ်။
အချို့ရုပ်အလောင်းတွေကတော့ ကျပ်စည်းထားတာ မပျက်မယွင်းရှိနေပြီး အချို့ကတော့ အရိုးစုပဲကြွင်းကျန်ရစ်တော့တာ တွေ့ရပါတယ်။
ဆူလာဝေဆီကျွန်းမှာ တိုရာဂျန်ဆိုတဲ့ လူမျိုးစုတွေက တစ်သန်းလောက်ကျန်ရှိနေပါသေးတယ်။
အလောင်းတွေနှင့်စကားပြောရတာ ၊အဝတ်အစားဝတ်ဆင်ပေးရတာ၊ဆံပင်ဖီးပေးရတာနှင့် ကျပ်စည်းထားတဲ့ဆွေမျိုးတွေနှင့် အတူဓာတ်ပုံရိုက်ကြရတာ သူတို့ စိတ်စနိုးစနောင့် သိပ်မဖြစ်ကြပါဘူး။
ရွာတွေအလိုက် အဲဒီပွဲကျင်းပတာ ဖြစ်ပြီး မာနီနီရွာကတော့ နှစ်အနည်းငယ်ကြာတိုင်း ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လမှာ ကျင်းပလေ့ရှိပါတယ်။
သေဆုံးသူတွေရဲ့ ဝိညာဉ်ဟာ သူတို့အသုဘအခမ်းအနားမကျင်းပမီအထိ လောကကြီးထဲမှာ တဝဲဝဲလည်နေတတ်ပြီး သူတို့ ဝိညာဉ်တွေ ထာဝရရှင်သန်ပြီးတဲ့နောက် သူတို့ဟာ ဝိညာဉ်မြေခရီးကိုစတင်တော့တာလို့ တိုရာဂျန်တွေက ယုံကြည်ထားကြ ပါတယ်။
မိသားစုတွေဟာ အသုဘအခမ်းအနားကျင်းပဖို့ ပိုက်ဆံလုံလောက်တဲ့အချိန်အထိ အလောင်းကို ကြာရှည်ခံအောင်လုပ်ထားတတ်ကြပါတယ်။
သူတို့ဟာ ရှာလကာရည်နှင့် လက်ဖက်ရွက်တွေလို သဘာဝဆေးတွေအဖြစ်အသုံးပြုကြပြီး အလောင်းကို မပုပ်မသိုးအောင် ကျပ်စည်းစီရင်ကြပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ မိသားစုတော်တော်များများက အလောင်းထဲ ဖော်မလင်ဆေးထိုးလာကြပါတယ်။
ဒီမြင်ကွင်းတွေဟာ အနောက်နိုင်ငံက ခရီးသွားတွေအတွက် ကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းနေပေမယ့် ဆွေမျိုးတွေကတော့ အလောင်းတွေကိုသန့်ရှင်းပေးရတာ ၊တွဲပြီး ဓာတ်ပုံရိုက်ရတာနှင့် သူတို့ဝိညာဉ်တွေကို ဆုတောင်းပေးရတာတွေအတွက် ပျော်ရွှင်နေကြပါတယ်။
ဒါပေမယ့် အချို့ဒေသခံတွေက လိုတာထက်အရမ်းပိုလုပ်နေကြတယ် လို့ သူကြီးကပြောပါတယ်။
“ အလောင်းတွေကို မာနီနီ အယူအရ လေးလေးစားးစား အရှိဆုံးနှင့် ဆက်ဆံဖို့လိုတယ်” လို့ သူကပြောပါတယ်။
“ ဆွေမျိုးတွေဟာ သူတို့ရဲ့မိဘတွေနှင့် ဘိုးဘွားဘီဘင်တွေကို ဂါရဝပြုကြတယ်။ ပြီးတော့ အကျိုးဆက်ကိုတော့ ဂရုမစိုက်ကြဘူး” လို့ သူကဆက်ပြောလိုက်ပါတယ်။
Source AFP
#Manene_Ceremony
#Indoenesia_Culture
#Sulawesi_island
Published 22 Aug 2022
အတိတ်တုန်းက လေ့လာသုတေသနပြုချက်တွေအရ ပျင်းရိခြင်းဟာ ဉာဏ်ရည်မြင့်မားခြင်းနှင့် ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း ကိုလံဘီယာက အဲဒီအချက်ကို အသည်းအသန်ကို လေးစားလိုက်နာနေတာဖြစ်ပါတယ်။ ဒါဟာ ကျီစယ်ပြောနေတာမဟုတ်ပါဘူး။ ကိုလံဘီယာဟာ “ အပျင်းထူနေ့” ပွဲတော်ကို နှစ်စဉ်ကျင်းပနေပါတယ်။ အဲဒီရက်ကို နိုင်ငံက တရားဝင်ရုံးပိတ်ရက်အဖြစ်တောင် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
ကမ္ဘာ့အပျင်းထူနေ့ ကို အပျင်းထူသောနေ့လို့လည်း သိထားကြပါတယ်။ကိုလံဘီယာ၊အီတာဂွီးမြို့ရဲ့ စက်မှု၊ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပွဲတော်ရဲ့ ပိတ်ပွဲနေ့မှာ ကမ္ဘာ့အပျင်းထူနေ့ကိုကျင်းပလေ့ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ အချိန်တွေကို ကျန်းမာပျော်ရွှင်အကောင်းမြင်စွာဖြင့် အသုံးချမှုမြှင့်တင်တာလို့ဆိုပါတယ်။ အဲဒီပွဲမှာ ကိုလံဘီယာပြည်သူတွေဟာ ပဂျားမား pyjamas အိပ်ရာဝင်ဝတ်စုံတွေဝတ်ပြီး သူတို့ရဲ့အိပ်ရာတွေကိုပါ လမ်းပေါ်ဆွဲထုတ်ကြကာ ပွဲတော်ကိုဆင်နွှဲပျော်ကြပါတယ်။
ကမ္ဘာ့အပျင်းထူနေ့ကို ၁၉၈၄ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနေ့ကလေးရဲ့ သီးခြားသဘောလက္ခဏာကတော့ ခေတ်သစ်ကမ္ဘာကြီးမှာ သက်သောင့်သက်သာ နေပြီး အနုပညာ၊ယဉ်ကျေးမှုနှင့် အနားယူကြဖို့လိုအပ်နေတာကို ထင်ဟပ်ပြသတာဖြစ်တယ်လို့သိရပါတယ်။
ယခုနှစ်မှာလည်း ဩဂုတ်လ(၂၁)ရက်နေ့မှာ “ကမ္ဘာ့အပျင်းထူနေ့”ပွဲတော်ကို ကိုလံဘီယာနိုင်ငံ အီတာဂွီးမြို့မှာ ထုံးစံအတိုင်း ကျင်းပခဲ့ကြပါတယ်။ပွဲတော်ဆင်နွှဲနေသူဟာ သူတို့သယ်လာတဲ့ အိပ်ရာတွေပေါ်မှာ ပျင်းရိငြီးငွေ့စွာ လဲလျောင်းအပန်းဖြေရင်း ဆူညံလှတဲ့တေးဂီတအသံတွေနှင့်အတူ လိုက်ပါလှည့်လည်ခဲ့ကြပါတယ်။ ကမ္ဘာ့အပျင်းထူနေ့ကို ၂၀၁၂ ခုနှစ်ကစပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့တယ်လို့လည်းသိရှိရပါတယ်။
Source AFP
#World_Day_of_Laziness
#Colombia
#Itagüí
ရုပ်သံကြည့်ရန်
#World_Wildlife
Published 22 August 2022
ကနေဒါ ဟတ်ဒ်ဆန်ပင်လယ်အော်တဝိုက်မှာ ဘယ်လူဂါဝေလငါးတွေက ခရီးသွားဧည့်သည်တွေရဲ့လှေတွေအနီးမှာ ရေငုပ်လိုက် ပြန်ပေါ်လာလိုက်နဲ့ သွားလာနေကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 22 August 2022
၁။ ကြက်သွန်ဈေး ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ ကျော်ရှိနေ
၂။ စားအုန်းဆီဈေးနှုန်း တစ်ပိသာ ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေ
၃။ ပုဂံဒေသတွင် ဟိုတယ်(၃)ပုံ(၁)ပုံသာ ပြန်ဖွင့်နိုင်သေး၊ လာမယ့်ခရီးသွားရာသီအတွက် ပြင်ဆင်နေ
၄။ ကနေဒါနိုင်ငံဟတ်ဒ်ဆန် ပင်လယ်အော်၏ နွေရာသီပတ်ဝန်းကျင်သို့ ဘယ်လူဂါဝေလငါးများ ပြောင်းရွှေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 22 August 2022
တောင်ကိုရီးယားနဲ့ အမေရိကန်တိုက တနင်္လာနေ့မှာ သူတို့ရဲ့နှစ်စဉ်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများနဲ့ ကွင်းဆင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာအရာရှိများက အသိပေးလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားဘက်မှ နောက်ထပ်လက်နက်စမ်းသပ်ပစ်လွှတ်လာနိုင်တဲ့ အခြေအနေအတွက် မဟာမိတ်အဖွဲ့များက အသင့်ပြင်ဆင်နေတဲ့သဘော မြင်နေရပါတယ်။
နွေရာသီစစ်ရေး လေ့ကျင့်မှုအဖြစ် ယခုနှစ်မှာ Ulchi Freedom Shield လို့ အမည်ပေးထားကာ စက်တင်ဘာ ၁ ရက်နေ့မှာ ပြီးဆုံးသွားဖို့ သတ်မှတ်ထားပါတယ်။
ဒီမတိုင်ခင်မှာတော့ မေလကမှ သမ္မတရာထူးရရှိထားတဲ့ တောင်ကိုရီးယားသမ္မတ'ယွန်းဆော့ယော'က နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားရန်နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားသွားရန် ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ကိုဗစ်ကပ်ရောဂါအခြေအနေအပြင် အရင်သမ္မတလက်ထက်က မြောက်ကိုရီးယားနဲ့ ပြန်လည်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုက ယုတ်လျော့သွားခဲ့ပါသေးတယ်။
စစ်ရေးပြခြင်းက ကျူးကျော်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှု အကြိုစတင်ပြုလုပ်ပြီးနောက်မှာပဲ ပြီးခဲ့တဲ့အပတ်မှာ မြောက်ကိုရီးယားက အွန်ချွန်အနောက်ကမ်းရိုးတန်းမြို့ကနေ ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ၇ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကိုလည်း အချိန်မရွေးပစ်လွှတ်နိုင်တဲ့ အနေအထားရှိကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ဖယ်ရှားဖို့ အစီအစဉ်ရှိပါက တောင်ကိုရီးယားအစိုးရက စီးပွားရေးထောက်ပံ့မှုများ ပံ့ပိုးသွားမှာဖြစ်ကြောင်း သမ္မတကအသိပေးလိုက်ပေမယ့် မြောက်ကိုရီးယားက လက်မခံဘဲ လူသိထင်ရှားတုံ့ပြန်ဝေဖန်လိုက်ပါတယ်။
မဟာမိတ်အဖွဲ့စစ်ရေးလေ့ကျင့်မှုအတွင်း ကွင်းဆင်းလေ့ကျင့်ခြင်းအစီအစဉ် ၁၁ မျိုးပြုလုပ်သွားမှာဖြစ်ပြီး စစ်သားထောင်နဲ့ချီပါဝင်မယ့် တပ်မတော်အဆင့်လေ့ကျင့်မှုလည်း ပါဝင်မှာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆိုးလ်မြို့တော်ကို ပစ်မှတ်ထားတဲ့ မြောက်ကိုရီးယားဒုံးကျည်ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရန် ဒုံးကျည်ခြေရာခံစနစ်များနဲ့ ဟန့်တားဖျက်ဆီးရေးစနစ်များကို အဆင့်မြှင့်ပြုလုပ်သွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား ဆက်ဆံရေးဆိုးရွားလာခဲ့ပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းပြီး ဟာဝိုင်အီကမ်းရိုးတန်းမှာ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
Page 660 of 862