#World_Health
Published 16 August 2022
လွန်ခဲ့တဲ့နှစ် ၇ သန်းခန့်အတွင်း လူသားတွေရဲ့ဦးနှောက်အရွယ်အစား ၃ ဆလောက် ပိုကြီးလာရတဲ့အကြောင်းအရင်းကို သိပ္ပံပညာရှင်များ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။
ဒါကြောင့်ပဲ လူသားတွေဟာ အခြားသတ္တဝါတွေထက် များစွာသာလွန်အဆင့်မြင့်နေထိုင်နိုင်တာ ဖြစ်ပါတယ်။
သတ္တဝါတိုင်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ ကြုံနိုင်ကြပေမယ့် လူသားတွေမှာတော့ အသက်အန္တရာယ်ဖြစ်စေသည်အထိ ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုမျိုးဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာများစွာထဲမှာ မျက်စိနဲ့မမြင်ရတဲ့ အသံလည်းပဲ အပါအဝင်ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ ၈၅ ဒက်ဆီဘယ်ထက်ကျော်တဲ့ ဆူညံသံတွေ နားထဲဝင်နေတယ်ဆိုရင် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
အကြားအာရုံထိခိုက်ခြင်းအပြင် အခြားကျန်းမာရေးပြဿနာတွေပါ ကြုံတွေ့လာနိုင်တဲ့သဘောပါ။
လူတစ်ဦးချင်းစီရဲ့ သဘောသဘာဝ၊ ဆူညံသံအမျိုးအစားနဲ့ ကြားနေရတဲ့ကြာချိန်အပေါ် မူတည်ပြီး သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးရောဂါ၊ အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
လက်ရှိကြုံတွေ့နေတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အသံပြင်းအားဘယ်လောက်ရှိလဲဆိုတာကတော့ ...
- ၂၀ ဒက်ဆီဘယ် ( တီးတိုးပြောသံ )
- ၄၀ ဒက်ဆီဘယ် ( တိတ်ဆိတ်ငြိမ်သက်တဲ့စာကြည့်တိုက် )
- ၆၀ ဒက်ဆီဘယ် ( စကားပြောဆိုသံ )
- ၈၀ ဒက်ဆီဘယ် ( ကျယ်လောင်တဲ့သီချင်းသံ )
- ၁၀၀ ဒက်ဆီဘယ် ( မော်တော်ဆိုင်ကယ် )
- ၁၂၀ ဒက်ဆီဘယ် ( နားရဲ့အသံခံနိုင်ရည်ကန့်သတ်ချက် )
စာကြည့်တိုက်ထဲမှာ ဘယ်သူမှစကားမပြောဘဲနေရင်တောင် ဆူညံသံနှုန်းက ၅၅ ဒက်ဆီဘယ်လောက်ရှိပါတယ်။
လေအေးပေးစက်အသံ၊ လမ်းလျှောက်သံ၊ တံခါးဖွင့်ပိတ်သံ၊ လမ်းပေါ်ကအသံ စတဲ့ အသံတွေရှိနေပါတယ်။
ဆူညံသံများမရှိအောင် ပါတီပွဲတွေ၊ ကော်ဖီဆိုင်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ အပျော်အပါးပွဲတွေကို တားမြစ်လိုက်လိုလည်း မဖြစ်ပါဘူး။
ပြင်သစ်လိုမြို့မှာဆိုရင် အသံရေဒါလိုမျိုး အထူးစက်ပစ္စည်းတွေကို လမ်းတွေမှာတပ်ဆင်ထားပါတယ်။
ဒီပစ္စည်းတွေက အသံဆူညံစွာထွက်လာတဲ့ မော်တော်ယာဉ်ကို နံပါတ်ပြားမှတ်သားကာ အာဏာပိုင်တွေကို သတင်းပေးပို့ပါတယ်။
ဆူညံသံလျှော့ချနိုင်တဲ့ နောက်ထပ်နည်းလမ်းက အများပြည်သူသုံးပို့ဆောင်ရေးယာဉ်တွေကို အသံဆိတ်ငြိမ်အောင် လျှပ်စစ်ဘတ်စ်ကားတွေ၊ မျိုးစပ်ဘတ်စ်ကားတွေနဲ့ အစားထိုးရမှာပါ။
ဟန်ဂေရီလေ့လာချက်တစ်ခုအရ လျှပ်စစ်ဘတ်စ်ကားတွေက ဒီဇယ်သုံးဘတ်စ်ကားတွေထက် ၁၅ ဒက်ဆီဘယ် လျော့နည်းပါတယ်။
နောက်တစ်ချက်က အဆောက်အဦအတွင်းနဲ့အပြင်တွေမှာ ဆူညံသံကိုစုပ်ယူနိုင်မယ့် ပစ္စည်းမျိုးထုတ်လုပ်ဖို့ဖြစ်ပြီး ကုမ္ပဏီအချို့ကလည်း ထုတ်လုပ်နေပြီဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ဆူညံသံကြောင့်ဖြစ်နိုင်တဲ့ ပြဿနာတွေအကြောင်း ပညာပေးသင်ကြားပေးဖို့ပါပဲ။
လူ့အသိုင်းအဝိုင်းမှာလည်း ကိုယ်တိုင်စောင့်ထိန်းကျင့်ကြံနိုင်တဲ့ နည်းလမ်းတွေရှိနေပါတယ်၊ ဥပမာ နားကြပ်ဖြင့်သီချင်းနားထောင်ခြင်း။
ဒါကြောင့် လူ့လောကအသိုင်းအဝိုင်း ကျန်းမာပျော်ရွှင်နေဖို့ လူသားတွေကိုယ်တိုင် ဂရုစိုက်စောင့်ထိန်းသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Climate
Published 15 August 2022
မော်ရိုကိုနိုင်ငံရှိ ကျေးရွာများအနေနဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို အဆက်မပြတ်ခံလာရတာကြောင့် လယ်သမားအချို့မှာ လယ်ယာစိုက်ပျိုးခြင်းအလုပ်ကို စွန့်လွှတ်လိုက်ကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 15 August 2022
၁။ ရန်ကုန်တိုင်းက ကိုဗစ်လူနာများကို ပြည်သူ့ဆေးရုံ(၂) ရုံနှင့် ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေ
၂။ ပြောင်းလဲသတ်မှတ်လိုက်သည့် ငွေဈေးနှုန်းကြောင့် ပဲဈေးနှုန်းတက်လာ
၃။ မသန်စွမ်းသူများအတွက် အခမဲ့ အသက်မွေးဝမ်းကျောင်းပညာအတတ်သင် သင်တန်းကို လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်
၄။ မိုးခေါင်ရေရှားမှုကြောင့် မော်ရိုကိုစိုက်ပျိုးရေးကဏ္ဍကြပ်တည်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 15 August 2022
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ ကက်ပီတဲလ်အဆောက်အအုံအနီး လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို လူတစ်ယောက်က ကားနှင့်ဝင်တိုက်ပြီးနောက် သူဟာ သေနတ်နှင့် လေထဲကို ပစ်လိုက်ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူထပ် ပစ်ပြီး သတ်သေသွားတယ်လို့ ရဲတွေကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ကက်ပီတဲလ်ရဲဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီသူဘယ်သူဆိုတာနှင့် ဘာကြောင့်ဒီလိုလုပ်သလဲ ဆိုတောတွေကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေအိမ်ကြီးကို အက်ဖ်ဘီအိုင်အဖွဲ့က အငိုက်ဖမ်းစီးနင်းပြီး အစိုးရရဲ့ လျှို့ဝက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေပါတဲ့ ပုံးတော်တော်များများကို သယ်ယူသွားခဲ့ပြီးနောက် ဆိုရှယ်မီဒီယာတွေမှာ တင်းမာမှုတွေနှင့် အကြမ်းဖက်မှုတွေပြည့်နေတဲ့ ပြောဆိုရေးသားမှုတွေရှိနေစဉ်မှာ ယခုကိစ္စ ဖြစ်ပွားခဲ့တာပါ။
အဲဒီသူဟာ ကားကိုမောင်းလာပြီး အရှေ့ကပ်ပီတဲလ်လမ်းနှင့် ဒုတိယလမ်းထောင့်က လမ်းပိတ်ထားတဲအတားအဆီးတွေကို ဩဂုတ် ၁၄ရက်မနက်လေးနာရီကျော်ကျော်မှာ ဝင်ပြီးတိုက်ခဲ့တာလို့ ရဲဌာနကပြောပါတယ်။
အဲဒီသူက ကားထဲကထွက်လာတဲ့အခါ မီးတောက်တွေက ဝိုင်းရံနေပါတယ်။ အဲဒီနောက်သူဟာ သေနတ်ကို အချက်ပေါင်း များစွာ လေထဲပစ်ဖောက်ခဲ့ပါတယ် လို့ ကပ်ပီတဲလ်ရဲကပြောပါတယ်။
အရာရှိတွေက သေနတ်သံကြားလို့ သူ့ထံချည်းကပ်လာတဲ့အခါ သူဟာ သူ့ကိုယ်သူသတ်သေသွားတယ်လို့ ရဲကပြောပါတယ်။
ဘယ်သူတစ်ဦးတစ်ယောက်မျှတော့ ထိခိုက်ခြင်းမရှိခဲ့ပါဘူး။
ကွန်ဂရက်လွှတ်တော်အစည်းအဝေးတွေက လောလောဆယ်ရပ်နားထားတာဖြစ်ပြီး အဲဒီသူဟာ ကွန်ဂယက်အမတ်တစ်ဦးဦး ကိုရည်ရွယ်ပုံတော့မရဘူးလို့လည်း ရဲကပြောပါတယ်။
ဒီစီမြို့ပြရဲဌာနက အဲဒီသူနှင့်ပတ်သက်တဲ့ နောက်ကြောင်းကို လိုက်လံစုံစမ်းနေပါတယ်။လွန်ခဲတဲ့ ၁၀နှစ်က သူ့မှာ ရာဇဝတ်မှုခင်းကျူးလွန်ခဲ့တာရှိမရှိလည်းမသိသေးဘူးလို့ သူတို့ကပြောပါတယ်။
၂၀၂၁ ဧပြီလတုန်းက လူတစ်ယောက်ဟာ ကက်ပီတဲလ်က လမ်းအတားအဆီးတစ်ခုကို ကားနှင့်ဝင်တိုက်ပြီးနောက် ဓားနှင့်ခုတ်ခဲ့လို့ ရဲအရာရှိ ဘီလီအီဗန်သေဆုံးခဲ့ရပါတယ်။ ရဲတွေက အဲဒီလူကိုပစ်သတ်ခဲ့ရပါတယ်။
Source AFP
#US_Capitol
#US_Capitol_Firing_Gun
#US_Politics
#World_Politics
Published 15 August 2022
အမေရိကန်လွှတ်တော်အမတ်များကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်'နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
ဒါဟာ ထိုင်ဝမ်နဲ့ တရုတ်တို့ကြား စစ်ရေးတင်းမာမှုများရှိနေတဲ့အချိန်မှာ အမေရိကန်ဘက်မှ နောက်ထပ်ထိပ်တန်းပုဂ္ဂိုလ်များက လာရောက်လည်ပတ်တာလည်းဖြစ်ပါတယ်။
တရုတ်တို့က ဒီမိုကရက်တစ်အစိုးရအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ယင်းတို့ပိုင်ဆိုင်ကြောင်းဆိုနေပြီး ယခုလအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့လာရောက်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြသခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် ကြေညာထားပေမယ့် ထိုင်ဝမ်အစိုးရက တရုတ်ရဲ့အဆိုကိုငြင်းဆန်ကာ ထိုင်ဝမ်ပြည်သူများကသာ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း တုံ့ပြန်ပြောကြားထားပါတယ်။
ယခုခရီးစဉ်က အင်ဒိုပစိဖိတ်ဒေသခရီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ အထက်လွှတ်တော်အမတ်'အက်ဒ်မာကီ'က ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး အောက်လွှတ်တော်အမတ် ၄ ဦးလည်း ပါဝင်လာကြောင်း ထိုင်ဝမ်ရှိ အမေရိကန်သံရုံးက ကြေညာခဲ့ပါတယ်။
ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ'ဆိုင်အင်ဝမ်'တို့ တနင်္လာနေ့နံနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးတော်က အသိပေးလိုက်ပါတယ်။
"ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က စစ်ရေးပြနေပြီး တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာ 'မာကီ'ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့လည်ပတ်ခြင်းက အမေရိကန်ကွန်ဂရက်ရဲ့ ထောက်ခံမှု ဘယ်လောက်ခိုင်မာသလဲဆိုတာကို ဖော်ပြရာရောက်ပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
'အက်ဒ်မာကီ'က အရှေ့အာရှ၊ ပစိဖိတ်ဆိုင်ရာ အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးနဲ့ နိုင်ငံတကာဆိုက်ဘာလုံခြုံရေးကော်မတီတို့မှာ ဥက္ကဌအဖြစ်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ခရီးစဉ်မှာပါဝင်တဲ့ အခြားသူတွေက နျူကလီးယားလက်နက်ထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်'ဂျွန်ဂါရာမန်ဒီ'နဲ့ ကိုယ်စားလှယ်'ဒွန်ဘေယာ'တို့ ဖြစ်ပါတယ်။
အမေရိကန်ရှိ တရုတ်သံရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ရာမှာ အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်တွေအနေနဲ့ တရုတ်မူဝါဒဆိုင်ရာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်များနဲ့အညီ လုပ်ဆောင်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အခုနောက်ဆုံး ထိုင်ဝမ်ကိုလာရောက်တဲ့ ခရီးစဉ်အရ အမေရိကန်အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ အေးချမ်းတည်ငြိမ်ရေးမရှိစေလိုတဲ့သဘောကို ဖော်ပြရာရောက်ပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်ကာ နှစ်ဖက်စလုံးကို ထိပ်တိုက်ရင်ဆိုင်ရအောင် ကြိုးပမ်းနေတာဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။
အိမ်ဖြူတော်လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွှတ်တော်အဖွဲ့ဝင်များအနေဖြင့် ထိုင်ဝမ်ကိုသွားရောက်လည်ပတ်လာတာ ဆယ်စုနှစ်တွေအထိရှိနေခဲ့ပြီး နောက်လည်း လည်ပတ်သွားရောက်ခြင်းတွေ ရှိလာဦးမှာဖြစ်ကြောင်း၊ ယခုလိုခရီးစဉ်ကလည်း အမေရိကန်ရဲ့ တရုတ်တစ်တိုင်းပြည်တည်းမူဝါဒနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Technology
Published 15 August 2022
ဟိုင်ဖာတက်ခ်နီယန်အစ္စရေးလ်နည်းပညာတက္ကသိုလ်က ထုတ်လုပ်လိုက်တဲ့ eNose နည်းပညာဖြင့် အသက်ရှူထုတ်စမ်းသပ်ခြင်းနည်းလမ်းဟာ သွေးကြောအဆီပိတ်ရောဂါကို ရှာဖွေတဲ့နေရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
eNose နည်းပညာမှာ နာနိုအရွယ်အစားမျှရှိတဲ့ အာရုံခံကိရိယာတွေပါဝင်ပြီး လူနာသွေးထဲက မော်လီကျူးပြောင်းလဲမှုများကို ရှာဖွေနိုင်ပါတယ်။
ဒီပစ္စည်းတွေက ရောဂါဖြစ်စေနိုင်တဲ့ biomarker တွေကို ရှာဖွေနိုင်အောင် ဖော်ထုတ်ထားပြီး ဒီလိုရောဂါဖြစ်လာနိုင်တဲ့လူနာတွေကို စစ်ဆေးပေးနိုင်ပါတယ်။
ကင်ဆာအပါအဝင် အခြားအမျိုးမျိုးသောရောဂါတွေကို ရှာဖွေရာမှာလည်း အောင်မြင်မှုရထားပါပြီ။
ဒီနည်းလမ်းဟာ သွေးကြောအဆီပိတ်ခြင်း၊ ကင်ဆာနဲ့ အခြားရောဂါများကို ရှာဖွေရာမှာ ထိရောက်မှုရှိကြောင်း အထောက်အထားရရှိထားပါတယ်။
ဒီနည်းလမ်းကိုတီထွင်ခဲ့တဲ့ ပရော်ဖက်ဆာ'ဟော့ဆမ်ဟိုက်ခ်'က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှာ သူ့သူငယ်ချင်းတစ်ယောက်က သွေးဖြူဥနည်းပါးတဲ့ရောဂါဖြစ်နေကြောင်း သိရှိခဲ့ပါတယ်။
ဒေါက်တာ'အင်ဘာနာဒီ'က 'ဟိုက်ခ်'နဲ့ပူးပေါင်းကာ eNose ကိုအသုံးပြုပြီး နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်မယ့်အလားအလာအကြောင်း ရှာဖွေခဲ့ကြပါတယ်။
သွေးကြောအဆီပိတ်ခြင်းဆိုတာက အောက်ဆီဂျင်နဲ့ အဟာရဓာတ်များကို နှလုံးကနေ ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ပေးတဲ့ နှလုံးသွေးကြောတွေဟာ ထူပိတ်လာပြီးတော့ ကိုယ်တွင်းအင်္ဂါများနဲ့ တစ်ရှူးများဆီ သွေးရောက်ရှိမှုနည်းပါးသွားတာဖြစ်ပါတယ်။
ကျန်းမာကောင်းမွန်တဲ့ သွေးကြောတွေက ကျုံနိုင်ဆန့်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ နှလုံးရောဂါအခံမရှိတဲ့ အသက် ၃၀ မှ ၈၀ အတွင်းရှိတဲ့ လူနာအယောက် ၆၀ ကို eNose ဖြင့် စမ်းသပ်ပြီး ရရှိလာတဲ့အဖြေတွေကို နှလုံးပိုက်တပ်စစ်ဆေးခြင်းဖြင့်ရရှိလာတဲ့ တကယ့်သွေးကြောအဆီပိတ်ခြင်း အခြေအနေများအတိုင်း ခွဲခြားခဲ့ပါတယ်။
အဲဒီနောက် သွေးကြောအဆီပိတ်ခြင်း အဆင့် ၃ ဆင့်ကို ခွဲခြားဖို့အတွက်လည်း နောက်ထပ် ၂၅ ဦးဖြင့်စမ်းသပ်ခဲ့ပါတယ်။
သွေးကြောအဆီပိတ်ခြင်းဖြစ်နေတဲ့ လူနာတွေမှာ အသက်ရှူထုတ်စမ်းသပ်ခြင်းနည်းလမ်းဖြင့် စမ်းသပ်ရာမှာ ၆၉ ရာခိုင်နှုန်းမှန်ကန်မှုရှိပြီး အဆင့်ခွဲခြားရာမှာတော့ ၆၇ ရာခိုင်နှုန်း မှန်ကန်ခဲ့ပါတယ်။
ဒီနည်းပညာက အကြိုစမ်းသပ်မှုသဘောဖြစ်ပြီး eNose နည်းပညာ ဆက်လက်ထုတ်ဖော်ဖို့အတွက် တိကျမှန်ကန်အောင် အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း 'နာဒီ'က သုံးသပ်ခဲ့ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#Health_Technology
Published 15 August 2022
အစ္စရေးလ်မှ AvoMed ကုမ္ပဏီဟာ ထောပတ်သီးအစေ့ကနေ PFA (ပိုလီဟိုက်ဒရောဆီလိတ်တက် ဖက်တီးအယ်လ်ကိုဟော) လို့ခေါ်တဲ့ အထူးဒြပ်ပေါင်းကို စစ်ထုတ်ယူတဲ့နည်းပညာအား ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒီဒြပ်ပေါင်းဟာ အရေပြားထိခိုက်မှုနဲ့ ရောင်ရမ်းခြင်းတို့ကို ကုသပေးနိုင်တဲ့ အလှကုန်ပစ္စည်းများမှာ အသုံးပြုတဲ့ပါဝင် ပစ္စည်းဖြစ်ပါတယ်။
မူပိုင်ခွင့်နဲ့ ထုတ်လုပ်ရောင်းချကြော်ငြာခြင်း လုပ်ငန်းစဉ်များအတွက် AvoMed က ကြိုးပမ်းလျက်ရှိပါတယ်။
PFA က အသားရေကာကွယ်ခြင်းနဲ့ အရေပြားပြဿနာများကို ကုသရာမှာ ထိရောက်တဲ့ဓာတ်ပစ္စည်းဖြစ်တယ်လို့ AvoMed က ယုံကြည်ထားပါတယ်။
သူတို့ရဲ့ယူဆချက်ကို အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသနများ ပြုလုပ်ထားပါတယ်။
"လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက အစ္စရေးလ်နည်းပညာတက္ကသိုလ် တက်ခ်နီယန်က PFA ကို စပြီးသုတေသနပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက် PFA က အရေပြားဆဲလ်တွေအတွက် တကယ်ကောင်းကျိုးဖြစ်စေတာကို တွေ့ရှိခဲ့ကြပါတယ်" လို့ AvoMed စီအီးအို'ရှိင်းဘန်ဆတ်ဒ်'က ပြောပြပါတယ်။
ထောပတ်သီးက ထုတ်ယူရရှိတဲ့ PFA မှာ ကောင်းကျိုးတွေရှိတယ်လို့ သိရှိခဲ့ကြပေမယ့် အော်ဂဲနစ်ပျော်ရည်တွေ အသုံးမပြုဘဲ ဘယ်လိုစစ်ထုတ်ယူရမလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။
PFA ထုတ်ယူတဲ့နေရာမှာ အော်ဂဲနစ်ပျော်ရည်တွေကို အသုံးပြုလိုက်ရင် ရလာတဲ့ပစ္စည်းက အလှကုန်ပစ္စည်းတွေ ဆေးပစ္စည်းတွေမှာ အသုံးပြုလို့ မရတော့ကြောင်း 'ဘန်ဆတ်ဒ်'က ဆိုပါတယ်။
AvoMed ကို တည်ထောင်တဲ့အချိန်မှာတော့ PFA ကို သန့်စင်စွာနဲ့ စစ်ထုတ်နိုင်မယ့်နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် PFA ကို အလှကုန်နဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တွေမှာ ပထမဆုံးအသုံးပြု ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်လာဖွယ်ရှိနေပါတယ်။
အကုန်အကျများပြီး ပိုမိုခက်ခဲတဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်များ မထုတ်လုပ်ခင် လောလောဆယ်မှာတော့ အရေပြားပြဿနာများကို ကုသနိုင်တဲ့ အလှကုန်များထုတ်လုပ်နိုင်ဖို့ အာရုံစိုက်နေပါတယ်။
လက်ရှိမှာတော့ နေရောင်ခြည်ထိခိုက်မှုကိုကုသတဲ့ ထုတ်ကုန်နဲ့ အရေပြားဓာတ်မတည့်ခြင်းကိုကုသတဲ့ ထုတ်ကုန် ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။
ဆေးဆိုင်တွေနဲ့ အလှကုန်ဆိုင်တွေမှာ ထောပတ်သီးအဆီနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေ မပြတ်ရှိနေတာကြောင့် PFA ကိုအသုံးချနိုင်တဲ့ ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ သူများတွေထက် အသာရလာနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 666 of 862