Published 14 August 2022
၁၉၄၇ခုနှစ်မှာ ပိုင်းခြားပြီးကတည်းက မတွေ့ကြရတော့တဲ့ အိန္ဒိယက ဆီကာခန်းဟာ ပါကစ္စတန်က သူ့အစ်ကိုနှင့် ပထမဆုံး ပြန်လည်တွေ့ဆုံတဲ့အခါ သူ့ရဲ့ ညိုးလျော်နေတဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ လိမ့်ဆင်းလာပါတော့တယ်။ ဆစ်ခ်အလုပ်သမား တစ်ဦးဖြစ်တဲ့ ဆီကာဟာ သူ့အစ်ကို ဆာဒစ်ခန်းနှင့် ကွဲကွာသွားကြတဲ့အချိန်တုန်းက ခြောက်လသားလေးပဲရှိပါသေးတယ်။ ကိုလိုနီအုပ်စိုးမှုကို ဗြိတိသျှတို့က အဆုံးသတ်ပြီးနောက် အိန္ဒိယတိုက်ငယ်ဟာ နှစ်ခြမ်းကွဲသွားခဲ့ရတာဖြစ်ပါတယ်။
ဒီနှစ်မှာ ပိုင်းခြားမှု (၇၅)နှစ်ရှိပါပြီ။ အဲဒီပိုင်းခြားမှုအတွင်းမှာ ဂိုဏ်းဂဏအစွဲတွေကြောင့် သွေးထွက်သံယိုမှုတွေဖြစ်ခဲ့ပြီး အနည်းဆုံး လူတစ်သန်းခန့်သေဆုံးခဲ့ကြရပါတယ်။ ဆီကာတို့လို မိသားစုတွေလည်း ပါကစ္စတန်နှင့် အိန္ဒိယရယ်လို့ လွတ်လပ်တဲ့ နိုင်ငံနှစ်နိုင်ငံ ဖန်တီးအပြီးမှာ တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ကြရပါတယ်။
ဆီကာရဲ့ အဖေနှင့် အစ်မတို့ဟာ လူအုပ်စုလိုက် သတ်ဖြတ်မှုတွေအထဲမှာ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ၁၀နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆာဒစ်ကတော့ ပါကစ္စတန်ကိုထွက်ပြေးသွားနိုင်ခဲ့ပါတယ်။
“ ကျွန်တော့်အမေက ဒီစိတ်ဒဏ်ရာတွေကို မခံစားနိုင်တော့လို့ မြစ်ထဲခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တယ်ဗျာ” လို့ ဆီကာက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပန်ဂျပ်ပြည်နယ်၊ ဘာတင်ဒါခရိုင်က သူ့ရဲ့ အုတ်အိမ်ရိုးရိုးကလေးမှာ ရှိနေရင်း ပြောပြ ပါတယ်။အဲဒီနေရာဟာ ပိုင်းခြားရေးအကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ဒေသဖြစ်ပါတယ်။
“ ကျွန်တော်ဟာ ရွာသားတွေရဲ့ ညှာတာထောက်ထားမှုကြောင့် ကျန်ရစ်ခဲ့ပြီး ဆွေမျိုးအချို့က ကျွန်တော့်ကို ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်” လို့ သူကပြောပါတယ်။
ဆီကာဟာ ကလေးဘဝအရွယ်မှာတောင် သူ့အစ်ကို ကို ရှာတွေ့ချင်စိတ်ပြင်းပြခဲ့တာပါ။ သူ့အစ်ကိုဟာ သူတို့မိသားစုမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။ပြီးခဲ့တဲ့ (၃)နှစ်လောက်ကတော့ သူတို့ရပ်ကွက်ထဲက ဆရာဝန်တစ်ဦးက စပြီး ကူညီပေးပါတယ်။ ပါကစ္စတန်က ယူကျုဘာ YouTuber နာဆီယာ ဒီလွန်ကို အကြိမ်များစွာ ဖုန်းဆက်ပြီး အကူအညီရယူ ခဲ့ပါတယ်။ နောက်ဆုံးမတော့ ဆီကာဟာ ဆာဒစ်နှင့် ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယက ဆစ်ခ် ဝတ်ပြုခရီးသွားတွေ ပါကစ္စတန်က ဘုရားကျောင်းကို သွားရောက်လည်ပတ်ဖို့ သတ်မှတ်ပေးထားတဲ့ ဗီဇာမလိုဖြတ်ကျော်နေရာတစ်ခုဖြစ်တဲ့ ကာတာပါ ကော်ရစ်ဒါ မှာ ညီအစ်ကိုနှစ်ယောက်ဟာ ယခုနှစ် ဇန်နဝါရီမှာ စတင် တွေ့ဆုံနိုင်ခဲ့ကြပါတယ်။
အဲဒီကော်ရစ်ဒါဟာ ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ကွဲကွာနေကြတဲ့ မိသားစုတွေအတွက် သွေးစည်းခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်းသရုပ်သကန်နေရာနေဖြစ်ပါတယ်။
“ ကျွန်တော်က အိန္ဒိယကလာတယ်။ သူက ပါကစ္စတန်က။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် သိပ်ချစ်ကြတယ်” လို့ ဘောင်သွင်းထားတဲ့ မိသားစုဓာတ်ပုံ ခပ်မှိန်မှိန်ကို ဆုပ်ကိုင်ထားရင်း ဆီကာက ပြောပါတယ်။
“ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အားပါးတရ ဖက်ပြီးငိုကြတယ်။ ဒါပထမဆုံးတွေ့ကြရတာလေ။ နှစ်နိုင်ငံကတော့ ဆက်ပြီးချနေကြတုန်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးကို အရေးမစိုက်ကြပါဘူးဗျာ” လို့ သူကပြောပါတယ်။
အသက်၃၈နှစ်အရွယ် ပါကစ္စတန်လယ်သမားနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့ ဒီလွန်ဟာ မူစလင်တစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ယူကျု ချယ်နယ်ကို သူငယ်ချင်းဖြစ်တဲ့ ပါကစ္စတန်ဆစ်ခ်လူမျိုး ဘူပင်ဒါဆင်းနှင့်အတူတည်ထောင်ထားပြီး အဲဒီကနေ တစ်ဆင့် မိသားစု ၃၀၀ခန့် ပြန်လည်ပေါင်းစည်းရေး ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။
“ ဒီအလုပ်က ကျွန်တော် ဝင်ငွေရှာတဲ့နေရာမဟုတ်ဘူး။ ဒီအလုပ်ကို ကျွန်တော် အူလှိုက်သည်းလှိုက် ကူညီလုပ်ဆောင်နေတာပါ” လို့ ဒီလွန်က အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီဇာတ်လမ်းတွေကို ကျွန်တော်ကိုယ်တိုင်ဇာတ်လမ်းတွေလို အဖိုးအဖွားတွေရဲ့ဇာတ်လမ်းတွေကို ခံစားရတယ်။ အဲဒဲကြောင့် အသက်ကြီးသူတွေရဲဆန္ဒ ဖြည့်ဆည်းပေးရတာကိုက ကျွန်တော့်အဖိုးအဖွားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရသလိုပဲဗျာ” လို့သူကပြောပါတယ်။
သူဟာ ခန်းညီအစ်ကိုပြန်တွေ့ကြရတာကို သူနင့်ကနဲခံစားရပြီး သူတို့ပြန်လည်ပေါင်းစည်းတာအတွက် အသေအချာဖြစ်စေဖို့ လိုတာမှန်သမျှလုပ်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။
“ သူတို့နှစ်ယောက် ကာတာပါမှာ ပြန်လည်ပေါင်းစည်းကြတဲ့အခါ ကျွန်တော်တစ်ယောက်တည်းတင်မကဘူး ဝင်းကြီးထဲက ကျန်တဲ့လူ၆၀၀လောက်ကလည်း သူတို့ပြန်တွေ့ကြပုံကိတွေ့ကြပြီး ငိုကြတယ်ဗျာ” လို့ သူက ပါကစ္စတန်နိုင်ငံ ဖိုင်ဆာလာဘတ်ကနေ အေအက်ဖ်ပီကိုပြောပါတယ်။
၁၉၄၇ခုနှစ် ဗြိတိသျှအစိုးရက သူတို့ရဲ့အင်ပါယာကိုဖြိုဖျက်တဲ့အချိန်မှာ ဟိန္ဒူ၊ဆစ်ခ်နှင့်မူစလင်သန်းပေါင်းများစွာဟာ ထွက်ပြေးခဲ့ကြပါတယ်။
လူတစ်သန်းခန့်ဟာ အသတ်ခံရတယ်လို့ခန့်မှန်းခဲ့ပေမယ့် အချို့က နှစ်ဆအထိရှိနိုင်တယ်လို့ ထင်ထားကြပါတယ်။ ဟိန္ဒူနှင့် ဆစ်ခ်တွေဟာ အိန္ဒိယကိုပြေးကြပြီး မူစလင်တွေက ဆန့်ကျင်ဖက် ပါကစ္စတန်ကိုပြေးကြပါတယ်။
အမျိုးသမီးတွေနှင့် မိန်းမငယ်ထောင်ပေါင်းများစွာဟာ မတရားပြုကျင့်ခံခဲ့ကြရပါတယ်။ နှစ်နိုင်ငံက ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ရထားတွေဆိုက်ရောက်တဲ့အခါ လူသေကောင်တွေနှင့် ပြည်နှက်နေခဲ့ပါတယ်။
အဲဒီပိုင်းခြားမှုရဲ့ အမွေဆိုးက ယနေ့တိုင်တည်နေဆဲပါ။ နူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံဟာ ယဉ်ကျေးမှုနှင့် ဘာသာစကား နီးစပ်ဆက်နွယ်မှုတွေရှိနေကြပေမယ့် နာကြည်းစွာ ပြိုင်ဆိုင်နေကြတာပဲ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။
ဒါပေမယ့် မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတရားတွေကတော့ နယ်စပ်ကို ကျော်လွှားနေကြပါတယ်။
ဆစ်ခ်အမျိုးနွယ်ဖြစ်တဲ့ ဘာဒက်နှင့် ဂါမူဆင်းတို့ဟာ ပါကစ္စတန်မှာ မူစလင်အဖြစ် ကြီးပြင်းလာရတဲ့ နှမဝမ်းကွဲ မမ်တက် ဘီဘီကို ပွေ့ဖက်ဖို့ ဝန်မလေးကြပါဘူး။ ကလေးဘဝမှာ အထိကရုန်းတွေကြားထဲ သေဆုံးနေတဲ့ မိခင်ကြီးဘေးမှာ တွေ့ရတဲ့ သူမကို မူစလင်လင်မယားက တွေ့ပြီး ကောက်ယူမွေးစားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ဖခင်ကတော့ ဇနီးနှင့်သမီးသေသွားခဲ့ပြီ ထင်ထားခဲ့ပြီး နောက်ပိုင်းမှာ ထုံးတမ်းစဉ်လာအရ ခယ်မဖြစ်သူကို ထပ်မံလက်ထပ်ခဲ့ပါတယ်။
ဆစ်ခ်ညီအစ်ကိုဟာ သူတို့ရဲ့နှမကလေး အသက်ရှင်ကျန်ရစ်တုန်းပဲဆိုတာကို သိရှိကြသွားပြီးတဲ့နောက် ဒီလွန်ရဲ့ ချယ်နယ်ရဲ့ အကူအညီနှင့်ပါကစ္စတန်က ဆိုင်ရှင်တစ်ယောက်နှင့် ဖုန်းပြောလို့ရခဲ့ပါတယ်။
“ ပထမဆုံး နှမကလေးကိုတွေ့ရတဲ့အချိန် ကျွန်တော်တို့ အတိုင်းအဆမရှိပျော်လိုက်ရတာဗျာ” လို့ အသက်၆၅နှစ်အရွယ် ဘာဒက်ဆင်းကပြောပါတယ်။
“ နှမလေးက မူစလင်ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ကျွန်တော်တို့က သွေးတူသားတူတွေပဲလေ” လို့ သူကပြောပါတယ်။
အေအက်ဖ်ပီအဖွဲ့က သူမကို ပါကစ္စတန်က ပန်ဂျပ်ပြည်နယ် ရှိတ်ပူရာမြို့မှာတွေ့တဲ့အခါ သူမကလည်း အလားတူပဲရွှင်မြူးတက်ကြွနေတာတွေ့ရပါတယ်။
“ ကျွန်မအစ်ကိုတွေအကြောင်း ကြားလိုက်ရတော့ ဘုရားသခင်ရဲ့ အလိုဆန္ဒပဲလို့ ကျွန်မထင်မိလိုက်ပါတယ်။ သူ့ဆန္ဒကို လိုက်နာရမယ်။ ဘုရားသခင်က ကောင်းချီးပေးတယ်။ ကျွန်မအစ်ကိုတွေနှင့်တွေ့ရတယ်” လို့ သူမကပြောပါတယ်။
ခွဲခွာနေကြရတာတွေ အတူတကွပြန်ဆုံတာ ပျော်ရွှင်မှုတွေဖြစ်စတေယ်။ ကျွန်မတို့ ကွဲကွာနေရမှုအဆုံးသတ်သွားပြီ။ ကျွန်မသိပ်ပြီးအားရကျေနပ်တယ်” လို့ သူမကပြောလိုက်ပါတယ်။
Source AFP
#75_years_after_Partition
#India_Pakistan
#British_Colonial_rule
Published 14 August 2022
အီဂျစ်နိင်ငံ ဂီဇာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဩဂုတ် ၁၄ရက် တနင်္ဂနွေနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ၄၁ ဦးသေဆုံးပြီး ၄၅ ဦခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်ဘာဘာရပ်ကွက်က ကော့ပ်တစ် အာဘူ ဆီဖင် ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ မနက်ကိုးနာရီထိုးခါနီးဆဲဆဲ လူငါးထောင်ခန့် စုရုံးနေစဉ် လျှပ်စစ်ကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မီးဟာ ဘုရားကျောင်းရဲ့ အဝင်ဝကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး လူတွေအစုလိုက် အလုအယက်ပြုံတိုးခဲ့ကြရင်း သေဆုံးခဲ့ကြရပါတယ်။ သေဆုံးသူ အများစုဟာ ကလေးသူငယ်များဖြစ်ပါတယ်။
“ လူတွေက သုံးထပ်နှင့်လေးထပ်မှာ စုရုံးနေကြတယ်။ ဒုတိယထပ်ကနေ မီးခိုးလုံးတွေတက်လာတာ ကျွန်တော်တို့ တွေ့လိုက်တယ်။ လူတွေက လှေကားအတိုင်း အောက်ကို အလုအယက်ပြေးဆင်းကြတယ်။ တစ်ဦးအပါ်တစ်ဦးပိပြီး လဲကျကြတယ်” လို့ ဘုရားကျောင်းဝတ်ပြုပွဲလာတဲ့ ယာဆီယာ မူနီယာက ပြောပါတယ်။
“ အဲဒီနောက် ကျွန်တော်တို့ ပေါက်ကွဲသံတွေကြားတယ်။ မီးပွားတွေနှင့် မီးတွေက ပြတင်းပေါက်ကနေထွက်လာတယ်” လို့ သူကဆက်ပြောပါတယ်။ သူနှင့်သူ့သမီးက မြေညီထပ်မှာရှိနေလို့ ထွက်ပြေးလို့ရတာလို့လည်းပြောပါတယ်။
အီဂျစ်မှာ လျှပ်စစ်ကြောင့်မီးလောင်တာတွေဟာ သိပ်မထူးဆန်းတော့ပါဘူး။ ၂၀၂၀ နှစ်ကုန်ပိုင်းခန့်ကလည်း ကိုဗစ်-၁၉ ကုသပေးနေတဲ့ ဆေးရုံတစ်ရုံ မီးလောင်လို့ လူနာ ၁၉ ဦးသေဆုံးပြီး အနည်းဆုံး(၇)ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။
အီဂျစ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂီဇာဟာ ကိုင်ရိုမြို့နှင့် နိုင်းမြစ်တစ်ဖက်တစ်ချက်မှာရှိတာပါ။
“ ကျွန်တော် ပြေးလွှားရင်း ဘုရားကျောင်းကနေ ၁၀မီတာလောက်အကွာအထိရောက်လာတော့ အော်သံဟစ်သံတွေကြားရပြီး မီးခိုထူထူကြီးတွေထွက်နေတာမြင်လိုက်ရတယ်” လို့သူကပြောပါတယ်။
“ မီးသတ်သမားတွေက မီးကို ရေနှင့်ငြှိမ်းသတ်အပြီးမှာ ကျွန်တော် နှမအလောင်းကို ကျွန်တော်မှတ်မိလိုက်တယ်။ အလောင်းတွေက အားလုံး တူးချစ်သွားတာ။အများစုက မီးလောင်တုန်း ကလေးထိန်းအခန်းထဲမှာရှိနေကြတဲ့ ကလေးတွေ” လို့ သူကပြောပါတယ်။
Source AFP
#Egypt_Church_Fire
#Giza_Church_Fire
#Coptic_Abu_Sifin_church
Published 14 August 2022
ယွန်းယွန်းလို့အမည်ပေးထားတဲ့ မိခင်ပန်ဒါကြီးက ပန်ဒါအထီးအမြွှာကလေးနှစ်ကောင်ကို ကြာသပတေးနေ့ က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဆီပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။
ပန်ဒါအထီးကလေးတွေဟာ ချင်လင်း ပန်ဒါကြီးသုတေသနဌာနမှာမွေးဖွားခဲ့စဉ်မှာ ၁၅၀.၅ ဂရမ်နှင့် ၁၃၄.၅ ဂရမ်ဆီ အသီးသီးကိုယ်အလေးချိန်ရှိကြပါတယ်။ သူတို့ကို မွေးပြီးပြီးချင်း သိပ်မကြာခင်မှာပဲ နို့တိုက်ကျွေးခဲ့ပြီး သူတို့လေးတွေ ကျန်းမာရေးကောင်းမွန်ကြပါတယ်။
ဒီတစ်ခါ အမြွှာကလေးတွေမွေးတာဟာ မိခင်ယွန်းယွန်းအတွက် ဒုတိယမြောက် သားမွေးတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဩဂုတ်(၁၀)ရက်နေ့မှာ ပထမအကြီမ်သားမွေးခဲ့တာပါ။ အဲဒီတုန်းက သုတေသနဌာနမှာ သားမွေးတဲ့ အငယ်ဆုံးပန်ဒါမိခင် ဖြစ်ခဲ့ပါတယ်။
ချင်လင်း ပန်ဒါကြီးမျိုးဟာ ပန်ဒါကြီးမျိုးရဲ့ မျိုးခွဲအဖြစ် ၂၀၀၅ခုနှစ်မှာ ပထမဆုံးအသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီမျိုးခွဲဟာ ပိုပြီးသေးပြီးလုံးဝန်းတဲ့ ဦးခွံရှိကြပါတယ်။ မြင်တွေ့နေကျ ဆီချွမ်း ပန်ဒါမျိုးခွဲတွေထက် အမွှေးကပါး ပါတယ်။
ရှန်ဆီဟာ ချင်လင်း ပန်ဒါကြီးတွေကို သားစပ်မွေးထုတ်မှု ၁၉၈၀လွန်နှစ်များကတည်းက စတင်ခဲ့ပြီး ပြည့်စုံတဲ့ လူဖန်တီးတဲ့ မွေးမြူရေးနည်းပညာစနစ်ကို အသုံးပြုပါတယ်။ ယခုအထိ ပြည်နယ်မှာ ပန်ဒါကြီးတွေ ၃၄ ကောင် သားဖောက်ပေးပြီး ဖြစ်ပါတယ်။
Source: CCTV+
#A_giant_panda_Yongyong
#Twin_cubs_Panda
#China_Shaanxi
Published: 14 August 2022
ဂျာမနီနိုင်ငံက ရိုင်းမြစ်ရေဟာ သင်္ဘောတွေ သွားလာနိုင်ဖို့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးရည်ညွှန်းရေအမှတ်အောက်ကို ရောက်ရှိနေပါတယ်။ မြစ်ရေဟာ ကော့မြို့မှာ ရည်ညွှန်းရေအမှတ်၁၅.၇ လက်မအောက်ရောက်ရှိသွားတဲ့အတွက် ရိုင်းမြစ်ရဲ့ မြစ်ကျဉ်းနှင့်ရေတိမ်နေရာတွေမှာ သင်္ဘောတွေသွားလာဖို့ အခက်အခဲတွေရှိလာနေပါတယ်။
ဖက်ဒရယ်ရေကြောင်းသွားလာရေးအဖွဲ့ကတော့ မြစ်ရေဟာ တနင်္လာနေ့အထိ ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကွန်တာဂိုက သူတို့ရဲ့ သင်္ဘောတွေ အန္တရာယ်ကင်းကင်း ခုတ်မောင်းဖို့ ခက်လိမ့်မယ်လို့ ပြောပါတယ်။
“ဘေးကင်းရေးအတွက် ရိုင်းမြစ်အထက်ပိုင်းနှင့်အလယ်ပိုင်းမှာ ရေကြောင်းသွားလာမှုတွေကို ရပ်ရပါလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဂျာမနီရဲ့ ကုန်စည်ပို့ဆောင်ရေးအားလုံးရဲ့ လေးရာခိုင်နှုန်းဟာ ရိုင်းမြစ်အပါအဝင်ရေကြောင်းကနေပို့ဆောင်နေတာပါ။ ရိုင်းမြစ်ဟာ ဆွစ်ဇာလန်က မြစ်ဖျားခံပြီးပြင်သစ်နှင့်ဂျာမနီအပါအဝင် နိုင်ငံတွေတော်တော်များများကို ဖြတ်သန်းစီးဆင်းပြီး နယ်သာလန်အရောက်မှာ ပင်လယ်ထဲစီးဝင်တာဖြစ်ပါတယ်။
Source: AFP
#Rhine_river
#Rhine_river_Germany
#Germany_waterways
Published 14 August 2022
ကာလီဖိုနီးယားက အရေပြားရောဂါ အထူးကုတစ်ဦးဟာ သူ့ခင်ပွန်းကို အဆိပ်ခတ်ဖို့ကြံစည်မှုနှင့် ဖမ်းဆီးခံရပါတယ်။ သူ့ခင်ပွန်းဟာ ဇနီးရဲ့အပြုအမူကိုမသင်္ကာလို့ လျှို့ဝှက်ကင်မရာတပ်ဆင်ခဲ့တာဖြစ်ပါတယ်၊
ကင်မရာကရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ အသက် ၄၅နှစ်အရွယ်ရှိ ယူအင်မလီယုဟာ ကာလီဖိုနီးယား၊အိုင်ဗင်းက သူတို့ရဲ့အိမ်မှာ ခင်ပွန်းဖြစ်သူ ဂျက်ချန်းသောက်မယ့် သံပရာ ရည်ထဲကို သန့်စင်ဆေးရည်တွေ အကြိမ်တော်တော်များများမှာ လောင်းထည့်ခဲ့တာတွေ မှတ်တမ်းတင်ထားပါတယ်။
ချန်းဟာ သူနေမကောင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရခဲ့တယ်ဆိုပြီး သူ့ဇနီးဟာ သူ့ကိုအဆိပ်ခတ်ခဲ့တယ်လို့ ရဲကို ပြောပါတယ်။ အဲဒီနောက် ဗွီဒီယိုကို သက်သေအဖြစ် တင်ပြခဲ့ပါတယ်။
(၁၀)နစ်ကြာ အိမ်ထောင်သက်ရှိခဲ့ပြီးနောက် ချန်းက သူ့ဇနီးယုဟာ သူနှင့် သူ့ကလေးနှစ်ယောက်အပေါ် ညှင်းပန်းနှိပ်စက်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီဆိုကာ ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။
အင်မလီ ဟာ ဒေါသထွက်ပြီး ကလေးတွေကို ဆူငေါက်တဲ့အခါ “သေကြစမ်း” လို့ အဓိပ္ပါယ်ရတဲ့ တရုတ်စကားကို သုံးလေ့ရှိတယ်လို့ နယူးယောက်ပို့စ်က ရရှိတဲ့ စာရွက်စာတမ်းတစ်ခုအရသိရပါတယ်။
ချန်းနှင့်ယုတို့ဟာ ၂၀၁၂ခုနှစ် ဇူလိုင်မှာ လက်ထပ်ခဲ့ကြပြီးနောက် ၂၀၁၃နှင့် ၂၀၁၄ခုနှစ်တွေမှာ ကလေးတွေရလာပြီးတဲ့နောက်ပိုင်း သူမရဲ့ အပြုအမူတွေပြောင်းလဲခဲ့ပါတယ်။
ယုဟာ အဲဒီတုန်းက သူတို့ရဲ့ သုံးနှစ်သမီးကလေး အိပ်ရာထဲ သေးပါတဲ့အခါ ရိုက်နှက်ခဲ့ပြီး နှစ်နှစ်သားကလေးကိုလဲ ရိုက်ခဲ့တယ်လို့ ချန်းက စွပ်စွဲပါတယ်။ အဲဒီအပြင် ကလေးတွေက သူအိပ်စေချင်တဲ့အချိန်ထက်စောအိပ်ရာဝင်ရင်လည်း သူမက အိပ်ခွင့်မပေးဘဲထားပါတယ်။ အဖေကို ချစ်ပြရင်လဲ ကလေးတွေကို ဒဏ်ပေးတယ်လို့ ချန်းက ပြောပါတယ်။
ခင်ပွန်းကိုအဆိပ်ခတ်တယ်ဆိုတာနှင့် သူနှင့်ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲတာတွေအားလုံးကို ယုက ငြင်းဆိုပါတယ်။
ယုကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ကိုဘယ်ပုဒ်မနှင့်အရေးယူမလဲဆိုတာကိုတော့ မလုပ်ရသေးပါဘူး။ ချန်းကို ယာယီအကာအကွယ်ပေးတဲ့ အမိန့်ကိုတော့ ထုတ်ပြန်ပေးထားပါတယ်။
Source: Toronto SUN
#California_dermatologist
#Poisioning
#Crime_US
#World_News
Published 14 August 2022
အိန္ဒိယရဲ့ ဝါရန်ဘူဖေးလို့ သိထားကြပြီး ဒေါ်လာ ၆ ဘီလျံခန့် ကြွယ်ဝချမ်းသာတဲ့ စတော့ရင်းနှီးမြှပ်နှံတဲ့ သူဋ္ဌေးကြီး ရာကက်စ် ဂျွန်ဂျွန်ဝါလားဟာ ယနေ့ဩဂုတ် ၁၄ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပြီလို့ မိသားစုကပြောပါတယ်။ သူဋ္ဌေးကြီးရာကက် ဟာကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီဖြစ်ပါတယ်။
သူဟာ အိန္ဒိယရဲ့ ကန္တာရပြည်နယ် ရာဂျတ်စသန်မှဖြစ်ပြီး လက်မှတ်ရ စာရင်းကိုင်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ကောလိပ်တက်ကတည်းက စတော့ရှယ်ယာတွေ စတင်ကစားခဲ့ပြီး ကျောင်းပြီးတဲ့နောက် စတော့ရောင်းဝယ်ဖောက်ကားရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ RARE Enterprises ကို စီမံခန့်ခွဲခဲ့ပါတယ်။
“ ရာကက်စ်-ဂျီးဟာ သူ့မိသားစု၊သူ့အနီးကပ်လူယုံတွေအနားမှာပဲ ကွယ်လွန်ခဲ့ပါတယ်Ó လို့ မိသားစုဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဂျီး-ဆိုတာ လေးစားတဲ့လူတွေကို ခေါ်ဆိုတဲ့အခါ အထူးပြုသုံးနှုံးတာပါ။
သူဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။သူဟာ အိန္ဒိယရဲ့ နောက်ဆုံးပေါ် ဘတ်ဂျက်လေကြောင်းလိုင်းအသစ် အက်ကာဆာလေကြောင်းကို ပုံရိပ်မြှင့်တင်ပေးနေသူဖြစ်ပြီး သိပ်မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အများပြည်သူတွေကို ကြေညာတဲ့အခမ်းအနားမှာ သူတက်ရောက်ခဲ့ပါသေးတယ်။သူကွယ်လွန်ချိန်မှာ ဇနီးနှင့် သားသမီး(၃)ဦးကျန်ရစ်ခဲ့ပါတယ်။
ဂျွန်ဂျွန်ဝါလားရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဆက်သွယ်ပြောဆိုမှု အရည်အချင်းတွေကြောင့် ရင်းနှီးမြှပ်နှံတဲ့ လုပ်ငန်းအသေးကလးတွေကတောင် စတော့ဈေးကွက်အကြောင်း နားလည်သွားကြရပါတယ်လို့ သူနှင့် နှစ်ပေါင်း(၃၀)ကျော် ထိတွေ့ရင်းနှီးခဲ့ကြတဲ့ မွမ်ဘိုင်းအခြေစိုက် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
ဂျွန်ဂျွန်ဝါလာ စတော့ဝင်ကစားတဲ့ ကုမ္ပဏီတွေထဲမှာ အိန္ဒိယရဲ့အကြီးဆုံးကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ တာတာအုပ်စုလည်း ပါဝင်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးနင့် စီးပွာရေးခေါင်းဆောင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြေကွဲကြောင်း ရေးသားခဲ့ကြပါတယ်။
Source Reuters
#Rakesh_Jhunjhunwala
#India’s_Warren_Buffett
#India_sttock_trader
#Yangon_Media_Group
Published 14 August 2022
ယခုတော့ ဂျို့စ်ဆွာ ဒေါ့ဆွန်တစ်ယောက် သံတိုင်တွေနောက် အသွင်းခံထားနေရတာကို ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က သတိပြုမိလိုက်ပြီး သူ့အနေနှင့် ကိုးလ ထောင်ဒဏ်ကို ခံနိုင်ရည်ရှိတော့မှာပါလို့ ယုံကြည်ထားကြပါတယ်။
အင်္ဂလန်နိုင်ငံ မန်ချက်စတာက ကားသူခိုးတစ်ဦးဖြစ်သူဟာ အဖမ်းခံရမှာကို ခံနိုင်ရည်ရှိပုံံမရလို့ ငါးပေအမြင့်ရှိတဲ့ တက်ဒီဝက်ဝံ အရုပ်ကြီးထဲ ဝင်ပုန်းဖို့ကြိုးစားခဲ့တာပါ။
ဂျို့စ်ဆွာ ဒေါ့ဆွန်ဟာ ရုပ်ဖျက်နိုင်တဲ့ဆရာကြီးတစ်ဦးဖြစ်ဖို့ သူကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ သူဟာ အခုဆိုရင် သံတိုင်တွေနောက်မှာ အချိန်တွေကုန်ဆုံးရမှာကို အောင့်အီးသည်းခံရတော့မှာဖြစ်ပါတယ်။
အသက်၁၈နှစ်အရွယ်သူ့ဟာ ကားတစ်စီးကို ခိုးယူပြီး ဓာတ်ဆီထည့်ထားတွေအတွက်လည်း ပိုက်ဆံမပေးခဲ့တဲ့အတွက် မေလကတည်းက သူ့ကို ဂရိတ်တာမန်ချက်စတာရဲက အလိုရှိနေခဲ့ပါတယ်။
ဒေါ့ဆွန်ဟာ ဇူလိုင်မတိုင်ခင်အထိ အရှောင်အတိမ်းကောင်းလို့ လွတ်မြောက်နေခဲ့ပါတယ်။ ဇူလိုင်မှာတော့ ရိုချ်ဒါလေးမှာ ရှိတဲ့ အိမ်တစ်အိမ်ကို ရှာဖွေတဲ့အခါ ဝက်ဝံရုပ်ကြီး အသက်ရှုနေတာကို ရဲတွေက သတိပြုမိလိုက်တယ်လို့ ရဲဌာနပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
သူဟာ အဲဒီအရုပ်ထဲ ဝင်ပုန်းနေခဲ့တာဖြစ်ပြီး ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ရာဇဝတ်မှုနှင့် တရားစွဲဆိုခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့အပတ်မှာ ထောင်ဒဏ်(၉)လချမှတ်လိုက်တယ်လို့ မက်ထရိုသတင်းဌာနက ရေးသားပါတယ်။
ဂရိတ်တားမန်ချက်စတာရဲဌာနက သူထောင်ကျသွားတဲ့အကြောင်း ဖေ့စ်ဘုတ်ခ်မှာ ကြေညာခဲ့ပါတယ်။
“ သူဟာ ကားတစ်စီးကိုခိုးယူတယ်။ ပြီးတော့ တရားမဝင်မောင်းနှင်တယ်။ဓာတ်ဆီဆိုင်မှာ ပိုက်ဆံမပေးဘဲ ဆီဖြည့်တယ် ။အခုတော့ ပြီးခဲ့တဲ့အပတ်မှာ သံတိုင်တွေကြားထဲ ရောက်သွားပါပြီ။ သူဟာ အထဲမှာ သည်းခံနေနိုင်မယ်လို့ ယုံရတာပဲ” လို့ ရဲက ပြောပါတယ်။
Soure: Huffpost
#Car_Thief
#Giant_Teddy_Bear
Page 667 of 862