#World_Science
Published 09 December 2023
ဂွာတီမာလာကမ်းရိုးတန်း ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ဧရာမရေအောက်တောင်ကြီးတစ်ခုကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
အစိုးရလေ့လာရေး အစီအစဥ်တစ်ခုဖြစ်တဲ့ NOAA သမုဒ္ဒရာစူးစမ်းရှာဖွေရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ထိုတောင်ဟာ အခြားရေအောက်တောင်တွေလိုပဲ တိမ်မြုပ်သွားတဲ့ မီးတောင်အကြွင်းအကျန်တစ်ခု ဖြစ်နေနိုင်ပါတယ်။
ထိုရေအောက်တောင်ဟာ ၁,၆၀၀ မီတာခန့် မြင့်မားပြီး ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဘာ့ဂျ်ခါလီဖာရဲ့ အမြင့်နှစ်ဆနီးပါးရှိတယ်လို့ သမုဒ္ဒရာသုတေသန ပြုလုပ်နေတဲ့ ရှမစ်သမုဒ္ဒရာအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
၁၄ စတုရန်း ကီလိုမီတာကျယ်ဝန်းကာ ပင်လယ်ရေမျက်နှာပြင်အောက် ၂,၄၀၀ ကီလိုမီတာမှာ တည်ရှိပြီး ဖယ်လ်ကော်လို့အမည်ရတဲ့ သုတေသနသင်္ဘောကို အသုံးပြုပြီး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ထိုသင်္ဘောရဲ့ ပင်လယ်ကြမ်းပြင် စူးစမ်းရေးစနစ်က ထုတ်လွှင့်လိုက်တဲ့ အသံလှိုင်းကနေ ကြမ်းပြင်ကိုထိပြီး ပြန်လာတဲ့အချိန်ကို တိုင်းတာတဲ့ပုံစံ ဖြစ်ပါတယ်။
ထိုရေအောက်တောင်ဟာ သမုဒ္ဒရာအနက်ကို တိုင်းတာတဲ့ ဘယ်မှတ်တမ်းမှာမှ မရှိဘူးလို့ ပင်လယ်သမုဒ္ဒရာ နည်းပညာရှင် တိုမာကတ်တာက ပြောပြသွားပါတယ်။
၁ ကီလိုမီတာခွဲခန့် မြင့်မားတဲ့ ရေအောက်တောင်ကိုတောင် အခုမှတွေ့ရှိတယ်ဆိုတာက နောက်ထပ်ရှာဖွေစရာတွေ များစွာကျန်ရှိနေတာပါလို့ ပြသရာရောက်တယ်လို့ ရှမစ်သမုဒ္ဒရာအဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဂျိုတီကာဗီယာမာနီက ပြောပြခဲ့ပါတယ်။
၁ ကီလိုမီတာထက် မြင့်မားတဲ့ ရေအောက်တောင်တွေ ကမ္ဘာပေါ်မှာ ၁ သိန်းကျော်လောက်ရှိနေပြီး အခုမှ ၁၀ ပုံ ၁ ပုံကိုသာ တွေ့ရှိထားကြောင်း NOAA က ဆိုပါတယ်။
ရေအောက်တောင်တွေကို ရှာဖွေရာမှာ ရေအောက်ယာဥ်များ၊ အဝေးထိန်းယာဥ်များဖြင့် အသုံးပြုနေကြတာ ဖြစ်ပါတယ်။
#World_Science #ဧရာမရေအောက်တောင်ကြီး #သုတေသီများရှာဖွေတွေ့ရှိ #Source: WION