Published 15 December 2023 
 
အင်္ဂလန် အနောက်တောင်ပိုင်း ဒေါဆက် ဂျူရာဆစ်ကမ်းခြေရှိ ချောက်ကမ်းပါးတွေမှာ ပင်လယ်ရေနေသတ္တဝါ ပလီယိုဆောရဲ့ ဦးခေါင်းခွံကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 
 
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ခန့်က သမုဒ္ဒရာပင်လယ်တွေမှာ ကျင်လည်ကျက်စားခဲ့တဲ့ ရှေးဟောင်းအသားစားသတ္တဝါကြီးကို လေ့လာခွင့် ရရှိလာမှာဖြစ်ပါတယ်။ 
 
၂ မီတာရှည်တဲ့ ရုပ်ကြွင်းဟာ တွေ့ရှိဖူးသမျှ ထိုကဲ့သို့ အမျိုးအစားတွေထဲမှာ အပြည့်စုံဆုံး ရုပ်ကြွင်းတစ်ခုဖြစ်ပြီး ဦးခေါင်းခွံမှာ ဓားသွားကဲ့သို့ ထက်လွန်းတဲ့ သွား ၁၃၀ ချောင်းရှိတာကြောင့် တစ်ချက်ကိုက်ရုံဖြင့် သတ်ဖြတ်နိုင်စွမ်းရှိတယ်လို့ ယူဆထားကြပါတယ်။ 
 
ဒီရုပ်ကြွင်းရဲ့ ထူးခြားချက်က ပြည့်စုံတဲ့ရုပ်ကြွင်းဖြစ်နေပြီး လေ့လာဖူးသမျှထဲမှာ အကောင်းဆုံးတစ်ခုဖြစ်တယ်လို့ ရှေးဟောင်းရုပ်ကြွင်းပညာရှင် စတိဗ်အက်ချ်စ်က ဆိုပါတယ်။ 
 
ဘရစ္စတိုလ်တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရိုဝီက ပလီယိုဆောကို ရေအောက်တီရက်စ်လို့ သတ်မှတ်လိုက်ပါတယ်။
 
အလျား ၁၀ မီတာမှ ၁၂ မီတာခန့်ရှည်လျားကာ ရေယက်လိုမျိုး အားကောင်းတဲ့ ခြေလက် ၄ ချောင်းပါဝင်ပြီး အဆင့်အမြင့်ဆုံး သတ္တဝါသတ်ဖြတ်စက်ကြီးလို့ ခေါ်ကြပါတယ်။ 
 
ချောက်ကမ်းပါးအစွန်းပေါ်မှာ ရှိနေနိုင်တဲ့နေရာကို ဒရုန်းဖြင့် ရှာဖွေခဲ့ကြပြီး ဦးခေါင်းခွံကို ၁၅ မီတာမြင့်တဲ့နေရာကနေ ကြိုးဖြင့်ချိတ်ဆွဲကာ လတွေကြာအောင် အချိန်ယူသန့်ရှင်းခဲ့ရပါတယ်။ 
 
ရှေးဟောင်းရုပ်ကြွင်းဇီဝဗေဒ ပညာရှင် ပရော်ဖက်ဆာ အမ်မလီရေးဖီးလ်က ဦးခေါင်းခွံကို လေ့လာကာ ထိုပလီယိုဆောရဲ့ ကိုက်ဖြတ်မှုအားက ၃၃,၀၀၀ နယူတန်ခန့်ရှိနိုင်ပြီး ရေငန်မိချောင်းထက်ပင် အားကောင်းတယ်လို့ ခန့်မှန်းရပါတယ်။ 
 
သားကောင်တစ်ခုခုကြောင့် ရေထဲမှာပြောင်းလဲသွားတဲ့ ဖိအားကို အာရုံခံနိုင်တဲ့ နှုတ်သီးပါဝင်နေနိုင်ပါတယ်။ 
 
ဦးခေါင်းမှာရှိတဲ့ အပေါက်တစ်ခုကလည်း မှောင်တဲ့ရေနေရာတွေရှိ သားကောင်တွေကို ရှာဖွေနိုင်မယ့် အလင်းအာရုံကို ခံစားနိုင်စွမ်းရှိပါတယ်။ 
 
စတိဗ်အက်ချ်စ်က ဒီဦးခေါင်းကို သူ့ရဲ့ပြတိုက်မှာ ပြသဖို့ စီစဥ်နေပါတယ်။ 
Source: WION. 
#World_Discovery
#Yangon_Media_Group
#YMG_News #Yangon_Times