#World_Science
Published 20 May 2025
▪️ နေစကြဝဠာအဖွဲ့အစည်းရဲ့ အစွန်အဖျားပိုင်းမှာ အရာဝတ္ထုတစ်ခု ကွယ်နေတာကို လေ့လာခဲ့ပြီးနောက် နဝမမြောက်ဂြိုဟ်ဆိုတာ တကယ်ရှိနေနိုင်ပါတယ်။
▪️ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ တယ်ရီလောင်းဖန်နဲ့ အဖွဲ့က ပလူတိုဂြိုဟ်အကျော်မှာ ဧရာမဂြိုဟ်တစ်ခု ရှိနေနိုင်တယ်လို့ အဆိုပြုဖော်ပြလာပါတယ်။
▪️ ထူးခြားတဲ့ဖြစ်စဉ်အချို့ တွေ့ရှိထားရပြီး သက်တမ်းကြာရှည် Kuiper ရပ်ဝန်းအရာဝတ္ထုများရဲ့ ပတ်လမ်းကြောင်း တိမ်းစောင်းလာတာဟာ နဝမဂြိုဟ်ကြောင့်လို့ ဖြေရှင်းစရာ ဖြစ်လာပါတယ်။
▪️ ၂၀၁၆ တည်းက နက္ခတ္တပညာရှင်များဖြစ်တဲ့ ကွန်စတန်တင်ဘတ်တီဂင်နဲ့ မိုက်ခ်ဘရောင်းတို့က နက်ပကျွန်းဖြတ်သန်းဂြိုဟ်အရာဝတ္ထု (TNO)များကြား ပုံမှန်မဟုတ်တဲ့ အစုအဖွဲ့များကို သတိထားမိခဲ့ကြပြီး ဧရာမဝတ္ထုကြီးက ယင်းတို့အပေါ်ကို ဆွဲငင်အားသက်ရောက်နေနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
▪️ နဝမဂြိုဟ်သာ တကယ်ရှိရင် နက်ပကျွန်းဂြိုဟ်ထက် များစွာထုထည်ကြီးမားနိုင်ပြီး နေလုံးကနေ အကွာအဝေးများစွာ ဝေးကွာတည်ရှိနိုင်ပါတယ်။
▪️ သိပ္ပံပညာရှင်တွေက IRAS နဲ့ AKARI အနီအောက်ကောင်းကင် စောင့်ကြည့်ချက်များကြား ၂၃ နှစ်တာ နှိုင်းယှဉ်လေ့လာကြရာ နဝမဂြိုဟ်က နက်ပကျွန်းပတ်လမ်းကြောင်းကနေ များစွာကွာဝေးတာကြောင့် ပိုပြီးနှေးကွေးစွာ ရွေ့လျားနိုင်ကြောင်း ရှင်းပြထားပါတယ်။
▪️ နဝမဂြိုဟ်ရှိနိုင်တဲ့ ပတ်လမ်းကြောင်းအတိုင်း နေရာကွဲထွက်မှုပုံစံ ၁၃ စုံကို စမ်းသပ်လေ့လာခဲ့ကြရာ နဝမဂြိုဟ်လို့ သတ်မှတ်နိုင်မယ့်ပုံစံက တစ်စုံသာရှိပါတယ်။
▪️ နဝမမြောက်ဂြိုဟ်လို့ ယူဆနိုင်မယ့် အရာဝတ္တုရဲ့ ပတ်လမ်းကြောင်း အတိအကျကို ပိုမိုသိရှိဖို့အတွက် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
#Source: WION
#World_Health
Published 20 May 2025
▪️ AI နည်းပညာသစ်တစ်ခု အသုံးပြုကာ နိုင်ငံပေါင်း ၂၀ မှ လူပေါင်း ၅ သန်းကို ရင်ဘတ်အိတ်စ်ရေး စစ်ဆေးကြည့်ရှုခဲ့ကြပြီး အဆုတ်ကင်ဆာ အစောပိုင်းလက္ခဏာများ အောင်မြင်စွာ တွေ့ရှိခဲ့ပါတယ်။
▪️ အဆိုပါ AI အယ်ဂိုရစ်သမ်ကို AstraZeneca နဲ့ အိန္ဒိယကျန်းမာရေးနည်းပညာကုမ္ပဏီ Qure.ai တို့ ပူးပေါင်းထုတ်လုပ်ထားကာ အဆင့်မြင့် ရောဂါရှာဖွေရေးကိရိယာများ ရရှိမှုနည်းပါးတဲ့ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင်အမေရိကတို့မှာ စစ်ဆေးလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယင်းကုမ္ပဏီနှစ်ခုက ရင်းမြစ်ရှားပါးတဲ့ နေရာတွေမှာ AI စက်ပစ္စည်းများဖြင့် ကင်ဆာစောစီးစွာ တွေ့ရှိနိုင်ဖို့ ပူးပေါင်းထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
▪️ qXR အယ်ဂိုရစ်သမ်အသုံးပြုထားတဲ့ ရောဂါရှာဖွေရေးအစီအစဉ်ဟာ အစောပိုင်းကင်ဆာအဆင့်တွေမှာ တွေ့ရလေ့ရှိတဲ့ အခြေအနေတွေကို ရင်ဘတ်အိတ်စ်ရေးဖြင့် စမ်းသပ်ရှာဖွေပါတယ်။
▪️ ယခုထက်ထိတော့ လူပေါင်း ၅ သောင်းနီးပါးမှာ အဖုအကျိတ်သဘောမျိုး တွေ့ရှိထားပြီး စောစီးစွာ ကုသထိန်းသိမ်းဖို့ အကြံပြုထားပါတယ်။
▪️ လူပေါင်း ၅ သန်းမှာ စစ်ဆေးနိုင်ခဲ့တာက ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုရဲ့ စွမ်းပကားဖြစ်ပြီး အကုန်အကျသက်သာစွာ အဆုတ်ကင်ဆာစစ်ဆေးနိုင်တယ်ဆိုတာ သိရှိထားကြပြီလို့ AstraZeneca နိုင်ငံတကာကင်ဆာဗေဒ ဒုဥက္ကဌ တီဟွေဟောင်က ပြောသွားပါတယ်။
▪️ ဒီအောင်မြင်မှုကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ရှာဖွေရေးစနစ်တွေမှာ လိုအပ်ချက်များကို AI က ဘယ်လိုဖြည့်ဆည်းပေးလဲဆိုတာ သိသာထင်ရှားကြောင်း Qure.ai စီအီးအို ပရာရှန့်ဝါရီယာက မှတ်ချက်ပြုလိုက်ပါတယ်။
▪️ အလယ်အလတ်နဲ့ နွမ်းပါးတဲ့နိုင်ငံတွေလိုမျိုး ရောဂါစစ်ဆေးရေးအစီအစဉ်များ ချို့တဲ့တဲ့နေရာတွေမှာ qXR နည်းပညာက အကျိုးရှိလာစေမှာပါ။
▪️ AstraZeneca နဲ့ Qure.ai တို့က အခုဆိုရင် လက်လှမ်းဝေးတဲ့ အရပ်ဒေသတွေဆီ AI စစ်ဆေးရေးနည်းပညာများ ရောက်ရှိဖို့အတွက် ဒေသခံအစိုးရများ၊ ကျန်းမာရေးအေဂျင်စီများနဲ့ လုပ်ဆောင်နေပါတယ်။
#Source: India Today
တရုတ်နဲ့ အမေရိကန်ကြား မကြာသေးမီက အခွန်စည်းကြပ်နှုန်း လျှော့ချပြီးနောက်မှာပဲ တရုတ်မှ တင်ပို့ကုန်အသားပေး စက်ရုံများနဲ့ လုပ်ငန်းများဟာ အမေရိကန်ဖောက်သည်များထံမှ အော်ဒါများ ပြန်လည်ရရှိလာပါတယ်။
#World_Business
Published 19 May 2025
#အခွန်စည်းကြပ်မှုလျှော့ပေါ့ #အမေရိကန်မှာယူမှုပြန်လည်မြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 May 2025
၁။ Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်မည်
၂။ ပထမအကြိမ် အာဆီယံဒူးရင်းပွဲတော်တွင် ပါဝင်ပြသရန် မြန်မာကို ဖိတ်ကြားထား
၃။ မဟာမြတ်မုနိဘုရားအား ယနေ့ဖူးမြှော်ခွင့်ပြု၊ ဥပုသ်နေ့တိုင်း ဖူးမြှော်နိုင်ရန်ဆောင်ရွက်နေ
၄။ အခွန်စည်းကြပ်မှုလျှော့ပေါ့ကြောင်း ကြေညာပြီးနောက် တရုတ်မှကုန်ပစ္စည်းများအမေရိကန်မှာယူမှုပြန်လည်မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 19 May 2025
▪️ အိမ်သုံးပလတ်စတစ်ပစ္စည်းတွေထဲမှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေကြောင့် တစ်နှစ်အတွင်းမှာပင် ကမ္ဘာတဝှမ်းမှာ နှလုံးရောဂါကြောင့် သေဆုံးသူ ၃ သိန်းခွဲကျော်ရှိကြောင်း Lancet လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အစားအစာထည့်တဲ့ ဗူးတွေ၊ ပိုက်တွေ၊ အလှကုန်ပစ္စည်းတွေစတဲ့ ပစ္စည်းတွေထဲမှာ ပလတ်စတစ်ကို ပျော့ပျောင်းအောင်အသုံးပြုရတဲ့ DEHP ဓာတုပစ္စည်းကို NYU Langone Health မှ သိပ္ပံပညာရှင်များဦးဆောင်ကာ သုသေသနပြုလုပ်ခဲ့ကြပါတယ်။
▪️ ၂၀၁၈ တစ်နှစ်တည်းမှာပဲ DEHP ထိတွေ့မှုကြောင့် နှလုံးဆက်စပ် သေဆုံးမှုပေါင်း ၃.၅၆ သိန်းကျော် ဖြစ်စေခဲ့ကာ အထူးသဖြင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြားလူတွေ များပါတယ်။
▪️ သုတေသီအဖွဲ့က နိုင်ငံပေါင်း ၂၀၀ ထံမှ ကျန်းမာရေးစစ်တမ်းများနဲ့ ဆီးစမ်းသပ်မှုများ ရယူအသုံးပြုခဲ့ကာ သေဆုံးသူမှတ်တမ်းများမှ အချက်အလက်နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ လေ့လာချက်အရ တောင်အာရှ၊ အရှေ့အာရှ၊ ပစိဖိတ်၊ အရှေ့အလယ်ပိုင်းတို့မှ နိုင်ငံတွေမှာ အဆိုးဆုံးသက်ရောက်နေပြီး ထိုဓာတုပစ္စည်းများနဲ့ ဆက်စပ်တဲ့ သေဆုံးမှုပေါင်း ၇၅ ရာခိုင်နှုန်းရှိပါတယ်။
▪️ ဒီထဲမှာမှ သက်ကြီးလူဦးရေများပြားတဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့မှာ DEHP ကြောင့်သေဆုံးသူအများဆုံး ဖြစ်နေပါတယ်။
▪️ ဒီနိုင်ငံတွေက ပလတ်စတစ်ထုတ်လုပ်မှုများပေမယ့် ဓာတုဘေးကင်းစိတ်ချမှုပိုင်းမှာ စည်းမျဉ်းသတ်မှတ်ချက်တွေ အားနည်းနေတယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ DEHP က အမှုန်ငယ်များအဖြစ်သို့ ပြိုကွဲသွားတဲ့အခါ အစာ၊ ရေ၊ လေတို့ကနေ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတယ်။
▪️ ဒီအမှုန်တွေက နှလုံးသွေးကြောတွေကို ရောင်ရမ်းစေပြီး နှလုံးရောဂါ ဖြစ်လာနိုင်ခြေ များစေပါတယ်။
▪️ ကျန်းမာရေးအန္တရာယ်များအပြင် အဆိုပါသေဆုံးမှုများကြောင့် စီးပွားရေးဆုံးရှုံးမှုပေါင်း ဒေါ်လာ ၅၁၀ ဘီလီယံခန့် ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဒီအရေအတွက်တွေဟာ တကယ်တမ်းမှာတော့ ဒီထက်ပိုပြီး များပြားနိုင်ပါတယ်။
#Source: India Today
#World_Health
Published 19 May 2025
▪️ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ ကင်ဆာအကျိတ်တွေ လျင်မြန်စွာပျံ့ပွားတဲ့ နောက်ပိုင်းအဆင့် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ပြီး အရိုးတွေအထိ ပျံ့နှံ့နေပြီလို့ ဘိုင်ဒင်ရုံးခန်းက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
▪️ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ဟာ ဆီးလမ်းကြောင်းလက္ခဏာများ ခံစားရပြီးနောက် သောကြာနေ့မှာ ကင်ဆာတွေ့ရှိခဲ့တာဖြစ်ကာ သူနဲ့မိသားစုဝင်တွေက ကုသလို့ရနိုင်မယ့် နည်းလမ်းများကို ဆရာဝန်များနဲ့အတူ ဆန်းစစ်နေတယ်လို့ သိရပါတယ်။
▪️ အခုအဆင့်က ရောဂါလျင်မြန်စွာပျံ့ပွားတဲ့အဆင့် ဖြစ်နေပြီး ဟော်မုန်းသက်ဆိုင်တဲ့ပုံစံ ဖြစ်နေကာ ထိရောက်စွာ ထိန်းချုပ်နိုင်မယ့်သဘော ရှိတယ်လို့ ဆိုပါတယ်။
▪️ ပျံ့ပွားနေတဲ့ ကင်ဆာတွေကို အဆင့်အမြင့်ဆုံး အဆင့် ၄ ကင်ဆာအဖြစ် သတ်မှတ်ကြပါတယ်။
▪️ ဆီးကျိတ်ကင်ဆာတွေက များသောအားဖြင့် အစောပိုင်းအဆင့်မှာ တွေ့ရှိကြပါတယ်။
▪️ အမေရိကန်မှာ ၂၀၂၁ အတွင်း ဆီးကျိတ်ကင်ဆာဖြစ်ပွားသူ ၂၃၆,၆၅၉ ဦးရှိခဲ့ရာ ၇၀ ရာခိုင်နှုန်းလောက်က ဆီးကျိတ်ကျော်လွန်ပြီး မပျံ့ပွားခင်မှာ ရောဂါတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဘိုင်ဒင်ဟာ သမ္မတသက်တမ်းကာလအတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ ကြုံတွေ့ခဲ့ပြီး ယမန်နှစ်က ပြန်လည်ရွေးကောက်ခံဖို့ ကြိုးစားနေရင်းကနေ အဆုံးသတ်ခဲ့ရပါသေးတယ်။
▪️ ဘိုင်ဒင်ကို အကြိမ်ကြိမ်ဝေဖန်တိုက်ခိုက်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်ကတော့ ဘိုင်ဒင်နဲ့ မိသားစုအတွက် ကိုယ်ချင်းစာမိကြောင်းနဲ့ အမြန်ဆုံးပြန်လည်သက်သာရန် ဆုတောင်းပေးကြောင်း Truth Social မှာ ဖော်ပြခဲ့ပါတယ်။
▪️ NYU Langone ဆေးရုံမှ ဆီးလမ်းကြောင်းအထူးကု ဒေါက်တာ ဟာဘတ်လီပေါ်က ဘိုင်ဒင်ရဲ့ ကင်ဆာသတ်မှတ်ချက်အဆင့်က အင်မတန်အန္တရာယ်များပေမယ့် ယောက်ျားအများစုဟာ ဆီးကျိတ်ပျံ့ပွားကင်ဆာရှိနေရက်နဲ့ပင် ၅ နှစ်ကနေ ၁၀ နှစ်ကျော်အထိ အသက်ရှင်နေထိုင်နိုင်ကြတယ်လို့ ပြောပါတယ်။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အဆင့်မြင့်ဆီးကျိတ်ကင်ဆာ ကုသရေးမှာ တိုးတက်မှုအများကြီး ရှိလာပြီလို့လည်း ပြောသွားပါတယ်။
▪️ နော့သ်ဝက်စ်တန်းဟက်လ်နက်ဝက်မှ ကင်ဆာပရိုဂရမ် ဆေးဖက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ္စဂျော့ဂျ်က ဆီးကျိတ်ကင်ဆာဟာ အရိုးတွေဆီ ပျံ့သွားတာနဲ့ ကုသလို့မရတော့ပေမယ့် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေတော့ရှိတယ်လို့ ပြောပါတယ်။
#Source: Reuters
#World_Health
Published 19 May 2025
▪️ အူလမ်းကြောင်းနဲ့ ဦးနှောက်တို့က အတော်လေးဆက်စပ်နေပြီး အူလမ်းကြောင်းကျန်းမာရေး မကောင်းရင် အိပ်စက်မှုအပိုင်းမှာ ပြဿနာကြီး ဖြစ်လာနိုင်တယ်လို့ ဆမ်တက်ဂျာဒါက ပြောပါတယ်။
▪️ အိပ်စက်မှုကို ထောက်ကူပေးတဲ့ မယ်လတိုနင်အဖြစ်သို့ ပြောင်းလဲပေးတဲ့ ဆယ်ရိုတိုနင်တွေက အူထဲမှာ ထုတ်လုပ်တာဖြစ်ပါတယ်။
▪️ ဒါကြောင့် အူကျန်းမာရေးမကောင်းရင် ဒီဟော်မုန်းတွေထုတ်လုပ်မှု နည်းစေပြီး အာဟာရစုပ်ယူမှု ခက်ခဲစေပါတယ်။
▪️ တက်ဂျာဒါက အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေမယ့် နည်းလမ်း ၆ မျိုးကို ဖော်ပြသွားပါတယ်။
▪️ (၁) အမျှင်ဓာတ်ပိုစားခြင်း
အသီးအနှံ၊ ဟင်းရွက်တို့မှ အမျှင်ဓာတ်များနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွတ်တို့လို ပရီဘိုင်အိုတစ်တွေက ကောင်းကျိုးပြု အူဘက်တီးရီးယားများကို ထောက်ပံ့ကူညီပြီး ကိုလက်စ်ထရောလ်ကျဆင်းစေကာ ကိုယ်အလေးချိန် ထိန်းသိမ်းပေးနိုင်ပါတယ်။
▪️ (၂) ပရိုဘိုင်အိုတစ်မှီဝဲခြင်း
ပရိုဘိုင်အိုတစ်တွေက အစားအစာနဲ့ ဖြည့်စွက်ဆေးတို့မှ အကျိုးပြုဘက်တီးရီးယားများ ဖြစ်ပြီး အာဟာရများ ထုတ်ယူပေးကာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ လိုအပ်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးပါတယ်။
▪️ (၃) အဆင့်ဆင့်ထုတ်လုပ်စားစရာများကန့်သတ်ခြင်း
ဒီလိုမျိုး အစားအစာတွေနဲ့ သကြားက ဆိုးကျိုးပြုဘက်တီးရီးယားများကို ပေါက်ဖွားစေကာ အူရောင်ရမ်းစေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
▪️ (၄) ကျန်းမာရေးစစ်ဆေးချက်ရယူခြင်း
ဓာတ်ခွဲခန်းစမ်းသပ်ချက်များ ကြည့်ရှုပြီး အရေးပါတဲ့ ဖြစ်စဉ်တွေ၊ ပြဿနာတွေကို သိရှိစေကာ အူလမ်းကြောင်း မညီမျှခြင်းကိုဖြစ်စေတဲ့ နောက်ခံအကြောင်းအရင်းကို သိရှိစေနိုင်သဖြင့် ပြုပြင်ထိန်းသိမ်းနိုင်စေမှာပါ။
▪️ (၅) ရေဓာတ်ထိန်းသိမ်းခြင်း
တစ်နေ့တာအတွက် လိုအပ်တဲ့ ရေ ၈ ခွက်သောက်သုံးခြင်းဖြင့် ရေဓာတ်ပြည့်ဝနေစေကာ အစာခြေရာမှာ အထောက်အကူဖြစ်စေပါတယ်။
▪️ (၆) နောက်ကျမှစားသောက်ခြင်းကိုလျှော့ချခြင်း
နောက်ကျမှစားသောက်ခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေတဲ့အပြင် အဝလွန်နိုင်ခြေလည်း များစေသဖြင့် ညနေ ၅ နာရီမှ ၇ နာရီအတွင်း နောက်ဆုံးထား စားသောက်သင့်ပါတယ်။
▪️ အထူးသဖြင့် နောက်ကျမှ အစားများများစားခြင်းက မအီမသာဖြစ်စေပြီး အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။
#Source: New York Post
Page 65 of 1016