#World_Fashion
Published 23 November 2022
အာဖရိကမှာ အချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ဦးဖြစ်တဲ့ တောင်အာဖရိကလူမျိုး'မိုလွိုင်မော့ဆက်ပီ'ဟာ ယဉ်ကျေးမှုကွဲပြားခြားနားတဲ့တိုက်ကြီးမှ ငယ်ရွယ်တက်ကြွတဲ့ ဖက်ရှင်ဒီဇိုင်နာများကို မြှောက်စားပေးနေသူ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 November 2022
၁။ အောင်ပန်းလိမ္မော် လှိုင်လှိုင်ပေါနေပြီး ဈေးကောင်းရရှိနေ
၂။ ပြည်ပဝယ်လိုအားများနေ၍ ကြက်သွန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ဟုဆို
၃။ မီးမလာ၍ရေပြတ်လတ်သွားသည့် ဆေးရုံကြီးများနှင့်ရပ်ကွက်နေပြည်သူများကို ရေလှူဒါန်းပေးနေ
၄။ အာဖရိက ဖက်ရှင်လောကကိုဦးဆောင်နေသူ နာမည်ကျော် တောင်အာဖရိကအမျိုးသမီးမိုလွိုင်မော့ဆက်ပီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Sports
Published 23 November 2022
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမေရိကန်လူမျိုးပိုင်ရှင်တွေဟာ အသင်းကိုရောင်းချဖို့ စဉ်းစားထားတယ်လို့ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။
ရောင်းဝယ်မှုဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေမယ့် အသင်းတိုးတက်ရေးအတွက် အသင်းပိုင်ရှင်'ဂလေဇာ'မိသားစုဟာ ပြင်ပရန်ပုံငွေများရှာဖွေနေကြောင်း မန်ယူအသင်းက ပြောကြားခဲ့ပါတယ်။
"ဘုတ်အဖွဲ့ဟာ ကလပ်အသင်းသို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ ရောင်းချခြင်း ဒါမှမဟုတ် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အခြားငွေပေးငွေယူကိစ္စများအပါအဝင် ဗျူဟာမြောက်လုပ်ငန်းစဉ်များကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။
ရောင်းချမှုမှန်သမျှနဲ့ လတ်တလောရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ်ရန် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် ရိန်း(the Raine Group)ကို တာဝန်ပေးထားပါတယ်။
ရိန်းဘဏ်ဟာ ယခုနှစ်အစောပိုင်းကလည်း ပရီးမီးယားလိဂ်ကလပ်ချယ်လ်ဆီးအသင်းကို 'တော့ဒ်ဘိုလီ'နဲ့ 'ကလီးယားလိတ်ခ်'တို့ထံ ရောင်းချခဲ့ရာမှာ ပေါင် ၂.၅ ဘီလီယံအပြင် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု ပေါင် ၁.၇၅ ဘီလီယံတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။
'ဂလေဇာ'မိသားစုဟာ မန်ယူကို အပြည့်အဝချုပ်ကိုင်ထားခြင်း မလုပ်တော့ဘူးလို့ အာမခံချက်မရှိပေမယ့် အခုလိုရောင်းချမယ့်သတင်းထွက်ပေါ်လာတာက အရင်ကတည်းက 'ဂလေဇာ'ထွက်ခွာရေးအစီအစဉ်တွေ ပြုလုပ်နေတဲ့ မန်ယူပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်ဖြစ်လာပါပြီ။
ကွယ်လွန်ပြီးဖြစ်တဲ့ သူဌေးကြီး'မယ်လ်ကွန်ဂလေဇာ'ဟာ ၂၀၀၅ ခုနှစ်တုန်းက မန်ယူအသင်းကို ပရိသတ်တွေဝေဖန်နေတဲ့ကြားက ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့ပါတယ်။
မကျေနပ်ချက်တွေက ပြီးခဲ့တဲ့နှစ်များအတွင်းမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး လတ်တလောကာလတွေမှာ ဒေါသတကြီးဆန္ဒပြမှုတွေ ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားတာကြောင့် ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်နဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
"မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်အားက ကမ္ဘာတဝှမ်းက ပရိသတ် ၁.၁ ဘီလီယံရဲ့ စိတ်အားထက်သန်မှုနဲ့ သစ္စာရှိမှုတို့အပေါ် မူတည်နေပါတယ်" လို့ ပူးတွဲဥက္ကဌများဖြစ်တဲ့ 'အေဗရမ်ဂလေဇာ'နဲ့ 'ဂျိုးလ်ဂလေဇာ'တို့က ထုတ်ပြန်ခဲ့ပါတယ်။
"လက်ရှိရော အနာဂတ်မှာပါ အသင်းအတွက် အတိုးတက်ဆုံးအခြေအနေကို ရောက်ရှိအောင်လုပ်ပြီး ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်အောင် ရွေးချယ်လုပ်ဆောင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
အသင်းကို အကြွေးနဲ့ဝယ်ယူခဲ့တဲ့ ဂလေဇာရဲ့လုပ်ရပ်၊ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ အမြတ်အစွန်းများကို ပိုင်ရှင်တွေမှ ခွဲဝေယူကြခြင်းများအပေါ် မန်ယူပရိသတ်များက ဝေဖန်ခဲ့ကြပါတယ်။
နည်းပြကြီး'အဲလက်စ်ဖာဂူဆန်'အနားယူပြီးနောက် မန်ယူအသင်းအနေနဲ့ ဆုတ်ယုတ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခြင်းမရှိတော့ဘဲ အဓိကမြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ခါးသီးတဲ့ပြိုင်ဘက် လီဗာပူးလ်တို့ကသာ အင်္ဂလိပ်လိဂ်ကို စိုးမိုးနေခဲ့ပါတယ်။
အသင်းဖွံ့ဖြိုးရေးအစီအစဉ်တွေထဲမှာ ပရိသတ်တွေ တောင်းဆိုထားကြတဲ့အတိုင်း အိုးလ်ထရက်ဖို့ဒ်ကွင်းကို တိုးတက်ပြောင်းလဲဖို့လည်း ပါဝင်ပါတယ်။
INEOS ရေနံဓာတုကုမ္ပဏီရဲ့ ဘီလျံနာသူဌေး'ဂျင်မ်ရက်ကလစ်ဖ်'က မန်ယူပရိသတ်ဖြစ်ခဲ့ပေမယ့်လည်း အသင်းအားဝယ်ယူရေးမှာတော့ ယခုလအတွင်း စိတ်ဝင်စားမှုလျော့ကျသွားခဲ့ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 23 November 2022
ရှေးအရင်က နာမည်ကြီးအရေပြားရောဂါဖြစ်ခဲ့တဲ့ နူနာရောဂါဟာ လူသားတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိလာနိုင်ပါတယ်။
လေ့လာချက်အသစ်အရ နူနာရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ထဲရှိ အရေးအကြီးဆုံးအင်္ဂါတွေထဲက တစ်ခုဖြစ်တဲ့ အသည်းကို ပြန်လည်နုပျိုလာအောင် လုပ်ဆောင်နိုင်ဖွယ်ရှိနေပါတယ်။
အဆိုပါတွေ့ရှိချက်တွေကို Cell Reports Medicine ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အသည်းအင်္ဂါဟာ လူ့ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး သူ့မှာ ကိုယ်ပိုင်ပြန်လည်ရှင်သန်နိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း သိပ္ပံပညာရှင်များ သိပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ အသက်အရွယ်နဲ့အမျှ အိုမင်းလာပြီး ပျက်စီးလာတဲ့အသည်းတွေကတော့ ပြန်လည်နုပျိုနိုင်ဖို့ခက်ခဲတာကြောင့် ပြုပြင်ထိန်းသိမ်းရမယ့်နည်းလမ်း ရှာဖွေနေခဲ့ကြပါတယ်။
ဟန်းဆန်းရောဂါလို့လည်းခေါ်တဲ့ နူနာရောဂါ(လက်ပရိုဆီ)ဟာ လူတွေကို နှစ်ပေါင်းထောင်ချီပြီး ဒုက္ခရောက်စေခဲ့ကာ သမိုင်းတွင်ရောဂါတစ်ခုဖြစ်ခဲ့ပါတယ်။
၁၉ ရာစုနဲ့ ၂၀ ရာစုတွေကပင် နူနာရောဂါစွဲကပ်သူတွေဟာ ရောဂါကြောင့် လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ကြရပါတယ်။
အခုခေတ်မှာလည်း ရောဂါကူးစက်မှာစိုးတဲ့အတွက် နူနာရောဂါသည်တွေကို ဆေးရုံတက်စေကာ လူတွေနဲ့ထိတွေ့ခြင်းကို ပိတ်ပင်ကြပါတယ်။
နူနာရောဂါဟာ မျိုးရိုးဗီဇနဲ့ လိင်ကူးစက်မှုတို့မှ ကူးစက်လာကြမှာကို စိုးရိမ်နေကြပြီး ကလေးမရနိုင်အောင် လိင်မှုကိစ္စမှ ရှောင်ကျဉ်ခိုင်းထားကြပါတယ်။
ဒါပေမဲ့ နူနာရောဂါက မျိုးရိုးဗီဇအရ မကူးစက်သလို ရောဂါသည်က မွေးလာတဲ့ကလေးမှာ မကူးစက်တတ်တဲ့အပြင် လိင်မှုထိတွေ့ခြင်းအရလည်း မကူးစက်ပါဘူး။
မိုင်ကိုဘက်တီးရီးယမ်လက်ပရေးလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တတ်ပေမယ့် ကူးစက်မှုနည်းသလို ဘက်တီးရီးယားနဲ့ ထိတွေ့သူ ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း နူနာရောဂါဖြစ်မလာကြပါဘူး။
အသည်းပတ်သက်မှုကိုလေ့လာရာမှာ သင်းခွေချပ်ကဲ့သို့ အကြေးခွံမာတွေပါဝင်တဲ့ အာမာဒီလိုသတ္တဝါ ၅၇ ကောင်နဲ့ စမ်းသပ်ခဲ့ပါတယ်။
ထိုသတ္တဝါတွေဟာ နူနာဘက်တီးရီးယားများ သဘာဝအတိုင်းနေထိုင်ရာ အကောင်တွေဖြစ်ပါတယ်။
အာမာဒီလိုတွေမှာ အသည်းကြီးမားလာကြပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ကင်ဆာအကြိတ်လက္ခဏာတွေ မတွေ့ရပါဘူး။
ဒါကြောင့် လက်ပရိုဆီဘက်တီးရီးယားတွေက အသက်အရွယ်အရ ကျဆင်းလာတဲ့ အသည်းဆဲလ်တွေကို အသစ်ပြန်ဖြစ်စေနိုင်တယ်လို့ ယူဆရပါတယ်။
နှစ်စဉ်နှစ်တိုင်း အသည်းရောဂါကြောင့် လူပေါင်းသန်းနဲ့ချီ သေဆုံးနေကြပြီး အသည်းအစားထိုးခွဲစိတ်ခြင်းကလည်း အန္တရာယ်များဆဲဖြစ်ပါတယ်။
အသည်းရဲ့ ပြန်လည်နုပျိုတဲ့စွမ်းရည်ကိုသာ မြှင့်တင်ပေးနိုင်ရင် အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မှာဖြစ်ပေမယ့် လူသားတွေမှာ အလုပ်ဖြစ်မဖြစ်ကတော့ ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 23 November 2022
ကိုယ်ဝန်မရမှာ စိုးရိမ်ပူပန်နေကြသူတွေအတွက် ကုထုံးနည်းလမ်းက ကိုယ်ဝန်ရစေရန် အထောက်အကူဖြစ်စေကြောင်း သုတေသီများက အကြံပြုလိုက်ပါတယ်။
စိတ်ဖိစီးမှုဖြစ်ခြင်းက ဟော်မုန်းပြဿနာများဖြစ်လာစေတယ်လို့ သိရှိထားကြပြီး ကလေးယူမယ့် ကျန်းမာရေးအခြေအနေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။
ကနေဒါပညာရှင်များက မျိုးပွားခြင်းအပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဘယ်လောက်ရှိလဲဆိုတာကို လေ့လာမှု ၅၀ ဖြင့် ကြည့်ရှုခဲ့ကြပါတယ်။
စိတ်အာရုံစူးစိုက်ထားခြင်း၊ အကြံပေးခြင်း၊ အပြုအမူဆိုင်ရာကုထုံး၊ စကားပြောကုထုံးများဖြင့် ကလေးလိုချင်နေတဲ့ အတွဲတွေအတွက် စိတ်ဖိစီးမှုသက်သာအောင် ပြုလုပ်နိုင်တယ်လို့ အကဲဖြတ်ခဲ့ကြပါတယ်။
အဆိုပါကုထုံးများ ခံယူခဲ့သူတွေမှာ ကိုယ်ဝန်ရနိုင်ချေ ၂၅ ရာခိုင်နှုန်းများလာကြောင်း သုတေသီများ မှတ်ချက်ပြုခဲ့ကြပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Agriculture
Published 22 November 2022
ထိုင်းနိုင်ငံမှသုတေသီတွေဟာ ရေကြီးမှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဆန်မျိုးကွဲအသစ်တစ်မျိုးကို ထုတ်လုပ်နေပြီး ဒီမျိုးကွဲဟာ တိုင်းပြည်ရဲ့စိုက်ပျိုးရေးနဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးမှာ တိုးတက်ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 Nov 2022
တရုတ်နိုင်ငံ အလယ်ပိုင်းရှိစက်ရုံတစ်ရုံမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းခဲ့တဲ့အတွက် လူပေါင်း ၃၈ ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ ဒီမီးလောင်ကျွမ်းမှုဟာ တရားမဝင် ဂဟေဆော်တဲ့အတွက်ကြောင့် ဖြစ်ရတယ်ဆိုပြီး အာဏာပိုင်တွေက အလုပ်သမားတွေကို အပြစ်တင်ထားပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုနန်ပြည်နယ်က အန်ယန်မြို့မှာရှိတဲ့အန်ယန်ခိုင်ဇင်ဒါကုန်သွယ်ရေးကုမ္ပဏီပိုင် စက်ရုံတစ်ရုံမှာ တနင်္လာနေ့ ညနေ ၄နာရီ ၂၂မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အချက်ပေးသံရရှိပြီးနောက် မြူနီစပါယ်မီးသတ်အဖွဲ့ဟာ မီးလောင်ရာကိုချက်ခြင်းသွားပြီး ငြှိမ်းသတ်ခဲ့လို့ မီးကို ည၁၁နာရီခန့်မှာ အပြီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ စီစီတီဗွီက ပြောပါတယ်။
စီစီတီဗွီသတင်းဌာနရဲ့ သတင်းဗွီဒီယိုထဲမှာ မီးတောက်တွေထဲကနေ မီးခိုးလုံးအမည်းကြီးတွေလိပ်တက်လာတာကိုတွေ့ကြရပါတယ်။ မီးသတ်ကား အနည်းဆုံး(၂)စီးကလည်း မီးတွေကို ကြိုးစားငြှိမ်းသတ်ပေးခဲ့ကြပါတယ်။
သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်လိုက်ရပေမယ့် သူတို့နှစ်ဦးဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ တရုတ်အစိုးရရဲ့ ပြည်သူ့နေစဉ်သတင်းစာက သတင်းရေးသားပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ တရားခံလို့သံသယရှိသူတွေကို ရဲကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အလုပ်သမားတွေဟာ အန္တရာယ်ကင်းရှင်းရေးစည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး လျှပ်စစ်ဂဟေဆော်ခဲ့ကြရာကနေ မီးလောင်ရတာဖြစ်တယ်လို့ စီစီတီဗွီရုပ်သံကကြေညာပါတယ်။
အန္တရာယ်ကင်းရှင်းရေးစံသတ်မှတ်ချက်တွေအားနည်းမှုနှင့် အရာရှိတွေ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် တရုတ်နိုင်ငံမှာ စက်ရုံအလုပ်ရုံ မတော်တဆထိခိုက်မှုတွေဟာ ပုံမှန်လိုဖြစ်နေကြတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
အန်ယန်မြို့စက်ရုံမီးလောင်သလိုပဲ အဲဒီတစ်ရက်တည်းမှာတင် ရှန်ဇီပြည်နယ်မြို့တော် ထိုင်ယွမ်မြို့အနီး ဓာတုဗေဒစက်ရုံတစ်ရုံမှာလည်း ပေါက်ကွဲမှဒတစ်ခုဖြစ်ခဲ့ပါသေးတယ်။
ဇွန်လအတွင်းက ရှန်ဟိုင်းက ဓာတုဗေဒစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်လို့ တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း အေအက်ဖ်ပီကသတင်းပေးပို့တာဖြစ်ပါတယ်။
Source: AFP/CCTV
#China_factory_Fire
#Anyang_City_Henan_Province
#Fire_killed_38_in_Anyang_factory
Page 571 of 864