၃ စက်တင်ဘာ ၂၀၂၃
သွားတိုက်ဆေး၊ ချောကလက်၊အဝတ်လျှော်ဆပ်ပြာမှုန့်နှင့် အနံ့အသက်ပျောက်ဆေးခဲတွေစတဲ့ နေ့စဉ်လူသုံးပစ္စည်းတွေကို ယခုအခါ အမေရိကန်ရဲ့ လက်လီအရောင်းဆိုင်တွေမှာ တစ်နေ့တစ်ခြား သော့ခတ်ရောင်းချနေရတာ တိုးပွားလာနေတယ်လို့ အေအက်ဖ်ပီသတင်းကရေးသားပါတယ်။ ဒါဟာ လူနေမှုစရိတ်တွေ အမေရိကန်မှာ မြင့်တက်လာနေတာကို စားသုံးသူတွေ ရင်ဆိုင်နေရတဲ့အတွက် အသေးအဖွဲအလစ်သုတ်တဲ့သူတွေနှင့် ဂိုဏ်းဖွဲ့ပြီး အရောင်းဆိုင်တွေမှာ အုပ်စုလိုက်အလစ်သုတ်တာတွေ များ လာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအလစ်သုတ်သူတွေများလာတာကြောင့် အမေရိကန်ရဲ့ အထင်ကရ လက်လီကုန်စုံဆိုင်ကြီးတွေ ဖြစ်ကြတဲ့ ဝေါလ်မတ်နှင့် တားဂက်၊ ဆေးဆိုင်အရောင်းဆိုင်တွဲတွေဖြစ်တဲ့ စီဗွီအက်စ်နှင့် ဝေါဂရင်း၊ အိမ်အလှပြုပြင်ဆိုင်ဖြစ်တဲ့ ဟုမ်းဒီပို့တ်နှင့် ဖိနပ်ဆိုင် ဖု(တ်)လော့ကာတို့ဟာ စိုးရိမ်ပူပန် နေကြပါ တယ်။
“ လက်လီဆိုင်တော်တော်များများအပေါ် ဂိုဏ်းဖွဲ့ခိုးယူကြတာနှင့် အလစ်သုတ်တာတွေ ရဲ့ အကျိုးသက်ရောက်မှုက ပိုမိုးဆိုးရွားလာနေပါတယ်” လို့ ဒစ်ခ် အားကစားပစ္စည်းလုပ်ငန်းက အမှုဆောင်အရာရှိချုပ် လောရင်းဟိုဘတ်က အေအက်ဖ်ပီကိုပြောပါတယ်။
ဒုတိယလေးလပတ်ရဲ့ ကုမ္ပဏီကုန်စာရင်းမှာ အလစ်သုတ်တာတွေရဲ့ အကျိုးဆက်က အတော့်ကို သက်ရောက်နေတယ် လို့လည်း သူမကဆက်ပြောပါတယ်။
“ ဒီနှစ်ပထမငါးလမှာ ကျွန်တော်တို့ရဲ့စတိုးဆိုင်တွေမှာ အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက် ခြိမ်းခြောက်မှုတွေနှင့်တွဲပြီး အလစ်သုတ်တာတွေဟာ ၁၂၀ ရာခိုင်နှုန်း တိုးပွားလာတယ်” လို့ တားဂက် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘရီယန်ကော်နယ်လ်ကလည်း ပြောပါတယ်။
“ ကျွန်တော်တို့အဖွဲ့ဟာ လက်လီဆိုင်အလစ်သုတ်တာတွေနှင့် ဂိုဏ်းဖွဲ့အလစ်သုတ်မှုခင်းကျူးလွန် တာတွေကို လက်မခံနိုင်စရာ ပမာဏတစ်ခုအထိ ဆက်ရင်ဆိုင်နေကြရဦးမှာပဲ” လို့ သူကဖြည့်စွက် ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၈လက အတိုးနှုန်းတွေဟာ သုညနားကပ်နေရာကေန ၅.၅ ရာခိုင်နှုန်းဝန်းကျင်မြင့်တက် လာပြီး ဒါဟာ ၂၂နှစ်အတွင်း အမြင့်မားဆုံး အဆင့်ရောက်လာတာပါ။ မူဝါဒချမှတ်သူတွေဟာ ငွေကြေးဖောင်းပွမှုကို ဘယ်လိုတိုက်ဖျက်ရမယ်ဆိုတာ နည်းလမ်းရှာနေပါတယ်။
ချေးငှားစရိတ်တွေမြင့်တက်လာတာကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေတိုးချဲ့ဖို့ ဈေးတွေပိုကြီးလာတာနှင့်ရင်ဆိုင်နေကြရပါတယ်။စားသုံးသူတွေဟာလည်း အသုံးအစွဲကျုံလာ နေကြပါတယ်။
အမျိုးသားလက်လီလုပ်ငန်းဖက်ဒရေးရှင်းရဲ့ ၂၀၂၂ လက်လီလုပ်ငန်းလုံခြုံရေးဆန်းစစ်ချက်အရ လက်လီလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၉၄.၅ ဘီလျံ ဆုံးရှုံးခဲ့ကြတယ်လို့ဆိုပါတယ်။
လက်လီလုပ်ငန်းတွေကျုံလာရတဲ့အထဲမှာ ဝန်ထမ်းတွေခိုးတာ၊ ပစ္စည်းအလစ်သုတ်တာတွေနှင့် အုပ်ချုပ်မှု အမှားတွေကြောင့်လည်း ပါဝင်ပါတယ်။
အဲဒါတွေကြောင့် စတိုးဆိုင်တွေဟာ ဒိုးယိုပေါက်မြင်ရတဲ့ နံရံတွေကို တပ်ဆင်လာရပြီး ပစ္စည်း စင်တွေကိုလည်း သော့တွေတွဲခတ်ထားရပါတယ်။ တစ်ခါတစ်ခါဆို ရေခဲသေတ္တာနှင့်ချိန်းကြိုးတွေ တွဲချိတ်သော့ခတ်တာတွေပါလုပ်ဆောင်ကြရပါတယ်။ ပြီးတော့မင်းလမ်းတွေမှာ ဝန်ထမ်းတွေ အတွက် လူခေါ်ဘဲလ်ခလုတ်တွ ပြန့်ကျဲတပ်ဆင်ထားနေရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။
ဒါပေမယ့် ဒီလိုလုံခြုံမှုအစီအမံဟာ ထိရောက်တဲ့ကာကွယ်မှုမပေးနိုင်သေးပါဘူး။
ဇွန်လတုန်းက နယူးယောက်ပြည်နယ်၊ကွင်းစ်က ဝေါဂရင်း ဆိုင်ခွဲတစ်ခုမှာ ခေါင်းစွပ်ဂျာကင် ဝတ်ထားပြီး နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဈေးဝယ်တွေနှင့် ဝန်ထမ်းတွေ မျက်စေ့အောက်မှာတင် မီးမှုတ်စက် blowtorch ကို အသုံးပြုပြီး သော့အိမ်ကို အရည်ဖျော်ပြီး ပစ္စည်းတွေကို အိတ်ထဲထည့် ပိုက်ဆံမရှင်းဘဲ ထွက်သွားခဲ့ပါတယ်။
အချို့လက်လီဆိုင်တွေက အန္တရာယ်ပြုလာမှာကို စိုးရိမ်တဲ့အတွက် အကယ်၍ အလစ်သုတ်တာတွေတွေ့ရင် အဲဒီသူတွေကို ဘာမှ မနှောက်ယှက်နှင့်၊ရဲကိုလည်းမခေါ်နှင့်လို့ မှာထားတယ်လို့ မီဒီယာသတင်းတွေကဆိုပါတယ်။
အချို့ကတော့ ဆိုင်အချို့ကိုပိတ်ပစ်ဖို့စဉ်းစားနေကြပါတယ်။ ဂျိုင်းယန့်လုပ်ငန်းဟာ အလစ်သုတ်မှုနှင့်အကြမ်းဖက်မှုတွေ သိသိသာသာဆိုးရွားနေတဲ့ ဝါရှင်တန်က စူပါမားကက်တစ်ခုကို ပိတ်ဖို့ အတော်ကြီးကို စဉ်းစားနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းလည်ပတ်ဖို့ အတော်ခက် တယ်လို့ အဲဒီလုပ်ငန်းရဲ့ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကိုပြောပါတယ်။
ဝေါဂရင်းဟာ အလစ်သုတ်မှုတွေကြောင့် အမြတ်မထွက်နိုင်တော့လို့ ၂၀၂၁ ခုနှစ်တုန်းက ဆန်ဖရန်စစ္စကိုက ဆိုင်ငါးဆိုင်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ဝေါမတ်ဟာ ဆိုင်လေးဆိုင်ပိတ်ခဲ့ရပါတယ်။
“ဒီနှစ်နည်းနည်းလျော့သွားတယ်၊မနှစ်က တိုးလာတယ်။ တစ်နိုင်ငံလုံးတော့ မတူကြဘူး” လို့ ဝေါမတ်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဂျွန်ရိန်းနေက အေအက်ဖ်ပီကိုပြောပါတယ်။
လျှပ်တစ်ပြက်လုယူမှုတွေဖြစ်တဲ့ အုပ်စုလိုက် စတိုးဆိုင်ကို ဝုန်းခနဲရောက်ချလာပြီး ပစ္စည်းတွေ ရသလောက်ကောက်ထည့်ပြီးထွက်ပြေးသွာတာမျိုးတွေကိုလည်း အွန်လိုင်းမှာ ပို့စ်ရေးတင်သူတွေ ရှိနေကြပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့က လော့အိန်ဂျလိမှာရှိတဲ့ နော့ဒ်စတုမ်းစတိုးဆိုင်မှာ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ လူ၃၀ ဦးခန့်က တန်ဖိုးကြီး ပစ္စည်းတွေ ဒေါ်လာ သုံးသိန်းဖိုးခန့်ကို အလစ်သုတ်ကာ အစောင့်ကိုလည်း စပရေးနှင့်ပက်သွားတယ်လို့ ရဲကပြောပါတယ်။
Source AFP
#World_Health
Published 3 September 2023
ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီး တည်နေရာ၊ ပြင်းထန်ပုံ၊ ကြာချိန် အမျိုးမျိုးရှိနိုင်ပြီး သူ့လက္ခဏာနဲ့သူ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
ရံဖန်ရံခါမှ ခေါင်းကိုက်တာမျိုးက သာမန်ဖြစ်ပေမယ့် မကြာခဏခေါင်းကိုက်နေပြီ ဆိုရင်တော့ ရောဂါအခံကြောင့် ဖြစ်နေနိုင်ပါတယ်။
(၁) ဖိစီးမှုနဲ့ ပူပန်သောကစိတ်
အလွန်အကျွံ စိတ်ဖိစီးပြီး ပူပန်သောက ရောက်နေရရင် ခေါင်းကိုက်လာပြီး စားသောက်ချင်စိတ်နဲ့ အိပ်စက်မှုတို့ကို ထိခိုက်လာပါတယ်။
(၂) ကောင်းစွာမအိပ်ရခြင်း
ကိုယ်ခန္ဓာကျန်းမာရေးနဲ့ အားအင်ပြန်လည် ပြည့်ဝစေရန် နှစ်ခြိုက်စွာအိပ်ပျော်ဖို့က အရေးကြီးတာကြောင့် အိပ်ရေးပျက်တယ်ဆိုရင် အထွေထွေကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၃) ရေဓာတ်ခန်းခြောက်ခြင်း
ခေါင်းကိုက်ခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။
(၄) မျက်ကြောတင်းခြင်း
အချိန်ကြာမြင့်စွာ ဖန်သားပြင်ကြည့်ခြင်း၊ စာဖတ်ခြင်းတို့ကြောင့် မျက်ကြောများတင်းလာကာ ခေါင်းကိုက်စေတဲ့အပြင် မျက်စိကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
(၅) နှာခေါင်းပေါက်ပြဿနာများ
နှာပိတ်ခြင်း၊ နှာခေါင်းလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတို့ကြောင့် ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။
(၆) ဟော်မုန်းအပြောင်းအလဲ
အမျိုးသမီးများမှာ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆုံးခြင်းတို့ ဖြစ်ပေါ်ချိန် ဟော်မုန်းပမာဏ အတက်အကျဖြစ်တတ်ပြီး မကြာခဏခေါင်းကိုက်ရတတ်ပါတယ်။
(၇) ကော်ဖီဖြတ်ခြင်း
ကော်ဖီပုံမှန် သောက်နေကျသူတွေက ကဖင်းဓာတ်မရတဲ့အခါ ခေါင်းကိုက်ခြင်း ခံစားရတတ်တာကြောင့် အကန့်အသတ်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
(၈) အချို့သောအစားအစာနှင့် စွဲလမ်းစေတဲ့ဆေးများ
အချို့သော စားစရာတွေနဲ့ အက်စ်ပါတမီ၊ နိုက်ထရိတ်တို့လို အရာတွေက အချို့လူတွေမှာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။
(၉) ဆေးဝါးအလွန်အကျွံသုံးစွဲခြင်း
နာကျင်ကိုက်ခဲခြင်း သက်သာအောင် သုံးစွဲရတဲ့ဆေးတွေ အလွန်အကျွံ သုံးစွဲတဲ့အခါ ခေါင်းကိုက်ခြင်းကို ပြန်လည်ခံစားရစေနိုင်ပါတယ်။
(၁၀) အခြားရောဂါအခံများ
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ ဦးနှောက်အကျိတ်တို့ကြောင့် မကြာခဏ ခေါင်းကိုက်ရတတ်ပါတယ်။
ခေါင်းကိုက်ခြင်းက ပြင်းထန်ပြီး ဆက်တိုက်ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ထံ ပြသသင့်ပါတယ်။
#World_Health #ခေါင်းကိုက်ခြင်းဝေဒနာ
Source: DoctorNDTV
#World_News
Publilshed 3 September 2023
အမျိုးသမီးတစ်ဦးဟာ ရောဂါလက္ခဏာအမျိုးမျိုးကြောင့် ဆေးရုံသို့ မကြာခဏလာနေခဲ့ရကာ နောက်ဆုံးမှာတော့ ဆရာဝန်တွေက သူမရဲ့ဦးနှောက်ထဲမှာ သန်ကောင်တစ်ကောင် ရှင်သန်နေထိုင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက အသက် ၆၄ နှစ်ရှိ အမျိုးသမီးဟာ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးပြန်ခြင်းတို့ ခံစားရတာကြောင့် ဆရာဝန်တွေက စတီးရွိုက်တွေ၊ အခြားဆေးဝါးတွေနဲ့ ကုသပေးနေခဲ့ပါတယ်။
၂၀၂၂ မှာတော့ သူမမှာ စိတ်ဓာတ်ကျခြင်းနဲ့ မေ့လျော့တတ်ခြင်းတို့ပါ ခံစားလာရတဲ့ အခါမှာတော့ ဦးနှောက်ကို MRI စကင်ရိုက်ခိုင်းခဲ့ကာ ပုံမှန်မဟုတ်တာကို တွေ့ရှိခဲ့ပြီး ခွဲစိတ်ဖို့ အကြံပြုခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီထဲမှာ တွန့်လိမ်သွားလာနေတဲ့ သန်ကောင်တစ်ကောင်ကို မြင်တွေ့ရလိမ့်မယ်လို့ မထင်မိခဲ့ကြကြောင်း ကူးစက်ရောဂါအထူးကု ဒေါက်တာဆန်ဂျာယာဆယ်နာနာယာကီက ပြောပြခဲ့ပါတယ်။
၃ လက်မရှည်ပြီး အနီရောင်ရဲနေတဲ့ Ophidascaris robertsi သိပ္ပံအမည်ရှိ ကပ်ပါးသန်ကောင်ကို ထိုအမျိုးသမီးရဲ့ ဦးနှောက်ထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပိုပြီးထူးဆန်းတာက ဒီသန်ကောင်မျိုးဟာ ကောဇောစပါးအုံးမြွေတွေမှာ တွေ့ရတတ်တာပါပဲ။
ဒီလိုမျိုးသန်ကောင်ကို လူတစ်ယောက်မှာ တွေ့ရတာဟာ ဒါပထမဆုံးပဲ ဖြစ်ပါတယ်။
သူမဟာ မြွေတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးပေမယ့် သူနေထိုင်တဲ့နေရာ အနီးနားက ရေကန်မှာတော့ မြွေပေါများတယ်လို့ သိရပါတယ်။
ဖြစ်နိုင်တာတစ်ခုကတော့ ထိုအမျိုးသမီးခူးယူတဲ့ နယူးဇီလန်ဟင်းနုနွယ်ရွက်တွေမှာ သန်ကောင်ဥတွေ ရောက်နေတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ဒီလိုမျိုးပထမဆုံး တွေ့ရှိမှုက တိရိစ္ဆာန်တွေမှာသာ တွေ့ရတတ်တဲ့ ကူးစက်မှုတွေက လူသားတွေဆီကို ရောက်လာနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
တစ်ကမ္ဘာလုံးက ကူးစက်ရောဂါတွေရဲ့ ၇၅ ရာခိုင်နှုန်းက သတ္တဝါချင်းကူးစက်တဲ့ ရောဂါတွေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်လိုမျိုး တိရိစ္ဆာန်ကနေ လူသားတွေကိုပါ ကူးစက်လာကြတာ ဖြစ်ပါတယ်။
အဆိုပါအမျိုးသမီးဟာ ရောဂါလက္ခဏာအချို့ ကျန်ရှိနေသေးပေမယ့် ကောင်းမွန်လာပြီဖြစ်ပါတယ်။
Source: New York Post #World_News #သန်ကောင်တစ်ကောင်ကိုတွေ့ရှိ
#Yangon_Times
ဥရောပ၊ ဩစတြေးလျ၊ နယူးဇီလန်တို့ထံ သွားမယ့်အထူးလမ်းကြောင်းတွေကနေ တရုတ်မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ရန်အတွက် လောင်စာ ၂ မျိုးသုံးစွဲနိုင်ကာ သမုဒ္ဒရာထဲလွှင့်မယ့် အကြီးဆုံးမော်တော်ကားတင်သင်္ဘောကြီးကို အင်္ဂါနေ့က ထုတ်လုပ်ပြသလိုက်ပြီ ဖြစ်ပါတယ်။
Publilshed 2 September 2023
#World_Industry #လောင်စာနှစ်မျိုး #ဩစတြေးလျ #နယူးဇီလန်
#Daily_News
Published_ 2 September 2023
၁။ ကြက်ဥဈေးပုံမှန်ရှိနေပြီး ဘဲဥပြန်ပေါလာသဖြင့် ဘဲဥဈေးအနည်းငယ်ပြန်ကျလာ
၂။ ကိုဗစ်ကာလ နောက်ပိုင်းထိုင်းနိုင်ငံသို့ MOU မြန်မာလုပ်သားတစ်သိန်းခွဲကျော်စေလွှတ်နိုင်ခဲ့
၃။ Quick Win စီမံချက်အရ ကားမောင်းနှင်နေချိန် လက်ကိုင်ဖုန်းအသုံးပြုပါက ထိရောက်စွာအရေးယူတော့မည်
၄။ ကားအစီးရေ(၇,၀၀၀)ကျော်တင်ဆောင်နိုင်မည့် လောင်စာနှစ်မျိုးသုံးအကြီးဆုံးသင်္ဘောကြီးအား တရုတ်တွင်ထုတ်လုပ်ပြသ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_Education
Published 2 September 2023
တောင်ကိုရီးယားနိုင်ငံ ဂျုံဆန်မြောက်ပိုင်းပြည်နယ်က ၂၀၂၄ မတ်လမှာ စတင်မယ့် လာမယ့်ပညာသင်နှစ်အတွင်း အာရှနိုင်ငံ ၆ နိုင်ငံမှ ဆယ်ကျော်သက်များ ကျောင်းတက်ရောက်ခွင့်အတွက် ၇၂ ဦးကို စိစစ်ရွေးချယ်လျက် ရှိပါတယ်။
ကျောင်းတက်ရောက်ခွင့် လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်။
''ကိုရီးယားကျောင်းသားတွေ ကျောင်းတက်သလိုမျိုးပဲ နိုင်ငံရပ်ခြား ကျောင်းသားတွေလည်း ကျူရှင်ခ ပေးစရာမလိုပေမယ့် နေထိုင်စရိတ်တွေကတော့ ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်'' လို့ ဂျုံဆန်မြောက်ပိုင်း ပညာရေးရုံးမှ အကြီးအကဲ ကင်မ်မီဂျောင်က The Korea Herald ထံ ပြောကြားသွားပါတယ်။
တောင်ကိုရီးယား ပညာရေးစနစ်က မူလတန်းကနေ အထက်တန်းအဆင့်အထိ အခမဲ့ဖြစ်တာကြောင့် နိုင်ငံခြားပညာသင်ခွင့်အတွက် ပညာသင်ဆုထောက်ပံ့တာမျိုး မရှိပါဘူး။
အသံပညာနဲ့ သက်ဆိုင်တဲ့ ကျောင်းအများစုပါဝင်နေတဲ့ ကျောင်း ၉ ကျောင်းတို့ဟာ ထိုအစီအစဥ်ကနေ နိုင်ငံခြားကျောင်းသားတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဥ်ကို လျှောက်ထားမယ့်သူတွေဟာ အလယ်တန်းကျောင်းမှ ပညာရေးမှတ်တမ်းများကို တင်ပြရမှာဖြစ်ပြီး ကိုရီးယားဘာသာ ကျွမ်းကျင်မှုစာမေးပွဲ TOPIK မှာ အဆင့် ၂ နဲ့အထက် ရရှိရမှာဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ကျောင်းသားတွေက D-4 အထွေထွေပညာသင်ဗီဇာရဲ့ အခွဲဖြစ်တဲ့ D-4-3 ဗီဇာ လျှောက်ထားနိုင်မှာဖြစ်ပြီး ဒီဗီဇာက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများကို ပေးလေ့ရှိပါတယ်။
D-4 ဗီဇာဖြင့် ကိုရီးယားမှာ ပညာသင်ယူခွင့် ၁ နှစ်ရမှာဖြစ်ပြီး ပထမနှစ်ကျော်လွန်ကာ ဘွဲ့ရတဲ့အထိ ဆက်လက်တက်ရောက်သွားမယ်ဆိုပါက နှစ်စဥ်ဗီဇာသက်တမ်း တိုးသွားရမှာဖြစ်ပါတယ်။
ဒီအစီအစဥ်ကနေ ဘွဲ့ရသွားတဲ့ လူတွေအတွက် ဂျုံဆန်မြောက်ပိုင်းမှာ အခြေချလုပ်ကိုင်သွားနိုင်ရန် အလုပ်လုပ်ခွင့်ဗီဇာပေးနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအေဂျင်စီများနဲ့ ဆွေးနွေးနေပါတယ်လို့ ဆိုပါတယ်။
ထိုထဲက ကျောင်း ၄ ကျောင်းကတော့ ကျောင်းသားဦးရေ ပြည့်သွားပြီဖြစ်ပြီး ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဗီယက်နမ်တို့မှ ကျောင်းသားစုစုပေါင်း ၃၂ ဦး တက်ရောက်ခွင့် ရခဲ့ပါတယ်။
ကျန်တဲ့ ကျောင်း ၅ ကျောင်းအတွက် နောက်ဆုံးလျှောက်ထားခွင့်ကတော့ စက်တင်ဘာ ၈ ရက်နေ့ဖြစ်ပါတယ်။
၂၀၂၅ ပညာသင်နှစ်အတွက် နောက်နှစ်မှာ ထပ်မံခေါ်ယူသွားမှာဖြစ်ပြီး တက်ရောက်နိုင်တဲ့ ကျောင်းတွေနဲ့ ကျောင်းသားခွဲတမ်းကတော့ ပြောင်းလဲနိုင်ကြောင်း ဂျုံဆန်မြောက်ပိုင်းပြည်နယ်အရာရှိက ပြောပြခဲ့ပါတယ်။
#World_Education #ကိုရီးယားအထက်တန်းကျောင်း #ပညာသင်ယူခွင့်
Source: The Nation
#World_Health
Published 2 September 2023
ခန္ဓာကိုယ်ထဲမှာ ကျောက်တည်ခြင်းအမျိုးမျိုး ဖြစ်ပွားနိုင်ကာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ကုသနည်းတွေလည်း ကွဲပြားနိုင်ပါတယ်။
(၁) ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေနဲ့ ဆားများအနည်ကျလာပြီး ကျောက်ဖြစ်လာတတ်ကာ ကျောအောက်ဘက် ဘေးဘက်တို့မှာ နာကျင်တတ်သလို ဆီးထဲသွေးပါတတ်ပါတယ်။
(၂) သည်းခြေကျောက်
သည်းခြေရည်တွေ သိမ်းထားတဲ့ သည်းခြေအိတ်ထဲမှာ ကျောက်တွေဖြစ်ပေါ်လာပြီး ဝမ်းဗိုက်အထက်ပိုင်းမှာ နာကျင်ခြင်း ခံစားရတတ်သလို ရောဂါကူးစက်ဝင်ရောက်ခြင်းလည်း ဖြစ်ပေါ်နိုင်ပါတယ်။
(၃) ဆီးအိမ်ကျောက်
ဆီးအိမ်ထဲမှာ သတ္တုဓာတ်များ ခဲသွားတာဖြစ်ပြီး မကြာခဏဆီးသွားခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းမှာ မအီမသာ အောင့်ခြင်း၊ ဆီးထဲသွေးပါခြင်းတို့ ခံစားရတတ်ပါတယ်။
(၄) တံတွေးဂလင်းကျောက်တည်ခြင်း
ပါးစပ်ထဲသို့ တံတွေးလွှတ်တဲ့ ပြွန်တွေထဲမှာ အနည်ကျမှုန်တွေ ခဲသွားပြီး ရောင်ရမ်းနာကျင်ခြင်း၊ တံတွေးမြိုချရခက်ခဲခြင်းတို့ ခံစားရနိုင်ပါတယ်။
(၅) ဆီးအိတ်ပြွန်ကျောက်တည်ခြင်း
ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆက်ထားတဲ့ ပြွန်တွေမှာလည်း ကျောက်တည်တတ်ပြီး ကျောအောက်ဘက် ဘေးဘက်တွေမှာ အလွန်အမင်း နာကျင်ရနိုင်ကာ ဆီးထဲသွေးပါတတ်ပါတယ်။
(၆) ဆီးကြိတ်ကျောက်
ဆီးကြိတ်ဂလင်းထဲမှာ ကျောက်တည်တာဖြစ်ပြီး ရောဂါလက္ခဏာ မပြတတ်ပေမယ့် နာတာရှည် ဆီးကြိတ်ရောင်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။
(၇) အာသီးကျောက်
အာသီးနေရာမှာ ကျောက်တည်တာဖြစ်ပြီး ခံတွင်းနံ့ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မျိုချရခက်ခဲခြင်းတို့ ခံစားရနိုင်ပါတယ်။
ကျောက်တည်ခြင်းမှ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့..
- ရေများများသောက်ခြင်းဖြင့် အနည်တွေ စုပြုံမလာနိုင်တာကြောင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
- အငန်ဓာတ်နဲ့ အသားဓာတ်ပရိုတိန်း လျှော့ချကာ ညီညွတ်မျှတစွာ စားသုံးခြင်းဖြင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။
- အချိုရည်အသောက်များတဲ့အခါ ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရေ ဒါမှမဟုတ် အကြမ်းခြောက်တို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။
- သံပရာ၊ သံပယို၊ လိမ္မော်စတဲ့ အချဥ်ဓာတ်ပါတဲ့ အစားအစာတွေက ကယ်လ်စီယမ်ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။
- အဝလွန်တဲ့အခါ ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပေါ်စေနိုင်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။
- ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် အရေးကြီးပေမယ့် များလွန်းရင်တော့ ကျောက်တည်နိုင်တာကြောင့် သဘာဝအတိုင်း အစားအစာကနေသာ ညီညွတ်မျှတစွာ စားသုံးသင့်ပါတယ်။
- အရက်အလွန်အကျွံ သောက်တဲ့အခါ ယူရစ်အက်ဆစ်ကျောက်မျိုး ဖြစ်နိုင်တာကြောင့် ကန့်သတ်လျှော့ချပြီးသာ သောက်သုံးသင့်ပါတယ်။
#World_Health #ကျောက်(၇)မျိုး #ကာကွယ်ရန်နည်းလမ်းများ
Source: DoctorNDTV
Page 321 of 827