၂၃ ဩဂုတ် ၂၀၂၅

“ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန်  နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင်   ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း   မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေ”

နိုင်ငံခြားသားများအပေါ် နှိမ်နှင်းမှု တိုးမြှင့်လုပ်ဆောင်လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နှင်   ဒဏ်ခံရခြင်းသို့ ဦးတည်နိုင်လာသော အမေရိကန်  တွင် တရားဝင် ဗီဇာဖြင့် နေထိုင်ခွင့်ရရှိထားသူ သန်း ၅၅ ကျော်ကို ဥပဒေချိုးဖောက်မှုများ ရှိ၊ မရှိ ပြန်လည်စစ်ဆေးနေသည်ဟု ထရမ့်အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ဝင်ခွင့် ဗီဇာရရှိထားသူများတွင် နိုင်ငံအတော်များများမှ ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ပြီး ၎င်းတို့သည် အမေရိကန်သို့ ဝင်ရောက်ခွင့် သို့မဟုတ် နေထိုင်ခွင့်အတွက် အရည်အချင်းမပြည့်မီကြောင်း ဖော်ပြနိုင်သည့် မည်သည့်အချက်အလက်ကိုမဆို တွေ့ရှိနိုင်ရန်အတွက် “စဉ်ဆက်မပြတ် စိစစ်မှု” ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက Associated Press ၏ မေးခွန်း တစ်ခုကို စာဖြင့် ဖြေကြားခဲ့သည်။

ထိုသို့သော အချက်အလက်များကို တွေ့ရှိပါက ဗီဇာကို ရုပ်သိမ်းမည်ဖြစ်ပြီး ဗီဇာကိုင်ဆောင်ထားသူသည် အမေရိကန်တွင် ရှိနေပါက ၎င်းအား နှင်ထုတ်ခြင်းခံရနိုင်သည်ဟု သိရသည်။

သမ္မတ ဒေါ်နယ်ထရမ့် ရာထူးစတင်ပြီးနောက်ပိုင်း ၎င်း၏အစိုးရအဖွဲ့သည် အမေရိကန်တွင် တရားမဝင်  နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူများအပြင် ကျောင်းသားနှင့် အပြန်အလှန်လည်ပတ်ရေးအစီအစဉ် ဗီဇာကိုင်ဆောင်  ထားသူများကိုပါ ပြည်နှင်ထုတ်ခြင်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားရေး  ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်တွင် အချိန်ယူရသည့် စဉ်ဆက်မပြတ်စိစစ်မှု လုပ်ငန်းစဉ်သည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး အမေရိကန်တွင် နေထိုင်ခွင့်ရရှိထားသူများသည်ပင် ၎င်းတို့၏ ခွင့်ပြု  မိန့်များကို ရုတ်တရက် ရုပ်သိမ်းခံရနိုင်ကြောင်း ဖော်ပြထားသည်။

အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်၌ အမြဲတမ်း  နေထိုင်ခွင့်လက်မှတ် (green-card) ကိုင်ဆောင်ထားသူ ၁၂.၈ သန်းနှင့် ယာယီဗီဇာဖြင့် နေထိုင်သူ ၃.၆ သန်း ရှိခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးမူဝါဒဌာန (Migration Policy Institute) မှ တွဲဖက်ညွှန်ကြားရေးမှူး Julia Gelatt က ပြန်လည်စိစစ်မည့် လူဦးရေ ၅၅ သန်းတွင် အမေရိကန်ပြင်ပရောက်ရှိနေပြီး တစ်ကြိမ်ထက်ပိုဝင်  ထွက်နိုင်သည့် ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အမေ    ရိကန်သို့ လုံးဝပြန်မလာဖွယ်ရှိသူများအတွက် အရင်းအမြစ်များကို အကုန်အကျခံ သုံးစွဲခြင်း၏  တန်ဖိုး   အပေါ်လည်း သူမက မေးခွန်းထုတ်ခဲ့သည်။

ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန်  နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်   ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင်   ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း   မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့    သည်။

“ကျွန်တော်တို့ရဲ့ စိစစ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများ ဒါမှမဟုတ် ဗီဇာထုတ်ပေးပြီးနောက် အရည်အချင်းမပြည့်မီနိုင်ကြောင်း ညွှန်ပြနေတဲ့ တခြားအချက်အလက်တွေ အပါအဝင် ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ပြန်လည်စစ်ဆေးပါတယ်” ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။

ထို့အပြင် ကုန်တင်ယာဉ်မောင်းများအတွက် အလုပ်သမားဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းတော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြာသပတေးနေ့တွင် “X” ၌ ပြောကြားခဲ့သည်။ ၎င်းအပြောင်း   အလဲသည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အမေရိကန်လမ်းတွေပေါ်မှာ နိုင်ငံခြားသား ကုန်တင်ယာဉ်မောင်းတွေ များလာတာဟာ အမေရိကန်  နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေပါတယ်” ဟု ရူဘီယိုက ရေးသားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် လွန်ခဲ့သည့်လအနည်းငယ်က ကုန်တင်ယာဉ်မောင်းများ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ဆိုနိုင်ဖတ်ရှုနိုင်ခြင်းရှိရမည့် လိုအပ်ချက်ကို ပြဋ္ဌာန်းခဲ့သည်။ ယာဉ်အန္တရာယ်  ကင်းရှင်းရေးလမ်းညွှန်ဆိုင်းဘုတ်များကို ဖတ်ရှုနိုင်စွမ်း သို့မဟုတ် အင်္ဂလိပ်စကား   ပြောဆိုနိုင်စွမ်းမရှိ  သည့်  ယာဉ်မောင်းများကြောင့် လူသေဆုံးမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းအန္တရာယ်ကင်းရှင်းရေးကို တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါလိုအပ်ချက်ကို ပြဋ္ဌာန်းခြင်းဖြစ်သည်  ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ “စိစစ်ခြင်းနှင့်ပြန်လည်စစ်ဆေးခြင်းဆိုင်ရာ စည်းမျဉ်း   စည်းကမ်း  များကို ပြန်လည်သုံးသပ်ရန်အတွက် အဆိုပါအလုပ်သမားဗီဇာများ ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထား  ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်က ယာဉ်မောင်းတိုင်းဟာ အမြင့်မားဆုံးစံနှုန်းကို ပြည့်မီရေး အသေအချာ  ဆောင်ရွက်တာဟာ အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့နဲ့ လုံခြုံစိတ်ချရတဲ့ကုန်စည်ပို့ဆောင်ရေးကွင်းဆက်ကို ထိန်းသိမ်းဖို့အတွက် အရေးကြီးပါတယ်” ဟု အဆို  ပါ ဌာနက ပြောကြားခဲ့သည်။

နိုင်ငံခြားဆက်ဆံရးကောင်စီမှ အကြီးတန်းအဖွဲ့ဝင် Edward Alden က နိုင်ငံခြားသား   အလုပ်သမားများ  က ကုန်တင်ယာဉ်မောင်းလုပ်သားရှားပါးမှုကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေကြောင်း ပြောကြား  ခဲ့သည်။

ဤလုပ်ရပ်ကို အမေရိကန်ကုမ္ပဏီများနှင့် တက္ကသိုလ်များ၊ ဆေးရုံများကဲ့သို့သော အခြားအဖွဲ့အစည်း  များအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား အလုပ်ခန့်ခြင်းနှင့် ဆက်လက်ခန့်ထားခြင်းများကို အား  မပေးသည့်  အစိုးရ၏ စုပေါင်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်သင့်သည်” ဟု Alden က အီးမေးလ်တွင် ရေးသားခဲ့သည်။

“ဒီမှာ ရည်ရွယ်ချက်က အလုပ်သမားအတန်းအစားတစ်ခုကို ပစ်မှတ်ထားဖို့မဟုတ်ဘဲ နိုင်ငံခြားသား  အလုပ်သမားတွေကို အလုပ်ခန့်ထားရင် အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းစကားကို အမေရိကန်   အလုပ်   ရှင်တွေဆီ ပို့ဖို့ပဲ ဖြစ်ပါတယ်။ “စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေဟာ အလုပ်အမျိုးအစားအနည်းငယ်က နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဗီဇာတွေ ရုပ်သိမ်းခံရတာထက် အများကြီး ပိုပြီးကြီးမားလာလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် ဗီဇာလျှောက်ထားသူများအပေါ် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းခြင်းအပါအဝင် ပိုမိုတင်း ကျပ်သည့် ကန့်သတ်ချက်များနှင့် လိုအပ်ချက်များကို တဖြည်းဖြည်းချမှတ်လာခဲ့သည်။ ဗီဇာကိုင်ဆောင် သူအားလုံးကို ပြန်လည်စိစစ်ခြင်းသည် အစောပိုင်းတွင် အစိုးရက ပါလက်စတိုင်းလိုလားသူများ သို့မဟုတ် အစ္စရေးဆန့်ကျင်သူများဟု ယူဆသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားများကိုသာ အဓိက ထား၍ စိစစ်ခြင်းလုပ်ငန်းစဉ်အား သိသိသာသာ ချဲ့ထွင်လိုက်ခြင်းဖြစ်သည်ဟု ယူဆရသည်။

ပြန်လည်စိစစ်ရာတွင် ဗီဇာကိုင်ဆောင်သူအားလုံး၏ လူမှုမီဒီယာအကောင့်များ၊ ၎င်းတို့၏ ဇာတိနိုင်ငံရှိ ဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများအပြင် အမေရိကန်တွင် ရှိနေစဉ် ကျူးလွန် ခဲ့သည့် အမေရိကန်ဥပဒေချိုးဖောက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ပြန်လည်စိစစ်မှုများတွင် ယခုနှစ်အစောပိုင်းက စတင်မိတ်ဆက်ခဲ့သော စည်းကမ်းချက်အသစ်များအရ ဖြစ်နိုင်သလောက်လူမှုမီဒီယာစာမျက်နှာများအားလုံးကို သေချာစိစစ်ခြင်းအပါအဝင် ယခင်၊လက်ရှိနှင့် အနာဂတ် ဗီဇာလျှောက်ထားသူများအပေါ် အချက်အလက်စုဆောင်းရန်အတွက် ကိရိယာအသစ်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါစည်းကမ်းချက်အသစ်များအရ လျှောက်ထားသူ ဗီဇာတွေ့ဆုံမေးမြန်းမှု   အတွက် လာရောက်သည့်အခါ ၎င်းတို့၏ လက်ကိုင်ဖုန်းများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများ သို့မဟုတ် အပလီကေးရှင်းများမှ privacy ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားရှိမှု လုံခြုံရေးဆက်တင်များကို မဖြစ်မနေဖြုတ်ပေးရန်လိုအပ်လာမည်။

“အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူဘေးကင်းရေးကို ကာကွယ်ဖို့အတွက် ထရမ့်အစိုးရရဲ့ ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရာထူးစတင်ယူတဲ့နေ့ကတည်းကစပြီး နိုင်ငံခြားရေး ဝန်ကြီး  ဌာန ဟာ ပြီးခဲ့တဲ့နှစ် အချိန်ကာလတူထက် ဗီဇာနှစ်ဆကျော်၊ ကျောင်းသားဗီဇာဆိုရင် လေးဆနီးပါး ရုပ်သိမ်း  ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်သို့ လာရောက်လိုသော နိုင်ငံခြားသားအများစု၊ အထူးသဖြင့် ကာလကြာရှည်စွာ ပညာ   သင်ကြားရန် သို့မဟုတ် အလုပ်လုပ်ရန် ဆန္ဒရှိသူများသည် ဗီဇာလိုအပ်သည်။ ချွင်းချက်အနေဖြင့် အချိန်   တိုခရီးသွားလာခြင်း သို့မဟုတ် စီးပွားရေးကိစ္စအတွက် လာရောက်သည့် အဓိကဥရောပနှင့် အာရှ  နိုင်ငံ   (၄၀)မှ နိုင်ငံသားများသည် ဗီဇာလျှောက်ထားရန်မလိုဘဲ သုံးလအထိ နေထိုင်ခွင့်ပြုသည့် ဗီဇာကင်းလွတ်  ခွင့်အစီအစဉ်တွင် ပါဝင်ကြသည်။

သို့သော် ကမ္ဘာ့နေရာအများစုဖြစ်သည့် လူဦးရေထူထပ်သော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားနှင့် အာဖရိကနိုင်ငံအများစုသည် ယင်းအစီအစဉ်တွင် မပါဝင်သောကြောင့် ၎င်းတို့နိုင်ငံသားများ အမေရိကန်  သို့ ခရီးသွားရန်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် နိုင်ငံခြားရေး  ဝန်ကြီးဌာနသည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်းနှင့် ပြည်နယ်၊ ဒေသဆိုင်ရာနှင့် ဖက်ဒရယ်  ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် ကျောင်းသားဗီဇာပေါင်း ၆,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေချိုးဖောက်မှုများတွင် အများစုမှာ တိုက်ခိုက်မှု၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲပြီး ယဉ်မောင်းနှင်မှုနှင့် အကြမ်းဖက်မှုကို ထောက်ပံ့မှုတို့ဖြစ်ကြောင်း သိရသည်။

ဗီဇာ ၆,၀၀၀ အနက် ၄,၀၀၀ ခန့်သည် ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပြီး သတ်မှတ်ထားသော   အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်ဝါဒကို ထောက်ပံ့သည့် နိုင်ငံများကို ကူညီခြင်း   အပါအဝင် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့်ကိစ္စများကြောင့် ဗီဇာ ၂၀၀ မှ ၃၀၀ ခန့် ရုပ်သိမ်းခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Trump administration reviews 55 million visa holders for violations by  FRANCE 24 with AP