Published 23 February 2024
တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လူတွေမေ့လျော့နေတဲ့ အချက်တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ခြေထောက်ဆေးကြောဖို့ပါပဲ။
တစ်နေကုန် သွားလာလှုပ်ရှားနေရတဲ့ ခြေထောက်ကို ဒီထက်ပိုပြီး အာရုံစိုက်သင့်ပါတယ်။
လူတွေက မျက်နှာ၊ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရေးလုပ်ကြပေမယ့် ခြေထောက်ကို လစ်လျူရှုထားကြတယ်လို့ နယူးဒေလီမှ ဒေါက်တာ ဂိုဗင်ဆင်ဘစ်ရှ်က ပြောပြလိုက်ပါတယ်။
ခြေထောက်တွေက မြေကြီးနဲ့ အနီးစပ်ဆုံး အစိတ်အပိုင်းတွေဖြစ်ပြီး အညစ်အကြေးမှုန်တွေ အလွယ်တကူ ဝင်ရောက်နိုင်တယ် စီကေဘာလာဆေးရုံမှ ဒေါက်တာ ဆီမာအိုဘီရွိုင်လောက ဆိုပါတယ်။
ခြေထောက်ဆေးကြောခြင်းဖြင့် အမှုန်တွေ ဘက်တီးရီးယားတွေ ပိုးမွှားတွေ အိပ်ရာထဲမရောက်လာအောင် လျှော့ချပေးပါတယ်။
ခြေထောက်မှာ အရေပြားပြဿနာရှိသူများအနေနဲ့ ရောဂါပိုးမွှားမပျံ့နှံ့စေရန် ပိုမိုဂရုစိုက်သန့်ရှင်းသင့်ပါတယ်။
ခြေထောက်သန့်ရှင်းခြင်းဖြင့် ရောဂါကူးစက်မှုများမှ ကာကွယ်နိုင်ရုံမက အနံ့အသက် ကင်းစေပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။
ခြေထောက်ဆေးကြောပြီး ရေနွေးထဲစိမ်ထားမယ်ဆိုရင် ကြွက်သားတွေ အဆစ်တွေကို ပြေလျော့စေပါတယ်။
ဆီးချိုသမားတွေဆိုရင် ကိုယ်ခံအားကျဆင်းနေတာကြောင့် ရောဂါပိုး ပိုမိုဝင်ရောက်တတ်ပါတယ်။
ဆီးချိုလူနာတွေ ခြေထောက်မှာ ရောဂါပိုးဝင်ရောက်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။
ခြေအိတ်ဖြင့် ဖိနပ်စီးနေသူတွေဟာလည်း တစ်နေ့ကုန် ခြေထောက်မှာ ချွေးထွက်ပြီး ဘက်တီးရီးယားများ ပုန်းခိုနေနိုင်တာကြောင့် ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။
ဆေးကြောပြီးတဲ့အခါမှာ ခြေချောင်းကြားအပါအဝင် တစ်ပြင်လုံးကို ခြောက်သွေ့အောင် သုတ်သင်ရပါမယ်။
ခြေသည်းရှည်ထားခြင်းက ရောဂါပိုးဝင်ရောက်လာအောင် ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။
Source: New York Post.
#World_Health
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
ဆောင်းရာသီလို အချိန်မျိုးမှာ လေထဲမှာ စိုစွတ်မှုလျော့နည်းသွားပြီး အရေပြားခြောက်သွေ့ခြင်း ဖြစ်တတ်ပါတယ်။
နေရောင်ခြည် ထိတွေ့ပေးခြင်းဖြင့် အရေပြားစွတ်စိုမှုကို ထိန်းသိမ်းပေးတဲ့ ဗိုက်တာမင်ဒီ ထုတ်လုပ်ပေးပါတယ်။
အရေပြားခြောက်သွေ့တဲ့အခါ ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်ပြီး အဖုအပိမ့်များ ရဲလာတတ်ပါတယ်။
ဒါကြောင့် အရေပြားခြောက်သွေ့ပြီး အင်ပျဥ်ထခြင်းမှ ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများ ဖော်ပြလိုက်ပါတယ်။
(၁) မျက်နှာ၊ လက်တို့ကို ဆေးကြောပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကွာကျသွားတာကြောင့် အစိုဓာတ်ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်း အသုံးပြုသင့်ပါတယ်။
(၂) တစ်ညတာ မအိပ်စက်ခင် ရေဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်လိမ်းပေးသင့်ပါတယ်။
(၃) ရေငွေ့ဖျန်းစက် အသုံးပြုခြင်းဖြင့် လေထဲက စိုထိုင်းဆကို ထိန်းသိမ်းပေးပါတယ်။
(၄) ချမ်းအေးတဲ့အချိန်မှာ ရေနွေးဖြင့်ရေချိုးခြင်းက သက်တောင့်သက်သာ ရှိစေပေမယ့် ပူလွန်းရင်တော့ အရေပြားစိုထိုင်းဆကို ပျက်စီးစေပါတယ်။
(၅) ချမ်းအေးတဲ့လေက အရေပြားခြောက်သွေ့မှုကို ဖြစ်စေတာကြောင့် အဝတ်ထူထူ၊ လက်အိတ်၊ ဦးထုပ်စတာတွေကို ဝတ်ဆင်သင့်ပါတယ်။
(၆) ပုံမှန်ချေးချွတ်ခြင်းဖြင့် ဆဲလ်သေတွေ ဖယ်ရှားပေးကာ စိုစွတ်မှုကို အားပေးပေမယ့် အလွန်အမင်း တိုက်ချွတ်လိုက်ရင်တော့ သဘာဝအဆီတွေ အလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
(၇) အုန်းဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီများက အရေပြားကို စိုစွတ်ထိန်းသိမ်းပေးပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်ရိုကိုမှ ဝါရင့်စွန့်စားခရီးသည်ဟာ စက်ဘီးတစ်စီးဖြင့် ၄ လအတွင်း တိုက်ကြီး ၃ တိုက်ကို ဖြတ်သန်းသွားလာရန် ထွက်ခွာနေပြီ ဖြစ်ပါတယ်။
ကာဆာဘလန်ကာကနေ ပေကျင်းသို့ စက်ဘီးစီးနင်းသွားမှာ ဖြစ်ကာ ကီလိုမီတာ ၁ သောင်းခွဲဝေးကွာတဲ့ ခရီးစဥ်ကနေ ရှေးဟောင်းပိုးသားလမ်းမကြီး တလျှောက် ငြိမ်းချမ်းရေးနဲ့ ယဥ်ကျေးမှု ဆက်ဆံရေး ပိုမိုအားကောင်းအောင် မြှင့်တင်နိုင်ရန် မျှော်မှန်းထားတာ ဖြစ်ပါတယ်။
#World_Adventure
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 February 2024
၁။ ဂျပန်ရောက်မြန်မာများ သံရုံးသို့ ငွေပိုသွင်းနေ၍ ပမာဏအတိအကျသာ လွှဲကြရန် အသိပေး
၂။ ရှမ်းတောင်ရှိ အရှူးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
၃။ အခုရက်ပိုင်းတွင် တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင်ကျွမ်းသည့်အထိကြုံလာ၊ မနှစ်ကထက်တော့ မီးလောင်ကျွမ်းမှုနည်းပါး
၄။ မော်ရိုကိုမှ တရုတ်ပေကျင်းအထိ ကီလိုမီတာတစ်သောင်းခွဲကွာဝေးသည့်ခရီးစဥ်ကို စက်ဘီးစီးလည်ပတ်မည့် မော်ရိုကိုစွန့်စားခရီးသည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ”
ပက်တဲလ်(ဒါရိုက်တာ-ဂရင်းလက််ဗ်ဒိုင်းမွန်း၊အိန္ဒိယ)
၂၂ ဖေဖော်ဝါရီ ၂၀၂၄
ဓာတ်ခွဲခန်းထုတ် လူလုပ်စိန်တွေဟာ ဒေါ်လာ ၈၉ ဘီလျံတန်ဖိုးရှိတဲ့ ကမ္ဘာ့စိန်ရတနာဈေးကွက်ကို ပုံစံသစ်သွင်းနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို ဖြတ်တောက်သွေးနေတဲ့ အိန္ဒိယနိုင်ငံ ဆူရတ်မြို့မှာပဲဖြစ်ပါတယ်။
စမစ်ပက်တဲလ်ရဲ့ ဂလင်းမင်းဓာတ်ခွဲခန်းမှာ ကျွမ်းကျင်ပညာရှင်တွေဟာ ခရစ်စတယ်စိန်မျိုးစေ့ချပ်ပြားလွှာ crystal diamond "seed"ကလေးတွေကို မြေကြီးအနက်ကြီးထဲက အလွန်ပြင်းထန်တဲ့ဖိအားတစ်ခုအတိုင်း တုပထားတဲ့ ဓာတ်ပေါင်းဖိုထဲကို ထည့်လိုက်ကြပါတယ်။
အဲဒီမျိုးစေ့အဆင့်ကနေ စိန်ပွင့်ကလေးဖြစ်လာတဲ့ လုပ်ဆောင်ရတဲ့ အချိန်က ရက်သတ္တပတ်(၈)ပတ်လျော့လျော့ ကြာတတ် ပါတယ်။ သဘာဝစိန်ဖြစ်ပေါ်တဲ့ သဘာဝအတုဖြစ်တဲ့ ဓာတ်ပေါင်းဖိုကနေတစ်ဆင့် ထုတ်လုပ်လိုက်တဲ့ လူလုပ်စိန် တွေဟာ မြေကြီးအနက်ကြီးထဲက တူးဖော်လို့ရတဲ့ စိန်တွေနှင့် ခွဲခြားလို့မရနိုင်တော့ပါဘူး။
“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ” လို့ အဲဒီ ဂရင်းလက်ဗ်ဒိုင်းမွန်းကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ပက်တဲလ်က အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။
ဓာတ်ခွဲခန်းကနေထွက်တဲ့ လူလုပ်စိန်တွေကို အိန္ဒိယနိုင်ငံက ပြည်ပကိုတင်ပို့နေတာဟာ ၂၀၁၉ခုနှစ်နှင့် ၂၀၂၂ခုနှစ်အကြား သုံးဆတက်လာပါ့တယ်။ ၂၀၂၃ခုနှစ် ဧပြီလနှင့် အောက်တိုဘာလအကြားမှာဆို ပြည်ပပို့တဲ့ပမာဏက ၂၅ ရာခိုင်နှုန်းတက်လာ ပါသေးတယ်လို့ နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရသိရပါတယ်။
“ တစ်နှစ်တစ်နှစ်ကို (ဓာတ်ခွဲခန်းစိန်) ပမာဏက ရာခိုင်နှုန်း ၄၀၀လောက်တိုးတိုးလာနေတယ်” လို့ ပက်တဲလ်က ဆက်ပြောပါတယ်။
ပက်တဲလ်တို့ရဲ့ ဓာတ်ခွဲခန်းတွေမှာရှိတဲ့ ဓာတ်ပေါင်းဖိုတွေလိုမျိုးတွေဟာ သတ်မှတ်အပူချိန်နှင့်ဖိအားရဲ့အောက်မှာ မီသိန်း တို့လို ကာဘွန်ပါတဲ့ ဓာတ်ငွေ့တွေကို မှုတ်သွင်းပေးရင်း စိန်ပွင့်ကလေးတွေဟာ ဖိုထဲမှာ ကြီးထွားလာတာဖြစ်ပါတယ်။
အဲဒီကထွက်လာတဲ့ စိန်ပွင့်အကြမ်းထည်တွေကို နောက်တစ်နေရာပို့ရပြီး အဲဒီနေရာမှာ ရာပေါင်းများစွာသော အလုပ်သမား တွေဟာ စိန်တွေကို တောက်ပလာအောင် သွေးပြီး ပုံသဏ္ဍန်ဖော်ပေးကြပါတယ်။
၂၀၁၈ခုနှစ်မှာ ဓာတ်ခွဲခန်းထုတ်စိန်တွေဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃.၅ ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ ၂၀၂၃ခုနှစ်မှာ ၁၈.၅ ရာခိုင်နှုန်း အထိမြင့်တက်လာနေပါတယ်လို့ နယူးယောက်အခြေစိုက် ကျောက်မျက်လုပ်ငန်းဆန်းစစ်သရုပ်ခွဲတဲ့ ပေါ်ဇင်နီစကီးက အေအက်ဖ်ပီကိုပြောပါတယ်။ ယခု ၂၀၂၄ခုနှစ်မှာ ၂၀ရာခိုင်နှုန်းအထိရောက်လာလိမ့်မယ်လို့လည်းခန့်မှန်းထားပါတယ်။
စက်နှင့်လုပ်တဲ့ စိန်တွေကို ၁၉၅၀ပြည့်လွန်နှစ်တွေက စတင်ဖန်တီးခဲကြပေမယ့် နည်းပညာပိုင်းအားနည်းချက်တွေကြောင့် ဈေးကွက်မှာ မရှင်သန်နိုင်ခဲ့ကြပါဘူး။
ယခုဓာတ်ခွဲခန်းထုတ်စိန်တွေကတော့ သဘာဝစိန်အစစ်နှင့်ခွဲခြားမရအောင်တူနေပြီဖြစ်ပါတယ်။
သူ့ရဲ့ဓာတ်ခွဲခန်းဟာ ဒေသတွင်း လျှပ်စစ်ကွန်ယက်ကနေ နေရောင်ခြည်စွမ်အင်းသုံးလည်ပတ်နေတာလို့ ပက်တဲလ်ကပြော ပါတယ်။
တူးဖော်ထုတ်လုပ်ရရှိတဲ့ သဘာဝစိန်တွေထဲမှာ “ ပဋိပက္ခစိန်တွေ” လို့အမည်တပ်ထားတဲ့ စစ်ဖြစ်တဲ့နေရာကထုတ်လုပ်တဲ့ စိန်တွေဟာ နိုင်ငံတကာ ကင်ဘာလေနည်းစဉ်အတည်ပြုရေးအစီအစဉ်ကနေ အပယ်ခံရတာတွေရှိနေတဲ့အချိန်မှာ ဓာတ်ခွဲ ခန်းထုတ်စိန်တွေဟာ “သန့်ရှင်းတဲ့မှတ်တမ်း” အာမခံတယ်လို့ ဓာတ်ခွဲခန်းစိန်ထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။
အဲသလိုမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးတွေ ထောက်ရှုနေကြတာတွေကြောင့် ဓာတ်ခွဲ ခန်းလုပ်စိန်တွေကို စေ့စပ်လက်စွပ်တွေပြုလုပ်တဲ့အခါ ရွေးချယ်တာမျိုးတွေ ခေတ်စားလာပါတော့တယ်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ သဘာဝကျောက်မျက်တွေကို မက်မောတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက် အမေရိကန်ပြည်ထောင်စု မှာ ရောင်းချရတဲ့ စေ့စပ်လက်စွပ်တွေရဲ့ ၁၇ ရာခိုင်နှုန်းဟာ ဓာတ်ခွဲခန်း ထုတ်စိန်တွေနှင့်ပြုလုပ်ထားတာ ဖြစ်နေပါတယ်လို့ လုပ်ငန်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ အီဒန်ဂိုလန်ကပြောပါတယ်။
ဂိုလန်ရဲ့ တွက်ချက်မှုအရ ယခုဆိုရင် ၁၇ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိဖြစ်လာပြီလို့ဆိုပါတယ်။
လူလုပ်ကျောက်မျက်တွေအများဆုံးထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေရဲ့ ရာပေါင်းများစွာသော ကုမ္ပဏီတွေဟာ အဲဒီရာခိုင်နှုန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်လုပ်ပေးနေကြတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းလုပ်စိန်ဈေးကွက်ဟာ ၂၀၂၃ ဧပြီလကနေ အောက်တိုဘာအတွင်း ပြည်ပသို့ ၄.၀၄သန်းကာရက် တင်ပို့ခဲ့ပါတယ်။ မနှစ်ကထက်ယှဉ်ရင် ၄၂ရာခိုင်နှုန်းခုန်တက်ခဲ့တယ်လို့ အိန္ဓိယ ကျောက်မျက်ရတနာတင်ပို့သူများတိုးမြှင့်ရေး ကောင်စီရဲ့ အချက်အလက်တွေအရသိရပါတယ်။
ဆန့်ကျင်ဖက်အနေနှင့် အိန္ဒိယနိုင်ငံရဲ့ သဘာဝစိန်ရောင်းတဲ့ကုမ္ပဏီတွေဟာ ရောင်းအား ၂၅ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး ၁၁.၃သန်း ကာရက်သာရှိပါတော့တယ်။ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ တန်ဖိုးကြီးလှတဲ့ လက်ကျန်ပစ္စည်းတွေကျန်ရစ်ပြီး လုပ်ငန်းကနေထွက်ခွာကုန်ကြပါတယ်။
အိန္ဒိယရဲ့ အနောက်ပိုင်း ဆူရက်မြို့က စိန်ကုန်သည်တွေဟာ ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို သွေးပေးနေကြပါတယ်။
ကမ္ဘာ့စိန်ကုမ္ပဏီကြီး ဒီဘီယာအုပ်စုရဲ့ တရားဝင်စိန်ရောင်းခွင့်လိုင်စင်ရထားတဲ့ ဓီနာဗင်ချန်ဒရာ အိတ်စ်ပို့တ်ကုမ္ပဏီမှ အာဂျက်စ် မက်ထာက သူတို့ဟာ နှစ်ပေါင်း၃၀သက်တမ်းအတွင်း အဆိုးရွားဆုံးကျဆင်းမှုနှင့်ကြုံနေရတယ်လို့ပြောပါတယ်။
“ အရာရာတိုင်းဟာ မုန်တိုင်းကြီးမွှေလိုက်သလိုပဲ” လို့ သူကပြောပါတယ်။
ပြိုင်ဘက် ဓာတ်ခွဲခန်းစိန်တွေကြောင့်အပြင် အမေရိကန်နှင့် တရုတ်ဈေးကွက်တွေလို အရေးကြီးတဲ့ဈေးကွက်တွေကလ်း စီးပွားရေးနှေးကွေးနေတာကလည်း တစ်ခုပါဝင်နေပါတယ်။
ဒီဘီယာအုပ်စုဟာ ယခုနှစ်အတွက် သဘာဝစိန်တွေပထမဆုံးရောင်းချရာမှာ အမျိုးအစားလိုက်ပြီး ရောင်းဈေးတွေကို ၁၀ရာခိုင် နှုန်း ကနေ ၂၅ ရာခိုင်နှုန်းလျှော့ရောင်းချပေးနေရပါတယ်။
တစ်ပြိုင်နက်တည်းလိုပါပဲ ဓာတ်ခွဲခန်းထုတ်စိန်တွေကလည်း သူ့ပြဿနာနှင့်သူဖြစ်နေပါတယ်။
ထုတ်လုပ်မှုတွေက ထိုးထောင်တက်လာပြီးနောက် ဈေးတွေက ပြုတ်ကျသွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာတင် ဓာတ်ခွဲခန်းထုတ် စိန်တွေဟာ ၅၈ ရာခိုင်နှုန်းဈေးကျသွားပါတယ်။
၂၀၂၂ခုနှစ်တုန်းက အရည်အသွေးနိမ့်တဲ့ တစ်ကာရက်ရှိ သွေးပြီးစိန်တစ်ပွင့်ကို ဒေါ်လာ ၂၄၀၀ရှိနေရာကနေ ၂၀၂၃ အရောက်မှာ ဒေါ်လာ ၁၀၀၀သာသာကလေးပဲရှိပါတော့တယ်လို့ ဆူရက်မှ ကုန်သည်တစ်ဦးကပြောပါတယ်။
အဲဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အမေရိကန်နိုင်ငံမှာ လူလုပ်စိန်တွေ ဒုတိယအကြီးဆုံးထုတ်လုပ်တဲ့ WD Lab Grown Diamonds ဟာ ဒေဝါလီခံဖို့လျှောက်ထားခဲ့ပါတယ်။
ဒါပေမယ့် ပက်တဲလ်ကတော့ စောဒကတက်ပါတယ်။ ဈေးတွေကျတဲ့အတွက် ဝယ်အားတွေတက်လာမှာလို့ သူက ပြောပါ တယ်။
“ ဈေးတွေကျမှာ ကျွန်တော်တို့သိပါတယ်။ ဈေးကွက်ကလက်ဝါးကြီးအုပ်လို့မရတော့ဘူးလေ” လို့သူကပြောပါတယ်။
သူ့ရဲ့ပြောကြားမှုအပေါ် အိန္ဒိယရဲ့စီးပွားရေးမြို့တော်မွမ်ဘိုင်းက ရတနာပြခန်းမှာ ဈေးလာဝယ်သူတစ်ဦးက သဘောတူမျှ ပါတယ်။
“တူးဖော်ရတဲ့ စိန်(သဘာဝစိန်)တွေဟာ ငါးဆလောက်ဈေးကြီးတယ်။နေ့တိုင်းဝတ်ဆင်ဖို့ တစ်ခုခုလိုချင်တယ်ဆိုရင် ဓာတ်ခွဲခန်းထုတ်စိန်တွေက အလုပ်ဖြစ်တယ်။ ကျွန်မကတော့ တကယ်ကိုသဘောကျတယ်” လို့ လက်ခါပရက်ဘာခါက ပြောလိုက်ပါတယ်။
Source: Lab-grown diamonds put natural gems under pressure by AFP
Published 22 February 2024
ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးလ်က အပြင်းအထန် တိုက်ခိုက်နေရာ လူတစ်ဒါဇင်ကျော်ရှိတဲ့ မိသားစုကြီးတစ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောကြားလိုက်ပါတယ်။
စစ်ပွဲကြောင့် ယခုအချိန်ထိ ပါလက်စ်တိုင်းဘက်မှ ၂၉၃၁၃ ဦးသေဆုံထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာထားပါတယ်။
စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်၊ အီဂျစ်၊ ကာတာတို့ ဆွေးနွေးမှုများပြုလုပ်နေရာ ဂါဇာမှာ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေး အစောပိုင်းတိုးတက်မှု အရိပ်အယောင်များ မြင်တွေ့လာရတယ်လို့ အစ္စရေးလ် စစ်ပွဲဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
ရာဖာမြို့မြောက်ဘက်ရှိ ခန်းယူနစ်မှာ အစ္စရေးလ်စစ်တပ်က စစ်ဆင်ရေးများ မြှင့်တင်လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ကာ ရာဖာကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မဖော်ပြထားပါဘူး။
ရာဖာမြို့ထဲ လူပေါင်း ၁ သန်းခွဲခန့် ရောက်နေတယ်လို့ ခန့်မှန်းရကာ အများစုက အစ္စရေးလ်စစ်တပ် သတ်ဖြတ်တာတွေကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
အီဂျစ်ကနေ ဂါဇာကိုဝင်လာတဲ့ အကူအညီတွေဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကုန်ခမ်းလာပြီး ဘေးကင်းလုံခြုံမှုလည်း မရေရာတာကြောင့် စားနပ်ရိက္ခာဖြန့်ဝေရန် ပိုမိုခက်ခဲလာကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ရာဖာမြို့ခံတွေက စာမက်ဆေ့ချ်ဖြင့် သတင်းပေးပို့ရာမှာ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှု များစွာဖြစ်နေပြီး ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်နေကြောင်း ကမ်းခြေတွေမှာလည်း ရေတပ်သင်္ဘောတွေက ပစ်ခတ်နေကြကြောင်း ဆိုကြပါတယ်။
တိုက်ခိုက်မှုပြီးဆုံးပြီးနောက် ရာဖာရှိ အယ်လ်နိုအာမိသားစုနေအိမ်ကို ရိုက်တာသတင်းထောက်များ ဗီဒီယိုရိုက်ကူးကြကာ အပျက်အစီးများကြားထဲ အလောင်းတစ်ဒါဇင်ကျော် ထုပ်ပိုးထားတာတွေကို မြင်တွေ့ရပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေက လူနေအိမ်တွေမှာ အကာအကွယ်ယူထားကြတယ်လို့ အစ္စရေးလ်တို့က ပြောထားပေမယ့် ဟားမတ်စ်တို့က ငြင်းဆန်ထားပါတယ်။
တင့်ကားတွေက ကမ်းရိုးတန်းလမ်းမကြီးကို ရောက်ရှိလာကာ ခန်းယူနစ်နဲ့ ရာဖာမြို့ကို ဂါဇာကမ်းမြောင်ကနေ ပိုင်းခြားလိုက်ခဲ့ပေမယ့် ခဏအကြာမှာ ဆုတ်ခွာသွားတယ်လို့ ဒေသခံများက ဆိုပါတယ်။
ဓားစာခံလွတ်မြောက်ရေးမှာ သဘောတူညီချက်အသစ် မရဘူးဆိုရင် မွတ်ဆလင်ဥပုသ်လမှာပင် ဆက်လက်တိုက်ခိုက်နေမယ်လို့ ဘင်နီဂန့်ဇ်က သတိပေးလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 February 2024
အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ရန် ခက်ခဲခြင်းတို့ဟာ အဖြစ်များတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ဖြစ်နေပြီး ဘာကြောင့်ဖြစ်ရလဲဆိုတာကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ဟန်ရှိပါတယ်။
အချို့လက္ခဏာတွေဆိုရင် ပိုမိုကြာရှည်ဆိုးရွားလာကာ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်မှာ ဇီဝပြောင်းလဲမှု ဖြစ်လာတာတွေကို တွေ့ရှိလာရပါတယ်။
ကြွက်သားတွေမှာ ပြောင်းလဲလာတာတွေကို မြင်လာရတယ်လို့ အမ်စတာဒမ်မှ ပရော်ဖက်ဆာ မိုက်ကယ်ဗန်ဗက်ဂ်က ပြောပြသွားပါတယ်။
လေ့လာချက်အရ ကိုဗစ်နောက်ဆက်တွဲ ခံစားနေရတဲ့ လူနာတွေမှာ အလွန်အမင်း နွမ်းနယ်ခြင်း၊ ကြွက်သားတည်ဆောက်ပုံ ပြောင်းလဲခြင်း၊ ကြွက်သားထိခိုက်ခြင်းတို့ ခံစားနေရပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ပြီးနောက် ပင်ပန်းနုံးချည့်သွားတဲ့ လူနာ ၂၅ ဦးနဲ့ ကျန်းမာတဲ့သူ ၂၁ ဦးတို့ကို ၁၅ မိနစ်ကြာ စက်ဘီးစီးခိုင်းခဲ့ပါတယ်။
ထိုလူနာတွေဟာ အထုပ်သယ်ယူခြင်း၊ သွားတိုက်ခြင်းတို့ ပြုလုပ်လျှင်ပင် ပင်ပန်းနေကြပါတယ်။
သူတို့ရဲ့ သွေးနဲ့ ကြွက်သားတစ်ရှူး နမူနာများကို ဆန်းစစ်ကြည့်ရာ ကြွက်သားတစ်ရှူးတွေမှာ အမျိုးမျိုးသော မူမမှန်ပုံများကို တွေ့ရှိခဲ့ကြပါတယ်။
ကြွက်သားတွေထဲက စွမ်းအင်သိုလှောင်ရာ ဆဲလ်တွေဟာ ပုံမှန်အလုပ်မလုပ်တော့ဘဲ စွမ်းအင်ထုတ်လုပ်မှု လျော့ကျသွားကြောင်း လက်ထောက်ပရော်ဖက်ဆာ ရော့ဘ်ဝက်စ်က ရှင်းပြသွားပါတယ်။
သူတို့ရဲ့ ကြွက်သားမျှင်တွေက စွမ်းအင်ကုန်ဆုံးတာ မြန်ဆန်ပြီး အလျင်အမြန် အားကုန်သွားပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးမှာလည်း ကြွက်သားထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခဲခြင်းတို့ ဖြစ်ကြပါတယ်။
ယခုလို တွေ့ရှိလာခြင်းက ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူများ အတွက် သင့်လျော်တဲ့ကုသမှုများ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါတယ်။
Source: New York Post.
#World_Health
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 323 of 952