#Daily_News
Published_ 28 August 2023
၁။ နယ်ဘက်တွင် တရားမဝင်ဆန်စပါးလှောင်နေသူများကြောင့် ဆန်ဈေးတက်နေ၊ ဥပဒေအရအရေးယူတော့မည်
၂။ Myanmar Women League 2023 ပြိုင်ပွဲတွင် မြဝတီအသင်းက သုံးမှတ်အသာဖြစ် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးရရှိ
၃။ ဈေးထက်ဝက်မြင့်လာသည့်အတွက် ငါးခြောက်အရောင်းဝယ်အလွန်အေး
၄။ ဂျာမနီနိုင်ငံ၏ အယ်လ်ကိုဟောမပါဝင်သော ဘီယာလုပ်ငန်း တွင်ကျယ်လျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၂၈ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲအထွေထွေဆေးရုံမှာ ဆေးဝါးတက်ရောက်ကုသခံယူနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံ ယနေ့ ဩဂုတ် ၂၈ ရက်မှာ ပထမဆုံးအဖြစ် သက်ဆင်ရဲ့ အထွေးဆုံးသမီး ဖယ်ထောင်တန် သွားရောက်သတင်းမေးမြန်းခဲ့တယ်လို့ ထိုင်းမီဒီယာများက သတင်းရေးသားကြပါတယ်။
သမီးထွေး ဖယ်ထောင်တန်ဟာ ဖခင်ဖြစ်သူသက်ဆင်နှင့် မိနစ် (၄၀)ကြာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာ သက်ဆင်ထံ လူမမာသတင်းမေးမြန်းမည့်သူတွေကို အကျဉ်းဌာနက စတင်သွားရောက်ခွင့်ပြုတာဖြစ်ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ် ကျခံခဲ့ရတာပါ။ သူဟာ ဩဂုတ် ၂၂ရက်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ညတွင်းချင်းပဲ ဆိုးရွားလာတဲ့ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်ဆေးရုံကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သတင်းများကဖော်ပြပါတယ်။
သက်ဆင်ဟာ ဆေးရုံမှာ အရေးကြီးပုဂ္ဂိုလ်အဆင့်အတန်းနှင့် စောင့်ရှောက်ဆက်ဆံမှုရနေတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ သူဟာ ရဲအထွေထွေဆေးရုံက ရဲအဆင့်မြင့်အရာရှိကြီးတွေကိုသာ ထားရှိတဲ့ ၁၄ထပ်မှာ ဆေးရုံတက်နေရတာဖြစ်ပါတယ်။
သမီးဖယ်ထောင်တန်ဟာ ရှေ့နေဖြစ်သူနှင့်အတူ ဖခင်ဆီသွားရောက်ခဲ့တာပါ။ သူမဟာ ဆေးရုံကို မွန်းလွဲ၁နာရီမှာ ရောက်ရှိခဲ့ပြီး မိနစ်၄၀အကြာမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
နေ့စဉ် သက်ဆင်ထံ လူ(၁၀)ဦး လာရောက်ခွင့်ပေးမှာဖြစ်ပြီး တစ်ဦးစီကို မိနစ်(၄၀) အချိန်ပေးထားပါတယ်။
Source: Thai media
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် မာဝီကျွန်းပေါ် အကြီးအကျယ်ဖျက်ဆီးခဲ့တဲ့ တောမီးကြောင့် ယနေ့အထိ လူရာ ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ယခုအခါ မီးလောင်ပြင်ရဲ့ ၉၉ ရာခိုင်နှုန်းကို ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးပါပြီ။
ဩဂုတ်လ (၈)ရက်ကစခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၁၁၅ဦး အနည်းဆုံး သေဆုံးခဲ့ရပါတယ်။ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ရာစုနှစ်တစ်စုကျော်အတွင်း အဆိုးရွားဆုံး တောမီးလောင်မှုကြီးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဟာဝိုင်ယီသမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်လည်းဖြစ်ပါတယ်။ Source CCTV+
#World_Politics
Published 28 August 2023
ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲမှာ အမ်မာဆန်နန်ဂါဂွာက ထပ်မံအနိုင်ရခဲ့ပြီးနောက် အတိုက်အခံ ခေါင်းဆောင်က သူ့ကို အကြီးအကျယ် လိမ်လည်မှုကြီး ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ရာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့သူတွေ အနေနဲ့ တရားရုံးမှာ ဖြေရှင်းဖို့ နန်ဂါဂွာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၈၀ ရှိပြီဖြစ်တဲ့ နန်ဂါဂွာက ထောက်ခံမဲရရှိမှု ၅၂.၆ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ကာ အတိုက်အခံ CCC ပါတီခေါင်းဆောင် နယ်လ်ဆင်ခါမီဆာကတော့ ၄၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
CCC ပါတီက ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ ခါမီဆာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အတိုက်အခံပါတီက အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းချင်ကြောင်း ဆိုလိုက်ကာ ရွေးကောက်ပွဲရလဒ်ကို တရားရုံးမှာ ရင်ဆိုင်သွားမလား ဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။
ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်ဖို့ နောက်ထပ် ၅ နှစ် စောင့်ဆိုင်းမှာမဟုတ်ဘဲ အခုချက်ချင်း ပြုလုပ်မယ်လို့ ခါမီဆာက သတင်းထောက်များနဲ့ ပါတီမှ တာဝန်ရှိသူများကို ပြောကြားလိုက်ပါတယ်။
စောင့်ကြည့်ရေးအဖွဲ့ ၂ ဖွဲ့ရဲ့ ပြောကြားချက်အရ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုစစ်ဆေးခြင်း မပြုနိုင်စေရန် ရဲတွေက အချက်အလက် စင်တာများကို ဝင်စီးပြီး ဝန်ထမ်းတွေနဲ့ လုပ်အားပေးများကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်က ရွေးကောက်ပွဲဖြစ်စဥ်ကြီး တစ်ခုလုံးအပေါ် အရိပ်မည်းကြီး ထင်စေကြောင်း ရွေးကောက်ပွဲ သတင်းရင်းမြစ်စင်တာနဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲ အထောက်အပံ့ကွန်ရက်တို့မှ ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းအဖွဲ့အစည်း SADC နဲ့ အာဖရိကသမဂ္ဂတို့မှ စောင့်ကြည့်ရေးများကလည်း ရွေးကောက်ပွဲဖြစ်ရပ်ကို ဝေဖန်လိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ဆယ်စုနှစ် ၄ ခုကျော်ကြာအောင် အာဏာရနေခဲ့တဲ့ ZANU-PF ပါတီကို အလွန်အလေးပေးသလိုဖြစ်နေကြောင်း လေ့လာဆန်းစစ်သူများနဲ့ စောင့်ကြည့်ရေးများက ဆိုလိုက်ပါတယ်။
ZANU-PF ပါတီကတော့ သူတို့ဟာ မမျှမတဖြစ်လောက်အောင် အားသာချက်မျိုး ရှိမနေကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းတာမျိုး မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
နန်ဂါဂွာဟာ ၂၀၁၇ ခုနှစ်က ပထမအကြိမ် သမ္မတဖြစ်လာခဲ့ကာ သူ့လက်ထက်မှာ ငွေကြေးဖောင်းပွခြင်း၊ တိုင်းပြည်ငွေကြေးပြတ်လပ်ခြင်း၊ အလုပ်လက်မဲ့ အလွန်များပြားခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
ZANU-PF မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာမူစွမ်ဂွာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေမယ့်အစား အစိုးရအုပ်ချုပ်မှုပိုင်းကိုပဲ အာရုံစိုက်သွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။
Source: Reuters
#World_Politics #ဇင်ဘာဘွေ #အတိုက်အခံခေါင်းဆောင်
၂၈ ဩဂုတ် ၂၀၂၃
အိန္ဒိယနိုင်ငံအတိုင်းပဲ မြန်မာနိုင်ငံက ဆန်တင်ပို့မှု နှစ်လတာရပ်ဆိုင်းမယ်ဆိုတဲ့အတွက် ကမ္ဘာ့ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်သွားပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ဘတ်ငွေ ၁၂၀၀၀ အထိ တက်သွားတယ်လို့ နေရှင်းသတင်းစာ ရဲ့သတင်းအရ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇူလိုင် ၂၀ရက်ကစပြီး ဆန်အများစုကို ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ဆန်တင်ပို့နေတဲ့ နိုင်ငံတွေကလည်း အလားတူလုပ်လာကြမှာကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို မတည်မငြိမ်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက အိန္ဒိယနိုင်ငံကို ဆန်ကို ခွဲတမ်းနှင့်ရောင်းချပေးဖို့ မေတ္တာရပ်ခံတာ တွေလည်းရှိနေပါတယ်လို့ နေရှင်းသတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ နေရာ ယူထားပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် အကြီးအကျယ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ အခြားသော ဆန်တင်ပို့တဲ့ အဓိကနိုင်ငံတွေက ထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့် အမေရိကန်တို့ဖြစ်ကြပြီး အိန္ဒိယရဲ့ ဆန်တင်ပို့မှု အစိတ်အပိုင်းတစ်ခုပိတ်ပင်မှုကြောင့် အဲဒီနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိလာနေတာပါ။
ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ချိူကီယတ်အိုဖတ်စ်ဝန်ဆီက “ လက်ရှိ ဆန်ဈေးနှုန်းအခြေအနေဟာ ရောင်းသူတွေကို ဈေးနှုန်းအတိအကျနှင့်ရောင်းဖို့ စိန်ခေါ်သလိုဖြစ်နေတယ်” လို့ ပြောပါ တယ်။ အဲဒီလိုဖြစ်နေရတဲ့အထဲ မြန်မာနိုင်ငံက ထပ်မံပြီး ဆန်တင်ပို့မှု ပိတ်ပင်တာကြောင့် ပိုမသေမချာအခြေအနေ ဖြစ်သွားရတယ်လို့ ပြောပါတယ်။
ကုန်သည်တွေဟာ အိန္ဒိယအနေနှင့် ဘယ်နိုင်ငံတွေကိုဆန်ရောင်းမယ်လို့ဆုံးဖြတ်လဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကမ္ဘာ့ဆန်ဈေးအပေါ်ရိုက်ခတ်မှုရှိမှာကြောင့်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တတိယဆန်တင်ပို့မှုအများဆုံး ဗီယက်နမ်နိုင်ငံကတော့ သူတို့အနေနှင့် ဆန်ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အခြားသော ဆန်တင်ပို့တဲ့နိုင်ငံတွေ ဘာလုပ်မယ်ဆိုတာတွေကြည့်နေရ တာကြောင့် ဈေးကွက်မသေချာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန်(၈)သန်းတင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ် လို့သူကပြောပါတယ်။ဒါပေမယ့် အဓိကဆန်တင်သွင်းနေတဲ့ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလိုနိုင်ငံတွေက အိန္ဒိယကနေ ဆန် ဝယ်လို့ရသွားရင် ထိုင်းဆန်တင်ပို့မှုဟာ မှန်းသလောက်ဖြစ်မလာနိုင်ဘူးလို့ သူကပြောပါတယ်။
Source: The Nation
Published 28 August 2023
ညဆိုင်းအလုပ်လုပ်ရသူတွေဟာ နေ့ဘက်အလုပ်လုပ်ရတဲ့ သူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်ဆုံးရှုံးနိုင်ချေ ပိုများနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
မနက်ခင်း ၉ နာရီကနေ ညနေ ၅ နာရီကြား ပြင်ပအချိန်တွေမှာ အလုပ်လုပ်ရတဲ့သူတွေက ရှင်းလင်းစွာ မတွေးတောနိုင်ခြင်း၊ ဦးနှောက်ယိုယွင်းခြင်း၊ အပြုအမူ ပြောင်းလဲခြင်းစတဲ့ အသိဉာဏ်ချို့ယွင်းမှုများ ပိုမိုဖြစ်နိုင်ချေများကြောင်း ကနေဒါ ယော့ခ်တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
သက်လတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေမှာ ညပိုင်းအလုပ်လုပ်ခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်ချေ ၇၉ ရာခိုင်နှုန်း ပိုများနေပါတယ်။
ပုံမှန်အလုပ်လုပ်ချိန်အတိုင်း လုပ်ရတဲ့သူတွေကတော့ သူတို့ရဲ့အတွေး၊ စိတ်ခံစားချက်၊ လုပ်ရပ်များကို ထိန်းချုပ်ဖို့ ခက်ခဲတာကို တွေ့ရှိရပါတယ်။
လူ ၅ ဦးမှာ ၁ ယောက်က အလုပ်ချိန် အဆိုင်းပြောင်းလဲရတာမျိုး ကြုံတွေ့ဖူးပါတယ်။
ခန္ဓာကိုယ်အတွင်းမှာလည်း ၂၄ နာရီစက်ဝန်းအတိုင်း ဆဲလ်တွေက နေ့ညလည်ပတ်နေရာ ပြင်ပအချိန်နဲ့အလိုက် နေ့စဥ်ပြန်လည် စတင်လည်ပတ်လေ့ရှိပေမယ့် နေရောင်ခြည်ထိတွေ့မှု နည်းလွန်းခြင်း များလွန်းခြင်းအပေါ် မူတည်ပြီး အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်း နေ့ညလည်ပတ်မှုဟာ အိပ်စက်ခြင်းစက်ဝန်း၊ ဟော်မုန်းလုပ်ဆောင်မှု၊ ခန္ဓာကိုယ်အပူချိန် လည်ပတ်မှု၊ စားသောက်မှု၊ အစာချေဖျက်မှု စတဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်များအတွက် အချိန်သတ်မှတ်ချက်လို ဖြစ်နေပါတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး အိပ်ချိန် ၇ နာရီရှိသင့်ပါတယ်။
ခန္ဓာကိုယ် နေ့ညလည်ပတ်မှုနဲ့ သွေဖည်လာပါက အခြားကျန်းမာရေး ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times
Published_ 28 August 2023
ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)မှာ ဂြိုဟ်သားများ ရှိနေနိုင်တယ်ဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းကို နာဆာသိပ္ပံပညာရှင် ဒေါက်တာ မစ်ရှဲလ်သောလာက တင်ပြလိုက်ပါတယ်။
ဗီးနပ်စ်ဂြိုဟ်က အပူချိန် ၄၇၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိကာ အက်ဆစ်ဓာတ်များတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။
ဒါပေမဲ့ ဂြိုဟ်သားတွေက ဗီးနပ်စ်ဂြိုဟ်မှာ ခိုအောင်းနေနိုင်ပြီး လူသားတွေ မနေနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်နေလောက်တယ်လို့ ဒေါက်တာသောလာက ဆိုလိုက်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပြည့်နေတဲ့ ထိုနေရာမှာ သက်ရှိတွေ ရှိနေနိုင်တယ်ဆိုတဲ့ လက္ခဏာမျိုး တွေ့ထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။
သောကြာဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်နဲ့ တည်ဆောက်ပုံ အရွယ်အစား ဆင်တူပေမယ့် လူသားတွေဟာ ဗီးနပ်စ်ဂြိုဟ်မှာ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ဘူးလို့ နက္ခတ္တဗေဒပညာရှင်များက ပြောပြခဲ့ပါတယ်။
သက်ရှိရယ်လို့ ဖြစ်လာရန် ဓာတုဓာတ်ပြုမှုအရ အရည်လိုအပ်ပြီး ဂြိုဟ်သားများ ရှာဖွေဖို့အတွက် အရည်နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိရန် လိုအပ်တယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ နက္ခတ္တဇီဝပညာရှင် ပရော်ဖက်ဆာ ဒိုမီနစ်ပါပီနော့က ဆိုပါတယ်။
ဗီးနပ်စ်မှာ အရင်က အရည်ရှိကောင်းရှိနိုင်ပေမယ့် လက်ရှိအချိန်မှာ ပူလွန်းနေတာကြောင့် သက်ရှိတွေ ရှိနေနိုင်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခက်ခဲနေကြောင်း ပရော်ဖက်ဆာက ဆိုပါတယ်။
မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်)နဲ့ နေစကြဝဠာအပြင်ဘက်ရှိ ရေခဲပြင်လဂြိုဟ်တွေမှာတော့ သက်ရှိအရိပ်အယောင်တွေ မြင်တွေ့ဖွယ်ရှိတယ်လို့လည်း ပရော်ဖက်ဆာက ပြောပြခဲ့ပါတယ်။
ထိုနေရာတွေမှာ အရည်ရှိနေနိုင်တဲ့အပြင် ရုပ်ကြွင်းတွေ ထိန်းသိမ်းကျန်ရှိနိုင်တယ်ဆိုတဲ့ ဘူမိဗေဒ အထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times
Page 326 of 827