(သတင်းနှင့်အမြင် ကဏ္ဍသစ်ကို ယနေ့မှစ၍ တင်ဆက်လိုက်ပါတယ်။ ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် ယခုကဏ္ဍကို အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)
၁ စက်တင်ဘာ ၂၀၂၄
အစ္စရေးနိုင်ငံ ဟိုင်ဖာကမ်းလွန်မှာရှိတဲ့ လီဗီယက်သန် Leviathan သဘာဝဓာတ်ငွေ့တွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။ ကနဦးသတင်းများအရ အဲဒီ သဘာဝ ဓာတ်ငွေ့ တွင်း ပေါက်ကွဲမှုဖြစ်ရတာဟာ ချို့ယွင်းမှုတစ်ခုခုကြောင့်ဖြစ်တယ်လို့ အစ္စရေး သတင်းအရင်း အမြစ်တွေက ပြောပါတယ်။
ဒါပေမယ့် အခြား မီဒီယာတွေကတော့ လီဗီယက်သန်ဓာတ်ငွေ့တွင်းဟာ ဒရုန်းတိုက်ခိုက်မှုခံရတာလို့ပြောကြပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အီရတ်နှင့် ယီမင်ဟောက်သီ ဆန့်ကျင်ရေးအုပ်စုတွေ ပါဝင်ပတ်သက်ဖွယ်ရှိတယ်လို့ သံသယရှိနေကြပါတယ်။ ဒါပေမယ့် မည်သည့် တရားဝင် အတည်ပြုချက်မှာတော့ မရှိသေးပါဘူး။
လီဗီယက်သန် ဓာတ်ငွေ့တွင်းဟာ ဟိုင်ဖာ ကမ်းခြေမှ ၁၃၀ကီလိုမီတာအကွာခန့် အစ္စရေးနိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် Exclusive Economic Zone (EEZ) မှာ တည်ရှိတာဖြစ်ပါတယ်။
ပင်လယ်ရေအောက်တွင်း (၄)တွင်းကို မန်နီဖိုးလ် manifold (ဖြာဝင်ပေါက်)ကြီးတစ်ခုနှင့်ချိတ်ဆက်ထားပါတယ်။ အဲဒီကမှ ကမ်းလွန်ပလက်မောင်းသို့ ၁၂၀ ကီလိုမီတာရှည်လျားတဲ့ ပိုက်လိုင်းနှင့်ဆက်သွယ်ထားတာဖြစ်ပါတယ်။ အဲဒီပလက်ဖောင်းမှာ ဓာတ်ငွေ့တွေလုပ်ငန်းစဉ်လုပ်ဆောင်ပေးပါတယ်။

နိုင်ငံတွေရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေဖြစ်လာနေခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာ စွမ်းအင် အရင်းအမြစ်တွေနှင့် အခြေခံအဆောက်အဦတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြရာမှာ ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၆ ရက်က ရုရှားကနေ ဥရောပကို ဘောလ်တစ်ပင်လယ်မှတစ်ဆင့် ဆက်သွယ်ထားတဲ့ Nord Stream ဓာတ်ငွေ့ပိုက်လိုင်း အကြမ်းဖက်ဖောက်ခွဲခံခဲ့ရတာဟာ အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ရုရှားနှင့် ယူကရိန်းရဲ့ ပဋိပက္ခ များအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုပါ အကြမ်းဖက်မှုကို ဘယ်သူလဲဆိုတာကို ခန့်မှန်းနိုင်ကြပေမယ့် လုပ်ခဲ့တဲ့သူတွေက ဝန်မခံ ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကြမ်းဖက်မှုဟာ မကောင်းဘူးဆိုတာ လုပ်တဲ့သူတွေကိုယ်တိုင်သိနေလို့ပဲဖြစ်ပါတယ်။
စီးပွားရေးတွေကူးလူးဆက်သွယ်နေတဲ့ ယနေ့ကမ္ဘာကြီးမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ ပြည်တွင်းထဲမှာပဲ တည် ဆောက်ထားတာတွေရှိသလို နိုင်ငံတွေဖြတ်ကျော်တည်ဆောက်တာတွေလည်းရှိပါတယ်။ အကြမ်းဖက်သူတွေရဲ့ ပစ်မှတ် တွေ ဖြစ်လာနေတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအတွက် လုံခြုံရေးဆိုင်ရာ အစီအမံတွေ စနစ်တကျရှိလာဖို့လိုအပ်လာ နေပါတယ်။ အဲဒီစွမ်းအင်အခြေခံအဆောက်အအုံတွေကိုလည်း အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်နိုင်မယ့် နည်းပညာတွေ နှင့် အခြားသော ဗျူဟာမြောက်တုန့်ပြန်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက စီစဉ်ထားရှိဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ အတိုက်အခိုက်ခံရရင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု၊ စီးပွားရေးဆုံးရှုံးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေနိုင်မှုစတဲ့ အန္တရာယ်တွေ ရှိနေလို့ဖြစ်ပါတယ်။
အဲဒါကြောင့် တိုက်ခိုက်ခံရခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုအပ်လာပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးကတော့ အတားအဆီးများထားရှိခြင်း၊ကြိုတင်ထောက်လှမ်းကိရိယာများတပ်ဆင်ခြင်း၊လုံခြုံရေးတင်းကြပ်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံတွေပဲဖြစ်ပါတယ်။
နောက်အရေးကြီးတာက ထောက်လှမ်းရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး သတင်းတွေလက်ဦးမှုရအောင်စုံစမ်းထောက်လှမ်းရပါ မယ်။ အရေးပေါ်စီမံခန့်ခွဲခြင်းနှင့် အကျပ်အတည်းဖြေရှင်းခြင်းတွေကိုလည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်သင့်ပါတယ်။ နောက်တစ်ခုကတော့ လူမှုအသိုက်အဝန်းတွေကပါ သိရှိနားလည်အောင်လုပ်ပြီး ပြည်သူတွေကပါ အသိနှင့်ပါဝင် ကာကွယ် လာဖို့ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အကြမ်းဖက်မှုတွေပြွမ်းတီးလာနေတဲ့ ကမ္ဘာကြီးမှာ ပစ်မှတ်တွေဖြစ်လာနိုင်တဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေလုံခြုံရေးကို ဦးစားပေးလုံခြုံရေးအဆင့်ထားရှိခြင်း၊ လုံခြုံရေးအသိ အမြဲနိုးကြားနေခြင်းနှင့် ကြိုတင် ကာကွယ်နိုင်မည့် လက်တွေ့ကျသော အစီအမံများ ထားရှိဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သင့်ပါကြောင်း။
-ကောင်းမြတ်ကျော်

#World_Health
Published 1 Sep t 2024
▪️ တစ်နေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက်များအောင် ကြာရှည်သောက်သုံးတဲ့ သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ များတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ ကဖင်းဓာတ် ပုံမှန်သုံးစွဲနေပါက ပါရာဆင်ပက်သဲတစ်စနစ်ကို ထိခိုက်စေကာ သွေးပေါင်ချိန်တက်ပြီး နှလုံးခုန်နှုန်း မြန်စေတယ်လို့ အိန္ဒိယ ဇိုင်ဒက်စ်ဆေးပညာကောလိပ်မှ နန်စီကာဂါစရာက ပြောပါတယ်။
▪️ သုတေသီများက သွေးတိုးမရှိတဲ့ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား လူ ၉၂ ဦးကို လေ့လာကြရာမှာ အချိန်တစ်နှစ်ကျော်ကာလအတွင်း တစ်ပတ်ကို ၅ ရက် ကော်ဖီသောက်တာဟာ ပုံမှန်ကဖင်းဓာတ် အသုံးပြုတယ်လို့ သတ်မှတ်ပါတယ်။
▪️ ကဖင်းဓာတ်ဟာ ကော်ဖီနဲ့ လက်ဖက်ရည်မှာ အဓိကပါဝင်သလို ကိုကာကိုလာ၊ ပက်စီ၊ ကျွဲရိုင်း၊ စတင်း၊ မွန်းစတားတို့လို အချိုရည်တွေမှာလည်း ပါဝင်ပါတယ်။
▪️ ကော်ဖီ ၄ ခွက်၊ ဆိုဒါ ၁၀ ဗူး၊ အားဖြည့်အချိုရည် ၂ ဗူးတို့ဟာ အကြမ်းအားဖြင့် ကဖင်းဓာတ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူထဲက ၂၀ ရာခိုင်နှုန်းနီးပါးဟာ တစ်နေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ကျော်အောင် သောက်သုံးကြပြီး အများအားဖြင့် အမျိုးသမီးများဖြစ်ကာ စီးပွားရေးနဲ့ စီမံခန့်ခွဲရေးပိုင်းမှာ အလုပ်လုပ်ကြသူတွေဖြစ်ပြီး မြို့ပြနေရာတွေမှာ နေထိုင်ကြပါတယ်။
▪️ ထိုအခါမှာ ကဖင်းဓာတ် ၄၀၀ မီလီဂရမ်သောက်တဲ့သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
▪️ အထူးသဖြင့် လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းက ခုန်တက်ပြီး ပြန်ကျဖို့ ကြာရှည်နေပါတယ်။
▪️ ဒါမျိုးအချိန်ကြာကြာ ဖြစ်ပွားလာပါက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများပါတယ်။
▪️ သွေးပေါင်ချိန် တက်စေတဲ့အထဲမှာ အရက်၊ ဆေးလိပ်၊ ဆားတို့ကြောင့် ဖြစ်နိုင်ပြီး အခုဆိုရင် ကဖင်းဓာတ်လည်း ပါဝင်လာပါတယ်။
▪️ ကဖင်းဓာတ်က ကျန်းမာရေးအကျိုးကျေးဇူးလည်း ပေးနိုင်တာကြောင့် သွေးပေါင်ချိန်တက်တာကို ထိန်းဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရမျှတစွာ စားသုံးခြင်း၊ အရက်ဆေးလိပ် ဖြတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် အာဟာရဓာတ် မျှတအောင် စားသောက်ပြီး ကော်ဖီ လက်ဖက်ရည်တို့ကို သင့်တင့်စွာ သောက်သုံးခြင်းက ကဖင်းဓာတ် အကျိုးကျေးဇူးကို အကောင်းဆုံးရရှိနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
#Source: Healthline
တရုတ်နှင့်အမေရိကန်ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ရေး တည်မြဲရန်အရေးကြီးဟု ရှီကျင့်ဖင်နှင့်အမေရိကန်ပြည်ထောင်စုလုံခြုံရေးထိပ်သီးအရာရှိ တွေ့ဆုံဆွေးနွေး
တရုတ်နဲ့ အမေရိကန်တို့ဟာ အဓိကနိုင်ငံကြီး ၂ နိုင်ငံဖြစ်တာနဲ့အညီ သမိုင်းကြောင်းအတွက် ပြည်သူတွေအတွက် ကမ္ဘာကြီးအတွက် တာဝန်ယူသင့်ကြောင်း၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက် တည်ငြိမ်မှုပြယုဂ် ဖြစ်သင့်ကာ ဘုံတိုးတက်ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖင်က ပေကျင်းမှာ ပြောကြားသွားပါတယ်။
#World_News
Published 31 August 2024
#ရှီကျင့်ဖင် #လုံခြုံရေးထိပ်သီးအရာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 31 August 2024
၁။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်းများထောက်ပံ့ကူညီပေးရန်ရှိဟုဆို
၂။ ဒေါ်လာဈေးများ ကျဆင်းနေသော်လည်း ဆေးဝါးဈေးနှုန်းများအတက်ဈေး၌သာရှိနေ
၃။ ရွှေရည်ညွှန်းဈေး ကျပ်သိန်း ၅၀ ကျော်လာသော်လည်း ပြင်ပဈေး ကျပ်သုံးသိန်းခွဲကျော်ကျဆင်းလာ
၄။ တရုတ်နှင့်အမေရိကန်ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ရေး တည်မြဲရန်အရေးကြီးဟု ရှီကျင့်ဖင်နှင့်အမေရိကန်ပြည်ထောင်စုလုံခြုံရေးထိပ်သီးအရာရှိ တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 August 2024
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက လေတပ်ဦးစီးချုပ် မိုင်ကိုလာအိုလက်ရှိချူ့ခ်ကို သောကြာနေ့က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သမ္မတအမိန့်ထုတ်ပြန်လိုက်ပါတယ်။
▪️ တနင်္လာနေ့က ရုရှားတိုက်ခိုက်မှုကြီးတစ်ခုကို တွန်းလှန်တိုက်ထုတ်နေစဉ် F-16 လေယာဉ်တစ်စီး ပျက်ကျကာ လေယာဉ်မှူး သေဆုံးသွားကြောင်း ယူကရိန်းစစ်တပ်မှ အကြောင်းကြားလာပြီးနောက် အခုလို ရာထူးမှထုတ်ပယ်တယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ "လေတပ်ဦးစီးချုပ်နေရာကို အစားထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တပ်မတော်မှ လေယာဉ်မှူးအားလုံးကို ထာဝရ ကျေးဇူးတင်ရှိပါတယ်" လို့ ဇယ်လန်စကီက ညနေခင်းမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
▪️ ရာထူးမှ ထုတ်ပယ်ရတဲ့ အကြောင်းအရင်းကို မပြောခဲ့ပေမယ့် အမှုထမ်းတွေကို ကာကွယ်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးအရာရှိအပိုင်းကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောသွားပါတယ်။
▪️ ဒုဗိုလ်ချုပ် အန်နာတိုလီခရီဗိုနော့ဇ်ကာကို တပ်မှူးတာဝန်များ ယာယီပေးအပ်သွားမယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။
▪️ ယူကရိန်းလေယာဉ် ပျက်ကျတဲ့ အကြောင်းအရင်းကို ယူကရိန်းစစ်တပ်က မဖော်ပြပေမယ့် ရုရှားပစ်မှတ်တစ်ခုကို ချဉ်းကပ်နေစဉ် လေယာဉ်က နိမ့်ဆင်းသွားခဲ့တယ်လို့တော့ ပြောပါတယ်။
▪️ အမေရိကန်မှ မဟာမိတ်တွေက ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကူညီစုံစမ်းနေတယ်လို့ အိုလက်ရှ်ချူ့ခ်က တနင်္လာနေ့မှာ ပြောပါတယ်။
▪️ အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦး ပြောကြားချက်အရ ရုရှားပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ပုံမပေါ်ဘဲ လေယာဉ်မှူးအမှားကနေ စက်ပစ္စည်းပိုင်း ချို့ယွင်းမှုတို့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
▪️ ရုရှားကျူးကျော်မှုကြီး ခုခံတိုက်ခိုက်နေရာမှာ ပထမဆုံး F-16 လေယာဉ်တွေ ရောက်ရှိလာခြင်းက ယူကရိန်းတို့အတွက် မှတ်ကျောက်တစ်ခု ဖြစ်ခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 31 August 2024
▪️ လူကြီးမိဘတွေဟာလည်း ကလေးတွေလိုပဲ လက်ကိုင်ဖုန်းတွေကို စွဲလမ်းတတ်ကြပြီး အသိပေးချက်တွေ အဆက်မပြတ် ဝင်နေတာကြောင့် အနှောင့်အယှက်ဖြစ်ပြီး ဖိစီးမှုကြုံတွေ့ရကြောင်း မီချီဂန်ဆေးတက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
▪️ အလုပ်များတဲ့ မိဘတွေဟာ လက်ကိုင်ဖုန်းအသုံးပြုရတာကို သဘောတွေ့ကြပေမယ့် ဖုန်းထဲက အသိပေးချက်တွေကြောင့်လည်း သောကဖြစ်ရတယ်လို့ ဆိုပါတယ်။
▪️ ယခုအခါ အမေရိကန်မှ ကျောင်းအများအပြားမှာ ကျောင်းချိန်အတွင်း ကျောင်းသားများ လက်ကိုင်ဖုန်း အသုံးပြုခြင်းကို တားမြစ်ဖို့ တွန်းအားပေးနေကြပါတယ်။
▪️ လေ့လာချက်များအရ အမေရိကားမှ လူကြီးမိဘတွေဟာ နေ့စဉ်လက်ကိုင်ဖုန်းထဲကနေ အသိပေးချက် ၃၀၀ နီးပါးရရှိနေပါတယ်။
▪️ တစ်နေ့အတွင်း ဖုန်းကို ပျမ်းမျှအားဖြင့် ၉၃ ကြိမ် ကောက်ယူကိုင်တွယ်နေကြပါတယ်။
▪️ မိဘတွေဟာ အိမ်အလုပ်၊ ရုံးအလုပ်နဲ့ အခြားအလုပ်တွေကို လုပ်နေရတာကြောင့် ဖုန်းအသုံးပြုရင်း စိတ်သက်သာနိုင်မယ်လို့ ထင်ကြပေမယ့် ဖိစီးမှုတွေ ပိုများနိုင်ပါတယ်လို့ ဟဲ့လ်မော့သ်ကလေးဆေးရုံမှ ဒေါက်တာ တစ်ဖာနီမွန်ဇာက ပြောပါတယ်။
▪️ ရက်သတ္တပတ်အတွင်း ကြားရက်တွေမှာ ဖိစီးမှုပိုများကြကာ ဒါဟာ ရုံးအလုပ်နဲ့ အိမ်မှုကိစ္စတို့ဖြင့် အလုပ်အများကြီး လုပ်ရတာကြောင့်လို့ ပြောပါတယ်။
▪️ စမတ်ဖုန်းတွေက အချိန်မရွေး သိချင်တာကို ကြည့်ရှုနိုင်လို့ရပေမယ့် ဖိစီးမှုဆိုတဲ့ အကျိုးဆက်လည်း ရှိလာပါတယ်။
▪️ ပိုဆိုးတာက ဖုန်းအသုံးမပြုဘဲနေရမှာကို လူတွေက စိုးထိတ်နေကြတယ်လို့လည်း ဆိုပါတယ်။
#Source: New York Post
#World_Health
Published 31 August 2024
▪️ လူသားတွေရဲ့ မျက်လုံးဟာ အရေးကြီးဆုံး အာရုံခံအင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး နေ့စဉ်နေထိုင်မှုဘဝတွေမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ ဒါပေမဲ့ ခေတ်မီလူမှုနေထိုင်မှုပုံစံတွေကြောင့် အမြင်အာရုံ ထိခိုက်လာကြကာ မျက်လုံးကို အကာအကွယ် ပေးနိုင်မယ့် အလေ့အကျင့်တွေ ပြုလုပ်ဖို့ လိုလာပါတယ်။
▪️ လူသားတွေရဲ့ မျက်စိမြင်ကွင်းက သာမန်အလင်းအာရုံခံ ဆဲလ်တွေအဖြစ်ကနေ တိကျစွာမြင်နိုင်တဲ့ အင်္ဂါများအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။
▪️ ရှေးခေတ်က သားကောင်တွေကို ရှာဖွေခြင်းနဲ့ ကွဲပြားတဲ့ ပတ်ဝန်းကျင် အနေအထားတို့ကို သိရှိရုံသာ စွမ်းဆောင်ခဲ့ရာကနေ အခုဆိုရင် အရောင်ခွဲခြားခြင်း၊ အကွာအဝေး အမျိုးမျိုးရှိ အရာများကို ကြည့်ရှုခြင်းတို့ပါ ပြုလုပ်လာနိုင်ပါတယ်။
▪️ ယခုအခါ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ အကြည့်များလာခြင်းကြောင့် အမြင်အာရုံ ထိခိုက်လာကြကာ မျက်လုံးနဲ့ အမြင်အာရုံကို ကျန်းမာစေမယ့် နည်းလမ်းများ မျှဝေလိုက်ပါတယ်။
(၁) ၂၀-၂၀-၂၀ စည်းမျဉ်းကျင့်သုံးပါ
▪️ ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ကြည့်တဲ့အခါ မိနစ် ၂၀ ကြာတဲ့အခါတိုင်း ပေ ၂၀ ဝေးတဲ့အရာကို စက္ကန့် ၂၀ ကြာကြည့်ရှုပေးရမှာ ဖြစ်ပါတယ်။
▪️ ဒါမှသာ မျက်လုံးကြွက်သား ပြေလျော့ပြီး အဝေးမှုန်ခြင်း ဖြစ်နိုင်ခြေနည်းမှာ ဖြစ်ပါတယ်။
(၂) မျက်လုံးအာဟာရဓာတ်ရအောင် စားသုံးပါ
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊ ကြက်ဥတို့မှာပါတဲ့ လူတိန်း၊ ဇီဇန်သင်း၊ ကယ်ရိုတီနွိုက်တို့က ဖုန်း၊ ကွန်ပျူတာတို့ကနေ ထွကတဲ့ အလင်းပြာတွေကနေ မျက်လုံးကို ကာကွယ်ပေးပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က မျက်လွှာဆဲလ် ဖွဲ့စည်းပုံကို ထိန်းသိမ်းပေးကာ မျက်စိရောဂါများမှ ကာကွယ်ပေးပါတယ်။
(၃) ရေဓာတ်ပြည့်အောင်နေပါ
▪️ ရေဓာတ်လုံလောက်ပါမှ မျက်ရည်လွှာကို ထိန်းသိမ်းပေးပြီး အမှုန်၊ ပိုးမွှားများမှ ကာကွယ်ပေးပါတယ်။
▪️ ရေဓာတ်ခန်းခြောက်ပါက မျက်လုံးခြောက်ခြင်းနဲ့ ရောဂါပိုးများ ဝင်ရောက်နိုင်ပါတယ်။
(၄) မျက်လုံးစစ်ဆေးမှုပုံမှန်ပြုလုပ်ပါ
▪️ အမြင်အာရုံ ပြဿနာများ ဆိုးရွားမလာခင် သိရှိဖို့အတွက် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
အချို့သော ရောဂါတွေက အစောပိုင်းမှာ လက္ခဏာမသိသာဘဲ ဖြစ်လာတဲ့အချိန်မှာတော့ ကုသလို့မရအောင် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၅) အလုပ်ခွင်နေရာမှာသတိပြုထိန်းသိမ်းပါ
▪️ ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ မျက်နှာနဲ့ ဖန်သားပြင် ၂၀ မှ ၃၀ လက်မလောက် ကွာဝေးအောင်နေပြီး မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်ပါစေ။
▪️ အခန်းအလင်းရောင်နဲ့အညီ ကွန်ပျူတာ ဖန်သားပြင်အလင်းကို ချိန်ညှိပြီး အလင်းအကာအကွယ်လည်း တပ်ဆင်နိုင်ပါတယ်။
(၆) ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပါ
▪️ မျက်လုံးကို ခရမ်းလွန်ရောင်ခြည် ထိတွေ့တဲ့အခါ ရေတိမ်ဖြစ်နိုင်သလို မျက်ကြည်လွှာကိုလည်း ထိခိုက်စေပါတယ်။
▪️ ဒါကြောင့် အပြင်ထွက်တဲ့အခါ UV ရောင်ခြည်တွေကို အပြည့်အဝတားဆီးပေးတဲ့ နေကာမျက်မှန်တွေ တပ်ဆင်သင့်ပါတယ်။
(၇) အိပ်ရေးဝအောင်အိပ်ပါ
▪️ မျက်လုံးတစ်ရှူးများ ပြုပြင်ဖြစ်ပေါ်ဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။
▪️ အိပ်နေစဉ်မှာ မျက်လုံးဟာ အာဟာရဓာတ်များဖြင့် ပြန်လည်ဖြည့်ဆည်းပြီး မျက်ရည်လွှာများ ပြန်ဖြစ်ပေါ်ပါတယ်။
#Source: DoctorNDTV
Page 329 of 1092