#World_Politics
Published 18 February 2023
ဘဏ္ဍာရေးမှူး'ဂျော့ဂ်ျဆိုရော့စ်'ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွဲ့စည်းပုံပျက်ပြားစေရန် ကြိုးပမ်းနေတယ်ဆိုပြီး အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဆိုရော့စ်ရဲ့စကားတွေက အိန္ဒိယပုံရိပ်ကို ထိခိုက်စေရုံမက အစိုးရပြောင်းလဲရေးအကြောင်းပါ ပါဝင်နေတယ်လို့ BJP အာဏာရပါတီက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့ မြူးနစ်လုံခြုံရေးညီလာခံအတွင်း ဆိုရော့စ်က အိန္ဒိယဝန်ကြီးချုပ်'နာရန်ဒရာမိုဒီ'ကို ရည်ရွယ်ပြီး အငြင်းပွားဖွယ်မှတ်ချက်စကားများ ဆိုခဲ့တာဖြစ်ပါတယ်။
မိုဒီနဲ့ စီးပွားရေးသူဌေးကြီး'အဒါနီ'တို့ဟာ ရင်းနှီးသောမိတ်ဖက်များဖြစ်ပြီး သူတို့ရဲ့ကံကြမ္မာက ဆက်နွယ်နေကြောင်း၊ အဒါနီရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီရဲ့သက်ရောက်မှု သိသိသာသာအားနည်းစေမှာဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ ဖွဲ့စည်းပုံအတွက် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျော့ဂ်ျဆိုရော့စ်ဆိုတဲ့ နိုင်ငံခြားအာဏာရလူတစ်ဦးဟာ အိန္ဒိယဒီမိုကရက်တစ်ဖွဲ့စည်းပုံကို ထိခိုက်မယ့်အကြောင်း ကြေညာခဲ့တယ်လို့ အမျိုးသမီးနှင့်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး 'ဆမ်ရီတီအီရာနီ'က BJP ရုံးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်'မိုဒီ'က သူ့ရဲ့အဓိကပစ်မှတ်ဖြစ်လာမယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။
သူ့အကျိုးစီးပွားကို အထောက်အကူဖြစ်စေမယ့် စနစ်တည်ဆောက်ဖို့ကိုလည်း ကြေညာခဲ့ပါတယ်။
"သေချာနားထောင်ကြည့်မယ်ဆိုရင် ဒါဟာ အိန္ဒိယပုံရိပ်ထိခိုက်ရုံတင်မကပါဘူး၊ အစိုးရပြောင်းလဲရေးအကြောင်းပါ ပါဝင်နေပါတယ်၊ အိန္ဒိယဟာ ကြုံလာသမျှ နိုင်ငံခြားစွက်ဖက်မှုတွေကို အမြဲအနိုင်ရခဲ့သလို အနာဂတ်မှာလည်း ဆက်လက်အနိုင်ယူသွားမှာဖြစ်ကြောင်း အီရာနီက ပြောကြားခဲ့ပါတယ်။
အိန္ဒိယအဓိကအတိုက်အခံပါတီဖြစ်တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ကလည်း ဆိုရော့စ်ရဲ့စကားတွေကို ရှုတ်ချလိုက်ပါတယ်။
Source: WION
#Yangon_Media_Group
#World_Automobile
Published 18 February 2023
၂၀၅၀ အရောက်မှာ ဓာတ်ငွေ့လောင်စာသုံးကားများ ရောင်းချခြင်းမရှိစေရေး ရည်မှန်းနေတဲ့ အမေရိကန်မှာ လျှပ်စစ်ကားများအားသွင်းရန်နေရာ ရှားပါးခြင်းကို ဖြေရှင်းပေးနိုင်တော့မှာဖြစ်ပါတယ်။
ဒါကတော့ တစ်နာရီအတွင်း အားပြည့်အောင်သွင်းပေးနိုင်မယ့် လျှပ်စစ်ကားဘက်ထရီဖြစ်ပါတယ်။
သူ့ရဲ့ဆန်းသစ်မှုကတော့ အရင်ကနဲ့မတူဘဲ မျက်နှာပြင်ပေါ်မှာ တူညီတဲ့လီသီယမ်ပုံဆောင်ခဲတွေ ကြီးထွားလာစေပြီး ဒန်းဒရိုက်လို့ခေါ်တဲ့ ဘက်ထရီစွမ်းဆောင်ရည်ကျဆင်းစေတဲ့ အပေါက်များမရှိအောင် အလွှာများထူထပ်စွာ ရှိနေတာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဒီယေဂိုမှ နာနိုအင်ဂျင်နီယာများက ဦးဆောင်ဖန်တီးခဲ့ကြတာဖြစ်ပြီး လျှပ်စစ်ကားနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ အီလက်ထရွန်းနစ်ပစ္စည်းများအတွက် စွမ်းအင်သိပ်သည်းတဲ့ လီသီယမ်ဘက်ထရီများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုကို တားဆီးနေတဲ့အပိတ်အဆို့ကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။
ထိုအခါမှာ အချိန်တိုအတွင်း အားပြည့်နိုင်မယ့် လီသီယမ်ဘက်ထရီတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်ပြည်နယ်အများအပြားမှာ ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်နိုင်ရန်အတွက် ဓာတ်ငွေ့လောင်စာသုံးကားတွေ ရောင်းချခြင်းကို တားမြစ်ကြောင်း ကြေညာထားပါတယ်။
ကာဗွန်ထုတ်လွှတ်ခြင်းမရှိတဲ့ ကားသစ်တွေရောင်းချခြင်းကို ၂၀၂၆ မှာ ၃၅ ရာခိုင်နှုန်းရှိရန်၊ ၂၀၃၀ မှာ ၆၈ ရာခိုင်နှုန်းရှိရန်၊ ၂၀၃၅ မှာ ၁၀၀ ရာခိုင်နှုန်းရှိရန် လိုအပ်ပါတယ်။
ဒါပေမဲ့လည်း တော်တော်များများမှာ လျှပ်စစ်ကားများဝင်ရောက်လာခြင်းအတွက် ပြင်ဆင်ထားခြင်းမရှိပါဘူး။
Source: Daily Mail
#Yangon_Media_Group
#World_Automobile
Published 17 February 2023
တရုတ်နိုင်ငံ မော်တော်ကားကုမ္ပဏီတွေကနေ ဇန်နဝါရီလတစ်လတည်းအတွင်း အစီးရေ ၃ သိန်းကျော် တင်ပို့နိုင်ခဲ့ရာ တရုတ်ရဲ့ မော်တော်ယာဉ်တင်ပို့ခြင်းလုပ်ငန်းဟာ အရှိန်အဟုန်ရလျက်ရှိပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 17 February 2023
၁။ ဂျပန်နိုင်ငံက မြန်မာရွှေထည်တွေဝယ်ယူနိုင်ဖို့ ပြည်တွင်းဘဏ်စနစ်နဲ့ သယ်ယူပို့ဆောင်ရေးအခြေအနေတွေကို ဆွေးနွေးနေ
၂။ ကိုဗစ်ပိုးသစ်များဝင်ရောက်မှုမရှိအောင် ထိုင်းနိုင်ငံပြန်များကို ဒေသသုံးခုတွင် ကွာရန်တင်းထားပြီး ကိုဗစ်စစ်ဆေးပေးနေ
၃။ ကိုဗစ်ကာလလျော့နည်းသွားသည့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်မြင့်တင်သွားမည်ဟုဆို
၄။ တရုတ်နိုင်ငံပြည်တွင်း ထုတ်မော်တော်ကားများ အရှိန်အဟုန်ဖြင့်ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 17 February 2023
ဝေဟင်ရှိမည်သည့်အရာဝတ္ထုမဆို တိုင်းပြည်ကိုခြိမ်းခြောက်နိုင်တယ်လို့ ယူဆရပါက ပစ်ချရန်တွန့်ဆုတ်နေမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပစ်ချခဲ့တဲ့ အရာဝတ္ထု ၃ ခုဟာ တရုတ်နဲ့ မသက်ဆိုင်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
"ဒီအရာဝတ္ထု ၃ ခုက ဘာတွေလဲဆိုတာ သေချာမသိရသေးပါဘူး၊ အခုအချိန်မှာတော့ ဒါတွေဟာ တရုတ်စပိုင်ပူဖောင်းနဲ့ ဆက်စပ်နေတာမျိုး၊ အခြားတစ်နိုင်ငံမှ စောင့်ကြည့်ရေးယာဉ်တွေနဲ့ ဆက်စပ်နေတာမျိုးတော့ မတွေ့ရသေးပါဘူး" လို့ ဘိုင်ဒင်က ဆိုပါတယ်။
စပိုင်ပူဖောင်းအကြောင်းအရာကြောင့် အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုများမြင့်တက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အဖြူရောင်ရှိတဲ့ တရုတ်ပူဖောင်းဟာ အမေရိကန်လေပိုင်နက်မှာ ပျံသန်းနေတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်အာဏာပိုင်များက ထိုပူဖောင်းကို ရက်အနည်းငယ်ကြာအောင် ခြေရာခံစောင့်ကြည့်နေခဲ့ပြီး တိုက်လေယာဉ်ဖြင့် ပစ်ချခိုင်းခဲ့ပြီးနောက် ပူဖောင်းကိုခွဲခြမ်းစိတ်ဖြာရန် အပျက်အစီးကို လိုက်လံဆယ်ယူခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ နောက်ထပ်အမျိုးအမည်မသိ အရာဝတ္ထု ၂ ခုကိုလည်း ပစ်ချခဲ့ရာ တစ်ပတ်အတွင်း ၃ ကြိမ်မြောက်ပစ်ချခဲ့ရတာဖြစ်ပါတယ်။
ထိုအရာဝတ္ထုတွေဟာ လေကြောင်းသွားလာရေးကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပစ်ချလိုက်ရန် စစ်တပ်ကိုအမိန့်ပေးခဲ့ကြောင်း၊ အရေးကြီးအဆောက်အအုံတွေ ထောက်လှမ်းခံရနိုင်တဲ့ အနေအထားမျိုးကို လွှတ်မထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအကဲဖြတ်မှုတွေအရ ဒီအရာဝတ္ထုတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေ၊ ရာသီဥတုသုတေသနလုပ်ငန်းတွေ၊ သိပ္ပံလေ့လာရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ သိရှိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 17 February 2023
ကယ်လိုရီလျှော့ချစားသုံးခြင်းဖြင့် သင့်ကိုနုပျိုစေနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
လူပေါင်း ၂၂၀ ကိုလေ့လာပြီး ၃ ပုံ ၁ ပုံက ၂ နှစ်အတွင်း ကယ်လိုရီစားသုံးမှု ၂၅ ရာခိုင်နှုန်းလျှော့ချခဲ့ကာ ကျန်တဲ့သူတွေကတော့ ပုံမှန်အတိုင်း စားသုံးစေခဲ့ပါတယ်။
ကယ်လိုရီလျှော့ချစားသုံးခဲ့တဲ့သူတွေက အသက် ၃ နှစ်မျှ အိုမင်းခြင်းဖြစ်စဉ်နှေးကွေးသွားခဲ့ကာ စောစီးစွာအသက်ဆုံးပါးနိုင်ချေ လျော့နည်းလာခဲ့ကြောင်း အဆိုပြုထားကြပါတယ်။
အဝလွန်သူတွေမှာ ကယ်လိုရီလျှော့ချခြင်းဖြင့် ကိုယ်အလေးချိန်ကျပြီး ပိုမိုကျန်းမာစေကြောင်း သိရှိထားကြပြီးဖြစ်ပေမယ့် ကျန်းမာပြီးသားလူတွေမှာ ကယ်လိုရီလျှော့ချစားသုံးခြင်းကိုတော့ အခုမှ ပထမဆုံးလေ့လာကြတာဖြစ်ပါတယ်။
အရင်က ကြွက်တွေမှာလေ့လာခဲ့ရာမှာလည်း ကယ်လိုရီလျှော့ချခြင်းက သက်ရှည်ကျန်းမာစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်းကို သက်သေပြရာ ရောက်နေပါတယ်။
စမ်းသပ်မှုမှာ အသက်ကြီးရင့်လာရင် ဖြစ်လာကြတဲ့ သွေးဖိအားနဲ့ ကိုလက်စ်ထရောလ်များခြင်းတို့ဖြင့် စမ်းသပ်တာဖြစ်ပါတယ်။
ထိုကဲ့သို့အိုမင်းလာခြင်းလက္ခဏာတွေကို ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇလုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
ဇီဝနည်းလမ်းအရ အိုမင်းလာခြင်းကို နှောင့်နှေးစေခြင်းဖြင့် အသက်ရှည်ရှည်နေထိုင်ရနိုင်ပြီး အိုနာသေဖြစ်စဉ်နှောင့်နှေးသွားနိုင်တာဖြစ်ပါတယ်။
အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းနှောင့်နှေးစေခြင်းဖြင့် စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း အရင်က တွေ့ရှိထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 17 February 2023
စားသုံးနိုင်တဲ့ မှိုတွေမှာတွေ့ရတဲ့ လှုပ်ရှားဒြပ်ပေါင်းတွေဟာ အာရုံကြောဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို အားမြှင့်ပေးကြောင်း ဩစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။
Hericium erinaceus လို့ခေါ်တဲ့မှိုမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့ပြီး ခြင်္သေ့လည်ဆံမှိုလို့ ခေါ်ဝေါ်ကြပါတယ်။
ဒီမှိုတွေကနေရရှိတဲ့ ပစ္စည်းတွေကို အာရှနိုင်ငံတွေမှာ တိုင်းရင်းဆေးအတွက် ရာစုနှစ်ကြာအောင် အသုံးပြုကြပေမယ့် ဦးနှောက်ဆဲလ်တွေပေါ် သက်ရောက်မှုကို သိပ္ပံနည်းကျလေ့လာချင်ကြတာ ဖြစ်ပါတယ်။
အကြိုစမ်းသပ်မှုများအရ ခြင်္သေ့လည်ဆံမှိုဟာ ဦးနှောက်ဆဲလ်ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို တိုးမြှင့်စေနိုင်ကြောင်း ပရော်ဖက်ဆာ'ဖရက်ဒရစ်မျူနီယာ'က ပြောပြခဲ့ပါတယ်။
နျူရိုထရိုဖင်ဆိုတဲ့ ပရိုတိန်းတွေဟာ အာရုံကြောဆဲလ်တွေ ဖွံ့ဖြိုးမှု၊ လုပ်ဆောင်ချက်၊ အသက်ရှင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပါတယ်။
သူတို့ကိုတွေ့ရှိတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ပြီး အာရုံကြောစွမ်းရည်ကို မြှင့်တင်ခြင်း၊ ဆုတ်ယုတ်မှုကာကွယ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ဆေးဘက်ဝင်မှုကို သေချာအသုံးမချနိုင်သေးဘဲ အကျိုးကျေးဇူးတွေကို ထုတ်ဖော်ဖို့လိုအပ်ပါသေးတယ်။
အာရုံကြောချို့တဲ့လာတဲ့ အယ်လ်ဇိုင်းမားလို ရောဂါမျိုးဖြစ်ပေါ်မလာအောင် ကုသကာကွယ်ပေးနိုင်မယ်လို့ တွေ့ရှိလာကြပါတယ်။
တရုတ်ရှေးတိုင်းရင်းဆေးပညာမှာ နာမကျန်းဖြစ်ခြင်းနဲ့ ကျန်းမာရေးထိန်းသိမ်းရန်အတွက် ခြင်္သေ့လည်ဆံမှိုကို အသုံးပြုနေကြတာ ကြာပါပြီ။
Source: The Jerusalem Post
#Yangon_Media_Group
Page 504 of 868