Published_ 22 September 2023
အချိုရည်အေးအေးတွေကို လူအများကြိုက်နှစ်သက်ကြပေမယ့် ဘေးထွက်ဆိုးကျိုး များစွာရှိပါတယ်။
သကြားပါတာကြောင့် ဆီးချိုဖြစ်နိုင်ကာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။
အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို ပျက်စီးစေပြီး ခံတွင်းပြဿနာ ဖြစ်စေပါတယ်။
အချိုရည်တွေမှာ ဖော့စ်ဖရစ်အက်ဆစ် (H3PO4)လည်း ပါဝင်ကာ ဖော့စ်ဖောရပ်စ်များခြင်းနဲ့ ကယ်လ်စီယမ်နည်းပါးခြင်းတို့ကြား မညီမျှမှုဖြစ်စေကာ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ပမာဏ နည်းပါးစေပါတယ်။
အာဟာရပညာရှင် လိုဗ်နိဘာထရာက အရိုးပွရောဂါ မဖြစ်အောင် လိုအပ်တဲ့ အာဟာရဓာတ်များအကြောင်း ဖော်ပြခဲ့ပါတယ်။
(၁) မဂ္ဂနီဆီယမ် - အရိုးတည်ဆောက်မှုမှာ ပါဝင်ပြီး အရိုးသန်မာစေရန် အဓိကကဏ္ဍမှ ပါဝင်ပါတယ်။
(၂) ပိုတက်ဆီယမ် - ကျောက်ကပ်ရှိ ကယ်လ်စီယမ်ပမာဏကို ထိန်းညှိပေးပြီး အက်ဆစ်-ဘေ့စ် ညီမျှခြေကို ထိန်းသိမ်းပေးပါတယ်။
(၃) ဗိုက်တာမင်စီ - အသီးအနှံတွေမှာ တွေ့ရကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရိုးကျိုးအက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၄) ဖော့စ်ဖရပ်စ် - ဖွံ့ဖြိုးကြီးထွားချိန်မှာ လိုအပ်တဲ့ ဖောာ့စ်ဖရပ်စ်က အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်ပြီး ဖော့စ်ဖိတ်ပမာဏ နည်းတဲ့အခါ အာဟာရပြတ်လပ်ခြင်းဖြစ်ပြီး အရိုးပွခြင်း ကျိုးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၅) ဗိုက်တာမင်ကေ - အစိမ်းရောင်အရွက်တွေမှာ တွေ့ရပြီး အရိုးပရိုတိန်းများကို လှုံ့ဆော်ပေးကာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၆) ဇင့် - အင်ဇိုင် ၂၀၀ ကျော်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်ကာ ကော်လာဂျင်ဖွဲ့စည်းခြင်းနဲ့ အရိုးသတ္တုဓာတ်ဖြည့်ခြင်းတို့မှာ မရှိမဖြစ် အရေးကြီးပါတယ်။
(၇) ဗိုက်တာမင်ဘီ၁၂ - DNA ဖွဲ့စည်းခြင်းအတွက် လိုအပ်ကာ အရိုးတည်ဆောက်ပေးတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့အပြင် အခြားဗိုက်တာမင်ဘီတွေနဲ့လည်း ချိတ်ဆက်ပေးပါတယ်။
(၈) ပရိုတိန်း - ကယ်လ်စီယမ်စုပ်ယူခြင်းကို အားပေးကာ အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဒါကြောင့် အချိုရည်များရှောင်ကြဥ်ပြီး အဆိုပါသတ္တုဓာတ်များ ဖြည့်တင်းခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
လူအများစုက ညအိပ်ရာမဝင်ခင် ရေချိုးတတ်ကြပေမယ့် ဆံပင်ရေစိုကြီးနဲ့ အိပ်တတ်တာဟာ မနှစ်မြို့စရာ ဖြစ်နေပါတယ်။
ညအိပ်ရာဝင်ခါနီးမှ ခေါင်းလျှော်တဲ့အခါ ဆံပင်ခြောက်အောင် ပြုလုပ်ဖို့ အချိန်မရကြပါဘူး။
ဒါဟာ ဆံကေသာနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ခေါင်းအုံးတွေနဲ့ အိပ်ရာခင်းတွေမှာလည်း မှိုတွေဖြစ်လာနိုင်ပါတယ်။
အိပ်စက်ခြင်းဆိုင်ရာ ပညာရှင်မက်စ်စတီဖင်စ်က ဆံပင်စိုတွေကို အိပ်နေစဥ် ဖိမိတာမျိုးကြောင့် ပိုမိုကျိုးလွယ်ကြေလွယ်ကြောင်း ရှင်းပြပါတယ်။
ဆံပင်စိုတွေကြာင့် ခေါင်းအုံးနဲ့ အိပ်ရာတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး ဝက်ခြံ၊ ဗောက်တို့ ဖြစ်ပွားနိုင်ပါတယ်။
ပိုဆိုးတာက စိုထိုင်းရာကနေ မှိုဖြစ်ပွားလာရင် အသက်ရှူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။
ဆံပင်စိုနဲ့မှ အိပ်ဖြစ်မယ်ဆိုရင် ရေမဝင်ရောက်နိုင်တဲ့ အစွပ်ဖြင့် ခေါင်းအုံးကိုကာကွယ်ရမှာဖြစ်ပြီး ဒါမှသာ ခေါင်းအုံးတွေ မစိုစွတ်တော့ဘဲ ဘက်တီးရီးယားတို့ မှိုတို့ မပေါက်ဖွားနိုင်မှာ ဖြစ်ပါတယ်။
ဆံပင်ခြောက်သွေ့မှသာ ပွတ်တိုက်မှုနည်းပါးပြီး မကျိုးကြေမှာ ဖြစ်ပြီး ဦးခေါင်းမှာ သဘာဝအဆီထွက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆံပင်စိုနဲ့ အိပ်စက်ပါက ခန္ဓာကိုယ်မှာ အေးစက်လာစေမှာဖြစ်ပြီး လူတွေဟာ နွေးထွေးစွာ နေထိုင်ဖို့က ပိုအရေးကြီးပါတယ်။
အသက်ရှူလမ်းကြောင်းထဲသို့ ဗိုင်းရပ်စ်ဝင်ရောက်ခြင်းက ဆံပင်စိုစိုနဲ့ အိပ်ရာဝင်တာထက်စာရင် အအေးမိတာကြောင့်နဲ့ ပိုပြီးဆက်စပ်နေပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် နေ့ခင်းဘက် ခေါင်းလျှော်သင့်ပါတယ်။
ညဘက်မှာ ခေါင်းကိုအေးမြအောင် ထားတဲ့အခါ ဦးနှောက်ထဲရှိ ဇီဝဖြစ်စဥ်လှုပ်ရှားမှုများ လျော့နည်းသွားကာ အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီက မိန့်ခွန်းပြောကြားနေစဉ် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီးလက်အာဒန်က “အီရန်အမျိုးသမီးတွေ အခု လွတ်လပ်ခွင့်နှင့်ထိုက်တန်ပါတယ်” ဆိုတဲ့ စာတန်းပါတဲ့ စာရွက်ကိုင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ခန်းမထဲကနေ ကုလသမဂ္ဂ လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာခံရပြီး ခေတ္တထိန်းသိမ်းလည်းခံခဲ့ရပါတယ်။
ဒူဘိုင်းကန္တာရရှိ ကုလားအုတ် နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိ
ဒူဘိုင်းမြို့စွန်ရှိ ကန္တာရတစ်ခုမှာ ယူအေအီးနိုင်ငံမှ ကုလားအုတ်နို့ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက စီးပွားဖြစ်ထွန်းနေပြီး သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့နေကြပါတယ်။
#World_Industry
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
ပြိုင်ဘက်အီရန်နိုင်ငံသာ နျူကလီးယားလက်နက် အရင်ရရှိသွားပါက ဆော်ဒီအာရေဗျတိုင်းပြည် အနေနဲ့လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က စက်တင်ဘာ ၂၀ ရက်နေ့က ဖောက်စ်နယူးစ်နဲ့ အင်တာဗျူးမှာ ပြောကြားသွားကာ အစ္စရေးလ်နဲ့ ဆက်ဆံရေး ပြန်လည်ပြေလည်ရန်ကိုလည်း ဆိုခဲ့ပါတယ်။
မည်သည့်နိုင်ငံပဲဖြစ်ဖြစ် နျူကလီးယားလက်နက် ပိုင်ဆိုင်မှာကို စိုးရိမ်နေရကြောင်း၊ နျူကလီးယားလက်နက် အသုံးပြုပါက တစ်ကမ္ဘာလုံးနဲ့ စစ်ဖြစ်ရမှာဖြစ်တာကြောင့် ဘယ်သူမှ အသုံးမပြုရန် မျှော်လင့်ကြောင်း ပြောပြသွားပါတယ်။
ဟီရိုရှီးမားလိုအဖြစ်မျိုး နောက်ထပ်မတွေ့ချင်ကြသလို လူပေါင်းသိန်းချီ သေဆုံးရတယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ စစ်ဖြစ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။
၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကတိပြုခဲ့ပြီး ဂျိုးဘိုင်ဒင်အစိုးရကလည်း ငြင်းပယ်ခဲ့ပြီးနောက် အီရန်က နျူကလီးယား အဆင့်မြှင်တင်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာကာ ဒေသတွင်းကို ခြိမ်းခြောက်လာပါတယ်။
ကမ္ဘာပေါ်မှာ ရေနံအများဆုံးတင်ပို့ရာ ဆော်ဒီက လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်း ဒေါ်လာ ၈၀ ဘီလီယံအကုန်အကျခံကာ နျူကလီးယား ဓာတ်ပေါင်းဖို ၁၆ ခု တည်ဆောက်သွားမယ့် အစီအစဥ်ကို ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။
၂ နှစ်အကြာမှာတော့ နျူကလီးယားစွမ်းအင်ကို တည်ငြိမ်အေးချမ်းစွာ အသုံးချနေတဲ့ နိုင်ငံတော်အဆင့် အက်တမ်မစ်စွမ်းအင်ပေါ်လစီကို ချပြနိုင်ခဲ့ပါတယ်။
ပြိုင်ဘက်အီရန်နိုင်ငံက နျူကလီးယားလက်နက် အစီအစဥ်များ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဆော်ဒီကလည်း နျူကလီးယားစွမ်းအင် အသုံးချရေးမှာ နှစ်ဖက်ခွဖို့ ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူအချို့က ယုံကြည်နေကြပါတယ်။
အိမ်ရှေ့စံမင်းသားရဲ့ ပြောကြားချက်နည်းတူ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသားဖေဆယ်ဘင်ဖာဟန်အယ်လ်ဆော့ကလည်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ရာ အီရန်အနေနဲ့ နျူကလီးယားလက်နက် လှုပ်ရှားတာမျိုး ပြုလုပ်လာပါက ဆော်ဒီကလည်း လုံခြုံရေးမြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုအင်တာဗျူးမှာပဲ အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အကြောင်း ပြောကြားခဲ့ရာ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးမှာ တိုးတက်မှုရှိနေကြောင်း ဆိုခဲ့ပါတယ်။
ပါလက်စ်တိုင်းပြဿနာက အလွန်အရေးကြီးပြီး ဖြေရှင်းဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်က ဘင်ဂျမင်နေတန်ယာဟူတို့ တွေ့ဆုံပြီး အစ္စရေးလ်နဲ့ ဆော်ဒီအာရေဗျတို့ကြား သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက် ဖော်ဆောင်သွားဖို့ ကတိပြုခဲ့ကြပြီးနောက် နာရီပိုင်းအကြာမှာပဲ အိမ်ရှေ့စံမင်းသားက အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source: WION
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 21 September 2023
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် ပေါ်ပေါက်နေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ လတ်တလော သတိပေးထားပေမယ့် ကိုဗစ်ကူးစက်မှုတွေက အရင်ကလောက် မများပြားတော့ဘူးလို့ NYC ထိပ်သီးဆရာဝန်တစ်ဦးက ဆိုပါတယ်။
ရောဂါလက္ခဏာတွေက သာမန်လောက်သာ ဖြစ်ကြပြီး အအေးမိဖျားနာတာမျိုး ဓာတ်မတည့်တာမျိုးနဲ့ ခွဲခြားရခက်လာပါတယ်။
ကိုဗစ်ရောဂါဖြစ်နေကြောင်း သိရှိဖို့က စမ်းသပ်စစ်ဆေးမှသာ တွေ့ရှိတော့တာဖြစ်ပြီး လတ်တလော ရောဂါလက္ခဏာတွေကတော့ ဝမ်းခေါင်းဆို့ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါတယ်။
ဗြိတိန်အခြေစိုက် ကိုဗစ်လက္ခဏာ လေ့လာရေးအရ ၂၀၂၁ က အိုမီခရွန် မျိုးဗီဇကွဲနောက်ပိုင်း လည်ချောင်းနာခြင်း အဖြစ်များလာတယ်လို့ သိရပါတယ်။
ကပ်ရောဂါအစပိုင်းက အနံ့အရသာ ပျောက်ဆုံးခြင်းလက္ခဏာက ၆၀ - ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပေမယ့် အခုဆိုရင် ၁၀ - ၂၀ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
လက်ရှိမှာ ပူလောင်တဲ့ ခံစားမှုမျိုးကို လူနာတွေ ခံနိုင်ရည်ရှိလာပါပြီ။
မနှစ်ကထက်စာရင် အထူးကြပ်မတ်ကုသရတဲ့ လူနာတွေ နည်းပါးလာသလို ပက်စ်လိုဗစ်နဲ့ အခြားဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုသမှုများကြောင့်လည်း အလျင်အမြန် သက်သာလာကြပါတယ်။
ဇူလိုင်လနောက်ပိုင်း ငယ်ရွယ်သူတွေမှာ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာကိုက်ခဲခြင်းတို့ အဖြစ်များလာကြောင်း ကယ်လီဖိုးနီးယား စိန့်ဟိုဆပ်ဆေးဘက်ဆိုင်ရာစင်တာမှ အရေးပေါ်ဆရာဝန် မိုက်ကယ်ဒိတ်ဂ်နော့က ပြောပြသွားပါတယ်။
ကိုဗစ်ကူးစက်မှု လျော့ကျသွားရခြင်းက လူတွေရဲ့ ကိုယ်ခံအားစနစ်တွေနဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုတို့ကြောင့် ဖြစ်တယ်လို့ ဘော့စ်တွန်မှ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာ ဒန်ဘာရော့ချ်က ဆိုပါတယ်။
ခြုံကြည့်လိုက်ရင် ကိုဗစ်ပြင်းထန်မှုက အရင်နှစ်တွေကထက် လျော့နည်းလာပြီဖြစ်ပြီး ဒါဟာ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ အားနည်းလာတာမဟုတ်ဘဲ ကိုယ်ခံအားတုန့်ပြန်မှုတွေ အားကောင်းလာတာကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
မနက်ခင်း လုပ်ရိုးလုပ်စဥ်များက လူတစ်ယောက်ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်အပေါ် သက်ရောက်နေပါတယ်။
မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကိုင်တဲ့ အလေ့အကျင့်မျိုးတွေဟာ လူတွေ အသက်တိုရတဲ့ အကြောင်းအရင်း ဖြစ်နေနိုင်တယ်လို့ ပညာရှင်တစ်ဦးက ဆိုပါတယ်။
သက်ရှည်ကျန်းမာတဲ့ ဘဝပိုင်ဆိုင်နိုင်ရန်အတွက် မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လုပ်ရိုးလုပ်စဥ် နည်းလမ်း ၄ မျိုးကို အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာရူဘင်ချန်က အကြံပြုသွားပါတယ်။
အရင်ဆုံး စိတ်နဲ့ကိုယ်ကပ်အောင် ပြုလုပ်ပါ - အိပ်ရာနိုးပြီးနောက် ၁၀ - ၁၅ မိနစ်ခန့် တရားမှတ်ခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေမှာပါ။
ဒီနောက် မိမိအရည်အသွေး တိုးတက်စေမယ့်အရာမျိုးကို လေ့လာဆောင်ရွက်သင့်ပြီး အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ကာ အကြောလျှော့ပေးရမှာ ဖြစ်ပါတယ်။
မနက်စာမစားဘဲ မနေပါနှင့် - တစ်နေ့တာ လိုအပ်တဲ့အားအင်အတွက် အာဟာရရှိတဲ့ မနက်စာ စားသင့်ပါတယ်။
ကြက်ဥ၊ ထောပတ်သီး၊ ပေါင်မုန့်မီးကင်နဲ့ မြေပဲထောပတ်တို့က လိုအပ်တဲ့ အာဟာရ ပေးစွမ်းနိုင်မှာဖြစ်ပြီး သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တို့ကိုတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။
ကော်ဖီမသောက်ခင် ရေဓာတ်အရင်ဖြည့်တင်းပါ - မနက်ခင်းမှာ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးဖို့က အလွန်အရေးကြီးပါတယ်။
တစ်နေ့တာလုံးမှာလည်း ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးသင့်ပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေလည်း စားသုံးနိုင်ပါတယ်။
အထက်ပါလုပ်ရိုးလုပ်စဥ်များကို နေ့စဥ်ပုံမှန်ပြုလုပ်ပါ - မနက်ခင်း ထိုကဲ့သို့ လုပ်ရိုးလုပ်စဥ်များကို စွဲစွဲမြဲမြဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ထိုအခါ ဖိစီးမှုတွေ လျော့ကျပြီး ကောင်းမွန်စွာ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
လူအတော်များများက အခက်အခဲကိစ္စတွေနဲ့ နိုးထလာတတ်ကြတာကြောင့် မနက်ခင်းမှာ အချိန်အနည်းငယ်ပေးမယ်ဆိုရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Page 506 of 1025