#World_Science
Published 18 September 2023
ဆွစ်ဇာလန်သုတေသီတွေဟာ ဘက်တီးရီးယားတစ်မျိုးကို အသုံးပြုပြီး ဘီယာချက်စက်ရုံရေဆိုးတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ့်နည်းလမ်းကို တွေ့ရှိထားပါတယ်။
ဒီလိုပြုလုပ်နိုင်ရန်အတွက် EPFL ဆွစ်ဇာလန်အစိုးရအဖွဲ့အစည်းမှ သိပ္ပံပညာရှင်များအဖွဲ့က အက်စ်ချရီချီယာကိုလိုင် (အတိုကောက်= အီးကိုလိုင်) လို့ခေါ်တဲ့ ဘက်တီးရီးယားကို မျိုးဗီဇပြုပြင်လိုက်ကြပါတယ်။
အီးကိုလိုင်က နေရာအခြေအနေ အမျိုးမျိုးမှာ ပေါက်ဖွားနိုင်ကာ ရေဆိုးလိုနေရာတွေကနေပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဓာတုအင်ဂျင်နီယာ အာဒီမစ်ဘိုဂေါ့ရှန်က ပြောပြခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အားကို သဘာဝအတိုင်း ထုတ်လုပ်နိုင်တဲ့ အချို့ပိုးမွှားတွေ တွေ့ရှိထားပြီး ဖြစ်ပေမယ့် လိုအပ်တဲ့ဒြပ်စင်များရှိမှသာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်သိပ္ပံပညာရှင်များမှ မျိုးဗီဇပြုပြင် ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယားအသစ်ကတော့ နေအထား အမျိုးမျိုးမှာ လျှပ်စစ်ထုတ်လုပ်နိုင်မှာဖြစ်ပြီး လက်တွေ့ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးနိုင်တယ်လို့ လူသိများတဲ့ ရှဝန်နဲလားအိုနီဒန်ဆစ်မှာ တွေ့ရတဲ့ ပရိုတိန်းအစုအဖွဲ့မျိုးကို အီးကိုလိုင်မှာ ထည့်သွင်းလိုက်တာ ဖြစပါတယ်။
ဒီလိုနည်းလမ်းဖြင့် အီးကိုလိုင်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို နှစ်ဆမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဓာတ်ခွဲခန်းမှာသာ စမ်းသပ်ရသေးတာ ဖြစ်ပြီး လက်တွေ့လုပ်ငန်းတွေမှာ အလားတူ အသုံးဝင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
စက်မှုလုပ်ငန်းများမှ ရေဆိုးများ ရှင်းလင်းရာမှာလည်း အီးကိုလိုင်က ပိုပြီးသင့်လျော်မယ်လို့ တွေ့ရှိထားပါတယ်။
ဆွစ်ဇာလန် ဒေသတွင်း ဘီယာချက်စက်ရုံမှ ရေဆိုးနမူနာရယူကာ သိပ္ပံပညာရှင်အဖွဲ့မှ ပြုပြင်ပြောင်းလဲထားတဲ့ အီးကိုလိုင်စနစ်ဖြင့် စမ်းသပ်ခဲ့ရာမှာ ထိုဘက်တီးရီးယားတွေက ရေဆိုးတွေကို နာရီ ၅၀ အတွင်း စားသုံးပစ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲထားတဲ့ အီးကိုလိုင်တွေက လျှပ်စစ်ဓာတ် ထုတ်လုပ်ရာမှာ ရှဝန်နဲလားအိုနီဒန်ဆစ်ထက် အနည်းငယ်နှေးပေမယ့် ရေဆိုးရှင်းလင်းရာမှာတော့ အလားအလာ ကောင်းမွန်နေပါတယ်။
#World_Science #အီးကိုလိုင်(E.coli) #လျှပ်စစ်ဓာတ်အား #ဆွစ်ဇာလန်သုတေသီ
Source: WION
#World_Health
Published 18 September 2023
ရင်ဘတ်မှာ မခံရပ်မခံသာဖြစ်အောင် အောင့်လာခြင်းမျိုးက နှလုံးရောဂါ လက္ခဏာတစ်ခုဖြစ်ပြီး အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။
ရုတ်တရက် ရင်ဘတ်မှာ စူးအောင့်လာပြီး သတိလစ်မူးမေ့တာမျိုးကသာ နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေလို့ထင်ရင် မှားသွားပါပြီ။
နှလုံးဆီ သွေးမရောက်ဘဲ နှလုံးဖောက်တဲ့ဖြစ်ရပ်မှာ ရုတ်တရက် နှလုံးရပ်တာမျိုးက ဖြစ်လေ့ဖြစ်ထ အလွန်ရှားပါးပါတယ်။
သတိမေ့လဲကျသွားလို့ အရေးပေါ် လူနာတင်ကား မခေါ်နိုင်တာမျိုး မဖြစ်ရအောင် ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သင့်တင့်မှန်ကန်တဲ့ ကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
အဖြစ်အများဆုံး လက္ခဏာက နှလုံးအောင့်ခြင်း ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။
- ရင်ဘတ်မှာ လေးလံအောင့်နာခြင်း
- မူးဝေသလို ခံစားရခြင်း
- ချွေးထွက်ခြင်း
- အသက်ရှူ မဝခြင်း
- ဖျားနာသလို ခံစားရခြင်း
- ချောင်းဆိုးနှာချေခြင်း
- ပူပန်သောကခံစားရခြင်း
- ခန္ဓာကိုယ်အခြားနေရာတွေမှာလည်း နာကျင်ခြင်း
- နာကျင်ခြင်းက ရင်ဘတ်ကနေ လက်သို့ရောက်ရှိလာခြင်းတို့ ခံစားရတတ်ပါတယ်။
ဗြိတိန်မှာ နှစ်စဥ်သေဆုံးသူတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ နှလုံးသွေးကြောရောဂါကြောင့် ဖြစ်နေပြီး အချို့နေရာတွေမှာလည်း အရွယ်မတိုင်ခင် သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်သာ ခံစားရတဲ့အခါ နှလုံးဖောက်နိုင်ချေရှိတယ်ဆိုတာကို မသိကြပါဘူး။
ငယ်ရွယ်သူပဲဖြစ်ဖြစ်၊ ကျန်းမာသန်စွမ်းသူပဲဖြစ်ဖြစ် ဘယ်သူ့မှာမဆို ဖြစ်ပွားနိုင်ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ချေ လျှော့ချချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးနေထိုင်တာတွေ၊ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောလ် ပုံမှန်စစ်ဆေးတာတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာတွေ ပြုလုပ်သင့်ပါတယ်။
အထက်ပါ လက္ခဏာတွေ ခံစားရပြီဆိုရင် အရေးပေါ်ကားကို ခေါ်သင့်နေပါပြီ။
မပြင်းထန်ဘူးလို့ ထင်နေရင် ရောဂါရှိမှန်းမသိရဘဲ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှလုံးရောဂါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး အရေးပေါ်ဌာနသို့ ခေါ်ဆိုကာ လက္ခဏာတွေ ပြောပြသင့်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အဆီများသော အစားအစာစာခြင်း၊ ဆီးချို၊ ကိုလက်စထရောလ်မြင့်ခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့် နှလုံးဖောက်နိုင်ချေ ပိုများစေပါတယ်။
#World_Health #နှလုံးရောဂါဖြစ်နိုင်ချေ #အသက်အန္တရာယ်ကင်း
Source: Metro
၁၇ စက်တင်ဘာ ၂၀၂၃
ဘန်ကောက်အဲဝေးစ်က အောက်တိုဘာ ၃၁ ရက်အထိ လေယာဉ်ပေါ်မတက်ခင် ခရီးသည်အာလုံး ကိုယ်အလေးချိန် ချိန်တွယ်ရမည့် အစီအစဉ်ကိုကြေညာခဲ့သည်။ အချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဟုလည်းပြောသည်။
လေကြောင်းလိုင်း၏ကြေညာချက်တွင် ခရီသည်များ ကိုယ်အလေးချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပျံတက်စဉ် ဝန်အလေးချိန်ကို တွက်ချက်ရာ တွင် အထောက်အကူဖြစ်စေရန်ဟုဆိုသည်။
ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက်တွင် လေယာဉ်မတင်ခင် ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ေ လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။
ကိုရီးယားလေကြောင်းနှင့် အဲနယူးဇီလန်တို့ကလည်း ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။
ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ကမ္ဘောဒီးယား၊ဟောင်ကောင်၊လာအို၊မော်လဒိုက်၊မြန်မာ၊စင်္ကာပူနှင့်ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေပြုထားသည်။
Source ThaiPBS
၁၇ စက်တင်ဘလာ ၂၀၂၃
Googleကို ပူးတွဲတည်ထောင်တဲ့ ဆာဂေးဘရင်ဟာ သူ့ဇနီး နီကိုးလ်ရှန်နာဟန်နှင့်တိတ်တိတ်ကလေးကွာရှင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့နေနှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သူ့ဇနီးနီးကိုလ်ရှန်နာဟန်ဟာ ဘီလျံနာသူဋ္ဌေး အီလွန်မတ်စ်နှင့် ဇာတ်လမ်းရှုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ Business Insider ကသတင်းရေးသားပါတယ်။
တရားရုံးစာရွက်စာတမ်းများအရ သူတို့လင်မယားဟာ မေ ၂၆ရက်နေ့မှာ ကွာရှင်းပြတ်စဲခဲ့ကြတယ်လို့ အတည်ပြုထားပါတယ်။ အခု သူတို့ဟာ တရားဝင် ကွဲသွားကြတာဖြစ်ပြီး သူတို့ရဲ့ လေးနှစ်သမီး ထိန်းသိမ်းစောင့်ရှောက်ရေး ဆက်လက်ရင်ဆိုင်ကြမှာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၁၅ခုနှစ်မှာ စပြိးတွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မစ္စတာဘရင်ဟာ သူ့ပထမဇနီး အန်းဝိုစစ်စကီနှင့် ကွာရှင်းခဲ့တာပါ။ အဲဒီနောက်သူတို့ဟာ ၂၀၁၈ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်လို့ သတင်းမှာဆက်လက်ရေးသားထားပါတယ်။
ဒါပေမယ့် သူတို့ဟာ ၂၀၂၁ ခုနှစ်မှာ ခွဲနေကြပြီးနောက် ၂၀၂၂ခုနှစ်မှာ မစ္စတာဘရင်က ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ညှိနှိုင်းပေါင်းစပ်လို့မရနိုင်တဲ့ ကွာဟမှုတွေကြောင့်လို့ သူက အကြောင်းပြပါတယ်။
သူ့ဇနီးဟာ အီလွန်မတ်စ်နှင့် ဇာတ်လမ်းရှုပ်တာကို သူသိရှိပြီးနောက် တစ်လအကြာမှာ သူက ကွာရှင်းခွင့်တင်ခဲ့တာဖြစ်တယ်လို့ နယူးယောက်ပို့စ်သတင်းစာကရေးသားပါတယ်။ အီလွန်မတ်စ်နှင့် ဘရင်တို့ဟာ နှစ်ပေါင်းများစွာကတည်းက ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒါပေမယ့် သူစွပ်စွဲတာမဟုတ်ဘူးလို့တော့ အီလွန်မတ်စ်နှင့် ရှန်နာဟန်တို့နှစ်ဦးစလုံးက ငြင်းဆိုထားကြပါတယ်။
“ဆာဂေးနှင့် ကျွန်တော်တို့ သူငယ်ချင်းတွေပါ။ မနေ့ညကတောင်ပါတီမှာ အတူရှိခဲ့ကြပါသေးတယ်။ ကျွန်တော်နှင့် နီးကိုလ်တို့ သုံးနှစ် အတွင်း နှစ်ကြိမ်ပဲဆုံဖူးတယ်။ အဲဒီအခါတိုင်းမှာ အခြားလူတွေအနားမှာရှိနေတာချည်းပဲ။ ဘာဇာတ်လမ်းမှမရှိဘူး” လို့ အီလွန်မတ်စ်က သူ့ရဲ့ အိတ်စ် ပလက်ဖောင်းပေါ်ကနေ ၂၀၂၂ခုနှစ် ဇူလိုင် ၂၅ရက်တုန်းက ရှင်းလင်းခဲ့ပါတယ်။ အဲဒီတုန်းက ဝေါစထရိဂျာနယ်သတင်းစာရဲ့ ဆောင်းပါး “ အီလွန်မတ်ရဲ့ ဆာဂေးဘရင်နှင့် မိတ်ဆွေဖြစ်မှု ဇာတ်လမ်းရှုပ်မှုကြောင့် အကွဲအပြဲဖြစ်”ကို သူကပြန်တုန့်ပြန်ခဲ့တာပါ။
ယခုလောလောဆယ်လည်း ရှန်နာဟန်က ဒါမဟုတ်တမ်းတရားတွေလို့ပြောလိုက်ပြီး သူမအနေနှင့် မတ်စ်နှင့် မိတ်ဆွေအဖြစ်ထက် ဘယ်တုန်းကမှ မပိုခဲ့ဘူးလို့ ပြောပါတယ်။
“ကျွန်မနှင့် အီလွန်နှင့် ရမက်ပြင်းပြစွာ အတူအိပ်ခဲ့ကြတဲ့တခဏာတာ ဒါနှင့်ပြီးသွားတာလား ၊ဟင့်အင်းပါ။ ကျွန်မတို့ မေတ္တာဇာတ်လမ်း တွေခင်းခဲ့ကြတာလား။ ဟင်းအင်းပဲ။ ကျွန်မတို့ဘာဇာတ်လမ်းမှမရှုပ်ခဲ့ကြဘူး” လို့ သူမကလည်း ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။ ဝေါစထရိဂျာနယ်ကတော့ သူတို့ရဲ့ သတင်းအရင်းအမြစ်ဟာစိတ်ချရတယ်။ သူတို့သတင်းအပေါ်သူတို့ရပ်တည်ထားတယ်လို့ ပြောပါတယ်။
အသက် ၅၀အရွယ်ရှိပြီဖြစ်တဲ့ Google ပူးတွဲတည်ထောင်သူ ဆာဂေးဘရင်းဟာ ကမ္ဘာပေါ်မှာ (၉)ဦးမြောက် အချမ်းသာဆုံးသူဖြစ်ပါတယ်။
ဒေါ်လာ ၁၁၈ ဘီလျံချမ်းသာပါတယ်လို့ ဘလွန်းဘတ်အညွှန်းကိန်းအရသိရပါတယ်။ မစ် ရှန်နာဟန်ဟာ အသက် ၃၄နှစ်ရှိပြီး ကာလီဖိုနီးယား အခြေစိုက် ရှေ့နေတစ်ဦးနှင့် ဘိုင်ယာ-အက်ကိုးဖောင်ဒေးရှင်းတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ပါတယ်။
Source : BusinessInsider/NYPost
၁၇ စက်တင်ဘာ ၂၀၂၃
တော်လှန်သူပုန်ထမှုများနှင့် ပြင်ပကျူးကျော်မှုများရှိလာပါက တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ကူညီရန် ကတိကဝတ်ပြုသည့် လုံခြုံရေးစာချုပ်တစ်ခုကို အာဖရိကတိုက်မှ အာဏာသိမ်းထားသည့် မာလီ၊နိုင်ဂျာနှင့်ဘာကီနာဖာဆိုစစ်အစိုးရများက စနေနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
လစ်တာကို- ဂေါ်မာ သဘောတူ ပဋိညာဉ်သည် ဆာဟေးလ်နိုင်ငံများမဟာမိတ်အဖွဲ့ Alliance of Sahel States (AES) ကို ဖန်တီးပေးလိမ့်မည်ဟု မာလီစစ်အစိုးရခေါင်းဆောင် အက်ဆီမီဂိုအီတာက အိတ်စ်(တွစ်တာ)တွင် ရေးသားသတင်းထုတ်ပြန်ပါတယ်။ “ ကျွန်တော်တို့ပြည်သူတွေရဲ့ အကျိုးအတွက် ကာကွယ်ရေးနှင့် အပြန်အလှန်ကူညီရေးဆိုင်ရာ စုပေါင်းဖွဲ့စည်းမှုတစ်ရပ်ကို တည်ထောင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူကရေးသားပါတယ်။
ကုန်းတွင်းပိတ် ဆာဟေားနိုင်ငံ (၃)နိုင်ငံဟာ အယ်ကေးဒါးနှင့် အစ္စလမ်မစ်နိုင်ငံတော်(အိုင်အက်စ်)တို့ရဲ့ အစ္စလမ်မစ် သူပုန်ထတာတွေကို နှိမ်နှင်းနေကြရတဲ့အချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများ၊နိုင်ငံတကာမိမ်ဖက်များနှင့်ဆက်ဆံရေးယိုယွင်းလာနေတာ ဖြစ်ပါတယ်။
မကြာသေးမီက နိုင်ဂျာတွင် အာဏာသိမ်းမှုဖြစ်ပီဲးနောက် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အဝန်း(ECOWAS) က နိုင်ငံမှာ အခြေခံဥပဒေအရအုပ်ချူပ်မှုတစ်ရပ်ပြန်ပေါ်ထွန်းလာဖို့ အင်အားသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တိုက်ခိုက်မှုရှိလာရင် နိုင်ဂျာကိုအကူအညီပေးဖို့ မာလီနှင့် ဘာကီနာဖာဆိုတို့က ကတိပေးပြီးသားတော့ဖြစ်ပါတယ်၊
လစ်တာကို-ဂေါ်မာ ဒေသဟာ မာလီ၊ဘာကီနာဖူဆိုနှင့် နိုင်ဂျာနယ်စပ်တွေ ထိတွေ့နေတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်များက အဲဒီဒေသဟာ ဂျီဟတ်ဝါဒီတွေရဲ့ဖျက်ဆီးတဲ့ဒဏ်ခံနေကြရပါတယ်။
“ ဒီမဟာမိတ်အဖွဲ့ဟာ နိုင်ငံ(၃)နိုင်ငံအကြား စစ်ရေးနှင့်စီးပွားရေးပေါင်းစည်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ မာလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အက်ဒိုလာရေးဒီယော့က သတင်းစာဆရာတွေကိုပြောပါတယ်။ “ ကျွန်တော်တို့ရဲ့ ဦးစားပေးက နိုင်ငံ(၃)နိုင်ငံမှာရှိတဲ့ အကြမ်းဖက်မှုတွေကို တိုက်ခိုက်ဖို့ပဲဖြစ်တယ်” လို့ သူကပြောပါတယ်။
စာချုပ်အရ တစ်နိုင်ငံဒါမှမဟုတ် ဒီထက်ပိုတဲ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက်တည်တံ့ခိုင်မြဲရေးကို တိုက်ခိုက်လာကြတဲ့မည်သူကိုမဆို အခြား နိုင်ငံတွေကလည်း ကျူးကျော်မှုလို့ ခံယူကြမှာဖြစ်ပါတယ်။ အဲဒီအခါ အခြားနိုင်ငံတွေက တစ်နိုင်ငံချင်းအရသော်လည်းကောင်း၊စုပေါင်း၍သော်လည်းကောင်း လက်နက်အင်အားအသုံးပြုခြင်းအပါအဝင် အကူအညီတွေ ပေးမယ် လို့လည်း ဖော်ပြထားပါတယ်
ယခု(၃) နိုင်ငံစလုံးဟာ ၂၀၁၇မှာဖွဲ့စည်းခဲ့တဲ့ ပြင်သစ်ကထောက်ခံအားပေးထားတဲ့ G5 Sahel alliance ဆာဟေးမဟာမိတ်(၅)နိုင်ငံ အဖွဲ့မှာ ချတ်ဒ်နှင့် မောရစ်တန်နီးယားတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံတွေဖြစ်နေကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြင်သစ်နှင့် ယခု(၃)နိုင်ငံရဲ့ဆက်ဆံရေးဟာ ဆိုးရွားနေပါတယ်။
Source AFP/Reuters
#World_Health
Published 17 September 2023
အသက် ၆ လအရွယ် ဂျပန်လူမျိုး ယောက်ျားလေးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသမှုခံယူပြီးနောက် မျက်လုံးဟာ အပြာရောင်ပြောင်းသွားခဲ့ပါတယ်။
ကလေးဟာ အစက ချောင်းဆိုးဖျားနာ ဖြစ်နေခဲ့ကာ အန်တီဂျင်စစ်ဆေးပြီးနောက် ကိုရိုနာကူးစက်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဆရာဝန်တွေက တုပ်ကွေးကုသရာမှာ အသုံးပြုပြီး အေဗီဂန်လို့ ခေါ်ကြတဲ့ ဂျပန်ဆေးဝါး ဖေဗီပီရာဗီယာကို အသုံးပြုခိုင်းခဲ့ပါတယ်။
ဒီဆေးက ကိုရိုနာအစောပိုင်းအဆင့် လူနာတွေမှာ အကျိုးသက်ရောက်မှု နည်းပါးပေမယ့် အသက် ၆၀ အောက် ဆေးရုံတက်ကုသမှုခံယူရတဲ့ လူနာတွေမှာတော့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။
ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းငယ်ဝမ်းလျှောခြင်း၊ သွေးထဲက ယူရစ်အက်ဆစ်မြင့်တက်ခြင်းတို့ အဖြစ်များပါတယ်။
ဒါပေမဲ့ ထိုကလေးကတော့ ဆေးကုသမှုခံယူပြီး ၁၈ နာရီအကြာမှာ မျက်လုံးတွေက အပြာရောင်တောက်တောက် ပြောင်းသွားပြီး အထူးသဖြင့် နေရောင်နဲ့ ထိတဲ့အခါ ပိုသိသာတာကို ကလေးအမေက သတိထားမိခဲ့ပါတယ်။
ဒီလိုရှားပါး ဘေးထွက်ဆိုးကျိုးက အသက် ၂၀ အရွယ်လူနာတစ်ဦးမှာလည်း ဖြစ်ခဲ့ဖူးပြီး ထိုဖြစ်ရပ်နှစ်ခုစလုံးမှာ ဆေးကုသမှု ရပ်လိုက်တဲ့အခါ မျက်လုံးက သာမန်အရောင် ပြန်ပြောင်းသွားခဲ့ပါတယ်။
ဖေဗီပီရာဗီယာဆေးဟာ ဆံပင်နဲ့ လက်သည်းတွေ အရောင်ပြောင်းသွားနိုင်တယ်လို့လည်း ဖော်ပြထားဖူးပါတယ်။
ဒီလိုဖြစ်ရတာဟာ ဆေးမှာပါဝင်တဲ့ ဇီဝဖြစ်စဥ်အရာတွေနဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်၊ ယဲလိုးအိုင်းယွန်းအောက်ဆိုဒ်တို့လို ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဆေးမှာပါဝင်တဲ့ ဇီဝဖြစ်စဥ်အရာတွေရဲ့ ပါဝင်မှုပမာဏနဲ့ ရောင်ခြယ်ထွက်ခြင်း ပမာဏတို့က တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရပါတယ်။
ဓာတ်ခွဲခန်း လေ့လာမှုများအရ ထိုဆေးဟာ မော်လီကျူးတစ်ခုမှ အလင်းထွက်ပေါ်လာအောင် လှုံ့ဆော်လိုက်တာ ဖြစ်ပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး ကိုရိုနာရောဂါ ကုသမှုအတွက် ဖေဗီပီရာဗီယာရဲ့ ဘေးကင်းစိတ်ချရမှုကို စိုးရိမ်နေကြပါတယ်။
အဆိုပါ ဘေးထွက်ဆိုးကျိုးက ရှားပါးပေမယ့် နောက်ထပ်ကုသမှုတွေကို သေချာစောင့်ကြည့်သွားရမယ်လို့ ဆရာဝန်များက ဖော်ပြခဲ့ပါတယ်။
အဆိုပါ ဘေးထွက်ဆိုးကျိုးတွေ ကာကွယ်နိုင်ရန်နဲ့ မျက်ကြည်လွှာ ကျန်းမာရေးအပေါ် ရေရှည်သက်ရောက်နိုင်ချေတို့ကို သိရှိရန် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။
#World_Health #ကိုရိုနာဗိုင်းရပ်စ် #မျက်လုံးအပြာရောင်သို့ပြောင်းလဲ
Source: The Jerusalem Post
#World_Health
Published 17 September 2023
နေ့ခင်းပိုင်းတွေမှာ အားအင်မရှိသလို ဖြစ်နေပြီး ညဘက်ကျမှ မျက်လုံးကျယ်နေတတ်တာဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ညဘက် စောစောမအိပ်တတ်တဲ့သူတွေဟာ ပုံမှန်အိပ်ချိန်နိုးချိန် ရှိသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းပိုများကြောင်း Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီလိုလူတွေဟာ ၈ နှစ်တာကာလအတွင်း ဆီးချိုရောဂါဖြစ်နိုင်ချေ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ဘရစ်ဂမ်အမျိုးသမီးဆေးရုံနဲ့ ဟားဗတ်ဆေးတက္ကသိုလ်တို့မှ စာတမ်းပြုစုသူ ဆီနာကီဘာနာဆီက ပြောပြသွားပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ နေ့ညအချိန်မှန်လည်ပတ်နေတဲ့ ဇီဝဖြစ်စဥ်သံပတ်ရှိပြီး အိပ်စက်ခြင်းကို ဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။
မနက်ခင်းထွက်တဲ့ နေနဲ့အပြိုင် စောစီးစွာ အိပ်ရာထသူတွေကတော့ မနက်ခင်းပိုင်းမှာ နိုးကြားနေမှာ ဖြစ်ပါတယ်။
ညဘက် နောက်ကျမှ အိပ်သူတွေကတော့ မယ်လာတိုနင်က နောက်ပိုင်းမှထွက်ရှိကာ နေ့ခင်းပိုင်းမှာ နိုးနိုးကြားကြားမရှိဘဲ ညကျမှ အားအင်ထွက်လာတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲက နေ့ညလည်ပတ်မှုစနစ်အတိုင်း ဆဲလ်တွေဟာ ဆာလောင်ခြင်း၊ အူလမ်းကြောင်းလှုပ်ရှားခြင်း၊ လေ့ကျင့်ခန်းလုပ်နိုင်စွမ်း၊ ကိုယ်ခံအားစနစ်တို့ လှုပ်ရှားတာ ဖြစ်ပါတယ်။
ဒီလည်ပတ်စနစ်ကို အိပ်စက်ခြင်းကနေ နှောင့်ယှက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်ကုန်ပြီး ဟော်မုန်းထွက်ရှိမှု ပြောင်းလဲခြင်း၊ ကိုယ်အပူချိန် ထိန်းညှိမှုယိုယွင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါတွေကနေ ဆီးချိုရောဂါ သာမက နှလုံးသွေးကြောရောဂါများနဲ့ အခြားနာတာရှည်ရောဂါများပါ ဖြစ်နိုင်ချေ များလာစေမှာ ဖြစ်ပါတယ်။
ဒီလေ့လာချက်ကို သူနာပြုပေါင်း ၆ သောင်းနီးပါးကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
အံ့အားသင့်စွာပဲ ညပိုင်းအလုပ်လုပ်ရပြီး ညဘက်နောက်ကျမှ အိပ်ရတဲ့သူတွေမှာ ဒီလိုမျိုး ဆီးချိုရောဂါ ဖြစ်နိုင်ချေများတာမျိုးနဲ့ ဆက်စပ်မနေကြောင်း တွေ့ရှိခဲ့ပါတယ်။
#World_Health #ဆီးချိုရောဂါဖြစ်နိုင်
Source: India Today
Page 509 of 1025