Published 18 October 2023
စပျစ်သီးစားသုံးခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပြီး မုန်လာဥနီမကြိုက်သူများအတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ မျက်လုံးကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေသလား ဆိုတာကို သုတေသီများ လေ့လာချင်ခဲ့ကြပါတယ်။
မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့ AGE ဒြပ်ပေါင်းများ၊ ဓာတ်တိုးခြင်းဖြစ်စဥ်များဖြင့် တိုင်းတာခဲ့ကြပါတယ်။
စပျစ်သီးစားသုံးခြင်းက လူတွေရဲ့ မျက်လုံးကျန်းမာရေးကို အကျိုးပြုစေတယ်ဆိုတာကို ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ကြောင်း သုတေသနပြုစုသူ ဒေါက်တာ ဂျောင်အွန်ကင်မ်က ဖော်ပြခဲ့ပါတယ်။
လူကြီး ၃၄ ယောက်ကို ၁၆ ရက်ဆက်တိုက် တစ်နေ့ကို စပျစ်သီး တစ်ဖန်ခွက်ခွဲ သောက်သုံးခိုင်းတဲ့အဖွဲ့နဲ့ အာနိသင်မပါတဲ့မုန့် စားခိုင်းတဲ့အဖွဲ့ဆိုပြီး စမ်းသပ်ခဲ့ပါတယ်။
ထိုအခါမှာ စပျစ်သီးစားသုံးတဲ့သူတွေမှာ ဓာတ်တိုးဆန့်ကျင်ခြင်းဖြစ်စဥ် တိုးတက်ကောင်းမွန်လာတဲ့အပြင် မျက်ကြည်လွှာရှိ ရောင်ခြယ်ပစ္စည်းကိုလည်း အကျိုးဖြစ်စေကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ်မှ သုတေသီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
အာနိသင်မရှိတဲ့ စားစရာစားတဲ့သူတွေကတော့ AGE သိသိသာသာ များပြားလာခဲ့ပါတယ်။
နေ့စဥ် စပျစ်သီး လက် ၂-၃ ဆုပ်စာ စားသုံးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ကြောင်း၊ စပျစ်သီးဟာ ဝယ်ယူရလွယ်ကူပြီး ကျန်းမာရေးအကျိုးကျေးဇူး ရှိစေကြောင်း ဖော်ပြသွားပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံ၏အကူအညီဖြင့်ဆောက်လုပ်သည့် ဘင်္ဂလားဒေ့ရှ်မှ လေအားလျှပ်စစ်စီမံကိန်း စတင်ဖွင့်လှစ်ကြောင်း အခမ်းအနားကျင်းပ
တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်တဲ့ လေတာဗိုင်ခြံကြီး ၂၂ ခုစီမံကိန်းဖွင့်ပွဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း ကမ္ဘာလုံးဆိုင်ရာ လေအားလျှပ်စစ်အဖွဲ့အစည်းသို့ ကြာသပတေးနေ့က ဝင်ရောက်ပါဝင်ခဲ့ပါတယ်။
ကော့စ်ဘဇာလေအားလျှပ်စစ်ခြံ ဖွင့်လှစ်ပွဲ အွန်လိုင်းအခမ်းအနားကို ပေကျင်းနဲ့ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတို့မှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
#Asia_Development
#Published_ 17 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 October 2023
၁။ သီတင်းကျွတ်ပိတ်ရက်များတွင် ပြည်ပခရီးသွားမည့်သူ မြင့်တက်၊ ငွေလဲနှုန်းကြောင့် မနှစ်ကထက်တော့ မပိုနိုင်ဟုဆို
၂။ ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်း အတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
၃။ ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေး လုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများ တိုးတက်လာ
၄။ တရုတ်နိုင်ငံ၏ အကူအညီဖြင့်ဆောက်လုပ်သည့် ဘင်္ဂလားဒေ့ရှ်မှ လေအားလျှပ်စစ်စီမံကိန်း စတင်ဖွင့်လှစ်ကြောင်း အခမ်းအနားကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 17 October 2023
တနင်္လာနေ့ညက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်လ်မြို့ အလယ်ပိုင်းမှာ ဆွီဒင်နိုင်ငံသား ၂ ဦး ပစ်သတ်ခံရပြီး အခြားတစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စလာမ်အဖွဲ့ဝင်တစ်ဦးက ဒီလုပ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ယင်းကိုယ်တိုင် အွန်လိုင်းဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ရဲ့ ဘောလုံးပွဲ စတင်ခါနီးအချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူ တရားခံဟာ ထွက်ပြေးသွားခဲ့ပြီး ဘယ်လ်ဂျီယံဘက်က အသည်းအသန် လိုက်လံရှာဖွေကာ အကြမ်းဖက် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ကြေညာခဲ့ပါတယ်။
အကြမ်းဖက် တိုက်ခိုက်သူဟာ အစ္စရေးလ်- ပါလက်စ်တိုင်းစစ်သွေးကြွ ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ထားဘူးလို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။
တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ထိခိုက်သူတွေဟာ ဆွီဒင်နိုင်ငံသား ဖြစ်နေတာကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ကိုရန်မီးရှို့ခြင်းများနဲ့ ဆွီဒင်မှာ အစ္စလာမ်အထွတ်အမြတ် ဆောင်ပုဒ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် မွတ်ဆလင်တို့ အမျက်ထွက်ခဲ့ရကာ ဂျီဟဒ်တွေထံမှ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဩဂုတ်လက ဆွီဒင်မှာ အကြမ်းဖက် သတိပေးချက် ဒုတိယအမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရပ်ခြားမှ ဆွီဒင်လူမျိုးတို့ရဲ့ အကျိုးစီးပွားများကို ခြိမ်းခြောက်မှုတွေ မြင့်မားလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတစ်ခုမှာ သံသယဖြစ်ဖွယ် တရားခံက သူ့ကိုယ်သူ အက်ဒဲဆလမ်အယ်ဂူလာနီလို့ ခေါ်ပြီး အလာရ်အတွက် တိုက်ခိုက်ပေးသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတစ်ဦးကတော့ တက္ကစီယာဥ်မောင်းဖြစ်ကာ အသက်အန္တရာယ် မရှိတော့ဘူးလို့ အစိုးရရှေ့နေက ဆိုပါတယ်။
ခြိမ်းခြောက်မှု မပြီးသရွေ့ အိမ်တွင်းမှာသာ နေထိုင်ကြဖို့ ရှေ့နေနဲ့ ဥရောပကော်မရှင်အဖွဲ့တို့က ဘယ်လ်ဂျီယံပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန်ဒါဒီကရူးက ထိခိုက်သေဆုံးသူတွေဟာ ဆွီဒင်တွေဖြစ်တယ်လို့ X ဆိုရှယ်မီဒီယာမှာ အတည်ပြုဖော်ပြခဲ့ပါတယ်။
ဘယ်လ်ဂျီယံမှာ ဆွီဒင်လူမျိုးတွေ တိုက်ခိုက်ခံရတဲ့အတွက် ဆွီဒင်ဝန်ကြီးချုပ်ကို အနူးအညွတ် တောင်းပန်လိုပါကြောင်း၊ ဆုံးရှုံးသွားရတဲ့ နစ်နာသူတွေရဲ့ မိသားစုဝင် မိတ်ဆွေများနဲ့ ထပ်တူဝမ်းနည်းရပါကြောင်း၊ အကြမ်းဖက်များကို အတူတကွ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဒီကရူးက ဖော်ပြခဲ့ပါတယ်။
ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး အချက်အလက်များ ပိုမိုသိရှိစေရန် ဘယ်လ်ဂျီယံ အာဏာပိုင်များနဲ့ အပြင်းအထန် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဆွီဒင်တရားရေးဝန်ကြီး ဂန်နာစထရွန်မာက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
သေဆုံးသူ ၂ ဦးဟာ ဘောလုံးပွဲအားပေးသူတွေ ဖြစ်နိုင်ပြီး တနင်္လာနေ့ ညနေခင်းမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲတစ်ပွဲအဖြစ် အိမ်ရှင်ဘယ်လ်ဂျီယံက ဆွီဒင်ကို လက်ခံယှဥ်ပြိုင်ခဲ့တာဖြစ်ကာ လုံခြုံရေး အကြောင်းပြချက်များဖြင့် ပထမပိုင်းအပြီးမှာ ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။
သေနတ်သမားဟာ မပစ်ခတ်ခင်မှာ အလာဟူအက်ဘာလို့ အော်သွားခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောပြခဲ့တယ်လို့ ဘယ်လ်ဂျီယံ သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။
ယခုဖြစ်ရပ်ဖြစ်ပြီးနောက် ပြင်သစ်က ဘယ်လ်ဂျီယံနဲ့ နယ်စပ်ဘက်မှာ လုံခြုံရေးများ တင်းကြပ်ထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times
Published 17 October 2023
ကောင်းစွာ အိပ်စက်စေနိုင်မယ့် နည်းလမ်းတွေထဲမှာ ပုံမှန်အိပ်ချိန်ထားရှိခြင်း၊ အလင်းကာလိုက်ကာများ တပ်ဆင်ခြင်း၊ အိပ်ရာဝင်ခါနီး အီလက်ထရွန်နစ်ပစ္စည်းများ အသုံးမပြုခြင်းတို့ကို သိထားကြပေမယ့် လူသိနည်းသေးတဲ့ အချက်တစ်ချက်ကတော့ ခြေထောက်နွေးထွေးအောင် ထားရှိခြင်းပါပဲ။
အိပ်တဲ့အခါ ခြေအိတ်ဝတ်အိပ်သူတွေ၊ ခြေထောက်ကို နွေးထွေးအောင် ထားတဲ့သူတွေဟာ ပိုမိုလျင်မြန်စွာ အိပ်ပျော်သလို ကြာရှည်စွာ အိပ်စက်နိုင်ကြတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
အိပ်စက်တဲ့အခါ ခြေထောက်နွေးထွေးအောင် ထားခြင်းက ကိုယ်တွင်းအပူချိန်ကို လျော့ကျစေကာ စိတ်ခန္ဓာ ပြေလျော့စေတာကြောင့် ကောင်းစွာ အိပ်စက်စေတယ်လို့ ဆန်ဖရန်ဆစ္စကိုအခြေစိုက် ဇီဝဆေးပညာ သိပ္ပံပညာရှင် ဒေါက်တာဘီကန်လောင်က ပြောပြခဲ့ပါတယ်။
ကိုယ်တွင်းအပူချိန်က အိပ်စက်နိုးကြားခြင်း စက်ဝန်းကို ထိန်းညှိရာမှာ အဓိကကျတယ်လို့ ဆိုပါတယ်။
ကိုယ်တွင်းအပူချိန်က စတင်အိပ်စက်စဥ်မှာ စတင်ကျဆင်းလာပြီး နံနက်ခင်းအစောပိုင်းမှာ အနိမ့်ဆုံးဖြစ်သွားကြောင်း၊ အပူချိန်ကျဆင်းတဲ့အခါ ခန္ဓာကိုယ်က ပြေလျော့ပြီး အိပ်ပျော်နေစေကြောင်း ရှင်းပြခဲ့ပါတယ်။
အပူပေးအခင်းပြား အသုံးပြုခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ခြေထောက်နှိပ်နယ်ခြင်း၊ ခြေအိတ်ဝတ်ဆင်ခြင်းတို့ဖြင့် ခြေထောက်သွေးကြောတွေကို ကျယ်စေကာ သွေးပိုရောက်စေပါတယ်။
ခန္ဓာကိုယ်အခြားနေရာတွေမှ သွေးတွေက ခြေထောက်ပိုရောက်စေပြီး ခန္ဓာကိုယ်အပူကို ဖယ်ရှားပေးတာကြောင့် ကိုယ်တွင်းအပူချိန်ကို ကျဆင်းစေတာ ဖြစ်ပါတယ်။
သွေးလည်ပတ်မှု မကောင်းတဲ့သူတွေမှာလည်း ခြေတွေလက်တွေထံ သွေးလှည့်ပတ်မှု ကောင်းစေမှာ ဖြစ်ပါတယ်။
ခြေထောက်ကို နွေးထွေးအောင် ထားခြင်းဖြင့် အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်စေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
ခြေထောက်ကို နွေးထွေးအောင် ပြုလုပ်ရာမှာ အပူလွန်ကဲတာမျိုး၊ မနေနိုင်လောက်အောင် ဖြစ်တာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။
ဒါကြောင့် မိမိအတွက် ပိုမိုသင့်လျော်တဲ့ နည်းလမ်းဖြင့်သာ မိမိသက်သာသလို ပြုလုပ်ရန် အရေးကြီးတယ်လို့ အနှစ်ချုပ်ပြောကြားသွားပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times
၁၇ အောက်တိုဘာ ၂၀၂၃
တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယနေ့ အောက်တိုဘာ ၁၇ ရက် အင်္ဂါနေ့မှာ ဘေဂျင်းကို ရောက်ရှိလာပါတယ်။ ရုရှားနှင့်တရုတ်နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် အကန့်အသတ်မဲ့ မိတ်ဖက်ဖြစ်မှုကို ပြသဖို့ဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
ဒါဟာ ပူတင်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ဖမ်းဝရမ်းအထုတ်ခံရပြီး ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ သူဟာ ဒီလစောစောပိုင်းက ကာဂျစ်စတန်ကို သွားရောက်ခဲ့ပါတယ်။
ပူတင်ကို ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာ တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောက်က ကြိုဆိုခဲ့ပါတယ်။
မော်စကိုကို သမ္မတရှီအလည်အပတ်ရောက်တုန်း ပူတင်ကို ဘေဂျင်းမှာပြုလုပ်မယ့် တတိယအကြိမ် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ဖိုရမ် ကို တက်ရောက်ဖို့ ဖိတ်ခဲ့တာဖြစ်ပါတယ်။
ပူတင်ဟာ အဆိုပါဖိုရမ်ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ပြီး အင်္ဂါနေ့မှာ ဗီယက်နမ်၊ထိုင်း၊မွန်ဂိုလီးယားနှင့်လာအို ခေါင်းဆောင်တွေ နှင့်ဘေဂျင်းမှာ တွေ့ဖို့ရှိပါတယ်။ အဲဒီအပြင် ဗုဒ္ဓဟူးနေ့မှာကျင်ပမယ့် ဖိုရမ်မှာ တရုတ်သမ္မတရှီမိန့်ခွန်းပြောအပြီးမှာ ပူတင်က မိန့်ခွန်းပြောမှာဖြစ်ပြီး အဲဒီရက်မှာပဲ ရှီနှင့် နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ပူတင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမှာကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်ခဲ့ ပါတယ်။ ပူတင်ဟာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်ဖိုရမ်ကို ယခုတတိယအကြိမ်တက်ရောက်ခြင်းဖြစ်ပြီး ၂၀၁၇နှင့် ၂၀၁၉မှာ ကျင်းပခဲ့တဲ့ ဖိုရမ်တွေကိုလည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။
Source; Reuters
.
Published 17 October 2023
အမျိုးသားများ တဖြည်းဖြည်းနဲ့ ဆံပင်ကျွတ်လာပြီး ထိပ်ပြောင်လာရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းတို့ကြောင့် အဖြစ်များပါတယ်။
DHT ဟော်မုန်းဟာ ကျားဟော်မုန်းမှ ဆင်းသက်ဖြစ်ပေါ်လာပြီး မျိုးရိုးဗီဇအရ DHT ဟာ မွေးညင်းပေါက် ကျုံ့စေနိုင်ပြီး ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ထိုကဲ့သို့ မျိုးရိုးဗီဇအပြင် ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းများလည်း ရှိနေပါတယ်။
(၁) ဆေးဝါးများ
ကင်ဆာကုသဆေးများ၊ သွေးပေါင်ချိန်ထိန်းဆေးများ၊ စိတ်ကျရောဂါသက်သာဆေးများ၊ အဆစ်အမြစ်ရောင်သက်သာဆေးများဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိပ်ပြောင်ခြင်းကို ဖြစ်စေတတ်ပါတယ်။
(၂) ဟော်မုန်းမညီမျှခြင်း
သိုင်းရွိုက်ပျက်စီးခြင်း၊ ဟော်မုန်းကုသခြင်းတို့လို အခြေအနေတွေမှာ ဟော်မုန်းမညီမျှခြင်းမျိုး ဖြစ်ပေါ်ပြီး DHT အလွန်အကျွံ များလာစေကာ ထိပ်ပြောင်ခြင်းကို ဖြစ်စေပါတယ်။
(၃) အသက်အရွယ်
အမျိုးသားတွေ အသက်ကြီးလာတာနဲ့အမျှ တက်စ်တိုစတီရုန်းပမာဏ လျော့နည်းလာပြီး ဆံပင်လျော့ပါးလာစေပါတယ်။
(၄) အာဟာရဓာတ်ချို့တဲ့ခြင်း
ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့လာပါက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပြီး ဗိုက်တာမင် အေ၊ စီ၊ ဒီ၊ အီး၊ ဘိုင်အိုတင်၊ သံဓာတ်ကြွယ်ဝတဲ့ စားစရာများ စားသုံးခြင်းဖြင့် ဆံကေသာကြီးထွားမှုကို အထောက်အကူ ဖြစ်စေပါတယ်။
(၅) ဖိစီးမှု
အချိန်ကြာမြင့်စွာ ဖိစီးမှု ခံစားရပါက ပုံမှန်ဆံပင်ကြီးထွားမှု စက်ဝန်းထိခိုက်ပြီး ဆံပင်ဆုံးရှုံးစေပါတယ်။
(၆) ရောဂါအခြေအနေများ
အချို့သောရောဂါတွေနဲ့ ကုသမှုတွေ၊ ဦးရေပြားရောဂါကူးစက်မှု၊ ဓာတုကုထုံးတို့ကြောင့်လည်း ဦးရေပြား ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါတယ်။
(၇) ဦးရေပြားရောဂါကူးစက်ခြင်း
မှိုနဲ့ ဘက်တီးရီးယား ကူးစက်မှုတို့ကြောင့်လည်း ဆံပင်ဆုံးရှုံးစေနိုင်ကာ ဦးရေပြား သန့်ရှင်းအောင် ထိန်းသိမ်းခြင်း၊ ရောဂါကုသခြင်းတို့ဖြင့် သက်သာစေပါတယ်။
(၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုနဲ့ ဆံပင်မွေးညင်းပေါက်များအပေါ် ဘေးထွက်ဆိုးကျိုး ဖြစ်စေပါတယ်။
(၉) ဆံပင်ပုံစံနှင့် ဆံကေသာသုံးပစ္စည်းများ
ဆံပင်ကို တင်းကြပ်စွာ စည်းထားတာမျိုး၊ ဆံပင်ကို အပူလွန်ကဲစွာ ထိတွေ့စေတာမျိုး၊ ဓာတုပစ္စည်းဆေးပြင်းများ သုံးစွဲတာမျိုးတို့ကြောင့်လည်း ဆံပင်ဆုံးရှုံးခြင်း ဖြစ်စေနိုင်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times
Page 289 of 826