Published 14 October 2023
၁၁ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုမီဒီယာဖိုရမ် (VMF)ပွဲအတွက် ကြာသပတေးနေ့က မီဒီယာများ ကိုယ်စားလှယ်များ ပေကျင်းမှာ စုဝေးခဲ့ကြပြီး ပိုမိုကွဲပြားသော၊ အားလုံးပါဝင်သော၊ စိတ်ချခိုင်လုံရသော မီဒီယာအသိုင်းအဝိုင်း ဖြစ်လာရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ် Media Group (CMG)မှ ကျင်းပတဲ့ပွဲကို တရုတ်နဲ့ နိုင်ငံရပ်ခြားမှ လူပေါင်း ၁၄၀ ခန့်တက်ရောက်ခဲ့ကြကာ တူညီတဲ့အနာဂတ်ပုံဖော်ခြင်း အကြောင်းအရာဖြင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ယခုနှစ် အစည်းအဝေးပွဲက တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းရဲ့ ၁၀ နှစ်တာ မှတ်ကျောက်တင်ခံရခြင်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာကို အလေးပေးဖော်ပြနေပါတယ်။
၁၆ အောက်တိုဘာ ၂၀၂၃
၂၀၁၅ခုနှစ်က မယ်ကမ္ဘာရွေးပွဲတွင် ဥရုဂွေး နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ရှာရီကာ ဒီအာမတ်စ်သည် အောက်တိုဘာ ၁၃ ရက်နေ့က သားအိမ်ခေါင်းကင်ဆာဖြင့် အသက် ၂၆နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ သူမဟာ သားအိမ်ခေါင်းကင်ဆာကြောင့် ဓာတုနှင့် ဓာတ်ရောင်ခြည်ကုထုံးတိုဖြင့်ကုသခံနေရစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။
သူမကွယ်လွန်ခြင်းအတွက် ဥရုဂွေးတင်မက ကမ္ဘာတစ်လွှားကပါ ထိန့်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ “ ညီမလေးရေး မြင့်မြင့်သာ ပျံတက်ပါတော့ အမြဲထာဝရနော်” လို့ အစ်ကိုဖြစ်သူ မေ့ခ်ဒီအာမတ်စ်က ဆိုရှယ်မီဒီယာမှာရေးခဲ့ပါတယ်။ ၂၀၂၂ မယ်စကြဝဠာ ဥရုဂွေး ကာလရိုမီယိုကလည်း သူမကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲခဲ့ပါတယ်။ “ ဒီလောကအတွက် သိပ်ပြီး ပြောင်းလဲသွားပြီ။ ကျွန်မဘဝမှာ တွေ့ခဲ့ရတဲ့ အချောအလှဆုံး အမျိုးသမီးတွေထဲကတစ်ယောက်” လို့ တသသပြောခဲ့ပါတယ်။
“ အစ်မကိုအမြဲသတိရနေရတော့မှာ။ ကျွန်မကို ကူညီခဲ့တာတွေတင်မကဘဲ ကျွန်မတိုးတက်ကြီးပွားတာ ကိုအစ်မက မြင်ချင်ခဲ့တာလေ” လို့ ၂၀၂၁ ဥရုဂွေးမယ် လိုလာဒီလော့စ်ဆန်တိုးစ်က အမှတ်တရပြောခဲ့ပါတယ်?
၂၀၁၅ မယ်ကမ္ဘာရွေးပွဲကို တရုတ်မှာကျင်းပစဉ်က သူမဟာ ထိပ်ဆုံးဆန်ကာတင် ၃၀ ဦးထဲ ပါခဲ့တာမဟုတ်ပေမယ့် အဲဒီတုန်းက သူမဟာ ၁၈နှစ်အရွယ်မယ်လေးတွေ (၆)ဦးထဲမှာ တစ်ဦးဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ စတုတ္ထမြောက် ကင်ဆာအမျိုးအစားဖြစ်ပါတယ်လို့သိရပါတယ်။ ၂၀၁၈ခုနှစ်မှာ တစ်ကမ္ဘာလုံးမျာ အမျိုးသမီးပေါင်း ငါးသိန်းခုနှစ်သောင်းခန့်ဟာ သားအိမ်ခေါင်းကင်ဆာခံစားနေကြရပြီး သုံးသိန်းတစ်သောင်းတစ်ထောင်ခန့်ဟာ သေဆုံးခဲ့ရပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
Source: NDTV
#World_News
Published 16 October 2023
အစ္စရေးလ်အနေဖြင့် ပါလက်စ်တိုင်းအပေါ် ရန်လိုတိုက်ခိုက်မှု မရပ်တန့်ဘူးဆိုပါက တင်းမာမှုများအရှိန် မြင့်မားလာနိုင်ကြောင်း အီရန်က သတိပေးလိုက်ကာ ထိုဒေသတဝိုက်ရှိ အခြားအဖွဲ့များက ဝင်ရောက်လုပ်ဆောင်ရန် အသင့်ဖြစ်နေကြပြီလို့ အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဖားစ်သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။
‘’အစ္စရေးလ်တို့ ဆက်ပြီး ရန်ဆောင်တိုက်ခိုက်နေပါက ဒေသတဝိုက်ရှိ ပါတီတွေကလည်း လှုပ်ရှားရလိမ့်မယ်’’ လို့ ဟိုစိန်အမိုင်ရက်ဒိုလာဟီယန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟူညာက ဟားမတ်စ်စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ အခိုင်အမာဆိုခဲ့ကာ အစ္စရေးလ်နယ်စပ်မြို့တွေမှာ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ အစ္စလာမ်စစ်သွေးကြွတွေကို ရှာဖွေဖို့အတွက် အစ္စရေးလ်တပ်တွေက ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေပါတယ်။
အီရန်နိုင်ငံမှ အာဏာအရှိဆုံးခေါင်းဆောင် အိုင်ယာတိုလာအလီခါမီနိုင်က အစ္စရေးလ်ကို ဟားမတ်စစ်သွေးကြွများ တိုက်ခိုက်မှုမှာ အီရန်မပတ်သက်ဘူးလို့ ပြောကြားထားပါတယ်။
အီရန်တို့က ဟားမတ်စ်တို့ကို လက်နက်ထောက်ပံ့နေပြီး အကြမ်းဖက်မှုတွေ ဖြစ်စေတယ်လို့ အစ္စရေးလ်က စွပ်စွဲနေတာ ကြာပါပြီ။
ဒါပေမဲ့ ဘဏ္ဍာရေးနဲ့ ကျင့်ဝတ်ပိုင်းတွေမှာ ထောက်ပံ့ပေးနေတယ်လို့ အီရန်က ဆိုထားပါတယ်။
၁၉၇၉ တော်လှန်ရေးပြီးနောက်ပိုင်း ပါလက်စ်တိုင်းတွေကို ထောက်ပံ့ဖို့က အီရန်တို့ရဲ့ အဓိကမဏ္ဍိုင်တစ်ရပ် ဖြစ်လာပြီး မွတ်ဆလင်တွေရဲ့ ဦးဆောင်သူအဖြစ် ခံယူလာပါတယ်။
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ကို ဝိုင်းရံပြီး လူမျိုးသုဥ်းသတ်ဖြတ်ရန် ကြိုးစားနေတယ်လို့ အမိုင်ရက်ဒိုလာဟီယန်က ပြီးခဲ့တဲ့ ရက်သတ္တပတ်က စွပ်စွဲလိုက်ကာ ဒီလိုမျိုးတိုက်ခိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်မျက်နှာပြင်အသစ်တွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ဒီလိုမျိုး စစ်မျက်နှာအသစ် ဖြစ်ပေါ်လာခြင်းနဲ့ စစ်ပွဲတင်းမာမှုမှန်သမျှက အမေရိကန်နဲ့ အစ္စရေးလ်တို့နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
အမိုင်ရက်ဒိုလာဟီယန်က ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယဲနဲ့ စနေနေ့က ကာတာမှာတွေ့ဆုံကာ အစ္စရေးလ်ကို တိုက်ခိုက်ခဲ့ခြင်းအကြောင်းနဲ့ အဖွဲ့အစည်း အောင်မြင်မှုများ ရရှိစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြကြောင်း ဟားမတ်စ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
#World_News #အစ္စရေးလ်ကိုအီရန်သတိပေး #တိုက်ခိုက်မှုများမရပ်တန့်
#Source: Reuters
#World_Health
Published 16 October 2023
ရောဂါနောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်တတ်တာဟာ ကိုဗစ်ရောဂါ တစ်ခုတည်းမဟုတ်ဘဲ အခြားရောဂါတွေဟာလည်း လက္ခဏာများ ကျန်ရှိနေတတ်တယ်ဆိုတဲ့ အထောက်အထားများကို လန်ဒန် ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
အခြားသော အသက်ရှူလမ်းကြောင်း ရောဂါတွေဟာလည်း နောက်ဆက်တွဲ လက္ခဏာများ ရှိနေတယ်လို့ Lancet ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ယခုနှစ် အစောပိုင်းမှာ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာများ အကြောင်း အများအပြား တွေ့ရှိခဲ့ပြီးနောက် အခြားရောဂါများမှာလည်း အလားတူမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြကာ သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်၁၉ရောဂါ ကူးစက်ဖူးသူတွေဟာ အစာအိမ် အူလမ်းကြောင်း၊ အာရုံကြော၊ အရိုးငြမ်းနှင့်ကြွက်သား၊ နှလုံးနှင့်အဆုတ် ပြဿနာများ ပိုပြီးဖြစ်နိုင်ချေရှိကာ ပိုပြီးပြင်းထန်နိုင်ချေ ရှိနေပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ အနံ့အရသာ ပြဿနာများ၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ လက္ခဏာများ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။
ကိုဗစ်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရသူတွေဟာ နောက်ဆက်တွဲလက္ခဏာများ ပိုမိုပြင်းထန်နိုင်ပြီး နေထိုင်မှုဘဝ အခြေအနေ ယုတ်လျော့လာနိုင်ပါတယ်။
အခြားသော အသက်ရှူလမ်းကြောင်း ရောဂါများမှ နောက်ဆက်တွဲလက္ခဏာများကိုလည်း မသိရှိကြတာမျိုး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ယူဆထားကြပါတယ်။
ကိုဗစ်နဲ့ အခြားရောဂါများရဲ့ နောက်ဆက်တွဲလက္ခဏာတွေ အဓိကကွာခြားတာတွေက မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အနံ့အရသာ ပြဿနာတို့ ဖြစ်ပါတယ်။
အဆိုပါ သုတေသန အချက်အလက်များဖြင့် လူနာများကို ကောင်းစွာစောင့်ရှောက်နိုင်ကာ အသက်ရှူလမ်းကြောင်းရောဂါတွေရဲ့ နောက်ဆက်တွဲလက္ခဏာများအကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ပိုမိုနားလည်လာစေမှာ ဖြစ်ပါတယ်။
#World_Health #ကိုဗစ်ရောဂါ ##နောက်ဆက်တွဲလက္ခဏာ #Source: The Jerusalem Post
#World_Health
Published 16 October 2023
ကာကွယ်ကုသလို့ လွယ်ကူတဲ့ လေဖြတ်ခြင်းဝေဒနာကြောင့် ၂၀၅၀ ခုနှစ်အရောက်မှာ နှစ်စဥ်သေဆုံးသူ အရေအတွက် ၁၀ သန်းနီးပါး ရှိလာနိုင်ပြီး အထူးသဖြင့် တိုင်းပြည်ဝင်ငွေ နည်းပါးတဲ့နိုင်ငံတွေနဲ့ အလယ်အလတ် နိုင်ငံတွေမှာ ပိုဖြစ်နိုင်ကြောင်း အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Lancet Neurology ဂျာနယ်မှာ ဖော်ပြထားရာမှာ လေဖြတ်ခြင်းကြောင့် သေဆုံးရခြင်းက ၂၀၂၀ မှာ ၆.၆ သန်းရှိရာကနေ ၂၀၅၀ မှာ ၉.၇ သန်း ရှိလာနိုင်ပါတယ်။
ဒီအခြေအနေအတွက် ကာကွယ်ဖို့ အရေးကြီးပုံတွေကို အလေးပေးဖော်ပြထားပါတယ်။
ကာကွယ်ခြင်းနဲ့ ကုသခြင်းတို့အတွက် ကုန်ကျစရိတ်သက်သာတဲ့ စောင့်ကြည့်ရေးစနစ် ထားရှိဖို့ အကြံပြုထားပါတယ်။
အများပြည်သူ သိရှိနားလည်ရန်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ ကျင့်ကြံဖို့ကိုလည်း အကြံပြုသွားပါတယ်။
ခန္ဓာကိုယ်အင်္ဂါ ထိခိုက်ခြင်း မဖြစ်စေရန်နဲ့ နောက်ထပ်လေဖြတ်ခြင်းများ မဖြစ်ရအောင် အထောက်အထားပြု စောင့်ရှောက်မှုများလည်း လိုအပ်ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရာဂျစ်ဘာရ်က ပြောပြခဲ့ပါတယ်။
အိန္ဒိယသွေးတိုးထိန်းချုပ်စနစ်ဟာ သိသာစွာ အောင်မြင်မှုရလာပြီး လူနာ ၂ သန်းကို ဒီဂျစ်နည်းဖြင့် စောင့်ကြည့်လာနိုင်ကာ ဝေဒနာဖြစ်ပွားမှုတွေရဲ့ တဝက်လောက်မှာ သွေးပေါင်ချိန်ကို လက်တွေ့ထိန်းချုပ်လာနိုင်ပါတယ်။
လေဖြတ်ခြင်းကြောင့် သေဆုံးမှုများလာတာကို ဖြေရှင်းရန် လိုအပ်ကြောင်းး ကမ္ဘာ့လေဖြတ်ဝေဒနာအဖွဲ့အစည်းမှ ဥက္ကဌ ပရော်ဖက်ဆာ ဂျေရာရက်ဂျ်ပန်ဒီယန်က ပြောပြခဲ့ပါတယ်။
နိုင်ငံတော်ဆေးရုံအခြေပြု လေဖြတ်မှတ်တမ်းများနဲ့ လူဦးရေအခြေပြု လေဖြတ်မှတ်တမ်းများကလည်း အရေးကြီးကြောင်း ရောဂါအချက်အလက်နဲ့ သုတေသနဆိုင်ရာ အမျိုးသားစင်တာမှ ဒေါက်တာ ပရာရှန့်မေသာက ဆိုပါတယ်။
ICMR ဌာနခွဲမှ ဒေါက်တာ မီနက်ခ်ရှီရှာမာကလည်း အိန္ဒိယရှိ လေဖြတ်စောင့်ရှောက်ရေးစနစ် တိုးတက်လာမှုနဲ့ သွေးပေါင်ချိန်များခြင်းကို ရှာဖွေကုသဖို့ အရေးကြီးပုံတို့ကိုလည်း ဖော်ပြသွားပါတယ်။
#World_Health သေဆုံးသူ(၁၀)သန်းနီးပါးရှိ #Source: India Today
#World_Health
Published 15 October 2023
သမီးမိန်းကလေးရှိတဲ့ ဖခင်တွေဟာ သမီးမရှိတဲ့ ဖခင်တွေနဲ့ယှဥ်ရင် ပိုမိုသက်ရှည် ကျန်းမာလေ့ရှိကြောင်း မကြာသေးမီက လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ကလေးမွေးဖွားမှုတွေက ဖခင်ရဲ့ ကျန်းမာရေးနဲ့ သက်ရှည်ခြင်းအပေါ် သက်ရောက်နေမှုကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ကလေးမွေးဖွားမှုက ဖခင်တွေရဲ့ ပျမ်းမျှသက်တမ်းအပေါ် သက်ရောက်နေပုံကို ဂျာဂျယ်လိုနီယန်တက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပါတယ်။
မိဘပေါင်း ၄,၃၁၀ ဦးထံမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။
သားယောက်ျားလေးနဲ့ သမီးမိန်းကလေး အရေအတွက်ကို ခွဲခြားလေ့လာခဲ့ရာ ယောက်ျားလေး အရေအတွက် ဒါမှမဟုတ် ကလေးစုစုပေါင်း အရေအတွက် ဆိုတာတွေက ဖခင်တွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းအပေါ် သက်ရောက်မှုမရှိခဲ့ပါဘူး။
ဒါပေမဲ့ သမီးမိန်းကလေး အရေအတွက်နဲ့ ဖခင်သက်ရှည်ကျန်းမာမှုကြား ဆက်စပ်မှုကတော့ သိသာထင်ရှားနေပါတယ်။
လေ့လာချက်ရဲ့ အဓိကတွေ့ရှိချက်တွေကတော့ သမီးရှိတဲ့ ဖခင်တွေဟာ ပိုပြီးသက်ရှည်စွာ နေထိုင်ရကာ သမီးအရေအတွက် ပိုများလေ ပိုပြီးအသက်ရှည်လေ ဖြစ်နေပါတယ်။
အချက်အလက်အရဆိုရင် သမီးတစ်ယောက် မွေးဖွားတိုင်း ဖခင်ရဲ့သက်တမ်းက ၇၄ ပတ်ပိုများလာပါတယ်။
ဖခင်အတွက် ဒီလိုအကျိုးတွေရှိပေမယ့် ကလေးရှိခြင်းက မိခင်တွေအတွက်တော့ ခြားနားနေပါတယ်။
ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေကာ ပျမ်းမျှနေထိုင်သက်တမ်းကို လျော့နည်းစေကြောင်း Human Biology အမေရိကန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
တနည်းဆိုရရင် အမျိုးသမီးများ တစ်ဦးတည်းနေခြင်းဖြင့် ပိုမိုပျော်ရွှင်လာကြတာကို လတ်တလောကာလမှာ မြင်တွေ့နေရပါတယ်။
နောက်ထပ်သုတေသနကတော့ ကွဲပြားစွာ တွေ့ရှိခဲ့ပြီး ဘယ်လိုကလေးပဲဖြစ်ဖြစ် မိဘတွေရဲ့ သက်ရှည်ကျန်းမာမှုကို အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
#World_Health #ပိုမိုသက်ရှည် #သမီးမိန်းကလေးရှိသည့်ဖခင် #Source: WION
#World_Health
Published 15 October 2023
အအေးမိဖျားနာ၊ တုပ်ကွေး၊ အဆုတ်ရောင်နဲ့ အခြားအသက်ရှူလမ်းကြောင်း ပြဿနာများဖြစ်တဲ့ လူတွေမှာ ရောဂါလက္ခဏာများ ဆက်လက်ကျန်ရှိနေနိုင်ကာ ကိုဗစ်-၁၉ နောက်ဆက်တွဲလက္ခဏာတွေလိုမျိုး ဖြစ်ကြောင်း မကြာသေးမီက တွေ့ရှိထားပါတယ်။
လန်ဒန် ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီများ စမ်းသပ်ခဲ့ကြရာ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာဖြစ်တဲ့သူတွေဟာ ကူးစက်ပြီးနောက် အနည်းဆုံး သီတင်းပတ် ၄ ပတ်ကြာတဲ့တိုင်အောင် ရောဂါလက္ခဏာများ ဆက်လက်ကျန်ရှိနေပါတယ်။
ထိုလက္ခဏာထဲမှာ ချောင်းဆိုးခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းတို့ ပါဝင်ပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ဖူးသူတွေရာ အအေးမိဖျားနာ လက္ခဏာကြာရှည်နေသူတွေရောဟာ ယခင်ကူးစက်ခံရဖူးပါက ရောဂါလက္ခဏာ ပိုမိုပြင်းထန်ကြောင်း သိရပါတယ်။
ယူကေမှ လူပေါင်း ၁ သောင်းကျော်ကို ၂၀၂၁ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း မေးခွန်းများမေးမြန်းပြီး သုတေသန လုပ်ခဲ့ကြကာ ကိုဗစ်နောက်ဆက်တွဲနဲ့ ပတ်သက်တဲ့ လက္ခဏာ ၁၆ မျိုးကို လေ့လာခဲ့ကြပါတယ်။
ဆက်လက်ကြန့်ကြာနေတဲ့ ရောဂါလက္ခဏာတွေဟာ ယခင်က မတွေ့ဖူးပေမယ့် လက္ခဏာရပ် များပြားကျယ်ပြန့်တာကြောင့် သတိမထားမိတတ်ကြပါဘူး။
ယင်းတို့ရဲ့ တွေ့ရှိချက်တွေက အသက်ရှူလမ်းကြောင်း ရောဂါတစ်မျိုး ကူးစက်ပြီးနောက် ရောဂါလက္ခဏာများ ဆက်လက်ကျန်ရှိသူတွေ ခံစားရတာတွေနဲ့ ဆက်စပ်နေတယ်လို့ ကွင်းမယ်ရီတက္ကသိုလ်မှ ပရော်ဖက်ဆာ အက်ဒရီယန်မာတီနော့က ပြောပြသွားပါတယ်။
အဆိုပါသုတေသနက နောက်ဆက်တွဲ လက္ခဏာကျန်ရှိသူတွေမှာ သင့်လျော်တဲ့ စောင့်ရှောက်ကုသမှု ဖော်ထုတ်ပေးတဲ့နေရာမှာ အကူအညီ ဖြစ်စေနိုင်မယ်လို့ ဆိုသွားပါတယ်။
#World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာ #အအေးမိဖျားနာ #Source: India Today
Page 290 of 826