#World_News
Published 01 August 2024
▪️ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းက အီရန်မြို့တော်တာရန်မှာ အသတ်ခံခဲ့ရသဖြင့် အစ္စရေးလ်အပေါ် လက်တုန့်ပြန်မှုများ ခြိမ်းခြောက်လာနိုင်ကာ အရှေ့အလယ်ပိုင်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်လာရပါတယ်။
▪️ ပါလက်စ်တိုင်းအစ္စလာမ် စစ်သွေးကြွအဖွဲ့နဲ့ အီရန်တော်လှန်ရေးအစောင့်အဖွဲ့တို့က ဟာနီယာသေဆုံးမှုကို အတည်ပြုခဲ့ပြီး အီရန်သမ္မတသစ် ကျမ်းသစ္စာကြိမ်ပွဲအခမ်းအနားကို တက်ရောက်ပြီး နာရီပိုင်းအကြာမှာပဲ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
▪️ ဟာနီယာသေစေခဲ့တဲ့ တိုက်ခိုက်မှုကို အစ္စရေးလ်တို့ ပြုလုပ်တယ်လို့ ယူဆရပေမယ့် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အစိုးရအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို ပြုလုပ်တယ်လို့ မပြောထားသလို ဘာမှတ်ချက်မှ မပြောထားပါဘူး။
▪️ ဟာနီယာဟာ တည်းခိုခန်းတစ်ခုမှာ နေထိုင်နေရင်း ဒုံးကျည်တစ်စင်း တိုက်ရိုက်ထိမှန်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဟားမတ်စ်အကြီးတန်းအရာရှိ ခါလီအယ်ဟေယာက ပြောကြားခဲ့ပါတယ်။
▪️ ဟာနီယာဟာ ပုံမှန်အားဖြင့် ကာတာမှာ အခြေချနေထိုင်ပြီး ဟားမတ်စ်ဘက်မှ နိုင်ငံတကာသံတမန်ရေးကိစ္စတွေရဲ့ မျက်နှာဖုံးရှင် ဖြစ်ပြီး ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးရရှိဖို့ ကြားဝင်ညှိနှိုင်းရာမှာ ပါဝင်ခဲ့ပါတယ်။
▪️ အစ္စရေးလ်ကတော့ အီရန်ဘက်ကို တိုက်ခိုက်နေပြီး ရန်လိုတိုက်ခိုက်မှုမှန်သမျှ တုန့်ပြန်သွားမယ်လို့ နေတန်ညာဟူက ပြောထားပါတယ်။
▪️ ယခု အဖြစ်အပျက်ကြောင့် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကြိုးပမ်းရေးကို ထိခိုက်ဖွယ်ရှိနိုင်ပြီး ဟားမတ်စ် လက်နက်ကိုင်တပ်ခွဲက တိုက်ပွဲပုံစံအသစ် ဖြစ်ပေါ်လာနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။
▪️ အီရန်က လက်စားချေဖို့ ကြုံးဝါးလိုက်ကာ ၃ ရက်တိုင် တစ်နိုင်ငံလုံး ပူဆွေးဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး အစ္စရေးလ်ကို ထောက်ပံ့တဲ့ အမေရိကန်အနေဖြင့် တာဝန်ယူရမယ်လို့ ဆိုလိုက်ပါတယ်။
▪️ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပါလက်စ်တိုင်း လိုလားသူတွေက လမ်းပေါ်မှာ ဆန္ဒပြနေကြပါတယ်။
▪️ အမေရိကန်ကတော့ ဒီဖြစ်ရပ်ကြောင့် တင်းမာမှုထပ်မံမြင့်တက်လာမှာ စိုးရိမ်ကြောင်း၊ ဒီလိုမဖြစ်အောင် လုပ်ဆောင်နေကြောင်း အိမ်ဖြူတော်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
▪️ အမေရိကန်က နိုင်ငံသားတွေကို လက်ဘနွန်သို့ မသွားရန် အကြံပြုထားပြီး တဲလ်အေဗစ်ကိုသွားမယ့် အမေရိကန်လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ ယူနိုက်တက်နဲ့ ဒယ်လ်တာတို့ရဲ့ ခရီးစဉ်များကို ရပ်ဆိုင်းထားပါတယ်။
▪️ အစ္စရေးလ်တို့က ဟက်ဇ်ဘိုလာရဲ့ စီနီယာအကျဆုံး စစ်ရေးတပ်မှူးကွန်မန်ဒါကို သတ်ခဲ့ပြီး ၂၄ နာရီမပြည့်မီမှာပဲ ဟာနီယာသေဆုံးတဲ့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
▪️ အဖွဲ့အစည်းတစ်ခုက ရန်သူဘက်မှ ငြိမ်းချမ်းရေးညှိနှိုင်းသူကို လုပ်ကြံလိုက်တဲ့အတွက် ညှိနှိုင်းရေးက ဘယ်လိုအထမြောက်တော့မှာလဲလို့ ကာတာဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဘင် အက်ဘ်ဒူရာမန်အယ်ထနီက X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
#Source: Reuters
#World_Science
Published 1 August 2024
▪️ ဦးနှောက်ထိခိုက်ခြင်း၊ ဦးနှောက်လေဖြတ်ခြင်း၊ ဘေးထွက်အာရုံကြောချို့ယွင်းခြင်း (ALS)စတဲ့ ရောဂါတွေကြောင့် အကြောသေပြီး စကားမပြောနိုင်သူတွေအတွက် အတွေးနဲ့တင် AIစနစ်ဖြင့် ပြောဆိုနိုင်မယ့် နည်းပညာကို အစ္စရေးလ် တဲလ်အေဗစ်တက္ကသိုလ်မှ သုတေသီများ စမ်းသပ်နေကြပါတယ်။
▪️ စမ်းသပ်မှုတစ်ခုပြုလုပ်ရာမှာ လူနာက အသံထွက်စာလုံးနှစ်လုံးထဲက တစ်လုံးကို ပြောတယ်ဆိုပြီး ပုံဖော်ခိုင်းပါတယ်။
▪️ ဦးနှောက်ထဲမှာ ထည့်သွင်းထားတဲ့ လျှပ်တိုင်တွေက လျှပ်စစ်အချက်ပြချက်တွေကို ကွန်ပျူတာသို့ ကူးပြောင်းပေးကာ အသံထွက်စေတာ ဖြစ်ပါတယ်။
▪️ စကားပြောပေးတဲ့ ဦးနှောက်ကွန်ပျူတာ လုပ်ဆောင်ချက်ဟာ ဦးနှောက်ထဲက ကြိမ်နှုန်းမြင့်လှုပ်ရှားမှုအပေါ် အခြေခံကာ စကားအရာတွေကို ဉာဏ်ရည်တု တည်ဆောက်တာ ဖြစ်ပါတယ်။
▪️ ဒီနည်းလမ်းဖြင့် လုံးဝအကြောသေထားသူတွေအတွက် ပြန်လည်ပြောဆိုနိုင်စွမ်း ရလာဖို့ မျှော်လင့်နိုင်ပါတယ်။
▪️ ၃၇ နှစ်ရှိ လူနာတစ်ဦးကို ဆေးရုံတင်ပြီး ဦးနှောက်ထဲမှာ လျှပ်တိုင်တွေကို ထည့်သွင်းခဲ့ကာ ပထမစမ်းသပ်မှုများအတွင်း စကားသံအမျိုးမျိုးကို ဉာဏ်ရည်တုစနစ်ဖြင့် ၈၅ ရာခိုင်နှုန်းတိကျအောင် အသံထွက်နိုင်ခဲ့ပါတယ်။
▪️ လူနာကို 'အေ'နဲ့ 'အီး' အသံနှစ်မျိုးကို အသံထွက်ခိုင်းခဲ့ပြီးနောက် ထိုအသံတွေကို လူနာက ပုံဖော်တဲ့အချိန်မှာ ဦးနှောက်လှုပ်ရှားမှုကို မှတ်သားခဲ့ပါတယ်။
▪️ ဉာဏ်ရည်တုမှတ်သားစနစ်ဖြင့် ပြောချင်တဲ့ စကားလုံးအသံထွက်အတိုင်း လှုပ်ရှားတဲ့ ဦးနှောက်ဆဲလ်တွေကို ရှာတွေ့နိုင်အောင် ဖန်တီးခဲ့ကြပါတယ်။
▪️ လူနာဦးနှောက်ထဲမှာ အသံထွက်စကားလုံး ၂ ခုနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုပုံစံကို ကွန်ပျူတာက မှတ်သားပြီးနောက် 'အေ'နဲ့ 'အီး' ကို ပြောတယ်လို့ ပုံဖော်ခိုင်းပါတယ်။
▪️ ကွန်ပျူတာက ထိုလှုပ်ရှားမှုတွေကို ဘာသာပြန်ပြီး ကြိုတင်အသံထည့်ထားတဲ့ စကားလုံးအသံထွက်အတိုင်း ထွက်ပေါ်စေပါတယ်။
▪️ 'အေ'နဲ့ 'အီး' အသံတွေကို ကိုယ်စားပြုတဲ့ လျှပ်စီးအချက်ပြမှုတွေကို ခွဲခြားသိရှိနိုင်ခဲ့ပြီး ယင်းတို့ရဲ့ ရည်မှန်းချက်က စကားအပြည့်အစုံ ပြောနိုင်ရန် ဖြစ်ပေမယ့် အခုလိုအသံထွက်နိုင်လျှင်ပင် လူနာအနေနဲ့ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။
▪️ အနာဂတ်မှာဆိုရင်တော့ ထိုကဲ့သို့ ရောဂါလက္ခဏာ အစောပိုင်းအဆင့် ရောက်နေသူတွေ စကားပြောနေနိုင်သေးတဲ့ အခြေအနေမှာ ကွန်ပျူတာကို မှတ်သားခိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါမှ လူနာဦးနှောက်ထဲက လှုပ်ရှားမှုတွေကို ကွန်ပျူတာက မှတ်သားပြီး လူနာက အကြောသေသွားတဲ့အခါ ဘာသာပြန်နိုင်မှာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#World_Health
Published 1 August 2024
▪️ သန့်စင်ထားတဲ့ ဂီးထောပတ်ကို အိန္ဒိယဟင်းလျာတွေမှာ အသုံးပြုလာတာ နှစ်ပေါင်းထောင်ချီ ကြာလာပါပြီ။
▪️ အာယုဗေဒဆေးပညာမှာဆိုရင် ဂီးထောပတ်က အစာကြေစေခြင်း၊ ကြံ့ခိုင်စေခြင်း၊ သက်ရှည်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရှိပါတယ်။
▪️ အဆီပါဝင်မှု များတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့လည်း ငြင်းခုံသူများရှိနေပေမယ့် အာဟာရပညာရှင် အန်မာမီအေဂါဝယ်လ်ကတော့ ဂီးထောပတ်ကို အစာမရှိတဲ့အချိန် စားပေးဖို့ အကြံပြုလိုက်ပြီး နံနက်တိုင်း စားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အစာအိမ်အက်ဆစ်ကို လှုံ့ဆော်ပေးကာ အစာခြေခြင်းကို မြှင့်တင်ပေးပါတယ်။
အာဟာရဓာတ်တွေကို ကောင်းစွာစုပ်ယူပြီး အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
▪️ (၂) အဆိပ်အတောက် ဖယ်ရှားပေးခြင်းနဲ့ အူလမ်းကြောင်း ကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။
▪️ အူလမ်းကြောင်းနံရံတွေကို သန့်စင်ပေးပြီး အာဟာရဓာတ်စုပ်ယူမှု ကောင်းမွန်စေကာ ကိုယ်ခံအားစနစ် မြှင့်တင်ပေးပါတယ်။
▪️ (၃) အူလမ်းကြောင်းထဲက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးကာ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများကို သက်သာစေပါတယ်။
▪️ (၄) သူ့မှာပါတဲ့ ထူးကဲတဲ့ ဖက်တီးအက်ဆစ်က ဇီဝကမ္မဖြစ်စဉ်ကို ကူညီပေးကာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံးဝင်ပေမယ့် ကယ်လိုရီများတာကိုလည်း ထည့်သွင်းသတိပြုသင့်ပါတယ်။
▪️ ဂီးထောပတ်စားပြီးနောက် နေထိုင်လို့မကောင်းဘူးဆိုရင်တော့ ချင့်ချိန်စားသုံးတာမျိုး၊ ဆရာဝန်နဲ့ တိုင်ပင်တာမျိုး ပြုလုပ်သင့်ပါတယ်။
#Source: DoctorNDTV
၂၀၂၄ ပဲရစ်အိုလံပစ် ဆုတံဆိပ်တွေကို ခေတ်ဆန်ဆန်ဖြင့် သမိုင်းကြောင်းကို ရောစပ်ပြီး ဖန်တီးသွားမှာဖြစ်ကာ ပွဲစီစဉ်သူတွေက နောက်ဆုံးအဆင့် ထုတ်လုပ်ဖန်တီးရာမှာ အီဖယ်မျှော်စင်မှ သတ္တုများဖြင့် ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။
#World_Sports
Published 31 July 2024
#အီဖယ်မျှော်စင် #ပဲရစ်အိုလံပစ်ဆုတံဆိပ်များ
#Daily_News
Published 31 July 2024
၁။ ရေဘေးသင့်ပြည်သူများကို အငြိမ့်မင်းသမီးများမှထမင်းထုတ်များလှူဒါန်းမည်
၂။ ပုသိမ်တွင်ရေကြီးနေပေမည့် ချောင်းသာကို ဧည့်ဝင်နေသေး၊ ကမ်းခြေအချို့ရေဝဲသတိပြုရန်လို
၃။ ကွမ်းခြံများရေမြုပ်၍ ကွမ်းဈေးစံချိန်တင်မြင့်တက်နေ
၄။ ပဲရစ်အိုလံပစ် ဆုတံဆိပ်များကို အီဖယ်မျှော်စင်က ဘေးထွက်သတ္တုအပိုင်းအစများဖြင့် ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 July 2024
▪️ အစ္စရေးလ်စစ်တပ်က အင်္ဂါနေ့မှာ လက်ဘနွန်မြို့တော် ဘိုင်ရုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ ဟက်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့မှ ဝါအရင့်ဆုံး တပ်မှူးကွန်မန်ဒါတစ်ယောက် သေဆုံးခဲ့တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
▪️ ဒါဟာ လွန်ခဲ့တဲ့ ၃ ရက်က ဟက်ဇ်ဘိုလာတို့ နယ်စပ်ကိုကျော်ပြီး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ပြစ်တင်ခဲ့ကာ အစ္စရေးလ်လူငယ် ၁၂ ဦးသေဆုံးစေခဲ့တဲ့ ဖြစ်စဉ်ကို လက်တုန့်ပြန်တဲ့သဘော ဖြစ်ပါတယ်။
▪️ ဘိုင်ရုမြို့ တောင်ပိုင်းဆင်ခြေဖုံးရှိ အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့ အခြေကုပ်စခန်းတစ်ခုတည်ရှိရာ နေရာအထက်ကနေ ညနေ ၇ နာရီ ၄၀ မိနစ်ခန့်မှာ ပေါက်ကွဲသံကြီးကြားရပြီး မီးခိုးတွေ ထွက်လာခဲ့တယ်လို့ ရိုက်တာမှ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။
▪️ အစ္စရေးလ်တွေကို သတ်ခဲ့တဲ့တရားခံ ဖော့ရှုကာကို သတ်နိုင်ခဲ့ကြောင်း၊ ဒီညမှာ အစ္စရေးလ်တွေရဲ့ သွေးကြွေးကို ဆပ်နိုင်ခဲ့ကြောင်း၊ ဒီစစ်ပွဲကြီး အဆုံးသတ်သည်အထိ အစ္စရေးလ်တပ်တွေ မမီနိုင်တဲ့နေရာမရှိကြောင်း အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟက်ဇ်ဘိုလာဘက်က ပြောဆိုခြင်းမရှိသေးပါဘူး။
▪️ အစ္စရေးလ်ကို စနေနေ့က ဒုံးကျည်တိုက်ခိုက်ခဲ့မှုမှာ မပါဝင်ဘူးလို့တော့ ငြင်းထားပါတယ်။
ဘိုင်ရုမှာရောက်နေတဲ့ အခြားနိုင်ငံမှ လုံခြုံရေး သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ရှုကာဟာ တိုက်ခိုက်မှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။
▪️ ရှုကာဟာ စနေနေ့တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပြီး ဟက်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူး ဟာဆန်နက်စ်ရယ်လာအတွက် အရေးကြီးဆုံးအကြံပေး ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
▪️ ဘိုင်ရုမြို့ကို အစ္စရေးလ်တိုက်ခိုက်ရာမှာ အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ လုံခြုံရေးရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။
▪️ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ ၃ ဦးသေဆုံးတဲ့အပြင် ၇၄ ဦးဒဏ်ရာရခဲ့တယ်လို့ အယ်လ်မာနာတီဗီက ဖော်ပြထားပါတယ်။
▪️ အစ္စရေးလ်ဘက်က လူငယ်တွေ သေဆုံးသွားတာက တင်းမာမှုမြင့်တက်လာနိုင်တာကို အနောက်တိုင်းက စိုးရိမ်နေပါတယ်။
▪️ နှစ်ဖက်စလုံး အခြေအနေ တင်းမာမှုတွေကို လျှော့ချဖို့ ကုလသမဂ္ဂ အထူးသံတမန် ဂျင်နင်းဟန်နစ်ပလက်စ်ချာ့က တောင်းဆိုလိုက်ပါတယ်။
▪️ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အက်ဒူလာဘိုဟာဘစ်က အစ္စရေးလ်တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂကို တိုင်ကြားရန် စီစဉ်နေပါတယ်။
▪️ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဂါဇာမှာ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဟက်ဇ်ဘိုလာနဲ့ အစ္စရေးလ်တို့ အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပါတယ်။
#Source: Reuters
#World_Discovery
Published 31 July 2024
▪️ ကိုမိုဒိုနဂါးလို့ခေါ်တဲ့ ဖွတ်ကောင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသက်ရှိပုတ်သင်မျိုးဖြစ်ပြီး သားကောင်တွေကို သတ်ဖြတ်နိုင်တဲ့ ချွန်မြတဲ့သွားတွေမှာ သံလွှာအုပ်ထားတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒီလိုမျိုး အသားစား တွားသွားသတ္တဝါတွေမှာ ယခင်က ဒီလိုအရာမျိုး မတွေ့ခဲ့ဖူးဘူးလို့ ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသီများဦးဆောင်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
▪️ သုတေသီတွေက ဖွတ်မျိုးစိတ် အမျိုးမျိုးမှ သွားတွေကို ယူဆောင်ပြီး အခြားပုတ်သင်အမျိုးမျိုးရဲ့ သွားတွေကိုလည်း လေ့လာခဲ့ပါတယ်။
▪️ ဖွတ်သွားတွေရဲ့ထိပ်တွေဘေးတွေမှာ လိမ္မော်ရောင်ခြယ်ရှိတဲ့ သံလွှာအုပ်ထားတာကို တွေ့ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီလိုသွားတွေကြောင့် ဖွတ်တွေဟာ ကြွက်ကနေစလို့ ရေထဲကကျွဲတွေကို ဖမ်းစားကာ ချွန်မြတဲ့သွားများဖြင့်ကိုက်ပြီး အဆိပ်ထုတ်လွှတ်ကြပါတယ်။
▪️ အသားစား ဒိုင်နိုဆောတွေမှာလည်း သံလွှာအုပ်ထားတဲ့ သွားတွေ ရှိနိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျောက်ဖြစ်ရုပ်ကြွင်း သွားတွေကနေ အထောက်အထား မတွေ့ရတော့ပါဘူး။
▪️ ကိုမိုဒိုနဂါးတွေမှာ ချွန်မြပြီး ကွေးနေတဲ့ သွားများရှိပြီး အသားစားဒိုင်နိုဆောတွေလို သားကောင်တွေကို ဆွဲဖြဲပစ်နိုင်တယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ ဒေါက်တာ အာရွန်လီဘလန့်စ်က ဆိုပါတယ်။
▪️ ဖွတ်ကောင်တွေဟာ အလျား ၃ မီတာနဲ့ အလေးချိန် ၉၀ ကီလိုဂရမ်အထိ ရှိနိုင်ပြီး လူသားလုပ်ရပ်တွေကြောင့် ခြိမ်းခြောက်ခံနေရကာ ရာသီဥတုပြောင်းလဲမှုကလည်း သူတို့ကျက်စားရာနေရာတွေကို ဖျက်ဆီးနေပါတယ်။
#Source: WION
Page 235 of 980