#World_Health
Published 28 October 2024
▪️ သကြားမပါဆိုဒါကို လုံးဝမသောက်သင့်တဲ့ အကြောင်းအရင်း ၄ မျိုးကို ဟားဗတ်ဘွဲ့ရ အစာအိမ်အူလမ်းကြောင်း ဆရာဝန်က တစ်တော့မှာ ပြောသွားပါတယ်။
ဒေါက်တာ ဆော်ရက်ဘ်ဆက်ထီကို ပုံမှန်ဆိုဒါအစား သကြားမပါဆိုဒါ သောက်နိုင်သလားဆိုတာကို မေးမြန်းခဲ့ပါတယ်။
(၁) နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင်ခြေများခြင်း
▪️ တစ်နေ့ကို သကြားမပါဆိုဒါ ၂ ဗူးနဲ့အထက် သောက်သုံးသူတွေဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေ သိသိသာသာ ပိုများတယ်လို့ ရှင်းပြပါတယ်။
လုံးဝမသောက်သူတွေထက်စာရင် အသက်သေဆုံးနိုင်ခြေဟာလည်း ၁၆ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာချက်တွေမှာ တွေ့ထားပါတယ်။
(၂) ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများခြင်း
▪️ ဒီဆိုဒါတွေမှာ ဖော့စ်ဖရပ်စ်များပြားစွာ ပါဝင်ပြီး နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။
ဒါ့အပြင် အများအပြား သောက်သုံးပါက ဖော့စ်ဖရစ်အက်ဆစ်တွေကြောင့် အရိုးတွေကနေ ကယ်လ်စီယံတွေ ကွာကျပြီး အရိုးအားနည်းစေပါတယ်။
(၃) အူလမ်းကြောင်းပိုးမွှားစနစ် နှောင့်ယှက်ခြင်း
▪️ အင်ဆူလင် အလုပ်လုပ်ပုံကို ထိခိုက်စေပြီး အူလမ်းကြောင်းထဲရှိ ပိုးမွှားတွေကို နှောင့်ယှက်ကာ အူကျန်းမာရေး ထိခိုက်စေပါတယ်။
ထိုဆိုဒါတွေမှာ ပါဝင်တဲ့ အချိုဓာတ်အတုပစ္စည်း ၆ မျိုးက အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကို အဆိပ်ဖြစ်စေပါတယ်။
(၄) ခဏခဏဗိုက်ဆာခြင်း
▪️ ဆိုဒါတွေ သောက်ခြင်းဖြင့် ကယ်လိုရီများတဲ့ အစာတွေ စားချင်စိတ်ဖြစ်ပေါ်ပါတယ်။
အဲဒီမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ခန္ဓာကိုယ်မှာ ဖိစီးတုန့်ပြန်ခြင်းကို ဖြစ်စေပါတယ်။
▪️ ဒါကြောင့် ဆရာဝန်က သကြားမပါဆိုဒါတွေဟာ အာဟာရတန်ဖိုး မရှိဘဲ အတတ်နိုင်ဆုံး ရှောင်ရှားသင့်တယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
#World_Science
Published 28 October 2024
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၃.၂၆ ဘီလီယံတုန်းက ဧရာမဥက္ကာခဲကြီး ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ ကမ္ဘာမြေပေါ်က သက်ရှိများ ဆင့်ကဲပြောင်းလဲခြင်းမှာ အရေးပါနိုင်ဖွယ်ရှိတယ်လို့ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။
▪️ တောင်အာဖရိက အရှေ့မြောက်ဘက်ရှိ ဒေသတစ်ခုမှ ရှေးခေတ်ကျောက်တုံးရဲ့ အထောက်အထားများ အသုံးပြုပြီး ဥက္ကာခဲဝင်တိုက်ခဲ့တဲ့ သက်ရောက်မှုကို သုတေသီများ လေ့လာခွင့်ရခဲ့ပါတယ်။
▪️ ဒိုင်နိုဆောများ မျိုးသုဉ်းစေတဲ့ ဥက္ကာခဲထက် အဆပေါင်း ၅၀ မှ ၂၀၀ လောက်ပိုကြီးဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
▪️ ထိုအချိန်က ကမ္ဘာမြေမှာ ရေတွေပဲ အဓိကရှိပြီး ကုန်းမြေအနည်းငယ်သာရှိကာ လေထုတွေ သမုဒ္ဒရာတွေထဲမှာ အောက်ဆီဂျင် မရှိပါဘူး။
▪️ အစပိုင်းမှာ ပျက်စီးခဲ့ပေမယ့် သက်ရှိဘဝတွေ ချက်ချင်းပြန်ပေါ်လာပြီး ရှင်သန်လာခဲ့ပါတယ်။
▪️ ဝင်တိုက်မှုကနေ အငွေ့ပျံကျောက်တုံးများ၊ ဖုန်မှုန့်တိမ်တိုက်များ၊ ဆူနာမီကြီးများ ဖြစ်ပေါ်ကာ သမုဒ္ဒရာအပေါ်ယံလွှာတွေ ဆူပွက်လာစေပါတယ်။
▪️ ဥက္ကာခဲကနေ ဖော့စ်ဖရပ်စ်အများအပြား ရောက်ရှိလာကာ ပိုးမွှားသက်ရှိများအတွက် မရှိမဖြစ်ဓာတ် ဖြစ်လာပါတယ်။
▪️ ဒါ့အပြင် ဆူနာမီတွေကြောင့်လည်း ရေတိမ်တွေမှာ သံဓာတ်ပေါများလာပြီး အဏုဇီဝပိုးမွှားများ ရှင်သန်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
▪️ ဥက္ကာခဲတွေ ကျလာရင် သက်ရှိများ ပျက်စီးကြရပေမယ့် ဒီလိုအခြေအနေကတော့ ကမ္ဘာမြေမှာ ဆင့်ကဲပြောင်းလဲခြင်းများ ဖြစ်ပေါ်လာကာ ရှေးဟောင်းသက်ရှိများ ရှင်သန်ကြီးထွားရာ ဖြစ်လာပါတယ်။
▪️ ဒါ့အပြင် အဏုဇီဝသက်ရှိများဟာ အခြားဂြိုဟ်တွေမှာလည်း ဒီလိုကြမ်းတမ်းလွန်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ အလိုက်သင့်ရှင်သန်နိုင်စွမ်းရှိတာကို သိလာရပါတယ်။
#Source: India Today
#World_Science
Published 27 October 2024
▪️ အောက်တိုဘာ ၇ ရက်နေ့က ကယ်ရိုလင်စကာတက္ကသိုလ်ရှိ နိုဘယ်လ်ညီလာခံမှာ ဇီဝကမ္မနဲ့ ဆေးဘက်ဆိုင်ရာ ၂၀၂၄ နိုဘယ်လ်ဆုကို မိုက်ခရိုအာအင်န်အေနဲ့ မျိုးဗီဇထိန်းညှိခြင်းမှာ ပါဝင်ပတ်သက်ခြင်းကို တွေ့ရှိခဲ့တဲ့ ဗစ်တာအမ်ဘရိုစ်နဲ့ ဂယ်ရီရုဗ်ကွန်တို့ ရရှိသွားပါတယ်။
▪️ သူတို့နှစ်ဦးဟာ လူသားဆဲလ်တွေမှာ တွေ့ရတဲ့ မိုက်ခရိုအာအင်န်အေကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပြီး ကင်ဆာမှာ ပါဝင်ပတ်သက်ပုံနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေ သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒါကို ၁၉၉၃ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်များအတွက် မျိုးဗီဇသုတေသနများ၊ ကင်ဆာ ရှာဖွေခြင်းနဲ့ ကုသခြင်းတို့မှာ လေ့လာခွင့်အများအပြား ရခဲ့ပါတယ်။
▪️ မိုက်ခရိုအာအင်န်အေဆိုတာက ခန္ဓာကိုယ်ထဲကဆဲလ်တွေ ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာကို ညွှန်ကြားပေးတာမျိုး ဖြစ်ပြီး မျက်လုံးအရောင်၊ အရပ်အမြင့်၊ ကိုယ်ခံအား တိုက်ထုတ်ပုံစတာတွေကို ဖြစ်ပေါ်စေပါတယ်။
▪️ မျိုးဗီဇတွေကတော့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးပုံ၊ အလုပ်လုပ်ပုံတို့ကို ထိန်းချုပ်ပြီး ဒီအင်န်အေဖြင့် ဖွဲ့စည်းထားကာ လူ့ပုံစံအနေအထား ဘယ်လိုဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
▪️ အာအင်န်အေက ဒီအင်န်အေထံကနေ ညွှန်ကြားချက်များကို ကြည့်ရှုသယ်ဆောင်ကာ ပရိုတိန်းများ ဖြစ်စေပါတယ်။
▪️ မိုက်ခရိုအာအင်န်အေမှာ လုပ်ဆောင်ချက်တာဝန်တွေ ရှိပြီး ကင်ဆာ၊ ဆီးချို၊ ခုခံအားရောဂါစတဲ့ လက္ခဏာများ ဖြစ်ပေါ်ရာမှာ အရေးပါတဲ့ကဏ္ဍက ပါပါတယ်။
▪️ သာမန်အာအင်န်အေနဲ့ မတူတာက မိုက်ခရိုအာအင်န်အေဟာ ပရိုတိန်းကို မလုပ်ပေမယ့် ပရိုတိန်းဘယ်လောက်လုပ်မယ် ဆိုတာနဲ့ ဖြစ်စဉ်ကို နှောင့်နှေးရပ်တန့်နိုင်ပါတယ်။
▪️ ၁၉၈၀ နှောင်းပိုင်းမှာ ဗစ်တာအမ်ဘရိုစ်နဲ့ ဂယ်ရီရုဗ်ကွန်တို့က သက်ရှိအများအပြားမှာ မိုက်ခရိုအာအင်န်အေ ရှိတယ်ဆိုတာကို သက်သေပြခဲ့ကြပါတယ်။
▪️ မိုက်ခရိုအာအင်န်အေ ထိန်းညှိမှု လွဲမှားသွားတဲ့အခါ ကင်ဆာဖြစ်လာနိုင်သလို မျိုးဗီဇတွေ ဆင့်ကဲပြောင်းလဲသွားရာကနေ မွေးရာပါ နားမကြားခြင်း၊ မျက်လုံးနဲ့ အရိုးချို့ယွင်းခြင်းတို့ ဖြစ်ပေါ်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့လာကြပါတယ်။
▪️ မိုက်ခရိုအာအင်န်အေဟာ ကင်ဆာရှာဖွေဖို့အတွက် အသုံးဝင်ပစ္စည်းဖြစ်သလို ခန္ဓာကိုယ်အရည်တွေထဲမှာလည်း ရှိပါတယ်။
▪️ ဒါကြောင့် ဒါကိုအသုံးပြုပြီး ကင်ဆာကို စောစီးစွာရှာဖွေတွေ့ရှိလာနိုင်ပါတယ်။
ကင်ဆာကုသရာမှာ ဆေးယဉ်ပါးခြင်းက ပြဿနာတစ်ခု ဖြစ်လာပြီး မိုက်ခရိုအာအင်န်အေက ဒီပြဿနာကို ကူညီနိုင်ဖွယ် ရှိနေပါတယ်။
▪️ နည်းပညာများ တိုးတက်လာတာနဲ့အမျှ ကင်ဆာကုသမှုပိုင်းမှာ မိုက်ခရိုအာအင်န်အေ အသုံးချနိုင်စွမ်းလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
#Source: India Today
#World_Science
Published 27 October 2024
▪️ နယူးဇီလန်မှ မကြာသေးမီက ဂြိုဟ်တုပုံရိပ်တစ်ခု ဖမ်းယူရရှိခဲ့ရာမှာ ထူးဆန်းတဲ့တိမ်တစ်ခုဟာ ယခင်မြင်တွေ့ခဲ့ရတဲ့ နေရာမှာပဲ ပေါ်နေပါတယ်။
▪️ 'ပတ်'တိမ်တိုက်လို့ခေါ်ပြီး ယခင်ကလည်း ပေါ်ပေါက်ခဲ့ရာမှာ ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အမည်မသိယာဉ်ပျံ(UFO) ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။
▪️ ရှည်မျောမျောပုံသဏ္ဍာန်ရှိတဲ့ အဆိုပါတိမ်ဟာ ASLC အမျိုးအစားဖြစ်ပြီး နယူးဇီလန် တောင်ပိုင်းကျွန်း အော့တာဂိုဒေသရှိ မစ်ဒယ်မာ့ချ်နဲ့ ဟိုက်ဒ်မြို့တို့ကြား ပေါ်ပေါက်လေ့ ရှိပါတယ်။
▪️ အရွယ်အစားက ပြောင်းလဲနေတတ်ပေမယ့် ပုံသဏ္ဍာန်နဲ့ နေရာတို့ကတော့ နဂိုအတိုင်း ရှိနေကာ ယခုနောက်ဆုံးတိမ်က ၁၁.၅ ကီလိုမီတာ ရှည်လျားပါတယ်။
▪️ လေလှိုင်းတွေက တောင်တန်းလို အတားအဆီးကို ဖြတ်ကျော်တဲ့အခါ ရေငွေ့တွေက ထောင်လိုက်အလွှာများအဖြစ် ဖွဲ့စည်းသွားပြီး ASLC ဖြစ်လာရတယ်လို့ အမျိုးသား မိုးလေဝသဌာနက ဆိုပါတယ်။
▪️ လေလှိုင်းတွေကနေ တိမ်ဖြစ်ပေါ်လာပြီး ကောင်းကင်မှာ တည်မြဲနေကာ လေပြင်းတိုက်ခိုက်ရာကနေ ပုံစံဖြစ်ပေါ်လာတယ်လို့ နယူးဇီလန် မက်ဆားဗစ်မှ မိုးလေဝသပညာရှင် ဂျွန်လောက ပြောပါတယ်။
▪️ အချို့တိမ်တွေဟာ ပန်းကန်ပြားပျံလိုမျိုး ဖြစ်နေတာကြောင့် UFO ကဲ့သို့ မြင်တွေ့ရတတ်ပါတယ်။
▪️ ဒါတွေကြောင့်ပဲ ကမ္ဘာတဝှမ်းမှာ အမည်မသိယာဉ်ပျံများ တွေ့ရှိနေရခြင်းကို ရှင်းလင်းနိုင်မယ်လို့ ယူကေ မက်ရုံးက ပြောပါတယ်။
▪️ ဓာတ်ပုံတွေအရဆိုရင် 'ပတ်'တိမ်က အမြင့်ပေရာနဲ့ချီမြင့်ပြီး တိမ်တွေအထပ်ထပ် ဖြစ်နေတဲ့ပုံပေါ်ပါတယ်။
▪️ ဒီတိမ်တွေဟာ အပေါ်အောက် ရွေ့လျားနေတာကြောင့် လေယာဉ်ပျံတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
▪️ ထိုအချိန်မှာ လေယာဉ်ပြင်းပြင်းထန်ထန် တုန်ခါနိုင်ပြီး အပူချိန်လျော့နည်းတာကြောင့် ရေခဲဖုံးနိုင်ပါတယ်။
#Source: WION
တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားအတွက် လမ်းကြောင်းမှန်အတိုင်းဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရှီနှင့်မိုဒီခေါင်းဆောင်နှစ်ဦးဆွေးနွေး
တရုတ်နဲ့ အိန္ဒိယတို့ဟာ နှစ်ဖက်နိုင်ငံနဲ့ တိုင်းသူပြည်သားများရဲ့ အခြေခံအကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်နဲ့ သမိုင်းကြောင်းလားရာအတိုင်း ဆက်လက်လျှောက်လှမ်းသင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖင်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Politics
Published 26 October 2024
#တရုတ်-အိန္ဒိယ #ရှီနှင့်မိုဒီခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 October 2024
၁။ ရန်ကုန်၊ အရှေ့ဒဂုံရှိ ရေနစ်မြုပ်ခဲ့သည့်နေရာအချို့သို့ ထမင်းထုတ်များဆက်ဝေပေးနေရဆဲဖြစ်ဟုဆို
၂။ ရွှေဈေးနှုန်းတည်ငြိမ်စေရန် ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း
၃။ နိုင်ငံတကာယာဉ်မတော်တမဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်မှ Best Team Leader ဆုရရှိ
၄။ တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် လမ်းကြောင်းမှန်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရှီနှင့်မိုဒီ ခေါင်းဆောင်နှစ်ဦးဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 October 2024
▪️ အစ္စရေးလ်က ယခုလအစောပိုင်း အီရန်တို့ တိုက်ခိုက်တဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ စနေနေ့အစောပိုင်းက အီရန်ရှိ စစ်ရေးနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ပြောလိုက်ပါတယ်။
▪️ ဒါဟာ အင်အားကြီး ပြိုင်ဘက်နိုင်ငံများကြား တင်းမာမှုမြင့်တက်နေချိန်အတွင်း နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။
▪️ အီရန်မြို့တော်နဲ့ အနီးနား စစ်အခြေစိုက်စခန်းတွေမှာ နာရီများစွာတိုင်အောင် ပေါက်ကွဲမှုအများအပြား ဖြစ်ပေါ်ခဲ့ပေမယ့် ပျက်စီးဆုံးရှုံးမှုအကြောင်း မသိရသေးဘူးလို့ အီရန်မီဒီယာက ဖော်ပြထားပါတယ်။
▪️ အာရုံမတိုင်မီမှာ တိုက်ခိုက်မှု ၃ ကြိမ်ပြီးမြောက်ခဲ့ပြီး စစ်ဆင်ရေးပြီးဆုံးပြီလို့ အစ္စရေးလ်ရုပ်သံက ကြေညာပါတယ်။
▪️ အောက်တိုဘာ ၁ ရက်နေ့တုန်းက အီရန်ဟာ အစ္စရေးလ်ဘက်ကို ဒုံးကျည် ၂၀၀ ခန့်ပစ်ခတ်ခဲ့ရာ အနောက်ဘက်ကမ်းရိုးတန်းမှာ လူတစ်ဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ ပဋိပက္ခတွေကြား အီရန်နဲ့ အမေရိကန် ပါဝင်လာမှာကို စိုးရိမ်နေရပါတယ်။
▪️ အီရန်ဘက်ကနေ ဒုံးကျည်များ တိုက်ခိုက်လာသဖြင့် အစ္စရေးလ်အနေနဲ့ ပြန်လည်တုန့်ပြန် တိုက်ခိုက်ခွင့်ရှိတယ်လို့ စစ်တပ်က ပြောပါတယ်။
▪️ ယခုပစ်မှတ်တွေထဲမှာ စွမ်းအင်နဲ့ နျူကလီးယားနေရာများ မပါဝင်ဘူးလို့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။
▪️ အီရန်မီဒီယာမှ ဖော်ပြတဲ့ ဗီဒီယိုတွေထဲမှာ လေကြောင်းကာကွယ်ရေးတွေက ဝင်လာတဲ့ ဒုံးကျည်တွေကို အဆက်မပြတ် ပစ်ခတ်နေပြီး ဘယ်နေရာတွေ တိုက်ခိုက်ခံရလဲဆိုတာတော့ မပြောထားပါဘူး။
▪️ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ၊ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်နဲ့ အခြားလုံခြုံရေးအရာရှိများက စစ်ကွပ်ကဲရေးဌာနကနေ စစ်ဆင်ရေးကို အနီးကပ်ကြည့်ရှုခဲ့ကြပါတယ်။
#Source: Reuters
Page 18 of 820