#Local_News
Published 16 October 2023
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်အချို့ရေကြီးနစ်မြုပ်မှု ဒဏ်ခံနေရကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၁၀ရက် ညပိုင်းကတည်းက မြို့နယ်အတွင်းသို့ ရေများဝင်ရောက်လာပြီး လက်ရှိအချိန်ထိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများရှိနေသေးကြောင်း သိရသည်။
''ရေက အခုထိ အချို့နေရာတွေမှာ ဒူးလောက်၊ အချို့နေရာတွေက ပေါင်လောက်ရှိတယ်၊ အခုရေနစ်မြုပ်တဲ့နေရာတွေ အများစုက လက်လုပ်လက်စားတွေများတော့ စားဝတ်နေရေး အခက်ခဲတွေဖြစ်တာပေါ့ အခုရရေ ဘေးဒဏ်ကလဲ နေရာ အတော်များများဖြစ်နေတော့ သူတို့ဆီ အကူအညီလာပေးတာ နည်းနေတာပေါ့''ဟု နေသူရိန် လူမူကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် အချို့မိသားစုများ မှာ နေအိမ်များတွင် နေထိုင်မရတော့ဘဲ နီးစပ်ရာနေရာများတွင် ပြောင်းရွေ့နေရကာ အချို့မှာလဲနေအိမ်ထဲရေများ ဝင်ရောက်နေပေမယ့် အဆင်ပြေသလို နေထိုင်နေရကြောင်း သိရသည်။
ငမိုးရိပ် ရေလှောင်တမံ၏ ယနေ့ ရေအမှတ် တိုင်းတာချက်အရ တမံ ရေအမှတ် မှာ ၁၁၀.၉၀ ပေရှိပြီး ရေပိုလွဲမှ ရေ ၃.၉၀ပေ ကျော်နေကြောင်း ရေလှောင်တမံ၏ ထုတ်ပြန်ချက်အရ သိရသည်။
#Local_News #ငမိုးရိပ်ရေလှောင်တမံ #အချို့ရေကြီးနစ်မြုပ်နေ
#YMG/LW #Yangon_Times
#Local_News
Published-16 October 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ (၃)ရက်မှ (၁၆)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၈၀၀) ကျော် ခေါ်ယူရန် ဖော်ပြထားသည်။
အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက် အထားများ စိစစ်ပြီး ယင်း စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက် မှ အောက်တိုဘာလ (၂) ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။
#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား(၈၀၀)
#Yangon_Times/PP
#Local_News
Published_ 16 October 2023
စတုတ္ထအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု(ဒုတိယနေ့)အဖြစ် မင်္ဂလာဒုံ၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင်တူဖြစ်သူအသည်းအလှူရှင်ကိုနိုင်လင်း၏ အသည်းကိုယူပြီး အဒေါ်ဖြစ်သူ ဒေါ်ညိုညိုထွေးအား အသည်းအစားထိုးခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ယင်းအသည်းအစားထိုးကုသမှုကို အောက်တိုဘာလ(၁၅)ရက်တွင် ဆောင်ရွက်ခဲ့ပြီး အသည်းအလှူရှင်နှင့် လူနာတို့သည် ခွဲစိတ်ကုသပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းနှင့် အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု၊ ကျွမ်းကျင်သူများ ကဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နှင့်(၂၈) ရက်တို့တွင် ပထမအကြိမ်အသည်းအစားထိုးလူနာ(၂)ဦးအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀)၊(၃၁) ရက်နှင့် ဖေဖော်ဝါရီလ(၁)ရက်တို့တွင် ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလူနာ ၃ ဦး ၊ တတိယ အကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင်လ (၁၈)ရက်တွင်အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #အသည်းအစားထိုးခွဲစိတ်ကုသ #tthl #Yangon_Times
#Local_News
Published-16 Oct 2023
နှစ်စဉ်ရေနစ်မြုပ်သည့် ရေနက်ကွင်းစပါးစိုက်ခင်းများအား ရေနစ်မှုဒဏ်ခံနိုင်သည့်စပါးမျိုးနှင့် မျိုးသန့်များပြောင်းလဲရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပဲခူးမြို့၌ မိုးရွာသွန်းမှုများပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးစိုက်ခင်းများနှင့် နေအိမ်များနှစ်စဉ်နှစ်တိုင်းလိုလိုရေနစ်မြုပ် ထိခိုက်ပျက်စီးခဲ့ပြီးယခုနှစ်ပဲခူးဒေသရေကြီးရေလျှံမှုအတွင်း ပဲခူးမြို့နယ်အပါအဝင်စုစုပေါင်းမြို့နယ်ရှစ်ခုမှ စပါးစိုက်ဧကတစ်သိန်းဝန်းကျင်ရေနစ်မြုပ်ပျက်စီးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဉီးရဲမင်းအောင်ကယခုကဲ့သို့အကြံပြုခြင်းဖြစ်သည်။
"ရေကြီးတဲ့နေရာဆို ဘယ်လိုစပါးမျိုးကို စိုက်မလဲ ၊ ဘယ်လိုပုံစံလုပ်မှာလဲ။ စပါးရောစိုက်သင့်လား ၊ မစိုက်သင့်ဘူးလားစဉ်းစားရမယ့် အပိုင်းရှိတယ်။ မွေးမြူရေးလုပ်မလားစသဖြင့်စဉ်းစားရမယ့်အပိုင်းရှိတယ်။ ဒါတွေက MRF အနေနဲ့ဝိုင်းပြီးကူပြီးစဉ်းစားပေးလို့ရတယ်။ တချို့နေရာတွေဆို ဝင်ကူပေးလို့ရနိုင်တာရှိကောင်းရှိနိုင်တယ်။ ဘယ်ကျေးရွာ၊ ဘယ်ကွင်းမှာ ဖြစ်နေပါတယ်ဆိုတာတော့သိဖို့လိုတယ်။ စိုက်ပျိုးရေးလုပ်ငန်းရော၊ မွေးမြူရေးလုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေများပါတယ် " ဟု၄င်းကဆက်ပြောသည်။
လတ်တလောတွင် ပဲခူးရေကြီးမှုကြောင့် စပါးစိုက်ဧကတစ်သိန်းကျော် ထိခိုက်ခဲ့ရပြီး ဆန်စပါးအပါအဝင် ကဏ္ဍအသီးသီးမထိခိုက်ပျက်စီးဆုံးရှုံးမှု ပမဏာအတိုင်းအတာကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှကွင်းဆင်းတိုင်းထွာပြီးအချက်အလက်များအား ဆက်လက်စုဆောင်းကောက်ခံရယူနေဆဲ ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်း၌မိုးရွာသွန်းမှုများပြားပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးနှင့်အခြားသီးနှံ စိုက်ခင်းများအပါအဝင်နေအိမ်များ နှစ်စဉ်နီးပါးရေနစ်မြုပ်ထိခိုက်ပျက်စီးခြင်းများရှိသော်လည်း ယခုနှစ်၌ရေကြီးရေလျှံမှုမှာ နှစ်ပေါင်း၆၀ကျော်အတွင်း ထိခိုက်မှုအများဆုံးရေကြီးမှုဖြစ်ကြောင်းသိရသည်။
#Local_News #ရေနက်ကွင်းစပါးစိုက်ခင်းများ #စပါးမျိုးနှင့်မျိုးသန့်များ #YMG/NN
#Local_News
Published -16 October 2023
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက် ခံလျက်ရှိကာ နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှု များကို လက်မခံကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ လာရောက်တွေ့ဆုံသည့် တရုတ်နိုင်ငံခြားရေး ဝန် ကြီးဌာန၊အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun က ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က NCA လမ်းကြောင်းပေါ်မှ ခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက် သကဲ့သို့ တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိ သည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများနှင့် နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှု များကို လက်ခံမှုမ ရှိ သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွား မည့် အခြေအနေများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လက်သင့်ခံမှုမရှိသည့် အခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊ တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များ ဖြင့်သာဆောင်ရွက်ခဲ့ကြမှု အခြေအနေများနှင့် ခိုင်မာလေးနက် တရားဝင်မှုရှိ သည့် NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန်တိုက်တွန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုအပေါ် ခိုင်မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလောင်း ကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ယင်းအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် #နိုင်ငံပြိုကွဲစေမည့်လုပ်ဆောင်မှုများ #Yangon_Times/PP
#Local_News
Published -16 October 2023
ငြိမ်းချမ်းရေးကို မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဖော်ဆောင်ရမည်ဟု ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. Sihasak Phuangketkeow က ယနေ့ နေပြည်တော်၌ ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောသည်။
“ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆာင်သွားရမှာ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့(၈)နှစ်ခန့်ကတည်းကပင် အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တသမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။မည့်သည်နိုင်ငံတွင်မဆို ငြိမ်းချမ်းရေးကို ဦး တည်တဲ့လမ်းကြောင်းမှာ ယင်းနိုင်ငံရဲ့ ပြည်သူများကိုယ်တိုင်က ဖန်တီးဆုံးဖြတ်ရမယ်လို့ ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်”ဟု၎င်းက ပြောသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့မှာ နီးကပ်စွာ ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း၊နယ်နိမိတ်ချင်းထိဆက်နေသော အိမ်နီးချင်းနိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့ရှိသော စစ်မှန်သည့် မိတ်ဖက်အဖြစ် ဖော်ဆော် သွားရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်တွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အကျိုးစီးပွားနှင့် အာဆီယံအပါအဝင် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားလည်း ဖြစ်ကြောင်း ၊ယင်းအပြင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအနေဖြင့် ယခုလမ်းကြောင်းအတိုင်း ပြီးမြောက် အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန်လည်း ယင်းကတိုက်တွန်းခဲ့သေးသည်။
#Local_News #မြန်မာ့ကိုယ်ပိုင်နည်းလမ်း #ထိုင်းနိုင်ငံခြားရေးဒုဝန်ကြီး #Yangon_Times/PP
#Local_News
Published -16 October 2023
နှစ်တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း(၇)ဖွဲ့၏ကိုယ်စား ယင်းက ပြောခြင်း ဖြစ်သည်။
“အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာမှာ နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက်အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။
သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများအနေဖြင့် NCA ၏ အနှစ်သာရများဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသော မူများကိုကိုင်စွဲကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့ကြောင်းနှင့် ကြိုးပမ်းနေဆဲလည်း ဖြစ်ကြောင်း ယင်းက အသိပေးတင်ပြခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့်သာကမ ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်သည့်အပြင် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်းမလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ စစ်ရေးပဋိပက္ခ နှင့် နောက်ဆက်တွဲအကျိုးအဆက်များကို ရင်ဆိုင်ကြုံတွေ့နေရသော ကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီးဆိုးဝါးသထက် မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့် အချိန် ရောက်ပြီဟုလည်း တိုက်တွန်းခဲ့သည်။
ယင်းအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမည့်အချိန် ကျရောက်နေပြီဖြစ်၍ သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးကလည်း လိုအပ်နေကြောင်း၊ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမည်ဆိုပါက လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်းလည်း ဆိုသည်။
နိုင်ငံရေးပြဿနာ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပြင်ရန် လိုအပ်သကဲ့သို့ အားလုံးလက်ခံနိုင်သည့် ဥပဒေ ဖြစ်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့သည်။
#Local_News #NCA #ဗိုလ်ချုပ်ကြီးယွက်ဆစ် #Yangon_Times/PP
Page 716 of 1918