#Local_News
Published 3 December 2024

▪️ နိုင်ငံပေါင်း ၇၀ ပါဝင်ပြသမည့် အာရှ၏အကြီးဆုံးစားသောက်ကုန်နှင့် အဖျော် ယမကာပြပွဲတွင် မြန်မာထုတ်ကုန်များပါဝင်ပြသနိုင်ရန် အာဆီယံ-ဂျပန်စင်တာမှ ဖိတ်ကြားလာကြောင်း သိရသည်။

▪️ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Tokyo Big Sight ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ Foodex Japan 2025 ကုန်စည်ပြပွဲအား ကျင်းပမည်ဖြစ်ပြီး
  Foodex Japan  ကုန်စည်ပြပွဲသည် အာရှတွင် အကြီးဆုံးစားသောက်ကုန်နှင့် အဖျော် ယမကာပြပွဲဖြစ်ကြောင်း၊ နှစ်စဉ်နိုင်ငံပေါင်း ၇၀ နီးပါးမှ ပြခန်းပေါင်း ၄၀၀၀ နီးပါး ပါဝင်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူ ၈၀၀၀၀ နီးပါးရှိသည့် ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

▪️ ပြပွဲတွင် ပဲအမျိုးမျိုးအပါအဝင် လယ်ယာထွက်ကုန်များ (Agricultural Food)၊ အဖျော် ယမကာများ (Drinks, Alcohol and Wine)၊ အစားအသောက်နှင့် ကုန်ကြမ်းပစ္စည်းများ (Food and Ingredients)၊ အော်ဂဲနစ်ထုတ်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြု စားသောက်ကုန်များ (Organic and Wellness)၊ အေးခဲအသားနှင့် ဟင်းသီးဟင်းရွက်များ၊ ရေထွက်ကုန်များ၊ အချိုပွဲနှင့်မုန့်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စည်သွတ်ဘူးများ၊ ဆန်နှင့်ခေါက်ဆွဲများ၊ နို့ထွက်ပစ္စည်းများ၊ စားသောက်ကုန်ခြောက်များ (Dried Foods) ကို ပြသရောင်းချနိုင်မည်ဖြစ်ကြောင်း၊

▪️ ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံနှင့် နိုင်ငံတကာမှ စားသောက်ကုန်နှင့်အဖျော်ယမကာ ထုတ် လုပ်သူများ၊ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများနှင့် နှစ်စဉ် လာရောက်ပြသလေ့ရှိပြီး ဂျပန်ဈေးကွက်ကို စိုးမိုးထားသည့် ထိပ်တန်းကုမ္ပဏီကြီးများမှလည်း နှစ်စဉ်ပါဝင်ပြသလေ့ ရှိသဖြင့် အဆိုပါကုမ္ပဏီများနှင့် တွေ့ဆုံချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင် မည်ဖြစ်ကြောင်း၊ထို့ပြင်ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံမှ ဝယ်လက်များနှင့် တိုက်ရိုက်တွေ့ဆုံချိတ်ဆက်နိုင်မည့် Business Matching အစီအစဉ်များလည်း ထည့်သွင်းဆောင်ရွက်ပေးထားသည့်အတွက် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံမှဝယ်လက်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ Foodex Japan 2025 တွင် ပါဝင်ပြသမည့် ၁၈ စတုရန်းမီတာ x ၉ စတုရန်း မီတာအကျယ်ရှိ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) ၏ ပြခန်းငှားရမ်းမှု ကုန်ကျစရိတ်နှင့် ပြခန်းပြင်ဆင်စရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များ အနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်သည့် ခရီးသွားလာစရိတ်၊ ကုန်စည်များ သယ်ယူစရိတ်နှင့် အခြားသော စရိတ်စကများကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊

▪️ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ခြင်းဖြင့် မြန်မာ့ထွက်ကုန် များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ဈေးကွက်ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက် ချိတ်ဆက်မှုများ ပိုမိုရရှိနိုင်ရေး၊ နိုင်ငံတကာသို့ မြန်မာ့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲအတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင် များ၏ နည်းပညာနှင့် ထုတ်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာအတုယူ ၍ တန်ဖိုးမြှင့်ဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊Foodex Japan 2025 ကုန်စည်ပြပွဲ၏ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) တွင် မြန်မာလုပ်ငန်းရှင်များမှ မြန်မာ့လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ စားသောက်ကုန်များ၊ ကုန်ကြမ်းနှင့် အဖျော်ယမကာများ ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#YMG/SW#Yangon_Times