#Local_News
Published -16 October 2023
ငြိမ်းချမ်းရေးတွက် ဆန္ဒကိုရှေ့တန်းမတင်ဘဲ ညှိနှိုင်းအဖြေရှာကြ ရန် တိုင်းရင်းသားခေါင်းဆောင် စောမူတူး စေးဖိုး က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်”ဟု ယင်းကဆိုသည်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရရှိရေး(၂) နှစ်ခန့် အချိန်ယူ ဆွေးနွေးခဲ့ကြရကြောင်း၊နှစ်ဖက်ညှိနှိုင်းဆွေးနွေးဘက်အကြား ရဲရင့်တက်ကြွသောအားမာန်ဖြင့်တွေ့ဆုံ ဆွေး နွေးခြင်းအားဖြင့် အဖြေရှာလိုသည့် အာသီသကိုအခြေခံကြသောကြောင့် NCA ဆိုသည့် သမိုင်းစာမျက်နှာ သစ်တစ်ခု ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ကြောင်း ယင်းကပြောသည်။
“ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့သန္နိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဘက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွတ်မှုနဲ့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။
လက်ရှိ ကာလမှာလည်း ဒီလိုစိတ်ဓါတ်ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု စောမူတူး စေးဖိုးက ပြောသည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သော တိုင်းပြည်ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေး အတွက် ရှေးရှုရန်လိုနေကြောင်း၊ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရသော လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" အမွေအနှစ် ကို ချန်ရစ်ထားနိုင်ရန်၊တရားမျှတမှု နှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့် လင်း မြင်သာမှုရှိမည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြရန် နှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော် လွှား၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြရန်လည်း ယင်းက ပြောကြားခဲ့သည်။
#Local_News #တိုင်းရင်းသားခေါင်းဆောင် #စောမူတူးစေးဖိုး
#Yangon_Times/PP
#Local_News
Published-15 Oct2023
မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ဘုရားကြီးအားလာမည့်နှစ်များတွင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား၏ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မန်းရွှေစက်တော်၌ မိုခါမုန်တိုင်းအလွန်နှင့် မိုးများမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအားမန်းရွှေစက်တော်ဘုရားပွဲ တော်အမီပြင်ဆင်ဆောင်ရွက်နေလျှက်ရှိကြောင်းသိရသည်။
"လာမယ့်နှစ်တွေမှာလည်း သဘာဝဘေးအန္တရာယ်ကနေကာကွယ်နိုင်ဖို့ ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုကပွဲတော်အမီ မိုခါမုန်တိုင်းနဲ့ဒီမိုးကာလမှာ မိုးများတာတွေကြောင့် ထိခိုက်တာလေးတွေလဲလုပ်ဆောင်နေပါတယ်။ ဒီအချိန်ကပွဲတော်အချိန်မဟုတ်ပေမယ့် စိမ်းစိုလှပနေတာကြောင့် ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် "ဟု၄င်းကဆက် ပြောသည်။
ပြီးခဲ့သည့်မိုးဦးကာလအတွင်းက ဖြစ်ပွားခဲ့သည့်မိုခါမုန်တိုင်းနှင့် မိုးတွင်းကာမိုးများခဲ့သည့်အတွက် ရေတိုက်စားခဲ့ခြင်းများရှိခဲ့ရာ မန်းချောင်းတစ်လျှောက်ပြင်ဆင် ဆောင်ရွက်ခြင်းများနှင့် မန်းရွှေစက်တော်ဘုရားဝန်းသုံးမိုင်လမ်း၌ ဘုရားဖူးကားများသွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင်အောက်စက်တော်ရာတိုင်လုံးကြီးများနှင့်ဘုံခုနှစ်ဆင့်ကိုမြန်မာမှုမပျက်ရှေးမူလက်ရာများအတိုင်းပြင်ဆင်ခြင်းများကိုလည်းပြုပြင်ဆောင်ရွက်နေကြောင်းသိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်အားနှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်ကာလ၌ တစ်ရက်လျှင် ဘုရားဖူးဦးရေတစ်သောင်းခန့်လာရောက်လေ့ရှိကြောင်း သိရသည်။
#Local_News #မန်းရွှေစက်တော်ဘုရားကြီး #သဘာဝဘေးအန္တရာယ်မှကာကွယ် #YMG/NN
#Local_News
Published 15 October 2023
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုးရွာသဖြင့် ခရီးသည်တင်ယာဉ် Express တစ်စီး လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၅ရက် မနက် ၈နာရီ ၂၀မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ မိုင်တိုင် ၃၅၂/၁နဲ့ ၃၅၂/၂ကြားမှာ ရန်ကုန်ကနေ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် Express ယာဉ်သည် မိုးရွာတာကြောင့် လမ်းချော်ပြီး လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
Express ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
#Local_News #ရန်ကုန်-မန္တလေး #လမ်းချော်ကာ တိမ်းမှောက် #YMG/NN
#Local_News
Published - 15 Oct 2023
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေပြီး ဆက်လက်မြင့်တတ်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကသတိပေးထုတ်ပြန်သည်။
အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည်တောင်ငူမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီးလာမည့် ၂၄နာရီအတွင်း စိုးရိမ်ရေအမှတ်ထက် ၂လက်မ ခန့်ပိုမြင့်လာမည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် တောင်ငူမြို့နယ် အတွင်းရှိမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် အတွက် အကြံပြုထားသည်။
ပြီးခဲ့သည့် တပတ်က စံချိန်တင်မြင့်တတ်ခဲ့သည့် ပဲခူးမြစ်ရေသည် ယနေ့နံနက်တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ၉၀ စင်တီမီတာလျော့ကျလာကြောင်း သိရသည်။
#Local_News #စိုးရိမ်ရေမှတ်ကိုရောက်ရှိ #မိုးဇလသတိပေး #YMG/NN
#Local_News
Published-15 Oct 2023
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း၌ပြီးခဲ့သည့် ရက်ပိုင်းကရေကျော်ပျက်စီးခဲ့သည့် ရန်ကုန်_မော်လမြိုင်ရထားခရီးစဉ်များအား ယနေ့မှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
အဆိုပါပြန်လည်ပြေးဆွဲသွားမည့်ရထားမှာ ရန်ကုန်မှမော်လမြိုင်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၆း၃၀ အချိန်အမှတ် ၁ စင်္ကြန်မှ ထွက်ခွာခဲ့ပြီး အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာလည်းမော်လမြိုင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန် - မော်လမြိုင်အမှတ် ၈၁ အဆန် လေအိတ်အမြန်ရထားရန်ကုန် မှ မော်လမြိုင် ကိုဒီမနက်စထွက်ပါတယ်။ မော်လမြိုင်ကလည်းဒီနေ့ပဲထွက်မှာပါ"ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင်လည်း ရေကျော်ခဲ့သဖြင့် ရထားလမ်းပိုင်းနေရာအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရထားလမ်းပိုင်းပျက်စီးမှုကြောင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား ပြေးဆွဲမှုယာယီရပ်နားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပျက်စီးမှုများအားရေပြန်လည်ကျဆင်းသွားချိန်တွင် မြန်မာ့မီးရထားမှဝန်ထမ်းများကပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြရာ ပြီးစီးသွားပြီဖြစ်၍ ယာယီရပ်နားထားခဲ့သည့် ရန်ကုန်_မော်လမြိုင် ရထားခရီးစဉ်များကို အောက်တိုဘာ ၁၅ ရက်မှစတင်၍ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲရာ၌လိုက်ပါစီးနင်းမည့်သူများအနေဖြင့် အောက်တိုဘာ ၁၅ ရက်အတွက် ရိုးရိုးတန်း/အထက်တန်းလက်မှတ်များကို ရန်ကုန်နှင့်မော်လမြိုင်ဘူတာကြီး၏ ရက်ကြိုလက်မှတ်ရုံတွင် အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီမှစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်_မော်လမြိုင် #ရထားခရီးစဉ်များပြန်လည်ပြေးဆွဲ #YMG/NN
#Local_News
Published - 15 Oct 2023
တရုတ်ဝယ်လိုအားမရှိချိန် ပြည်တွင်းဈေးကွက်အားထားနေသောကြောင့် ဖရဲဈေးနှုန်းများကျဆင်းနေကြောင်း ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
လတ်တလောတွင် ဖရဲစိုက်ပျိုးရာဒေသများမှ ရန်ကုန်အပါအဝင်မြို့ကြီးအချို့သို့တင်ပို့နေပြီးရန်ကုန်ဈေးကွက်သို့မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်စသည့်ဒေသများမှ ဖရဲကားများဝင်ရောက်မှုရှိနေကြောင်း သိရသည်။
"တရုတ်ဘက်ကထွက်နေတဲ့အချိန်လည်း ဖြစ်တယ်။ နောက်တခါ ဒီနှစ်စိုက်တာလည်းများတော့ ရောင်းလိုအားကများနေတယ်။ အဝင်များပြီးအဝယ်ကျတော့ ဈေးတွေပါကျကုန်တာပေါ့"ဟု မိတ္တီလာမှ ဖရဲစိုက်ပျိုးသူ ဦးဇော်မင်းကပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ဖရဲကားစီးရေ ၃၀ ခန့်ဝင်ရောက်နေသော်လည်းဝယ်လိုအားမှာမူ သုံးစီးခန့်သာရောင်းချနိုင်သောကြောင့် ကျပ် ၄၅ သိန်းပေါက်ဈေးရရှိသည့် ဖရဲ ၁၂ ဘီးကား တစ်စီးလျှင်ကျပ်သိန်း ၂၀ကျော်အထိသာ ဈေးနှုန်းရရှိနေကြောင်း သိရသည်။
ပြည်တွင်း၌ ဆောင်းဖရဲကိုအောက်တိုဘာလအတွင်း၌ စတင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ဒီဇင်ဘာလမှ မေလအထိတင်ပို့လေ့ရှိပြီး လတ်တလောတွင် တရုတ်နိုင်ငံ၌ ဖရဲထွက်ရှိချိန်ဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ပြည်တွင်းဈေးကွက် #ဖရဲဈေးနှုန်းများကျဆင်းနေ #YMG/NN
‘လှည်းကူးမြို့နယ်ထဲက သွားလာရေးခက်ခဲတဲ့ ကျေးရွာ(၃၀)ကျော်ကရေဘေးသင့်ပြည်သူနှစ်သောင်းခန့်ကို နေ့စဉ်မနက်၊ ညပုံမှန်စားသောက်နိုင်ရန်ရှင်သန်ရေးကူညီမှုအသင်း၊ ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ အလှူရှင်တွေက ဆောင်ရွက်ပေးလျက်ရှိတယ်’ ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)မှဦးထွန်းထွန်းဦး
Published_ 15 October 2023
#Local_News
#လှည်းကူးမြို့နယ် #ရေဘေးသင့်ပြည်သူများ
#tthl #Yangon_Times
Page 717 of 1918