#Local_News
Published 23 September 2024
▪️ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စက်တင်ဘာ ၂၂ရက် တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျသိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ၌ဒုတိယဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ပြောကြားရာတွငိ APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 September 2024
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ၂ နှစ်ခွဲကြာမြင့်လာပြီ ဖြစ်တဲ့ ရုရှားနဲ့စစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်းအစီအစဉ်ကို တင်ပြရန် အမေရိကန်သို့ တနင်္ဂနွေနေ့က အရေးတကြီး ရောက်ရှိလာပါတယ်။
▪️ ဇယ်လန်စကီက သမ္မတ ဂျိုးဘိုင်ဒင်အပြင် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ကာမယ်လာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်တို့ထံမှာပါ တင်ပြသွားမှာ ဖြစ်ပါတယ်။
▪️ ယူကရိန်းဟာ ရုရှားနိုင်ငံထဲသို့ တာဝေးပစ်လက်နက်များ ပစ်ခတ်ခွင့်ပြုဖို့ အနောက်တိုင်းကို ဖိအားပေးနေတာ သီတင်းပတ်အနည်းငယ် ကြာလာပြီဖြစ်ပေမယ့် အခြေအနေ မထူးခြားသေးပါဘူး။
▪️ ကြာသပတေးနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ ဘိုင်ဒင်ကို စိတ်ပြောင်းသွားအောင် ပြောနိုင်ဖို့ ဇယ်လန်စကီ မျှော်လင့်နေပါတယ်။
▪️ တနင်္ဂနွေနေ့က ပန်ဆယ်ဗေးနီးယားရှိ ၁၅၅ မီလီမီတာ အမြောက်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုသို့ စတင်သွားရောက်ကာ စက်ရုံမှ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း X ဆိုရှယ်မီဒီယာမှာ ဖော်ပြသွားပါတယ်။
▪️ ထိုအမြောက်ကျည်တွေကို ယူကရိန်းအလွန်လိုအပ်နေတာဖြစ်ပြီး စက်ရုံဝန်ထမ်းများနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ပုံတွေ တင်ထားကာ မြှင့်တင်ထုတ်လုပ်ပေးဖို့ ပြောခဲ့ပါတယ်။
▪️ ဒီနောက် နယူးယော့ခ်နဲ့ ဝါရှင်တန်သို့ ဆက်သွားမှာ ဖြစ်ပါတယ်။
▪️ လူပေါင်းများစွာ သေကြေပျက်စီးရတဲ့ စစ်ပွဲကြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ လာမယ့်သီတင်းပတ်များအတွင်း အဆုံးအဖြတ် ပေးသွားမယ်လို့ ဇယ်လန်စကီက ပြောပါတယ်။
▪️ အမေရိကန်နဲ့ ယူကေတို့ဟာ တင်းမာမှုမြင့်တက်လာမှာ စိုးတဲ့အတွက် ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့် မပေးဘူးလို့ မလာခင်က ဖော်ပြခဲ့ပါတယ်။
▪️ သမ္မတဘိုင်ဒင်နဲ့ ပြောဆိုဆက်ဆံဖူးတဲ့အထဲမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဆုံးဖြတ်ချက်အချို့ ချခဲ့ကြဖူးကာ အခုလည်း စိတ်ပြောင်းသွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ စစ်ပွဲအစီအစဉ် အပြည့်အစုံကို ဘိုင်ဒင်ထံ ပထမဆုံး တင်ပြမှာဖြစ်ကာ ဒီနောက် အခြားခေါင်းဆောင်တွေကိုလည်း ချပြသွားမယ်လို့ ဇယ်လန်စကီက ပြောပါတယ်။
▪️ အမေရိကန်လွှတ်တော်၊ ဟားရစ်၊ ထရမ့်တို့ထံလည်း တင်ပြသွားရန် စီစဉ်ထားပါတယ်။
▪️ ဟားရစ်ကတော့ ယူကရိန်းအရေးမှာ ဘိုင်ဒင်ရဲ့ မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောထားပေမယ့် ထရမ့်ကတော့ ယူကရိန်းကို အကြီးအကျယ် ထောက်ပံ့နေခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
▪️ စစ်ပွဲစတင်တိုက်ခိုက်တဲ့ ရုရှားကိုလည်း နိုဝင်ဘာမှာပြုလုပ်မယ့် ဒုတိယအကြိမ် နိုင်ငံတကာငြိမ်းချမ်းရေး အစည်းအဝေးသို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း ဇယ်လန်စကီက ပြောပါတယ်။
#Source: France24
#World_Health
Published 23 September 2024
▪️ XEC လို့ခေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်တစ်မျိုးဟာ ဥရောပမှာ လျင်မြန်စွာ ပျံ့နှံ့နေပါတယ်။
▪️ ဒီမျိုးဗီဇကွဲကို ဇွန်လက ဂျာမနီမှာ စတင်တွေ့ရှိခဲ့ပြီး ၁၃ နိုင်ငံကျော်ကို ပျံ့နှံ့ထားပါတယ်။
▪️ ဒီမျိုးဗီဇကွဲက အိုမီခရွန်မျိုးကွဲများဖြစ်တဲ့ KS.1.1 နဲ့ KP.3.3 တို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
▪️ KS.1.1 က FLiRT မျိုးဗီဇကွဲတစ်မျိုးဖြစ်ပြီး ကမ္ဘာအနှံ့မှာ အဖြစ်များနေကာ KP.3.3 ကတော့ FLuQE မျိုးဗီဇကွဲဖြစ်ပြီး အမိုင်နိုအက်ဆစ် ဂလူတမင်းက ဂလူတမစ်အက်ဆစ်အဖြစ် ပြောင်းလဲသွားကာ လူသားဆဲလ်တွေမှာ ပိုမိုချိတ်တွယ်လာနိုင်ပါတယ်။
▪️ XEC က ဆင့်ကဲပြောင်းလဲမှုအသစ်တွေ ဖြစ်ပေါ်တာကြောင့် ကာကွယ်ဆေးများ၊ အားမြှင့်ကာကွယ်ဆေးများ ထိုးထားဖို့ အရေးကြီးတယ်လို့ ပညာရှင်များဆိုပါတယ်။
▪️ ဗြိတိန်ပြည်ထောင်စု နိုင်ငံတော်ကျန်းမာရေးဌာနက ကိုဗစ်ရောဂါ အပြင်းအထန်ခံရနိုင်တဲ့သူတွေအတွက် အခမဲ့ အားမြှင့်ကာကွယ်ဆေးများ ထိုးနှံပေးနေပါတယ်။
▪️ XEC ကူးစက်မှုများနေတဲ့ နိုင်ငံတွေထဲမှာ ဒိန်းမတ်နဲ့ ဂျာမနီ(၁၇ ရာခိုင်နှုန်း)၊ ဗြိတိန်ပြည်ထောင်စုနဲ့ နယ်သာလန်(၁၃ ရာခိုင်နှုန်း) တို့ ပါဝင်နေပါတယ်။
▪️ ဗိုင်းရပ်စ်တွေ ဆင့်ကဲပြောင်းလဲတာက ဖြစ်နေကြဖြစ်တယ်လို့ ယူကေကျန်းမာရေးအေဂျင်စီက ဆိုပါတယ်။
▪️ ရောဂါလက္ခဏာတွေအနေနဲ့ ယခင်အိုမီခရွန် မျိုးဗီဇကွဲတွေလိုမျိုး ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ် ပျောက်ဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ အများစုက ရောဂါကူးစက်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။
XEC က အိုမီခရွန် မျိုးနွယ်ထဲက ဖြစ်တာကြောင့် ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်ပါတယ်။
#Source: India Today
#World_Health
Published 23 September 2024
▪️ ကင်ဆာဆိုတာက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကျန်းမာရေးပြဿနာတစ်မျိုး ဖြစ်နေပြီး ထိရောက်စွာ ကုသကာကွယ်ဖို့ ကြိုးစားနေကြပါတယ်။
▪️ ဆေးဝါးတွေ၊ ဓာတုနည်းလမ်းတွေနဲ့ ကင်ဆာ ကုသကြသလို သဘာဝဒြပ်ပေါင်းတွေကတော့ အာနိသင်ရှိသလို ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။
▪️ အပင်တွေ မှိုတွေမှာ သဘာဝအတိုင်းပါဝင်တဲ့ ဇီဝသတ္တိကြွ ဒြပ်ပေါင်းတွေက ကင်ဆာကို ဆန့်ကျင်နိုင်တဲ့ အာနိသင်ပါဝင်ကြပါတယ်။
▪️ ဒီလိုဒြပ်ပေါင်းတွေ ပါဝင်တဲ့ သဘာဝပစ္စည်းများကို ဖော်ပြလိုက်ပါတယ်။
(၁) နနွင်းတွင်ပါဝင်သည့် ကာကူမင်ဒြပ်ပေါင်း
▪️ အိန္ဒိယအစားအစာတွေမှာ အသုံးများတဲ့ နနွင်းမှုန့်မှာ ကာကူမင်ဓာတ်ပါဝင်ပြီး ကင်ဆာဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိကာ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပေးပါတယ်။
(၂) လက်ဖက်စိမ်းတွင်ပါဝင်သည့် EGCG
▪️ လက်ဖက်စိမ်းမှာပါတဲ့ အက်ပီဂယ်လိုကတ်ချင်ဂဲလိတ်(EGCG)ဟာ ကင်ဆာဆဲလ် ပွားခြင်းကို တားဆီးပေးကာ အကျိတ်ကြီးထွားခြင်းကို လျှော့ချပေးပြီး အချို့သော ဓာတုဆေးဝါးများရဲ့ အာနိသင်ကို မြှင့်တင်ပေးပါတယ်။
(၃) မှိုများတွင်ပါဝင်သည့် ပိုလီဆက်ခရိုက်နှင့်ဘီတာဂလူကန်များ
▪️ ဆေးဖက်ဝင်မှိုများမှာပါတဲ့ ပိုလီဆက်ခရိုက်တွေနဲ့ ဘီတာဂလူကန်တွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ ကင်ဆာဆဲလ်များကို ချေဖျက်ပေးပါတယ်။
(၄) စပျစ်သီးနှင့်ဘယ်ရီသီးများတွင်တွေ့ရသည့် ရက်စ်ဗရာထရောလ်
▪️ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး နှလုံးကိုလည်း ကာကွယ်ပေးနိုင်ကာ ရင်သား၊ ဆီးကျိတ်၊ အူမကြီး၊ အသည်းတို့အပါအဝင် ကင်ဆာဆဲလ်အမျိုးမျိုး ကြီးထွားခြင်းကို တားဆီးပေးပါတယ်။
(၅) ဂျင်းတွင်ပါဝင်သည့် ဂျင်ဂျရောလ်နှင့် ရှိုကောလ်
▪️ ဒီဒြပ်ပေါင်းတွေက ကင်ဆာဆန့်ကျင်အစွမ်းသတ္တိရှိပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားဆီးပေးပါတယ်။
(၆) ကြက်သွန်ဖြူတွင်ပါဝင်သည့် အယ်လီစင်
▪️ ကြက်သွန်ဖြူကို လှီးလိုက်တဲ့အခါ ထွက်လာတဲ့ အယ်လီဆင်က ကင်ဆာဆဲလ်ပွားခြင်းကို တားဆီးပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာများကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
(၇) ရေသက်ရှိများဖြစ်သည့် ရေညှိနှင့်ဖူကွိုင်ဒန်
▪️ ကင်ဆာ၊ အကျိတ်၊ ရောင်ရမ်းခြင်းတို့ကို ဆန့်ကျင်ပေးကာ ရေညှိစားသုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေနည်းခြင်းတို့ ဆက်စပ်ပုံတွေကို အထောက်အထား တွေ့ရှိထားပါတယ်။
(၈) ရှားစောင်းလတ်ပတ်တွင်ပါသည့် အယ်လိုအင်နှင့် အီမိုဒင်
▪️ ရှားစောင်းလတ်ပတ်က အသားအရေ ချောမွေ့စေတဲ့အပြင် ကင်ဆာဆန့်ကျင်ခြင်း၊ အကျိတ်ကြီးထွားခြင်း၊ ကင်ဆာဆဲလ်မပျံ့နှံ့အောင် တားဆီးပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
(၉) ဂရေဗီယိုလာဓာတ်
▪️ အချဉ်သီးတစ်မျိုးမှာပါတဲ့ ဂရေဗီယိုလာကလည်း ကင်ဆာကို အထူးဆန့်ကျင်နိုင်ပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးနိုင်ပါတယ်။
▪️ ဒီလိုသဘာဝဒြပ်ပေါင်းတွေက ကင်ဆာကုသနည်းတွေနေရာမှာ အစားမထိုးနိုင်ပေမယ့် ကျန်းမာရေးကို ထောက်ပံ့ကူညီနိုင်ပါတယ်။
Source: DoctorNDTV
၂၂ စက်တင်ဘာ ၂၀၂၄
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အကူအညီပေးရေးစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ U-Energy Thaketa Power Company (UREC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလျိုယုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသံမှူးကြီး Cao Jing၊ ယူနန်ပြည်နယ် သဘာဝစွမ်းအင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chen Jie၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကုန်သွယ်မှုဌာန သံမှူး မစ္စတာ Ou Yang Dao Bing၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အပါအဝင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ U -Energy Group Company ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" မှ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်လှုဒါန်းမှုပရောဂျက်ကို မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး Yunnan Energy Investment သာကေတ ဓာတ်အားပေးစက်ရုံမှ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
သာကေတမြို့နယ် လမ်းများပေါ်တွင် ဆိုလာလမ်းမီး အစုံ (၄၀) တပ်ဆင်ပေးကာ ပရောဂျက်တန်ဖိုးမှာ ယွမ် (၃၈၀၀၀၀) ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ပရောဂျက် စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မေလတွင် ပြည်တွင်း၊ ပြည်ပ တင်ဒါခေါ်ဝယ်ယူရေးလုပ်ငန်းပြီးစီးခဲ့ပြီး အလုံးစုံတပ်ဆင်လက်ခံခြင်းလုပ်ငန်းကို သြဂုတ်လကုန်ပိုင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဘေးပတ်ဝန်း ကျင်နိုင်ငံများတွင် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးဆောင်စီမံကိန်းတစ်ခုဖြစ်ကြောင်း နှင့် ၂၀၂၂ခုနှစ် တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း (၉)ကျောင်းတွင် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး သုဝဏ္ဏမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်ကိုလည်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်သည်။
၂၀၂၃ ခုနှစ်ကလည်း "မိုခါ" မုန်တိုင်းတိုက်ခတ်စဥ် ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည် တည်ဆောက် ရေးပစ္စည်းများ လှုဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် သာကေတမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပရောဂျက် (၄)ခုရှိပြီး လှုဒါန်းမှုပမာဏ ယွမ် (၁ ဒသမ ၀၈သန်း) ရှိပြီဖြစ်သည်။
@ymg/ee
၂၂ စက်တင်ဘာ ၂၀၂၄
ထိုင်းအစိုးရက နှစ်ပတ်လည် တပ်ရာထူးများအပြောင်းအရွှေ့ကြီးတစ်ခုကို မကြာခင်ကြေညာဖွယ်ရှိပြီး ထိုပြန်လည်ဖွဲ့စည်းမှုတွင် လာမည့်လ၌ အငြိမ်းစားယူကြမည့် ကြည်းတပ်နှင့် ရေတပ်ဦးစီးချုပ်တို့၏ နေရာများကို အသစ်ခန့်အပ်ခြင်းလည်း ပါဝင်တယ်လို့ ထိုင်းသတင်းများကရေးသားပါတယ်။
အဆိုပါ တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ တပ်ရာထူးအပြောင်းအရွှေ့တွင် အဆိုပါ တပ်အကြီးအကဲ (၂)နေရာ အပါအဝင် စုစုပေါင်း အရာရှိ ၈၀၈ဦးပါဝင်တယ်လို့သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ တော်ဝင်ဂေဇက်ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာဟာ အဆိုပါစာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ အတည်ပြုပေးဖို့ တင်သွင်း လိုက်ပြီလို့ရေးသားထားပါတယ်။ ဘုရင်မင်းမြတ်အတည်ပြုပြီးပါက ယင်းအပြောင်းအရွှေ့များသည် အောက်တိုဘာ ၁ ရက်မှစတင်အကျုံးဝင်မှာဖြစ်ပါတယ်။
အငြိမ်းစားယူတော့မည့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရိုအင်ချိုင်ဟင်တောင်၏ နေရာတွင် သူထောက်ခံတင်ပြထားသည့် လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ပန်နာကလောပလိုသပ် ဖြစ်လာမယ်လို့ အသံတွေထွက်နေပါတယ်။
ယင်းအပြင် အငြိမ်းစားယူမည့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒွန်ပန်အမ်၏ နေရာတွင် သူထောက်ခံ ပေးထားသည့် ဗိုလ်ချုပ်ကြီး ဂျီရာပို ဝန်ဝစ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးထားကြပါတယ်။ သူဟာ ရေတပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဂျာမနီနိုင်ငံ မြူဝစ်ရေတပ် တက္ကသိုလ် ဆင်းတစ်ဦးဖြစ်ပါတယ်။
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပန်ပက်ဒီပန်တန်ကူက သူ၏ လက်ထောက် အဖြစ် လေတပ်အကြီးတန်းပညာရှင် ဗိုလ်ချုပ်ကြီး ချိန်နက်ပိုကစ်ကို ဒုတိယလေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ ယင်းအပြင် ဗိုလ်ချုပ်ကြီး မန်နက် ချာဗန်နာပရာရွန်ကို လည်း လေတပ်အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖွယ်ရှိနေကြောင်းသတင်းများက ရေးသား ဖော်ပြကြပါတယ်။
Source Thai Media outlets
၂၂ စက်တင်ဘာ ၂၀၂၄
တရုတ်နိုင်ငံက လကမ္ဘာရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ပို၍သိရှိနိုင်အောင်အတွက် ၂၀၂၆ခုနှစ်ဝန်းကျင်ခန့်မှာ ချန်အီး-၇ လကမ္ဘာသွားအစီအစဉ်တစ်ခု ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ မြေပြင်မှ သဘာဝဂြိုဟ်တုမှာ တွေ့ရတဲ့ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ရေရှိနေတယ်ဆိုတာ ဟုတ်မဟုတ်ကို အဲဒီခရီးမှာ စစ်ဆေးသွားမယ်လို့ လစူးစမ်းရှာဖွေရေးစီမံကိန်းကြီးရဲ့ တရုတ်နိုင်ငံ ဒီဇိုင်းနာချုပ် ဝူဝီရင်က ပြောပါတယ်
Source CCTV
#World_Science
Published 22 September 2024
▪️ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ စိတ်ကျန်းမာရေးဆရာဝန် မိုက်ကယ်ကာဟာနာက မှတ်ဉာဏ်အကြောင်း၊ ဘယ်လိုအလုပ်လုပ်ပုံ၊ ဘယ်အချိန် အလုပ်မလုပ်ပုံတွေကို လေ့လာနေတာ နှစ် ၃၀ ကျော်ရှိပါပြီ။
▪️ လူတွေရဲ့ ဦးနှောက်က မှတ်ဉာဏ်မေ့လျော့တတ်တာတွေကိုပါ သုတေသန ပြုလုပ်နေပါတယ်။
ကာဟာနာနဲ့ သုတေသနအဖွဲ့က ဝက်ရူးပြန်လူနာ ၄၇ ဦးမှာ ဦးနှောက်ထဲ လျှပ်တိုင်များ စိုက်ထားပြီး မှတ်ဉာဏ်မေ့ပျောက်တော့မယ် အချိန်မှာ ဦးနှောက်ဆီသို့ လျှပ်စီးကြောင်းလေး ပေးလွှတ်လိုက်ပါတယ်။
▪️ လျှပ်တိုင် ၁၀၀ မှ ၂၀၀ ကြားစိုက်ထားရာမှာ လူနာက တစ်ခုခုကို မှတ်ဉာဏ်ဖော်ချင်တဲ့အချိန်မှာ ဦးနှောက်က အချက်ပြချက်ကို သိရှိပြီး မှတ်ဉာဏ်သိမ်းဆည်းပုံဖော်ပေးတဲ့ အစိတ်အပိုင်းဆီသို့ လျှပ်စီးကြောင်းလေး အချိန်ကိုက် လွှတ်လိုက်ပါတယ်။
▪️ မျှော်မှန်းထားတာထက် ရလဒ်က ပိုကောင်းခဲ့ပြီး ဦးနှောက်လှုံ့ဆော်မှုဖြင့် မှတ်ဉာဏ်ပြန်ခေါ်ရာမှာ ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
▪️ ဦးနှောက်နဲ့ကွန်ပျူတာ ချိတ်ဆက်လုပ်ဆောင်ချက် (BCI)နဲ့ ပတ်သက်ပြီး အခြားသိပ္ပံပညာရှင်တွေဟာလည်း ဖန်တီးနေကြပါတယ်။
▪️ ဩဂုတ်လက အီလွန်မက်စ်ပိုင်ဆိုင်တဲ့ အာရုံကြောနည်းပညာကုမ္ပဏီ Neuralink က လေဖြတ်လူနာအနေနဲ့ စဉ်းစားလိုက်ရုံဖြင့် ဒီဂျစ်တယ်ပစ္စည်းတွေကို အသုံးပြုနိုင်မယ့် BCI ကို ဒုတိယအကြိမ် လူသားစမ်းသပ်ချက်မှာ ထည့်သွင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။
▪️ အသက် ၃၀ အရွယ် အရီဇိုးနားမှ နိုလန်အာဘော့က လွန်ခဲ့တဲ့ ၈ နှစ်က ဒိုက်ဗင်အက်ဆီးဒင့်ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှာ ပထမဆုံး Neuralinkထည့်သွင်းမှု ပြုလုပ်ခဲ့ပါတယ်။
▪️ X ဆိုရှယ်မီဒီယာမှာ တိုက်ရိုက်ပြသရာမှာ အာဘော့က သူ့အတွေးဖြင့် ကွန်ပျူတာမျှားကို ထိန်းချုပ်ပြီး ဂိမ်းတွေ အီးမေးလ်တွေ အသုံးပြုနိုင်ပုံကို ပြသခဲ့ပါတယ်။
▪️ လာမယ့်နှစ်အနည်းငယ်အတွင်း Neuralink အသုံးပြုသူ ရာဂဏန်းခန့် ရှိလာမှာဖြစ်ကာ ၁၀ နှစ်အတွင်း သန်းနဲ့ချီ ရှိလာလိမ့်မယ်လို့ အီလွန်မက်စ်က ခန့်မှန်းလိုက်ပါတယ်။
▪️ ဩဂုတ်လက ဆွစ်ဇာလန် အီကိုးလ်ပိုလီတက်ခ်နစ်ဖက်ဒရယ်ဒီလော်ဆန်မှ သုတေသီများက အတွေးကနေ စာအဖြစ် ၉၁ ရာခိုင်နှုန်း တိကျအောင် ပြောင်းပေးနိုင်ကာ Neuralink ဆားကစ်ပြားထက်ပင် သေးငယ်တဲ့ ဦးနှောက်တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။
▪️ အသက် ၄၅ နှစ်အရွယ် ကေဆီဟာရဲလ်က စကားမပြောနိုင်တဲ့ အခြေအနေကနေ BrainGate2 ပစ္စည်းဖြင့် တကယ့်အသံပြန်ရခဲ့ပါတယ်။
▪️ သုတေသနရဲ့ ဦးတည်ချက်က ရောဂါတစ်မျိုးမျိုးကြောင့် ပျက်ယွင်းသွားတဲ့ ဦးနှောက် လုပ်ဆောင်ချက်ကို ပြန်ရရှိဖို့ ဖြစ်တယ်လို့ သိပ္ပံပညာရှင် ရိုဒါက ပြောပါတယ်။
▪️ ကာဟာနာကိုယ်တိုင်က အချိန်ကျလာတဲ့အခါ ဒီလိုထည့်သွင်းခြင်းမျိုး ပြုလုပ်ရန် ဝန်လေးနေမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
#Source: New York Post
#World_Health
Published 22 September 2024
▪️ စိတ်ကျဝေဒနာ ခံစားနေရသူတွေမှာ ဦးနှောက်ကွန်ရက်တစ်မျိုးက ၂ ဆလောက် ပိုမိုကြီးထွားနေတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့်လို့ခေါ်တဲ့ ကွန်ရက်ဖြစ်ပြီး ဒီအပိုင်းက ဦးနှောက်လုပ်ဆောင်ချက်တွေအကြောင်း ပြည့်ပြည့်စုံစုံ မသိရသေးပေမယ့် ဦးနှောက်ထဲမှ လှုံ့ဆော်မှုတွေနဲ့ တုန့်ပြန်ပုံတွေ ဆက်စပ်နေပုံကိုတော့ သိရှိထားပါတယ်။
▪️ ဒီပုံစံက နမူနာအများအပြားမှာ ပွားများနိုင်ပြီး ကွန်ရက်အစွန်ဘက် ပြောင်းလဲမှုတွေကြောင့် အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့် ကွန်ရက်က အခြားလုပ်ဆောင်ချက် ကွန်ရက်တွေရှိရာကို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒီသုတေသနကနေ ဦးနှောက်တစ်ခုစီတိုင်းကို ဝင်ကြည့်နိုင်မယ့် အာရုံကြောချိတ်ဆက်လမ်းကြောင်းတွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
▪️ ပျမ်းမျှအသက် ၄၁ နှစ်အရွယ် လူ ၅၇ ယောက်ရဲ့ ဦးနှောက်တွေကို ဆန်းစစ်ပြီး ကျန်းမာတဲ့ လူ ၃၇ ဦးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ ကလေး ၁၁၄ ယောက်မှာ စိတ်ကျလက္ခဏာ မတွေ့ခင်နဲ့ တွေ့ပြီးနောက် ဦးနှောက်ပုံရိပ် အချက်အလက်များ ရယူပြီး လေ့လာခဲ့ကြပါသေးတယ်။
▪️ ဆဲလီးယန့်ကွန်ရက် ကြီးထွားခြင်းက အချိန်ကြာလာတဲ့အထိ ဆက်ဖြစ်နေပြီး စိတ်အခြေအနေနဲ့ မသက်ဆိုင်ကာ ကလေးတွေမှာ တွေ့ရှိနိုင်တယ်လို့ သုတေသီများ ဖော်ပြကြပါတယ်။
▪️ ကလေးတွေမှာ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့်ကွန်ရက် ချဲ့ထွင်လာခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ ဘေးအန္တရာယ် ဖြစ်စေတဲ့ အကြောင်းအရင်းလို့ တွေ့ရှိလာပါတယ်။
▪️ စိတ်အခြေအနေအလိုက် ပြောင်းလဲခြင်းတွေက စိတ်ကျလက္ခဏာ ပြန်လည်ဖြစ်ပေါ်ခြင်းနဲ့လည်း သက်ဆိုင်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
#Source: WION
အရပ်ဘက်သုံးကိရိယာပစ္စည်းများအား ကြားခံလက်နက်အဖြစ်အသုံးမပြုရန် ကုလအထွေထွေအတွင်းရေးမှူးချုပ်သတိပေး
စစ်ရေးကိစ္စတွေမှာ အရပ်ဘက်သုံးပစ္စည်းများ အသုံးချနေတာဟာ အန္တရာယ်များတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ နယူးယော့မြို့ ကုလရုံးချုပ် အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
#World_News
Published 21 September 2024
#ကြားခံလက်နက် #အရပ်ဘက်သုံးကိရိယာပစ္စည်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 September 2024
၁။ ဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်မည့် ခရီးသွားကုမ္ပဏီများ မှတ်ပုံတင်စာရင်းပေးသွင်းနိုင်
၂။ ရေဘေးကြောင့် သက်ကယ်အင်္ကျီများ ပစ္စည်းပြတ်သည့်အထိရောင်းချရ
၃။ ရေဘေးသင့်ဒေသများအတွက် ဝယ်ယူကြသောကြောင့် ဒန်အိုး၊ဒန်ခွက်များ ပစ္စည်းပြတ်သည်အထိ အော်ဒါမှာယူမှုများပြား
၄။ အရပ်ဘက်သုံးကိရိယာပစ္စည်းများအား ကြားခံလက်နက်အဖြစ်အသုံးမပြုရန် ကုလအထွေထွေအတွင်းရေးမှူးချုပ်သတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၁ စက်တင်ဘာ ၂၀၂၄
အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ကူကီးသူပုန် ၉၀၀ ခန့် အလုံးအရင်းနှင့်ဝင်လာမယ်လို့ ထောက်လှမ်းရေးသတင်းတွေရရှိထားလို့ အဆင့်မြင့် တပ်လှန့် နှိုးဆော်ထား ရတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက သောကြနေ့က ပြောပါတယ်။
မဏိပူရပြည်နယ်လုံခြုံရေးအကြံပေး ကူဒီယတ်ဆင်းက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီး ကူကီးသူပုန်တွေနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထောက်လှမ်းရေးအဖွဲ့တွေအမျိုးမျိုးထံ ပေးဝေထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၃ မေလကစပြီး လူအများစု မေတေးနှင့် လူနည်းစု ကူကီးတွေအကြား စီးပွားရေးနှင့် ခွဲတမ်းကိစ္စတွေ မပြေမလည်ဖြစ်ကြရာကနေ အကြမ်းဖက်မှုတွေဖြစ်လာနေတာကို မဏိပူရကပါ လာအမှုပတ်နေရတာ ဖြစ်ပါတယ်။
မဏိပူရတောင်ပိုင်းမှာ အခြေချနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးနွယ်စုဝင် တွေဖြစ်ကြပါတယ်။
ကူကီးတွေဟာ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးထောက်လှမ်းရေ သတင်းတွေရရှိပေမယ့် ကူကီးကိုယ်စားလှယ်တွေကတော့ ဒီသတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားကြ ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မေတေးဆန္ဒပြသူတွေဟာ အင်ဖာမှာ အကြီးအကျယ် စုဝေးမှုတွေပြုလုပ်ခဲ့ကြပြီး ကူကီသူပုန်တွေကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။
မငြိမ်မသက်မှုတွေကို နှိမ်နှင်းနေတဲ့ကြားထဲက ဒီလစောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မေလကစပြီး ယခုထက်ထိ ပဋိပက္ခကြောင့် လူ ၂၃၇ ဦးသေဆုံးခဲ့ပြီး လူ ခြောက်သောင်းခန့်ဟာ လူဦးရေ ၃.၂သန်းရှိတဲ့ မဏိပူရထဲကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအစိုးရက ကာလရှည်မူဝါဒတစ်ခုဖြစ်တဲ့ ဗီဇာမလိုနယ်စပ်ဖြတ်ကျော်ခွင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယရူပီး ၃၁၀ ဘီလျံကုန်ကျမယ့် နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို ကြေညာ ခဲ့ပါတယ်။
အဲဒီအရေးယူဆောင်ရွက်ချက်ကို နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ကူကီးအုပ်စုတွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
မဏိပူရမှာ မျိုးနွယ်စုနှစ်ခုဟာ နယ်မြေပိုင်းခြားနေထိုင်နေကြပါတယ်။ မေတေးတွေဟာ တောင်ကြားတွေ မှာ ထိန်းချုပ်ထားကြပြီး ကူကီးတွေကတော့ တောင်ပေါ်မှာ ကြီးစိုးနေကြပါတယ်လို့ သိရပါတယ်။
Source BKK Post
Page 60 of 1464