#WorldHealth
Published - 27 March 2022
ခန္ဓာကိုယ်အစိတ်အပိုင်းနေရာအနှံသို့ ပျံ့နှံ့ သွားနိုင်တဲ့ ဆီးကျိတ်ကင်ဆာရောဂါခံစားနေရတဲ့လူနာတွေမှာ နိုဗာတစ်(Novartis)ကုမ္ပဏီရဲ့ ကုသနည်းကိုအသုံးပြုဖို့ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)အဖွဲ့ က အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေညာလိုက်ပါတယ်။
နိုဗာတစ်ရဲ့ ပလူဗစ်တို(Pluvicto)ကုသနည်းဟာ အရွယ်ရောက်ပြီးအမျိုးသားတွေမှာ ရေဒီယိုသတ္တိကြွနည်းပညာဖြင့်ပစ်မှတ်ထားကုသတာဖြစ်ပြီး အခြားကင်ဆာကုသနည်းများပြုလုပ်ထားပြီးသား လူနာတွေမှာ အသုံးပြုလေ့ရှိပါတယ်။
၂၀၁၈ ခုနှစ်က အင်ဒိုဆိုက်(Endocyte)ကင်ဆာ ဆေးထုတ်လုပ်ရေးကုမ္ပဏီမှ ဒေါ်လာ ၂.၁ ဘီလီယံဖိုးဝယ်ယူခဲ့စဉ်က အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆီးကျိတ်ကင်ဆာကုသနည်းကို ဝယ်ယူရရှိခဲ့တာဖြစ်ပါတယ်။
ပလူဗစ်တိုကုသနည်းဟာ ပစ်မှတ်ထားနိုင်တဲ့လိုင်ဂန်(ligand)မော်လီကျူးနဲ့ ကင်ဆာဆဲလ်တွေကိုသတ်ပစ်နိုင်တဲ့ ရေဒီယိုသတ္တိကြွအမှုန်လေးတွေကို ပေါင်းစပ်ထားပြီး အလွန်တိကျပြတ်သားစွာပစ်မှတ်ထားကုသပေးနိုင်ကြောင်း နိုဗာတစ်ကုမ္ပဏီကပြောကြားခဲ့ပါတယ်။
ပလူဗစ်တိုကုသနည်းကို ဈေးကွက်ထဲဖြန့်ချိကြော်ငြာရန် အသိအမှတ်ပြုခွင့်ရဖို့ ဥရောပဆေးဝါးအေဂျင်စီနဲ့ အခြားကျန်းမာရေးအာဏာပိုင်များထံ တင်ပြထားပါတယ်။
ဆီးကျိတ်ကင်ဆာကနေ အခြားအစိတ်အပိုင်းများကိုပျံ့နှံ့ရာမှာ အစောပိုင်းကုသနိုင်ဖို့ ပလူဗစ်တို နောက်ပိုင်းအဆင့်စမ်းသပ်လေ့လာမှုနှစ်ခုကိုလည်း ဆောင်ရွက်နေပြီဖြစ်တယ်လို့ နိုဗာတစ်မှပြောကြားသွားပါတယ်။
Source: Reuters
#WorldHealth
Published - 27 March 2022
နောက်လာမယ့် ၂ နှစ်အတွင်း အိုမီခရွန်ထက်ပိုမိုဆိုးရွားနိုင်တဲ့ ကိုဗစ်မျိုးဗီဇကွဲအသစ်တစ်မျိုး ပေါ်ထွက်လာနိုင်ချေများကြောင်း အင်္ဂလန်ဆေးဘက်ဆိုင်ရာအရာရှိချုပ်'ဆာခရစ္စဝစ်တီ'က သတိပေးလိုက်ပါတယ်။
ကပ်ရောဂါနောက်တစ်ဆင့်အကြောင်း သုံးသပ်ပြောဆိုခဲ့ရာမှာ လော့ဒေါင်းချခြင်းတွေ ထပ်မံပြုလုပ်ရဖွယ်ရှိနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြည်သူ့ကျန်းမာရေးကွန်ဖရင့်မှာ 'ဆာခရစ္စ'ကပြောကြားရာမှာ ဗိုင်းရပ်စ်ကထပ်မံထွက်ပေါ်လာဖွယ်ရှိကြောင်း၊ တုပ်ကွေးရောဂါနဲ့ သေဆုံးမှုနှုန်းအတူတူနီးပါးဖြစ်နေပြီး လက်ကျန်ဘဝတလျှောက်လုံး ဒီဗိုင်းရပ်စ်ရှိနေမှာဖြစ်ကြောင်း ဆိုပါတယ်။
ဒီထက်ပိုပြီးအန္တရာယ်များတဲ့ မျိုးဗီဇကွဲပေါ်ပေါက်လာရင် လူမှုနေထိုင်ရေးဘဝတွေကိုပါထိခိုက်လာနိုင်ပါတယ်။ လက်ရှိမျိုးဗီဇကွဲက အသေးအဖွဲမျှသာဖြစ်ပြီး နောက်ထပ်ပေါ်ထွက်လာနိုင်တဲ့မျိုးဗီဇကွဲက အိုမီခရွန်ထက် ပိုမိုဆိုးရွားလာနိုင်ပါတယ်။
ဒါပေမဲ့ အခြားပညာရှင်တွေကတော့ ကပ်ရောဂါအဆိုးရွားဆုံးနေ့ရက်တွေ ကုန်ဆုံးသွားပြီဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အအေးမိဖျားနာဗိုင်းရပ်စ်အဖြစ် ကူးပြောင်းလာပြီလို့ ယူဆထားကြပါတယ်။
နိုဝင်ဘာလမှာ စတင်ပျံ့ပွားခဲ့တဲ့အိုမီခရွန်ဟာ ကပ်ရောဂါကာလအတွင်း ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'က အရန်အစီအစဉ်ကိုစတင်နေပြီဖြစ်ပြီး နေအိမ်မှအလုပ်လုပ်ခြင်း၊ လူအများကြား နှာခေါင်းစည်းတပ်ဆင်ခြင်း၊ အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွေပါဝင်ပါတယ်။
ရောဂါခုခံအားတွေမြင့်မားနေပြီဖြစ်ပြီး ရောဂါမပြင်းထန်တဲ့မျိုးဗီဇကွဲကြောင့် ဗိုင်းရပ်စ်ကိုထိရောက်စွာကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါက ဒေသတွင်းကူးစက်မှုရောဂါအဖြစ် ဘယ်အချိန်သတ်မှတ်လို့ရမှာလဲ မေးရာမှာတော့ ဗိုင်းရပ်စ်က တဖြည်းဖြည်းနဲ့ကူးစက်မှုနှုန်းနည်းလာမှာဖြစ်ကြောင်း 'ဆာခရစ္စ'က ဖြေကြားခဲ့ပါတယ်။
ယူကေမှာ နောက် ၂ နှစ် ၃ နှစ်အတွင်း မျိုးဗီဇကွဲအသစ်တွေကြောင့် ကူးစက်မှုလှိုင်းတွေ ရံဖန်ရံခါဖြစ်ပေါ်လာနိုင်ကြောင်းလည်း ပြောပြသွားပါတယ်။ ယူကေရှိ ကလေးတွေ၊ လူကြီးတွေမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားနေပြီး ရောဂါကူးစက်မှု မှရတဲ့ခုခံအားတွေကြောင့် ခန္ဓာကိုယ်ခုခံအားမြင့်မားလျက်ရှိပါတယ်။
နောက်ထပ်ထွက်ပေါ်နိုင်တဲ့မျိုးဗီဇကွဲက လူ ၃ ယောက်မှာ ၁ ယောက်သေဆုံးမှုနှုန်းအထိ ရှိလာနိုင်တယ်လို့လည်း ဆိုနေကြပါတယ်။ ဗိုင်းရပ်စ်က တဖြည်းဖြည်းပျောက်ကွယ်သွားမယ်ဆိုတာ မယုံကြည်ထားကြောင်း အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးပညာရှင် ပရော်ဖက်ဆာ'ဒက်ဗီဆရီဒါ'က အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
Source: DailyMail
#LocalNews
Published -27 Mar 2022
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၂)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် နီလင်းအောင်(ခ) မွန်လေး မောင်းနှင်ပြီး ခိုင်မိုးလင်း(ခ)ကိုခိုင် လိုက်ပါလာသည့် Nissan AD Van ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အိမ်အမှတ်(၃၁၉)နေ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အားလို(ခ)အိုက်စိုင်း ၏နေအိမ်ကို ဆက်လက်ရှာဖွေရာ ပြည့်စုံအောင်၊ ဇော်မျိုးနိုင်(ခ)ဇေရဲ(ခ) ကုလား နှင့် မယုဝတီအောင် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၈ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံ တန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldAgriculture
Published 26 March 2022
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခများနဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအကျိုးဆက်တွေကြောင့် ထိုင်းနိုင်ငံမှာ ဓာတုဓာတ်မြေဩဇာဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိပြီး နိုင်ငံရဲ့စိုက်ပျိုးရေးလည်ပတ်မှုကဏ္ဍကို ထိခိုက်လျက်ရှိပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 26 March 2022
၁။ ဧပြီ(၇)ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်
Our Planet, Our Health ကျွန်ုပ်တို့မြေကမ္ဘာ / ကျွန်ုပ်တို့ကျန်းမာရေး ရဲ့ အဓိပ္ပါယ်??
၂။ ကမ္ဘာကြီးတစ်ခုလုံးမှာ ပြည်သူ့ကျန်းမာရေး Public Health ဟာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အပေါ် ??
၃။ စိတ္တသုခ၊ ကာယသုခနှစ်ဖြာပေါင်းမှ ပြည့်စုံတဲ့ကျန်းမာမှုလို့ ထင်ပါတယ်။ မျက်မှောက်ကမ္ဘာကြီးမှာ စိတ္တသုခတွေက ယိုယွင်းကျဆင်းလာနေတယ်ဆိုရင် မှန်မလား?? ဆိုတဲ့ အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး ကျန်းမာရေးပညာပေးပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်လွင်က ဆွေးနွေးပြောဆိုထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_26 March 2022
မြန်မာနိုင်ငံနဲ့ ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြားမှာ လက်မှတ်ထိုးနိုင်မယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ညှိနှိုင်းပြီးစီးနေပြီဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published 26 Mar 2022
ထိုင်းနိုင်ငံ ပရာကျွတ်ခရီခမ်ခရိုင်အတွင်းမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့်ရဲအရာရှိကြီး တစ်ဦးပိုင်ဆိုင်တဲ့ ယာဉ်တစ်စီးပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 March 2022
ယာဥ်တိမ်း မှောက်မှု ကြောင့် လူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဆွာမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ ဒီကနေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းအချိန်က သာဂရ၊
ကိုးပင်ရိုးမဖြတ်လမ်း (၁၀)မိုင်အဆင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
"ဖောကားမှောက်ပြီး DB ၂ ဦးဖြစ်ပြီး ၃ ဦးကျိုးပဲ့ ဒါဏ်ရာရခဲ့ပါတယ်။" လို့ ဆွာ (MR AMBULANCE)က သတင်းထုတ်ပြန်ခဲ့တာပါ။
ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးကိုလည်း ဆွာဆေးရုံမှနေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ လွဲပြောင်းကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရပါတယ်။
Photo - ဆွာ (MR AMBULANCE)
ymg/kg
#Yangon_Media_Group
#LocalNews
Published -26 Mar 2022
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကဦးဆောင်ကာ လက်နက်ကိုင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲကျင်းပမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 March 2022
စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မျိုးစေ့ထုတ်နေကြာဧက ၂,၀၀၀ အတွက် ဓာတ်မြေသြဇာ တစ်အိတ်ကို သုံးသောင်းနှုန်းနဲ့ ဦးစားပေးရောင်းချပေးထားတယ်လို့ စစ်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးက ပြောပါတယ်။
“မတ်လအတွင်း ဓာတ်မြေသြဇာ တန် ၃၀၀ ကို နွေစပါးစိုက်ပျိုးနေတဲ့ ဧက ၃ သိန်းကျော်နဲ့ မျိုးစေ့ထုတ်မယ့် နေကြာဧက ၂,၀၀၀ အတွက် ဦးစားပေး ရောင်းချပေးထားပါတယ်။ တစ်အိတ်ကို သုံးသောင်းနှုန်းနဲ့ပါ။ တန် ၃၀၀ ရတဲ့အထဲမှာ လက်တလော နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေနဲ့ နေကြာမျိုးစေ့ထုတ်တဲ့တောင်သူတွေကို အဓိကရောင်းချထားပါတယ်။ ” လို့ ဦးစီးအရာရှိ၊ ဒေါက်တာ တင်မာမာဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ဓာတ်မြေသြဇာတွေကို ပထမအကြိမ် တန် ၅၀၀၊ ဒုတိယအကြိမ် တန် ၃၀၀ နဲ့ အခုအကြိမ်မှာ တန် ၃၀၀ တောင်သူတွေကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ ခုနှစ်မှာတော့ စစ်ကိုင်းတိုင်းအတွင်း နေကြာစိုက်ဧက ၃၅၆,၀၀၀ ကျော်ကျော် စိုက်ပျိုးခဲ့ပြီး ၂၄၀,၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ နေကြာသီးနှံကို ၃၅၉,၀၀၀ ကျော်စိုက်ပျိုးထားခဲ့ပါတယ်။
ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်မှာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ဆိုရင် မိုးနေကြာ ၄၁,၄၀၀ ကျော်ဧကနဲ့ ဆောင်းနေကြာ ၃၅၁,၇၀၀ ကျော် ဧက စုစုပေါင်း ၃၉၃,၀၀၀ ကျော် စိုက်ပျိုးဖို့ရာထားတယ်လို့ သိရပါတယ်။
နေကြာဆီထွက်သီးနှံကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧက ၁ ဒဿမ ၅ သန်း စိုက်ပျိုးဖို့ ရာထားပြီး နေကြာသီးနှံဟာ ဆီထွက်နှုန်းမြင့်မားပြီး စိုက်ပျိုးစရိတ်သက်သာတဲ့အတွက် တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနက စီမံနေပါတယ်။
ymg/ei
#Yangon_Media_Group
#WorldPolitics
Published - 26 March 2022
မြောက်ကိုရီးယားနိုင်ငံက ယခုအပတ်အတွင်း တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ရာ နောက်ထပ် မထီမဲ့မြင် ရန်ဆွခြင်းတွေဖြစ်ပေါ်မလာအောင် တရုတ်နဲ့ရုရှားတို့ အနေနဲ့ မြောက်ကိုရီးယားကိုသတိပေးသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ 'ယယ်လီနာပေါ်တာ'က သောကြာနေ့မှာပြောကြားလိုက်ပါတယ်။
"နောက်ထပ်ရန်ဆွပေးခြင်းမျိုးတွေဖြစ်မလာအောင် တရုတ်နဲ့ရုရှားတို့ အနေနဲ့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်သတိပေးသင့်ပါတယ်" လို့ 'ပေါ်တာ'က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲမတိုင်ခင် မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
မြောက်ကိုရီးယားတို့က သောကြာနေ့မှာ တိုက်ချင်းပစ်ဒုံးကျည်(ICBM)အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ရာ အဆိုပါဒုံးကျည်က နိုင်ငံရဲ့နျူကလီးယားလက်နက်အင်အားကို ဖော်ပြလိုက်တာဖြစ်ပြီး အမေရိကန်တိုရဲ့စစ်ရေးလှုပ်ရှားမှုမှန်သမျှကို နှောင့်ယှက်ဖျက်ဆီးနိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်'ကင်မ်ဂျုန်အန်'က ကြွားလုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ၂၀၁၇ နောက်ပိုင်း နိုင်ငံရဲ့နျူကလီးယားတပ်ဆင်တိုက်ချင်းပစ်ဒုံးကျည်သစ်ကို ပထမဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုဟာ ကုလလုံခြုံရေးကောင်စီစည်းမျဉ်းတွေကို မခန့်လေးစားချိုးဖောက်ရာကျကြောင်း 'ပေါ်တာ'ကဆက်လက်ပြောကြားလိုက်ပါတယ်။
"ဒီလိုစည်းကမ်းချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားကိုတာဝန်ခံခိုင်းဖို့ နိုင်ငံအားလုံးကိုတိုက်တွန်းလိုပါတယ်။ မြောက်ကိုရီးယားကိုလည်း အသေအချာလာရောက်ဆွေးနွေးညှိနှိင်းဖို့ တောင်းဆိုလိုက်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ရုရှားတိုဘယ်လိုသဘောထားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။ နိုင်ငံအားလုံးစိုးရိမ်ပူပန်နေရပြီး အထူးသဖြင့်မြောက်ကိုရီးယားနဲ့ထိစပ်နေတဲ့နိုင်ငံတွေပါပဲ။ ICBM ဒုံးကျည်ကိုဆက်လက်စမ်းသပ်ဖို့ မြောက်ကိုရီးယားတို့ဆုံးဖြတ်လိုက်ခြင်းက တိုင်းပြည်ရေးတင်းမာမှုတွေမြင့်တက်လာနိုင်ပါတယ်"
၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားတို ICBM ဒုံးကျည်နောက်ဆုံးစမ်းသပ်ပြုလုပ်ခဲ့စဉ် ကုလလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့ ခြင်းများပြုလုပ်ခဲ့ရပါတယ်။
အခုယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့တရုတ်တို့ကို အမေရိကန်နဲ့မဟာမိတ်များက ဒဏ်ခတ်ပိတ်ဆို့ မှုများပြုလုပ်ထားတာကြောင့် သတိပေးဖို့ တောင်းဆိုချက်ကို တရုတ်နဲ့ရုရှားတို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။
Source: Reuters
#LocalNews
Published - 26 March 2022
ရန်ကုန်တိုင်း၏ မြို့နယ်အချို့တွင် အိမ်ကျော်နင်းဖောက်ထွင်းမှုဖြစ်စဥ်များ ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြိုနေပြည်သူများထံမှ သိရပါတယ်။
တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အစရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင် အိမ် ဖောက်ထွင်းခံရမှုဖြစ်စဥ်များကို ပိုမိုကြုံတွေ့နေရပြီး လုယက်မှုဖြစ်စဥ်အချို့လည်းရှိနေကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သူများကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ အိမ်ဖောက်ထွင်းခံရမှုတစ်မှုဖြစ်ပွားခဲ့ပြီး ဖောက်ထွင်းခံခဲ့ရသည့်အိမ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ၄င်းတို့နေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဥ်အပေါ် ယခုလို ပြောပြပေးခဲ့ပါတယ်။
"ညအိပ်နေတဲ့အချိန်မှာ ဖြစ်တာပါ။ သူက ခြံကိုကျော်ပြီးဝင်လာတယ်။ ခြံထဲကနေတစ်ဆင့် ညီမအခန်း ပြတင်းတံခါးကနေ တစ်ဆင့် အိမ်ထဲဝင်လာတယ်။ ညီမဘေးမှာထားတဲ့ ဖုန်းကိုလုတယ်။ ညီမလည်း သူ့ဆီက ဖုန်းကို အတင်းပြန်လုတယ်။ ရုန်းကန်ဆန်ခတ်တွေ ဖြစ်ကုန်တာပေါ့။ ညီမတို့က သူခိုး သူခိုးလို့အော်မှ သူက ပြန်ပြေးထွက်သွားတယ် အိမ်ထဲကနေ ညီမဖုန်းတော့ သူ့ဆီပါသွားတယ်။လူကို အန္တရာယ်မပြုသွားတာပဲ တော်သေးတာပေါ့လို့ ဖြေတွေးလိုက်ရတယ်။ ဒါ တောင် ညီမတို့ အိမ်က ခြံတံခါးအိမ်တံခါးတွေ အထပ်ထပ်ရှိပါတယ်။ သူက အဲ့ဒါတွေကို ဖျက်ပြီး ဝင်လာတာပါ။ လူကို ဘာမှလုပ်မသွားတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။" လို့ သူမက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဆင်ခြေဖုံး မြို့နယ်/ ရပ်ကွက်တွေမှာလည်း ဆွဲကြိုးဖြတ်ပြေးတာတွေ ပိုက်ဆံအိတ်လု ပြေးမှုတွေနဲ့ ဆိုင်ကယ်ဖြင့် လုယက်မှုတွေလည်း ယခုကာလများတွင် ပိုမိုများပြားလာခဲ့ပြီး ပြည်သူတွေက အဆိုပါဖြစ်စဥ်တွေကို နေ့စဥ်လိုလို ကြုံတွေ့ခံစားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ အိမ် ၅ လွှာအထိ သူခိုးတက်တယ်။ အဲ့ဒါကို အံ့သြနေတာ ဒီအပေါ် ၅ လွှာအထိ ဘယ်လိုတက်လာလဲမသိဘူး။ အခု ညပိုင်းတွေဆို အတော်သတိထားနေရတယ်။ ပြတင်းပေါက်တံခါးတွေလည်း ဖွင့်မအိပ်ရဲတော့ဘူး။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်မှာ
နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယခုကာလများတွင် ရန်ကုန်မြို့တွင်း ကားမှတ်တိုင်အချို့မှာ လုယက်မှုကျုးလွန်သူများကလည်း ကားမှတ်တိုင်များကိုအခြေပြုကာ မှတ်တိုင်များမှ ခရီးသွားပြည်သူများ၊ ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ချိန်များတွင် လုယက်မှုများပြုလုပ်လာကြတယ်လို့ သိရပါတယ်။
လုယက်မှုကျူးလွန်သူများမှာ အဓိကအားဖြင့် လက်ကိုင်ဖုန်းများကို အာရုံစိုက်ကြည့်ရှုသူများကို
ပစ်မှတ်ထားကာ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့လုယက်ယူဆောင်ခြင်းဖြစ်တယ်လို့ လုယက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက YMG ကို အခုလိုပြောပြခဲ့ပါတယ်။
"ဗန္ဓုလတံတား အဆင်းက ကားမှတ်တိုင်မှာပါ။ ကျွန်မက ကားမှတ်တိုင်မှာကားစောင့်နေတာ အဲ့အချိန်မှာ ခါးပိုက်နှိက်က ကျမအိတ်ကိုဇစ်ဖွင့်ပြီး နှိုက်တာပေါ့။ ကျွန်မ သတိထားမိပြီး အိတ်ကို အ ရှေ့ပြန်ဆွဲပြီး ဘာလုပ်တာလဲလို့ သူ့ကိုလှမ်းအော်ပြီး ကြုံတဲ့လိုင်းကားပေါ်ကိုပဲ အမြန်တက်ခဲ့ရတယ်။ သတိထားတာမြန်လို့ ဘာမှတော့မပါသွားခဲ့ဘူး။ သူ့အသက်အရွယ်က အသက် ၄၀ လောက်တော့ရှိမယ်ထင်ပါတယ်။" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူမကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ကို ပြန်လည်ပြောပြခဲ့ပါတယ်။
ထို့အပြင် သခင်မြပန်းခြံကိုအခြေပြုကာ မြို့တွင်းပတ်ပြေးဆွဲနေသည့် ယာဥ်လိုင်းများပေါ်တွင် အုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်ကျူးလွန်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး အဓိကအနေဖြင့် ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ရာတွင် အများဆုံးကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။
ထိုသို့ လုယက်ခါးပိုက်နှိုက်ဖြစ်စဥ်တွေ များပြားလာသည့်အတွက် ရန်ကုန်မြို့နေပြည်သူများအ နေနဲ့ ပြင်ပသို့သွားလာရာမှာ အထူးဂရုပြုသွားလာနေကြတယ်လို့လည်း သိရပါတယ်။
ymg/kg
#Yangon_Media_Group
Page 1599 of 1686