#LocalNews
Published- 30 Mar 2022
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီးမျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနာနှစ်မျိုးဖြင့် ကျင်းပလျက်ရှိကာ ညီလာခံကို လာမည့် ဧပြီလ (၂) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။
ညီလာခံဖွင့်ပွဲအခမ်းအနား ဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြပါတယ်။
နိုင်ငံတကာသံတမန်များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ညီလာခံဖွင့်ပွဲအခမ်းအနားနှုတ်ခွန်းဆက်အမှာစကားများပြောရာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken ၊ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessenden တို့ကပြောကြားအပြီးတွင် မွန် ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနားရဲ့ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်းအနားသို့ ညီလာခံဖွင့်ပွဲဦးဆောင် သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှုမြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ခဲ့ကြပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published- 30 March 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့် အသက် ၆၀ မှ ၁၀၀ ကြားလူကြီးတွေမှာ ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေကို ၇၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း ကလဲလစ်ကျန်းမာရေးအဖွဲ့အစည်းက လေ့လာဖော်ပြခဲ့ပါတယ်။
အဆိုပါလေ့လာမှုကို ကလဲလစ်၊ ဆေပီယာကောလိပ်၊ ဘန်ဂူရီယန်တက္ကသိုလ်တို့က ပြုလုပ်ခဲ့ကြကာ အစ္စရေးလ်နိုင်ငံအတွင်း ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံခြင်းက အသက်သေဆုံးမှုနှုန်းကိုဘယ်လောက်အထိလျှော့ချနိုင်လဲဆိုတာကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
စတုတ္ထအကြိမ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးချိန်မှာ လက်တွေ့စမ်းသပ်ထိရောက်မှုအထောက်အထားနည်းပါးခဲ့တာကြောင့် အငြင်းပွားစရာတွေဖြစ်ခဲ့ပါသေးတယ်။
ဒါကြောင့် ပထမအကြိမ်အားမြှင့်ကာကွယ်ဆေးထိုးနှံသူတွေလောက်မများခဲ့ဘဲ ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေးထိုးနှံသူတွေကတော့ အလွန်နည်းပါးနေခဲ့ပါတယ်။
ဒါပေမဲ့အခုဆိုရင် စမ်းသပ်မှုအချက်အလက်တွေအရ စတုတ္ထအကြိမ်ကာကွယ်ဆေးက အသက်သေဆုံးမှုကို သိသိသာသာလျှော့ချပေးနိုင်တာကြောင့် ထိုးနှံဖို့ တွန့်ဆုတ်နေတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးဆက်လက်ထိုးနှံသွားဖို့ ဆုံးဖြတ်သွားရန်မျှော်လင့်ထားကြောင်း စာတမ်းပြုစုသူများက ဖော်ပြခဲ့ပါတယ်။
ကလဲလစ်ကျန်းမာရေးအဖွဲ့ အစည်းက စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်မှုလေ့လာရေးအတွက် လူပေါင်း ၅၆၃,၄၆၅ ဦးကို လေ့လာမှုပြုလုပ်ခဲ့ကာ ပျမ်းမျှအသက် ၇၃ နှစ်ရှိပြီး လူဦးရေ ၅၃ ရာခိုင်နှုန်းက အမျိုးသမီးကြီးတွေဖြစ်ပါတယ်။
ထိုနောက် အားမြှင့်ကာကွယ်ဆေး booster ဒုတိယအကြိမ်ထိုးနှံပြီးသူတွေက တစ်ဖွဲ့ နဲ့ booster ပထမအကြိမ်ထိုးနှံပြီးသူတွေကတစ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲလိုက်ပါတယ်။
ဒုတိယအကြိမ် booster ကို ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်း ထိုးနှံထားတဲ့သူတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အားမြှင့်ကာကွယ်ဆေး booster တစ်ကြိမ်ထိုးနှံထားတဲ့အဖွဲ့ မှ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၂၃၂ ဦးရှိခဲ့ပြီး ဒုတိယအကြိမ် booster ထိုးနှံထားတဲ့အဖွဲ့ မှ သေဆုံးသူ ၉၂ ဦးရှိခဲ့ပါတယ်။
ထိုသေဆုံးသူ ၉၂ ဦးထဲက ၅ ဦးက အသက် ၆၀ မှ ၆၉ နှစ်ကြား၊ ၂၂ ဦးက အသက် ၇၀ မှ ၇၉ နှစ်ကြား၊ ၆၅ ဦးက အသက် ၈၀ မှ ၁၀၀ နှစ်ကြား အသီးသီးတွေ့ရှိခဲ့ပါတယ်။
အားမြှင့်ကာကွယ်ဆေး booster တစ်ကြိမ်ထိုးနှံပြီးသေဆုံးသူတွေထဲမှာတော့ ၃၂ ဦးက အသက် ၆၀ မှ ၆၉ နှစ်ကြား၊ ၅၁ ဦးက အသက် ၇၀ မှ ၇၉ နှစ်ကြား၊ ၁၄၉ ဦးက အသက် ၈၀ မှ ၁၀၀ နှစ်ကြားရှိခဲ့ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကာလအတွင်း တတိယအကြိမ်ကာကွယ်ဆေးထိုးနှံစဉ်က သက်ကြီးရွယ်အိုတွေမှာ အသက်သေဆုံးနိုင်ချေကို ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခဲ့ပေမယ့် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံစဉ်မှာတော့ အသက်သေဆုံးနိုင်ချေကို ၇၈ ရာခိုင်နှုန်းသာလျှော့ချပေးနိုင်ပါတယ်။
ဒီစမ်းသပ်မှုရဲ့ရည်ရွယ်ချက်က အသက် ၆၀ အထက်လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံကြဖိုဖြစ်တဲ့အပြင် အခြားနိုင်ငံတွေမှာလည်း ရောဂါကူးစက်ပြင်းထန်နိုင်တဲ့လူတွေမှာ ကာကွယ်ဆေးထပ်မံထိုးနှံဖို့ တိုက်တွန်းချင်ကြောင်း ဖော်ပြထားပါတယ်။
အခုအခါစမ်းသပ်မှုအထောက်အထားတွေရှိလာပြီဖြစ်တဲ့အတွက် ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေး booster ထိုးနှံချင်တဲ့သူတွေများလာပြီဖြစ်ပါတယ်။
Source: The Jerusalem Post
#Local_News
Published_ 30 March 2022
မြန်မာနိုင်ငံသားများအား (၁၀၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆိုးလ်မြို့မှ ရန်ကုန်သို့ မတ် (၂၉) ရက်တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၄ နာရီခွဲတွင် ထွက်ခွာခဲ့ပြီး၊ ကနေဒါမှ ၂ ဦး၊ အီတလီမှ ၂ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၁၂ ဦး၊ ကမ္ဘောဒီးယားမှ ၁ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား ၅၅ ဦးဖြင့် စုစုပေါင်း ၇၂ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ မတ် ၂၉ ရက် အင်္ဂါနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၁၀၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြိုမှ သံရုံးဝန်ထမ်းများက လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Published 29 March 2022
ဂျပန်နိုင်ငံ မြိုတော်တိုကျိုတွင် ချယ်ရီပွင့်ချိန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ နွေဦးနေ့ကလေးတွင် မြို့တော်တစ်လျောက် ချယ်ရီပန်းများအပြည့်အဝဖူးပွင့်နေသည်ကို ကြည့်ရှုခံစားကြပါတယ်။ ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ အရေးပေါ်စည်းကမ်းတွေကို ဖျက်သိမ်းပေးလိုက်ပါတယ်။ ဒါပေမယ့် ပန်းတွေဖူးပွင့်နေတဲ့အောက်မှာ နာမည်ကျော် ဟာနာမီ ပျော်ပွဲစားပါတီတွေ မလုပ်ကြဖို့ကိုတော့ တိုကျိုသားတွေကို သတိပေးထားပါတယ်။
Source AFP
Published 29 March 2022
ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ချွတ်ခြုံလုနီးပါးကျဆင်းခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အပန်းဖြေကျွန်း ဖူးကက်မှာ ယခုဆိုရင် ငါးဖမ်း သင်္ဘောတွေရဲ့ မာလိန်မှူးတွေဟာ တူနာငါးတွေကြောင့် စီးပွားရေးပြန်ထူထလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
တူနာငါးဖမ်းတဲ့အလုပ်ဟာ ဖူးကက်မှာ အရေးကြီးတဲ့ အသက်မွေးမှုတစ်ခုဖြစ်ပါတယ်။ ကျွန်းသားတွေအတွက် အမေရိကန်ဒေါ်လာ ထောင်ချီပြီး ဝင်ငွေတွေရရှိတဲ့လုပ်ငန်းဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ၂၀၁၄ခုနှစ်မှာ တရားမဝင် ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းတွေကို နှိမ်နှင်းခဲ့ပြီး စည်းမျည်းတွေတင်းကြပ်လိုက်တဲ့အခါ လုပ်ငန်းတွေစွန့်လွှတ်ခဲ့ကြရပါတယ်။
ဒါပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေဖြစ်လာတဲ့အခါ ဖူးကက်အာဏာပိုင်တွေက ကမ္ဘာလှည့်တွေအပေါ် လုံးလုံးလျားလျားမှီခိုတာတွေမလုပ်ချင်တော့ဘဲ တူနာငါးဖမ်းလုပ်ငန်းကို ပြန်လည်အသက်သွင်းချင်လာခဲ့ကြပါတယ်။
ဖူးကက်က သင်္ဘောမာလိန်မှူးတော်တော်များများဟာ ပြောင်းလဲတင်းကြပ်ထားတဲ့ ငါးဖမ်းစည်းမျည်းတွေနှင့် ကိုက်ညီအောင် သူတို့ရဲ့ သင်္ဘောတွေကို ပြန်ပြီးပြုပြင်မွမ်းမံနေကြပါတယ်။ တူနာငါးမဖမ်းဖူးတဲ့ သင်္ဘောသားတွေကိုလည်း ငါးဖမ်းနည်းတွေ သင်ပေးနေကြပါတယ်။
“ တူနာငါးတွေပြန်ဖမ်းတဲ့စိတ်ကူးဟာ အလွန်ကောင်းပါတယ်။ လူတွေ အလုပ်ပိုရလာမယ်။ အခြားဒေသတွင်းက စီးပွား ရေးလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေမယ်။ တူနာဟာ ဈေးကောင်းရလို့ ဝင်ငွေတွေကောင်းလာမယ်” လို့ သင်္ဘာမာလိန်မှူးတစ်ဦးဖြစ်တဲ့ အမ်နတ်ဂျိုအေကော်က ပြောပါတယ်။
ကိုဗစ်ကပ်ဘေးမတိုင်ခင်က ဖူးကက်စီးပွားရေးဟာ ခရီးသွားလုပ်ငန်းကို လုံးလုံလျားလျားနီးပါး မှီခိုထားရတာပါ။ ဖူးကက်ဟာ နိုင်ငံတကာနှင့်ပြည်တွင်းခရီးသွားဝင်ငွေတွေရဲ့ ၉၅ ရာခိုင်နှုန်းရရှိနေတာပါ။ ဒါပေမယ့် (၂)နှစ်တာကာလအတွင်း ခရီးသွား မရှိသလောက်ဖြစ်ခဲ့ပြီး ရာပေါင်းများစွာသော လုပ်ငန်းတွေ ဖူးကက်မှာရပ်တန့်ခဲ့ရပါတယ်။
အဲဒီအခြေအနေကိုပြောင်းလဲပစ်ဖို့အတွက် ဖူးကက်ဟာ အစားအသောက်ကောင်းချက်ပြုတ်ခြင်း၊ပညာရေး၊လှေဆိပ်၊ ကျန်းမာရေး၊အားကစား၊စမတ်စီတီးနှင့် တူနာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
“ဖူးကက်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အရင်က ခရီးသွားလုပ်ငန်းကိုပဲ အာရုံထားခဲ့တယ်။ ကျွန်တော်တို့ ကျွန်းမှာ လုပ်လို့ရတာတွေအများကြီးပဲ။ အခုအစီအစဉ်က ကျွန်တော်တို့ကို အရင်ထက်ပိုပြီး သန်မာအားကောင်းစေလာလိမ့်မယ်” လို့ ဖူးကက် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ သန်နူဆက် ဖွန်ဒက်ကပြောပါတယ်။
Source CMG
#LocalNews
Published_ 29 March 2022
စင်ကာပူနိုင်ငံတွင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၁၇ ဦးအား ကယ်ဆယ်ရေး လေယာဉ်ဖြင့် မနေ့က ရန်ကုန်မြို့သို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား မတ် ၂၈ ရက်၊ တနင်္လာနေ့၊ ဒေသစံတော်ချိန် ၁၂နာရီခွဲတွင် (၉၇) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံမှရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတို လာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ် ပြန်ကြသူများ အပါအဝင် စုစုပေါင်း ၁၁၇ ဦး လိုက်ပါသွားခဲ့ပါတယ်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး အတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_29 March 2022
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်နေကြတဲ့ အထောက်အထားမဲ့ မြန်မာတွေ အဖမ်းခံရတာတွေ တောက်လျှောက် ရှိလာနေတဲ့အတွက် အများစုက တရားဝင်လမ်းကြောင်းကနေ သွားချင်လာကြပါပြီ။
#Yangon_Media_Group
#LocalNews
Published_29 March 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြန်မာနိုင်ငံအနှံ့သို့ ပြေးဆွဲနေကြသည့် ခရီးသည်တင်ယာဉ်လိုင်းများ ဈေးတက်နေကြပြီ ဖြစ်ကြောင်း သိရသည်။
"အရင်က ရန်ကုန်ကနေ သံတွဲတောင်ကုတ်ကိုသွားတယ်ဆိုရင် လေအိတ်ကား တစ်ယောက်ကို နှစ်သောင်းခွဲကနေ ခုဆိုရင် သုံးသောင်းခွဲပါ။ကားဂိတ်တွေအားလုံးလိုလို ဈေးတက်ပါတယ်။ လက်မှတ်တွေကိုလည်း ဧပြီလ ပထမပတ်မှာ ပြန်မယ်ဆိုရင် အခုကတည်းက ကြိုဝယ်ရတာ ပါ"ဟု ရခိုင်ပြည်နယ်သို့ ပြန်မည့်ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသောကြောင့် အဝေးပြေးယာဉ်စီးနင်းခကို ဈေးတိုးကောက်ခံခြင်း ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းများက သိရသည်။
"မကိုက်ဘူးလေဗျာ။ကျွန်တော်တို့က ခရီးသည်တွေကို ငဲ့ကွက်ပြီးတော့ ပြေးဆွဲပေးနေတာပါ။တကယ်တမ်းကတော့ ဆီဈေးတက်တာ အားလုံး သိတဲ့အတိုင်း ၊ မပြေးဆွဲဘဲ ရပ်ပစ်လိုက်ဖို့ အထိ စဉ်းစားနေကြသူတွေအများကြီးပါ။ဒါပေမယ့်လည်း ခရီးသွားတွေအဆင်ပြေအောင်လို့ ပါ ခင်ဗျာ"ဟု အဝေးပြေးယာဉ်လိုင်းလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူက ပြောသည်။
သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် အဝေးပြေး ယာဉ်လိုင်းခများ တိုးမြှင့်ကောက်ခံသည်ကို တိုင်ကြားသူရှိပါက အရေးယူမည်ဟု မီဒီယာများကို ထုတ်ပြန်ပေးထားသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလ နေရပ်ပြန်ကြသူများရှိသောကြောင့် အဝေးပြေးယာဉ်လိုင်းများတွင် ပုံမှန်ကာလ ထက် စီးနင်းသူ များပြားကာ လက်မှတ်ဝယ်ယူသူများလည်း အလွန်များပြားကြောင်း ၊သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလ နောက်ပိုင်းတွင် ခရီးသွားများ သိသိသာသာလျော့ကျခဲ့ကြောင်း သိရသည်။
အဝေးပြေး ယာဉ်လိုင်းတွေကို သင်္ကြန်မတိုင်မီ ကာလနှင့် သင်္ကြန်ပြီးကာလအတွင်း နေရပ်ပြန်ကြမည့်ခရီးသည်အပေါ်ကြည့်၍ ပြေးဆွဲပေးမည် ဖြစ်ရာသင်္ကြန်ပိတ်ရက်တွင် အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှုနည်းပါးမည် ဖြစ်ကြောင်း၊လက်ရှိတွင် အဝေးပြေးယာဉ်လိုင်း ၁၉၀ မှ ယာဉ်အစီးရေ ၄၉၉ စီးဖြင့် ခရီးသည် ၆၀၀၀ ခန့်ကို နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 29 March 2022
အိန္ဒိယနိုင်ငံမှ မြန်မာမတ်ပဲနှင့် ပဲစဉ်းငုံတင်သွင်းခွင့်ကို ၂၀၂၃ခုနှစ် မတ်လအထိ တစ်နှစ်ထပ်တိုးသတ်မှတ်လိုက်တယ်လို့ ATC ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာမတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို ယခုနှစ် မတ်လအထိသာ နောက်ဆုံးလို သတ်မှတ်ထားရာကနေ နောက်နှစ် မတ်လအထိ ထပ်တိုးသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
“ လာမယ့်နှစ် ၂၀၂၃ မတ်လအထိ တစ်နှစ်ထပ်တိုးလိုက်တာပေါ့။ အိန္ဒိယနိုင်ငံဘက်က သူတို့ ငွေကြေးဖေါင်းပွတာနဲ့ ရင်ဆိုင်နေရတာရယ်၊ နောက်တစ်ချက်က ပဲဈေးကွက်ကို ထိန်းချင်တာလည်းပါတယ်။ ပမာဏအကန့်အသတ်မရှိဆိုပြီး သတ်မှတ်လိုက်တာ။ အဲဒါကြောင့် သူတို့ ပြည်တွင်းဈေးကို ထိန်းလိုက်သလို ဖြစ်သွားတယ်။ သူတို့ ပြည်တွင်းမှာ ဈေးအများကြီး သိပ်မတက်တော့ဘူးပေါ့” လို့ ဧရာကုန်သွယ်မှု ဗဟိုဌာန ဦးနေဝင်းစိုးက YMG ကို ပြောပါတယ်။
လက်ရှိ ပြည်တွင်း မတ်ပဲဈေးကွက်မှာ ၂၀ ပိဿာ တစ်အိတ်ကို ၅၀၀၀၀ ဝန်းကျင်းမှာ ဈေးရရှိနေပြီး မြန်မာနိုင်ငံက အဓိကတင်သွင်းနေတဲ့ အိန္ဒိယနိုင်ငံက ပဲတင်သွင်းခွင့် တစ်နှစ်ထက်တိုးလိုက်တဲ့အတွက် ပြည်တွင်း ပဲဈေးကွက်အခြေအနေမှာ အေးသွားနိုင်တယ်လို့ ဦးနေဝင်းစိုးက သုံးသပ်ပါတယ်။
“ ကျွန်တော်တို့ပြည်တွင်းဈေးကွက်မှာလည်း အိန္ဒိယကို အေးဆေးလည်းတင်သွင်းလို့ ရပြီး တစ်နှစ်လောက်အချိန်ရပြီ ဆိုတော့ ပဲက အလုအယက်ဝယ်စရာမလိုတော့ဘူး ဆိုတော့ ပဲဈေးက နည်းနည်းတော့ ပြန်အေးသွားနိုင်တယ်။ ဒါ့ပေမယ့် လက်တလော အခြေအနေပဲ ပြန်အေးသွားနိုင်တာ၊ မြန်မာနိုင်ငံက ကုန်ဈေးနှုန်း အားလုံးဟာ ရွှေဈေး၊ ဒေါ်လာဈေး၊ မြန်မာငွေကြေး ဈေးနှုန်းပေါ်မှာ မူတည်နေတာဆိုတော့ အများကြီးတော့ မကျနိုင်ဘူး ပြန်တော့ ဈေးပြန်တက်နိုင်တယ်” လို့ ဦးနေဝင်းစိုးက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ အိန္ဒိယနိုင်ငံကို မတ်ပဲ တန်ချိန် ၂ ဒဿမ ၅ သိန်းနဲ့ ပဲစဉ်းငုံ တန်ချိန် ၁ သိန်းကို တင်ပို့ရောင်းချသွားဖို့ လက်မှတ်ရေးထိုးထားပါတယ်။
ymg/ei
#LocalNews
Published -29 Mar 2022
၂၀၂၂ခုနှစ် သင်္ကြန်ကာလမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကို ရန်ကုန်မှာ ကျင်းပသွားမှာမဟုတ်သော်လည်း ရခိုင်ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်ခြင်းပွဲတော်ကို ကျင်းပသွားမယ်လို့ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအသင်း (ရန်ကုန်) ကသိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 29 March 2022
ရှစ်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုက အ ရေအတွက် နှစ်ထောင်ကျော်ရှိလာတယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတွင် ဖော်ပြခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ ရှစ်လတာကာလအကြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) ရဲ့ နယ်မြေတွေမှာ တပ်မတော်နဲ့ EAOs တွေရဲ့ အကြားတိုက်ပွဲ အကြိမ်ရေ( ၂,၁၉၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။
တိုက်ပွဲတွေဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက EAOs နယ်မြေတွေမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
အဲ့ဒီအထဲကမှ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ နယ်မြေ အတွင်းမှာတော့ (၁,၇၇၅)ကြိမ်ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ယခုမတ်လ ၁၉ ရက်နေ့ကလည်း KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက ကွီးလားကျေးရွာနဲ့ တကက်ပူကျေးရွာတို့တွင် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ တပ်မတော်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမိုကျယ်ပြန့်လာခဲ့သလို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်း တပ်မ တော်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့ကာ မြေပြင်အခြေအနေမှာတော့ အခုဖော်ပြတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်မယ်လို့ ဆိုပါတယ်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရှမ်းပြည်နယ် အတွင်းမှာလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်နဲ့ ပင်လုံမြို့နယ်တို့ မှာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ် မတ် ၁ ရက် ကနေ ၂၀ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနှုန်းကတော့ သိသိသာသာကို လျော့နည်းလာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတွင် ဖော်ပြထားပါတယ်။
Photo - RCSS/SSA
ymg/kg
#Yangon_Media_Group
Page 1595 of 1686