#Local_New
Published_18 November 2022

 

ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ပြန်လွှတ်သည့်ကိစ္စတွင် နိုင်ငံရေးအပေးအယူကြောင့် မဟုတ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

 

“နိုင်ငံရေးအပေးအယူအတွက် ဖမ်းထားတာမဟုတ်ဘူး။ လုပ်စရာလည်းအကြောင်းမရှိဘူး။ ဘာအပေးအယူမှ မမျှော်လင့်ထားဘူး။ ပြစ်မှုကျူးလွန်လို့ ဖမ်းထားခြင်းဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ ဆိုင်းဘုတ်တွေကိုင်ပြီး ရှေ့ဆုံးကနေ ဆန္ဒပြတာ၊ လိုက်နာရမယ့် လဝက ဥပဒေတွေကို မလိုက်နာတာ ဒါကြောင့် ပြစ်မှုဆိုင်ရာဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ဖမ်းထားသူတွေကို လွှတ်ပေးဖို့သက်ဆိုင်ရာနိုင်ငံတွေက တောင်းဆိုတာရှိတယ်။ ဂျပန်ဆိုရင် လွှတ်တော်အမတ်တစ်ယောက် ရောက်လာတုန်းက တောင်းဆိုခဲ့တယ်။ လဝက ဥပဒေ ကိစ္စဆိုရင် သူတို့လည်း ဒါတွေကို သိပြီးသားပါ ”ဟု ယင်းကပြောသည်။

 

နိုဝင်ဘာလ ၁၇ ရက်တွင် နစက မှ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား ကူဘိုတာ၊ ဩစတေးလျနိုင်ငံသား ရှောင်တာနဲလ် ၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဗိုးမန်း၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့သည်။

 

အဆိုပါ နိုင်ငံခြားသားတွေကို လွှတ်ပေးခြင်းသည် ဘာနိုင်ငံရေးအပေးအယူအတွက်မှမဟုတ်ဘဲ ပြစ်မှုဆိုင်ရာ ပုဒ်မတွေကြောင့်သာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

#ymg/sth
#Yangon_Media_Group