#Local_News
Published_ 10 December 2022
မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်မဝင် ပုံမှန်အားဖြင့်လာမည့်ဇွန်၊ ဇူလိုင်လလောက်တွင် သိရမည်ဖြစ်သော်လည်း လတ်တလောအချိန်အထိယူနက်စကိုကစစ်ဆေးရေးအဖွဲ့များမလာရောက်သေးဘူးဟုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲမှသိရသည်၊၊
မြန်မာနိုင်ငံအနေဖြင့်မြောက်ဦးဒေသကို ယူနက်စကို၏ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အဆိုပြုလွှာတင်သွင်းထားခြင်းဖြစ်သည်၊၊
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းထားသည့်အခြေအနေနှင့်လက်ရှိအခြေအနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ ညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက"ဆရာတို့က မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ အဆိုပြုလွှာတွေ အားလုံးတင်သွင်းပြီးဖြစ်ပါတယ်၊၊ ၂၀၂၂ခုနှစ်ဇွန်၊ ဇူလိုင်လတုန်းက ယူနက်စကိုက ကမ္ဘာအမွေအနှစ်ဒေသဆိုင်ရာအစည်းအဝေးနဲ့ဆုံးဖြတ်ချက်တွေ မကျင်းပနိုင်ခဲ့တဲ့အတွက်အခု၂၀၂၃ခုနှစ်ဇွန်၊ ဇူလိုင်လမှာ ကျင်းပမယ့်အစည်းအဝေးဆုံးဖြတ်ချက်တွေအရသိရမှာဖြစ်ပါတယ်၊၊
ဒါပေမယ့် အခုချိန်အထိယူနက်စကိုက အကြောင်းကြားတာ၊ စစ်ဆေးရေးအဖွဲ့တွေစေလွှတ်တာတွေမရှိသေးပါဘူး"ဟု YMGကိုပြောသည်၊၊
လတ်တလောအခြေအနေအထိ မြောက်ဦးဒေသနှင့်ပတ်သက်၍ယူနက်စကိုက အကြောင်းကြားခြင်း၊စစ်ဆေးရေးအဖွဲ့များစေလွှတ်ခြင်း၊ပြန်လည်ပြင်ဆင်ခိုင်းခြင်းမျိုးမရှိသေးဘူးဟု ဆိုသည်၊၊
ယခု ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာအမွေအနှစ်ဒေသဆိုင်ရာ အစည်းအဝေး မကျင်းပဖြစ်ပါက ၂၀၂၄ခုနှစ်ဇွန်၊ ဇူလိုင်လရောက်မှ မြောက်ဦးဒေသကမ္ဘာ့အမွေ အနှစ်စာရင်းဝင်မဝင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Military
Published 10 December 2022
ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး နေတိုး(NATO)နဲ့ ရုရှားကြားမှာပါ စစ်ပွဲဖြစ်ပွားလာမှာ စိုးရိမ်ရကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'က သောကြာနေ့ကအင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
"ယူကရိန်းမှာ စစ်ပွဲက ဆိုးရွားနေပြီး နေတိုးနဲ့ရုရှားစစ်ဖြစ်တဲ့ အခြေအနေအထိပါ ဖြစ်လာနိုင်ပါတယ်၊ ဒီလိုမျိုးမဖြစ်လာအောင် ကျွန်တော်တို့ နေ့စဉ်ကြိုးပမ်းနေကြပါတယ်၊ တကယ့်စစ်ပွဲကြီးဖြစ်လာပြီဆိုရင် ဥရောပကနိုင်ငံတွေပါ ပါဝင်လာမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
နေတိုးမဟာမိတ်တွေက ယူကရိန်းကို လက်နက်ထောက်ပံ့ပေးခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်း၊ စစ်ရေးသတင်းထောက်လှမ်းရေးများ ပံ့ပိုးပေးခြင်းတို့ပြုလုပ်ကာ ပဋိပက္ခပိုဆိုးလာအောင် ပြုလုပ်နေတယ်လို့ ရုရှားက အကြိမ်ကြိမ်စွပ်စွဲထားပါတယ်။
အမေရိကန်ကျင့်စဉ်ဖြစ်တဲ့ ရန်သူကိုအားနည်းအောင် ပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှုယူခြင်းနည်းလမ်းကို အသုံးချရန်စဉ်းစားနေကြောင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ဆိုပါတယ်။
ဟိုအရင်ကတည်းက အမေရိကန်တို့ဟာ ကမ္ဘာပေါ်က မည်သည့်ပစ်မှတ်မဆို တစ်နာရီအတွင်း ထိအောင်ပစ်ခတ်နိုင်တဲ့ လက်နက်မျိုးတီထွင်နေကြတာကို ရုရှားတို့က စိုးရိမ်နေကြပါတယ်။
ဒီလိုတိုက်ခိုက်မှုက ဗဟိုထိန်းချုပ်ရေးစင်တာကို ဖြတ်တောက်နိုင်စွမ်းရှိတယ်လို့ 'ပူတင်'က ဆိုပါတယ်။
အခုအချိန်မှာတော့ ရုရှားရဲ့တိကျနှုန်းမြင့်ပဲ့ထိန်းဒုံးကျည်တွေဟာ အမေရိကန်လက်နက်တွေထက် ပိုသာနေပြီး အမေရိကန်ကမသုံးဖူးတဲ့ အသံထက် ၅ ဆမြန်ဒုံးကျည်တွေလည်း ရှိနေပါပြီ။
သောကြာနေ့အထိ ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်း ရုရှားတို့တရားမဝင်သိမ်းပိုက်ထားတဲ့ ဒေသအများစုမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published-10 December 2022
ယခုလအတွင်း မကြာခင်ကျရောက်မည့် ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ် ပိတ်ရက်တွေအတွက် ပုဂံ-ညောင်ဦး ဟိုတယ်များ ကြိုတင်ဘွတ်ကင်မှာယူသူတွေများပြားနေကြောင်း ပုဂံဒေသရှိ ဟိုတယ်ဇုန်များမှ သိရသည်။
ပြည်တွင်းခရီးသွားများလာရောက်လည်ပတ်ကြမည်ဖြစ်သည့်အတွက် E-Bike အငှားလုပ်ငန်းများ ပိုမိုတွင်ကျယ်လာမည့်အပြင်၊ ခရီးသွားတွေကို အမှီပြုလည်ပတ်ရသည့် ဒေသခံတွေ၏ အရောင်းအဝယ်လုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ်လုပ်ငန်းများ အခွင့်အလမ်း ပြန်ရလာမည်ဖြစ်ကြောင်းသိရသည်။
ယခုနှစ်ခရီးသွားရာသီအစတွင် ပြည်ပခရီးသွားဧည့်သည်များ အဝင်နည်းနေသော်လည်း ပြည်တွင်းခရီးသွားများ လည်ပတ်မှုများပြားနေကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ကမ်းခြေနှင့် ပုဂံဒေသသို့ သွားရောက်လည်ပတ်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ပြည်ပကိုသွားသည့် ခရီးသွားဧည့်သည်များ ပိုများနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ပြည်တွင်းခရီးသွားလုပ်ငန်းများသည် ယခင်ထက် ၅၀ ရာခိုင်နှုန်းပြန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-10 December 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၇ ဦး ဒီဇင်ဘာလ ၉ ရက် တွင် ရနောင်းမြို့ကနေတစ်ဆင့် ကော့သောင်းမြို့ကို ပြန်လည်ဝင်ရောက်ခဲ့ကြပြီ ဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သိရသည်။
ပြည်တော်ပြန်ခဲ့ကြသည့် အရေအတွက်မှာ အမျိုးသမီး ၅၁ ဦးနှင့် အမျိုးသား ၁၃၆ ဦး ပါဝင်ကြောင်း၊ ယင်းတို့ကို ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူများက ပြန်ပို့ခဲ့ခြင်း ဖြစ်ပြီးကော့သောင်းမြို့ကိုရောက်လာချိန်တွင် ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ကာ သတ်မှတ်အသွားအလာစောင့်ကြည့်ရေးစင်တာများတွင် ထားရှိဦးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့အလုပ်သမားသံအရာရှိက နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပါက တရားဝင်နည်းလမ်းဖြင့်သာ ဝင်ရောက်ကြရန် ပြောကြားခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက YMG ကို ပြောသည်။
"ပြီးခဲ့တဲ့ နှစ်ကစပြီး ထိုင်းကို တရားမဝင်သွားတဲ့သူတွေ ပိုများလာခဲ့တာ၊ သွားရင်အဖမ်းခံရမယ်ဆိုတာ သိသိနဲ့စွန့်စားကြတယ်။ ဒါပေမဲ့ ဒီစွန့်စားမှုက အဆင်မပြေဘူးလေ၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးပြောပြပါတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းပါတယ်။ ပြဿနာ ဖြစ်ရင်တော့ ကိုယ့်နိုင်ငံသားတွေဆိုတဲ့ စိတ်နဲ့ကူညီရတာပဲလေ"ဟု အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 10 December 2022
အာလူးက လူအများထင်နေသလိုမျိုး ဆီးချိုရောဂါဖြစ်နိုင်ချေရှိတာ မဟုတ်သလို ကျန်းမာရေးနဲ့မညီညွတ်တာမျိုးလည်း မဟုတ်ပါဘူး။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အခြားသော အစားအစာများကြောင့်သာ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
အာလူးက ကမ္ဘာပေါ်မှာ အများဆုံးစားသောက်ဖြစ်တဲ့ အစားအစာတစ်ခုဖြစ်ပြီး စိုက်ပျိုးစားသုံးမှုအရကြည့်ရင် ပြောင်း၊ ဂျုံ၊ စပါးပြီးနောက် စတုတ္ထအများဆုံးကောက်ပဲသီးနှံဖြစ်ပါတယ်။
အာလူးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ကြော်လှော်ကာ စားသောက်ကြပါတယ်။
ဒါပေမဲ့ အာလူးကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်နေရတဲ့ အကြောင်းအရင်းကတော့ ကစီဓာတ်အမျိုးအစားဖြစ်ပြီး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတာကြောင့် ဖြစ်ပါတယ်။
ဒေါက်တာ'နီကိုလတ်စ်ဘွန်ဒွန်နို'ဦးဆောင်ပြီး အသီးအနှံများ၊ အာလူးနဲ့ ဆီးချိုပေါ်ပေါက်လာပုံတို့ပတ်သက်မှုကို လေ့လာခဲ့ကြပါတယ်။
ဟင်းသီးဟင်းရွက်အများစုက အာလူးထက်ပိုမိုကျန်းမာစေပြီး ဆီးချိုလျှော့ချနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ တွေ့ရပေမယ့် အာလူးစားပုံစားနည်းအရ ကွဲပြားသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အာလူးကြော်ဟာဆိုရင် ဆီးချိုဖြစ်နိုင်ချေများပေမယ့် အာလူးပြုတ်ဆိုရင်တော့ ဒီလိုမဖြစ်နိုင်ပါဘူး။
အာလူးကို ဆိုဒါ၊ အသားငါးတွေနဲ့ တွဲစားခြင်းက ဆီးချိုဖြစ်နိုင်ချေကို များစေပါတယ်။
အာလူးမှာ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်သလို ကာဗိုဟိုက်ဒရိတ်အားလုံးဟာလည်း ဆိုးကျိုးဖြစ်စေတာမဟုတ်ပါဘူး။
အာလူးကတော့ ကာဗိုဟိုက်ဒရိတ်အပြင် သတ္တုဓာတ်များ၊ ဗိုက်တာမင်များ၊ အမျှင်ဓာတ်၊ ပရိုတိန်းတို့ ပါဝင်ပါတယ်။
ဒါကြောင့် အာလူးနဲ့ပတ်သက်ပြီး ကျန်းမာရေးသက်ရောက်မှု အထင်လွဲမှားခြင်းတွေကို သိရှိထားဖို့ အရေးကြီးပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _ 10 december 2022
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ မန္တလေး - လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းက တွဲကားနှင့် ဒိုင်နာကားမျက်နှာချင်းဆိုင်တိုက်မိ၍ ဒိုင်နာကားမောင်းနှင်သူ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ နံနက်အစောပိုင်း ၅ နာရီ ၂၀ မိနစ်ခန့်က နောင်ချိုမြို့နယ်ရှိ မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် (၇၇/၃) နှင့် (၇၇/၄)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မန္တလေးဘက်မှ လားရှိုးဘက်သို့ ကြက်ခြင်းများတင်ဆောင်မောင်းနှင်လာသည့် ဒိုင်နာကားနှင့် လားရှိးဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် တွဲကားတို အခင်းဖြစ်ရာနေရာ၌ မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ ဒိုင်နာကားမောင်းသူဟာ ကားခေါင်းခန်းအတွင်းညပ်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် နောင်ချိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ ကယ်ဆယ်ခဲ့ကြသဖြင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် ဒိုင်နာကားမောင်းသူအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒိုင်နာကားမောင်းသူအား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangom_Media _Group
#Local_News
Published_ 10 December 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူ ၁၅၄ ဦးအား ကယ်ဆယ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု နစကမှ သတင်းထုတ်ပြန် ထားပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ) မှ လုံခြုံရေး စစ်ရေယာဉ်များသို့ သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းရလျင်ရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေယာဉ်(အနော်ရထာ)ကို စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတိုအား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေးမွေး ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့အနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်သော အဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒေါ့ကာစီ ဒုက္ခသည်စခန်းများမှဖြစ်ကာ နိုဝင်ဘာ ၂၇ ရက်တွင် စက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ထုတ်ပေးထားတဲ့ ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိ ကြောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် လှေအတွင်းသို့ ရေများဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ လှေပေါ်ပါသူအားလုံး အသက်ရှင်လျက်ရှိ ကြောင်း သိရှိရပါတယ်။
ယင်းတို့အား မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲ့စုံဖြင့် စစ်ဆေးမေးမြန်းမှုများဆောင်ရွက်ပြီးပါက စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစကမှ သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Cup
#Published 10 Dec 2022
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဘရာဇီးအသင်းဟာ ခရိုအေးရှားကို ပင်နယ်တီနှင့် ရှုံးခဲ့ပြီးနောက် ဘရာဇီးကစားသမား နေမာက သူ့အနေနှင့် ဘရာဇီးလက်ရွေးစင်အသင်းနှင့် ဆက်ကစားဖို့ မသေချာတော့ဘူးလို့ သောကြာနေ့က ပြောလိုက်ပါတယ်။
“ ရိုးရိုးသားသားပြောရရင်.. ကျွန်တော်မသိဘူး။ လက်ရှိခံစားနေရတဲ့အချိန်မှာ ပြောဖို့မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ပုံမှန်မစဉ်းစားနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ နေမာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဘာကိုမှအာမမခံနိုင်ဘူး၊ ဘာဆက်ဖြစ်မလဲစောင့်ကြည့်ကြတာပေါ့လို့လည်း သူကပြောပါတယ်။
“ ဒါကိုစဉ်းစားဖို့အချိန်လိုတယ်။ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလိုချင်နေသလဲစဉ်းစားရမယ်။ ဘရာဇီးနှင့်ကစားဖို့ တံခါးကိုပိတ်မချလိုက်သလို ပြန်လာကစားမယ်လို့လည်း ရာနှုန်းပြည့်မပြောနိုင်ဘူးလို့သူကပြောပါတယ်။
သူဟာ နိုင်ငံတကာကစားသမားဘဝကနေအနားယူမှာဖြစ်ပြီး ကလပ်အဆင့်လောက်မှာပဲ ဆက်ကစားဖို့ ရည်ရွယ်နေတယ်လို့ နေမာရဲ့ ကစားဖော် Dani Alves ကပြောပါတယ်။
Source Reuters
#World_Cup_2022
#Brazil_Croatia
#Neymar
#Yangon_Media_Group
#World_Health
Published 10 December 2022
ကလေးတွေညအိပ်တဲ့အခါ ပါးစပ်ကနေ အသက်မရှူအောင် နှုတ်ခမ်းမှာကပ်တဲ့တိပ်တွေနဲ့ ကလေးငယ်ရဲ့ဦးခေါင်းကို လိုချင်တဲ့ပုံစံအတိုင်းရရှိအောင် ပုံသွင်းတဲ့ခေါင်းဆောင်းတို့ကို ဆိုရှယ်မီဒီယာတွေကနေ ကြော်ငြာရောင်းချလျက်ရှိပါတယ်။
ဒါပေမဲ့ ဒီနည်းလမ်းတွေဟာ ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း ကျွမ်းကျင်သူများက သတိပေးလာကြပါတယ်။
ကလေးတွေအိပ်တဲ့အခါ နှုတ်ခမ်းဝမှာ တိပ်ကပ်ခြင်းဖြင့် သွားမညီညာခြင်း မဖြစ်စေတဲ့အပြင် မေးရိုးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတယ်လို့ ကလေးမိဘများယုံကြည်အောင် ကြော်ငြာနေကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အဆိုပါပစ္စည်းများအသုံးပြုခြင်းကနေ အဆင်မပြေမှုတစ်စုံတစ်ရာ မကြားရကြောင်း စင်္ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့(HSA)က ဆိုပါတယ်။
HSA ရဲ့ပြောကြားချက်အရ ပါးစပ်တိပ်တွေနဲ့ ဦးခေါင်းပုံသွင်းခေါင်းဆောင်းတွေဟာ ဘေးအန္တရာယ်နည်းပါးတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းများ (Class A)အဖြစ် သတ်မှတ်ထားသလို ကုန်ပစ္စည်းမှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ရထားပါတယ်။
ဒီပစ္စည်းတွေကို တင်သွင်းသူတွေနဲ့ လက္ကားရောင်းချသူတွေက သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရှိဖို့နဲ့ HSA ကို အသိပေးဖို့သာ လိုအပ်ပါတယ်။
ရောင်းချသူတွေ၊ ပစ္စည်းတွေရဲ့ စိတ်ချရမှုနဲ့ အရည်အသွေးတို့ စစ်မှန်ကြောင်းပြသဖို့ ခက်ခဲပြီး အင်တာနက်ရဲ့ကျယ်ပြန့်မှုတွေကြောင့် ဝယ်ယူသူများအနေနဲ့ ဆေးဆိုင်များဆေးခန်းများသာ ထိုပစ္စည်းများကိုဝယ်ယူသင့်ကြောင်း အကြုံပြုလိုတယ်လို့ HSA မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အွန်လိုင်းမှရောင်းချနေတဲ့ ဆေးပစ္စည်းများကို HSA က စစ်ဆေးသွားမှာဖြစ်ပြီး စည်းကမ်းချိုးဖောက်ထားတာမျိုး တွေ့ရှိပါက အရေးယူသွားမယ်လို့ဆိုပါတယ်။
"နှုတ်ခမ်းကပ်တဲ့တိပ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်၊ အချို့ကလေးတွေက နှာခေါင်းအသက်ရှူလမ်းကြောင်းပိတ်လို့ ပါးစပ်နဲ့အသက်ရှူရတာမျိုးရှိပါတယ်၊ ဒါကြောင့် ပါးစပ်ကနေအသက်ရှူရဖို့ အလွန်အရေးကြီးပါတယ်" လို့ ဒေါက်တာ'လူးဝစ္စတန်'က ပြောကြားလိုက်ပါတယ်။
အိပ်နေရင်း အောက်ဆီဂျင်ပြတ်လတ်တဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်စေပြီး အိုင်ကျူနဲ့ အထွေထွေကျန်းမာရေးတွေကိုပါ ထိခိုက်စေတယ်လို့ စင်္ကာပူကလေးဆေးခန်းမှ ဒေါက်တာ'ဝေါင်ချင်ခွန်'က ပြောပြသွားပါတယ်။
နောက်တစ်မျိုးကတော့ ကလေးငယ်များဦးခေါင်းပြားပုံပျက်ခြင်းကို တည့်မတ်ပေးတဲ့ ခေါင်းဆောင်းတွေပါ။
ကလေးငယ်များအနေနဲ့ ဒီခေါင်းဆောင်းကို တစ်နေ့ ၂၃ နာရီဖြင့် ၄ လအထိ ဝတ်ဆင်ပါက ဦးခေါင်းလုံးလုံးလေးဖြစ်စေမယ်လို့ တရုတ်မှပစ္စည်းရောင်းသူတွေက ဆိုပါတယ်။
တကယ်တော့ ဒီပစ္စည်းတွေက မွေးရာပါဦးခေါင်းပြားပုံပျက်တဲ့ကလေးတွေမှာတောင် အဆိုးဆုံးအခြေအနေကျမှ ဦးခေါင်းချုပ်ရိုးမပိတ်ခင်အချိန်အထိ အသုံးပြုတာဖြစ်တယ်လို့ ဒေါက်တာ'ဝေါင်'က ဆိုပါတယ်။
ဒီအတွက်လည်း ကလေးရဲ့ဦးခေါင်းပုံသဏ္ဍာန် အရွယ်အစားအလိုက် ခေါင်းဆောင်းကို ပြုလုပ်ရတာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေက အကြံကောင်းပေးသလို ကြော်ငြာကြပေမယ့် တစ်ခါတရံမှာ ကြည့်ရှုသူပိုများအောင်ကြံရွယ်တာဖြစ်တာကြောင့် ကလေးအထူးကုများနဲ့ ဆရာဝန်များကိုသာ ယုံကြည်သင့်ပါတယ်။
Source: CNA
#Yangon_Media_Group
#Local_News
Published_9 December 2022
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုဟာ ဆက်တိုက်လျော့ကျနေခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 9 December 2022
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတ်တြာရှိ ဆာဝါလန်တိုမြို့မှာ သောကြာနေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးခန့် မြေကြီးများဖြင့် ဖုံးအုပ်သွားပြီး အလောင်း(၉)လောင်းကိုတော့ ကယ်ဆယ်ရေးသမားတွေတွေ့ရှိရပါတယ်။
လူ(၄)ဦးကို အသက်ရှင်လျက်တွေ့ရှိရတယ်လို့လည်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
Source AFP
#Indonesia's_coal_mine _explosion
#Indonesia_Mine_Accident
#Sawah_Lunto
#World_Politics
Published 9 December 2022
အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်အတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာပြီး သူတို့ကို ကိုလိုနီပြုခဲ့သူတွေကိုကျော်လွန်ကာ စီးပွားရေးမှာ ပဉ္မမမြောက်အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပါတယ်။
#Yangon_Media_Group
Page 1231 of 1767