#Local_News
Published_23 June 2022
မလေးရှားထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများအား ဇွန်လ ၂၂ ရက်က မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ BELANTIK ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၂၉ ဦးတို့အား နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ယင်းအပြင် သံရုံးတာဝန်ရှိသူများအနေဖြင့် မလေးရှားနိုင်ငံ Melaca ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၄၆ ဦး ကို သွားရောက်စစ်ဆေးအားပေးမှုများ ပြုလုပ်၍ ထိန်းသိမ်းခံထားရတဲ့သူတွေထဲမှ အထောက်အထားပြည့်စုံသူများအား မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့နိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_23 June 2022
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာမှ နေပြည်တော်ထောင်သို့ ပြောင်းရွှေ့၍ သီးခြားထားရှိကြောင်း နစက က ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်မှာ သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေများအရ ထောင်သို့ပြောင်းရွှေ့ခဲ့တယ်ဆိုသည့် သတင်းမှာမှန်ကန်ကြောင်း၊ ထောင်အတွင်း သီးခြားထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးမှု အပတ်စဉ်ပြုလုပ်နေခြင်းဖြစ်ပြီး ဇွန်လတတိယပတ်ကစ၍ နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးသို့ ရွှေ့ပြောင်းကာရုံးထုတ်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုပေါင်း ၁၉ ခု ခန့်ရှိသည့်အနက် အမှုပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားရကြောင်း စွဲချက်တင်ခံထားရသည့်အမှုများနှင့် ရင်ဆိုင်နေရဆဲအမှုများ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 23 June 2022
၂၀၂၃ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံကျောင်းများနှင့် ပါရဂူဘွဲ့သင်တန်းသားများကို လျှောက်ထားရန် ခေါ်ယူနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဆေးပညာဘွဲ့လွန်သင်တန်းများကို လုပ်ငန်းခွင်ဝင်ရောက်သည့် လုပ်သက်ကန့်သတ်ချက်မထားဘဲ ခေါ်ယူသင်ကြားစေမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့လျှောက်ထားလိုသူများ အနေဖြင့် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက မိမိတက်ရောက်လိုသေ ာတက္ကသိုလ်များသို့ သြဂုတ်လ ၁၉ ရက်နောက်ဆုံးထား၍ ဘွဲ့လွန်သင်တန်းဝင်ခွင့်လျှောက်လွှာများ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးကျောင်းသားများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားခွင့်ပြုကြောင်းလည်း ကြေညာထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_23 June 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဒေါ်ဥမ္မာကျော်တို့ ပြန်ပေးဆွဲခံရသည့်နေရာမှ ပြန်လွတ်လာခဲ့ပြီ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကခေါ်ယူသွားပြန်ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၆ နာရီခန့်က ပြန်လွတ်လာခြင်းဖြစ်ပြီး မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် ဘင်္ဂလားဒေရှ်နိုင်ငံအစိုးက ပြန်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီပေးနေသူတစ်ဦးက YMG ကို ပြောသည်။
ပြန်ပေးဆွဲခံခဲ့ရသည့် ဆရာနှင့်ဆရာမတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် နတ်မြစ်ကမ်းခြေရှိ ခြံချောင်းရခိုင်ရွာအနီးတွင် ပြန်ပေးဆွဲသမားများက လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ခြံချောင်းကျေးရွာမှတစ်ဆင့် မောင်တော ငခူရဘက်သို့ ပြန်လာရန် စီစဉ်ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
"သူတို့ပြန်ပေးဆွဲခံထားရကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရွာကို ရောက်နေတာ၊ မနက်ကပြန်လွတ်လာပြီးတော့ အဲဒီနားက ရွာတစ်ရွာမှာ ရှိနေတုန်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေက ပြန်ခေါ်သွားတာ။ နှစ်နိုင်ငံအစိုးရအချင်းချင်း တောင်ပြိုလက်ဝဲမြို့အတွင်းက ငြိမ်းချမ်းရေးတံတားမှာ အခမ်းအနားနဲ့ အပ်နှံဖို့ လုပ်နေတယ်လို့ ကြားရပါတယ်"ဟု ယင်းကပြောသည်။
ပြန်ပေးဆွဲခံရသည့် ဆရာနှင့်ဆရာမတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တကာငွေ သိန်း ၃၀ နှင့် ညီမျှသည့် မြန်မာငွေ ကျပ် သိန်း ၆၀၀ ကို ပြန်ပေးဆွဲသမားများထံ လွှဲပေးခဲ့ရကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့နှစ်ဦး မောင်တောမြို့နယ် သင်္ဘောလှရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်လမ်းတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးအား ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅ဝ (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်)ဖြင့် ပြန်ရွေးရန်တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 23 June 2022
ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော် မြောက်ဘက်စောင်းတန်းထိပ်၊ ခြေတော်ရာ တန်ဆောင်းရှေ့တွင် သေသွားသည့် ထန်းပင်နေရာ၌ ထန်းပင်အသစ် အစားထိုးစိုက်ပျိုးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်က အနောက်တောင်ထောင့် (စနေထောင့်) အောက်ပစ္စယံပတ်လမ်း၊ မိုးညှင်းစံကျောင်းတိုက်ရှေ့ရှိ ထန်းပင်အသစ်တစ်ပင်ကို ရွှေတိဂုံ စေတီတော် ဝတ္တကအသင်းနှင့် ပူးပေါင်းတူးယူခဲ့ပြီး မိုးညှင်းစံကျောင်းတိုက်ရှေ့မှ ရင်ပြင်တော်ပေါ်သို့ မြောက်ဘက်စောင်းတန်း အရံလှေကားမှ ဝိုင်းဝန်းတင် ဆောင်ခဲ့ကြရာ ရင်ပြင်တော်ပေါ်သို့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန် ရင်ပြင်ပေါ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထန်းပင်အသစ်ကိုသေသွားသည့် ထန်းပင်နေရာ၌ လတ်တလောတွင် ယာယီထောင် မတ်ခဲ့ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#DailyNews
Published - 23 June 2022
၁။ သထုံ၊ ရွှေစာရံစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်
၂။ လူမှုကူညီကယ်ဆယ်ရေးအသင်းများ စက်သုံးဆီဈေးမတည်ငြိမ်မှုကြောင့် အခက်အခဲအချို့ရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘင်္ဂလာဒေ့ရှ်အထည်ချုပ်လုပ်ငန်း စီးပွားရေးတိုးတက်ခြင်း၏ အကျိုးဆက်မြစ်ရေများအဆိပ်သင့်ပျက်စီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 June 2022
မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် လာရောက်လည်ပတ်သူ ၆၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မေလမှ ဇွန်လ ၁၉ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ Tourist Visa ဖြင့် လာရောက်လည်ပတ်သူဦးရေ ၆၀၆ ဦးရှိပြီး ဇွန်လတွင်လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်ကစ၍ Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း မေလ ၂၄ ရက်တွင် စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှနှင့် အာရှနိုင်ငံတို့မှ လာရောက်မှုအများဆုံးဖြစ်ပြီး အနောက်နိုင်ငံအချို့မှလည်း ဝင်ရောက်လည်ပတ်မှုရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်မှ စတင်ဆင်းသက်ခွင့်ပြုခဲ့ကြောင်း၊ လက်ရှိတွင် ခရီးသွားလုပ်ငန်းရှင်အချို့ပြန်လည်ပတ်နေသော်လည်း အခက်အခဲများစွာရှိနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 23 June 2022
ယခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ပါဝင်ခြင်းမရှိသေးသည့် ရိုးရာခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ရေးအတွက် ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုစသည့်နိုင်ငံများကို အဓိကထားစည်းရုံးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်က သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၊ ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းတွင် ရိုးရာခြင်းလုံး အားကစားနည်း၌ ဆုရရှိခဲ့သည့်အတွက် ၎င်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွင်း ရိုးရာခြင်းလုံးအား ကစားနည်းကို ထည့်သွင်းကျင်းပရန် စိတ်ဝင်စားမှုရှိနေကြောင်းလည်း သိရသည်။
ရိုးရာခြင်းလုံး အားကစားနည်းနှင့် နီးစပ်မှုရှိသည့် ထိုင်းနှင့် လာအိုနိုင်ငံများတွင်လည်း သွားရောက်ကာ ပြိုင်ပွဲတွင် ရိုးရာခြင်းလုံးအားကစားနည်း ထည့်သွင်းကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက တာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ်ကျင်းပခဲ့သော ၂၀၁၃ ခုနှစ် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းနှင့် ၂၀၁၇ ခုနှစ် ၂၉ ကြိမ် မြောက် မလေးရှားဆီးဂိမ်းများတွင် ရိုးရာခြင်းလုံး အားကစား နည်းပါဝင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းနှင့် ၂၀၂၂ ခုနှစ် ၃၁ ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#WorldPolitics
Published 23 June 2022
ဘူလ်ဂေးရီးယားအစိုးရနဲ့ ဝန်ကြီးချုပ်တို့ကို အယုံအကြည်မရှိ အဆိုအောင်မြင်သွားပြီး ဘူလ်ဂေးရီးယားအစိုးရပြုတ်ကျကာ ဝန်ကြီးချုပ်'ကီရဲလ်ပက်ကော့ဗ်'တို့ကို ဗုဒ္ဓဟူးနေ့မှာ ရာထူးမှဆင်းပေးလိုက်ရပါတယ်။
ဘူလ်ဂေးရီးယားအစိုးရနဲ့ ဝန်ကြီးချုပ်တို့ဟာ ရုရှားကိုဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထူးခြားစွာ ရပ်တည်ခဲ့ပြီး အကျင့်ဖျက်ခြစားမှုကို တိုက်ဖျက်ဖို့ ကတိပြုထားသူတွေဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ လလောက်ကမှ အာဏာရလာတဲ့အစိုးရအဖွဲ့ဟာ နိုင်ငံတော်အသုံးစရိတ်ကိစ္စနဲ့ မြောက်မက်ဆီဒိုးနီးယားရဲ့ အီးယူဝင်ရောက်ခွင့်ကိုခွင့်ပြုပေးသင့်/မပေးသင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ၁၂၃ မဲ - ၁၁၆ မဲဖြင့်ရှုံးနိမ့်ခဲ့ပြီး ဥပဒေရေးရာအတိုက်အခံ လွှတ်တော်အမတ်များက လက်ရှိအစိုးရကို ဖြုတ်ချခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်ထဲက အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားမှာ ငွေကြေးဖောင်းပွမှုကိုထိန်းညှိရန် အစိုးရက ဘဏ္ဍာရေးနဲ့စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။
ဘူလ်ဂေးရီးယားက အခုဆိုရင် ၂၀၂၁ ဧပြီနောက်ပိုင်း စတုတ္ထအကြိမ်မြောက်အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရဖွယ်ရှိနေပြီး ၂၀၂၄ ခုနှစ်မှာ ယူရိုငွေလက်ခံကျင့်သုံးရေး အစီအစဉ်များနဲ့ အီးယူပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ယူရိုငွေသန်းပေါင်းများစွာ လက်လွှတ်ရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ဝန်ကြီးချုပ်'ပက်ကော့ဗ်'က "ဒီမဲခွဲဆုံးဖြတ်မှုက ရှေ့လျှောက်ရမယ့်အစီအစဉ်တွေအများကြီးထဲကမှ အစိတ်အပိုင်းလေးတစ်ခုသာဖြစ်ပါတယ်၊ သူတို့နားမလည်နိုင်တာက ဒီလိုဆုံးဖြတ်လိုက်လို့ ဘူလ်ဂေးရီးယား ပြည်သူတွေရဲ့ ထောက်ခံမှုရရှိလာမှာမဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိ 'ပက်ကော့ဗ်'ဟာ ဟားဗတ်ဘွဲ့ရတစ်ဦးဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံဟာ အရင်တုန်းက ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးအစဉ်အလာရှိထားတဲ့နိုင်ငံဖြစ်ပေမယ့် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် 'ပက်ကော့ဗ်'ဟာ ဘူလ်ဂေးရီးယားအနေနဲ့ ဥရောပနဲ့ နေတိုးအဖွဲ့ကို ထောက်ခံတဲ့ သဘောမျိုးပြသခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအပေါ် စစ်ပွဲလို့သတ်မှတ်ဖို့ကို ငြင်းပယ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ဖေဖော်ဝါရီလတုန်းက 'ပက်ကော့ဗ်'က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
'ပက်ကော့ဗ်'ဟာ ရုရှားကိုဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ အီးယူဆုံးဖြတ်များအပေါ်ထောက်ခံအားပေးခဲ့တဲ့အပြင် ယူကရိန်းမှ အကြီးစားစစ်ယန္တရားများကို ပြုပြင်ဖို့လည်း သဘောတူညီခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံဟာ ရုရှားဓာတ်ငွေ့ကို အလုံးစုံနီးပါး မှီခိုနေခဲ့ရပြီး ရုရှားတောင်းဆိုထားတဲ့အတိုင်း ရုရှားငွေရူဘယ်လ်ဖြင့် ဝယ်ယူဖို့ငြင်းဆန်ခဲ့ရာ ရုရှားကဓာတ်ငွေ့ပေးပိုမှု ရပ်ဆိုင်းလိုက်ပါတယ်။
ဒါကြောင့်နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ရရှိစေရန် ကြိုးပမ်းခဲ့ကြပေမယ့် နောက်ဆက်တွဲနိုင်ငံရေးပြဿနာများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ပင်စင်လစာတိုးဖို့နဲ့ အစားအစာ လောင်စာဈေးနှုန်းများမြှင့်တက်လာတာနဲ့အမျှ အိမ်ထောင်စုများကိုထောက်ပံ့ဖို့အတွက် အသုံးစရိတ်ပြုပြင်ပြောင်းလဲရေး မူကြမ်းကို လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးဖို့မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ်'အက်ဆန်ဗက်ဆီလက်ဗ်'က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိအာဏာရအဖွဲ့ကို ဆန့်ကျင်ဖို့ ဝန်ကြီးချုပ်ဟောင်း'ဘွိုင်ကိုဘော်ရီဆော့ဗ်'ရဲ့ GERB ပါတီက အဆိုပြုခဲ့တာဖြစ်ပြီး စီးပွားရေးပြဿနာများနဲ့ ယူကရိန်းစစ်ပွဲကြောင့် ကွဲပြားနေတဲ့ ရုရှားထောက်ခံရေး ပါတီများအနေနဲ့ မဲခွဲဆန္ဒပြုခြင်းတွေကနေ အကျိုးအမြတ်ရလာနိုင်ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 23 June 2022
ဆမ်ဆောင်းရဲ့ အချို့သော စမတ်ဖုန်းတွေမှာ ရေစိုခံ water-resistance လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်ပြီး အထင်မှားစေအောင် ကြေညာခဲ့တာတွေကြောင့် ဩစတြေလျမှာရှိတဲ့ ဆမ်ဆောင်းအီလက်ထရွန်နစ် ပြည်တွင်းဌာနကို ဩစတြေလျဒေါ်လာ၁၄သန်း( အမေရိကန်ဒေါ်လာ၉.၆၅သန်း) ဒဏ်ငွေပေးဆောင်ဖို့ ဩစတြေလျရဲ့ တရားရုံးတစ်ခုက အမိန့်ချလိုက်တယ်လို့ နိုင်ငံရဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ဇွန် ၂၃ရက်က ပြောလိုက်ပါတယ်။
ဆမ်ဆောင်းဩစတြေလျဟာ ယင်းရဲ့ အချို့သော ဂလက်ဆီဖုန်းတွေမှာ ရေစိုခံ water-resistance အဆင့်နှင့်ပတ်သက်လို့ ဝယ်သူတွေ အထင်မှားစေအောင်လုပ်ခဲ့တယ်လို့ ဩစတြေလျယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးအဖွဲ့(ACCC) က ပြောပါတယ်။ ၂၀၁၉ ဇူလိုင်မှာ အဲဒီအဖွဲ့က ကုမ္ပဏီကို ပထမဆုံးတရားစွဲခဲ့တာဖြစ်ပါတယ်။
၂၀၁၆ခုနှစ် မတ်လကနေ ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်း ကုမ္ပဏီဟာ စတိုးဆိုင်တွေနှင့် ဆိုရှယ်မီဒီယာ ကြော်ငြာတွေမှာ အဲဒီဖုန်းတွေကို ရေကူးကန်ထဲ ဒါမှမဟုတ် ပင်လယ်ရေထဲမှာ အသုံးပြုနိုင်တယ်လို့ အခိုင်အမာရေးသားပြောဆိုခဲ့တာပါလို့ အဖွဲ့ကပြောပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာ အသုံးပြုသူတွေထံမှ တိုင်တန်းမှု ရာပေါင်းများစွာရရှိခဲ့ပြီး ဖုန်းတွေဟာ ရေနှင့်ထိတွေ့ပြီးနောက် လုပ်ဆောင်မှုတွေ ပုံမှန်အလုပ်မလုပ်တော့တာ လုံးဝအလုပ်မလုပ်တော့တာတွေဖြ်ခဲ့တယ်လို့ တိုင်တန်းသူတွေက ပြောခဲ့ကြပါတယ်။
“ဒီဂလက်ဆီဖုန်းတွေအတွက် ရောင်းချရာမှာ အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်။ ဝယ်သူတော်တော်များများဟာ ဖုန်းအသစ်တစ်လုံးကို ဝယ်ဖို့မဆုံးဖြတ်ခင် အဲဒီအထင်မှားစေတဲ့ ကြေညာကြောင့် ဝယ်ဖြစ်သွားကြတယ်” လို့ အဖွဲ့ကပြောပါတယ်။
ဆမ်ဆောင်းဆီက အဲဒါနှင့်ပတ်သက်လို့ချက်ခြင်းတုန့်ပြန်မှုမရသေးပါလို့ ရိုက်တာကရေးပါတယ်။
Source: Reuters
#LocalNews
Published - 23 June 2022
မိုင်းဖုန်းဆရာတော်ကြီး ဇွန်လိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းတွင်အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ညနေ(၅)နာရီတွင် အများပူဇော်နိုင်ရန် မိုင်းကျက်အောက်ဂူကို ကြွမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒကသူရဲ့ လူမှုကွန်ရက်အကောင့် Sao Su Kham တွင် ဖော်ပြထားသည်၊၊
မိုင်းဖုန်းဆရာတော်၏ နောက်ဆက်တွဲ စာတိုလေး တစ်ခုကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒကဘာသာပြန်ပြီး လူမှုကွန်ရက်မှာဖော်ပြထား ခြင်းဖြစ်သည်၊၊
မိုင်းဖုန်းဆရာတော်၏စာတွင်"ဇွန်လိုင်လ ၃၁ ရက်နေ့ အဓိဋ္ဌာန်ထွက်ပါမယ်။ နမ့်ဟူးရေထွက်မှာ ဆံတော်ကို ချပါမယ်။ နမ့်ဆင်မ်ရဲ့ တစ်ဘက်ကမ်း စံကျောင်းငယ်မှာ နေ့ဆွမ်းဘုဉ်းပေးပါမယ်။
(၃၁၊ ၇၊ ၂၀၂၂) ညနေ ၅ နာရီအချိန်အများပူဇော်နိုင်ရန် မိုင်းကျက်အောက်ဂူကို ကြွပါမယ်။
ဆရာတော်အား ဂူထွက်ပင့်ဖို့ နံနက် ၇ နာရီအချိန် သံဃာတော် ၂၃ ပါး၊ ရွှေခေါင်းပေါင်းရ အမျိုးသားပုဂ္ဂိုလ် ၃၈ ယောက် အပေါ်ဂူသို ကြွပါရန်။
ဝေါယာဉ်ကို ဆွဲဖို့အတွက် ရွှေခေါင်းပေါင်းရ အမျိုးသားများ လက်ယာဘက်၊ ရွှေခေါင်းပေါင်းရ အမျိုးသမီးများ လက်ဝဲဘက်မှ တစ်ယောက်ကို တစ်လံစီအကွာနေ၍ ဝေါယာဉ်ကို ဆွဲရန်။
သံဃာတော်များ ဝေါယာဉ်ရှေ့မှ ကြွပါရန်။
မိုင်းကျက်အောက်ဂူတွင် ၅ ရက် သီတင်းသုံးအပူဇော်ခံပြီးမှ မိုင်းဖုန်းကို ကြွပါမည်။
ဒုတိယဝါကို ဘယ်နေရာဝါဆိုမလဲ မဆုံးဖြတ်ရသေးပါ။
အရညဝါသီမိုင်းဖုန်းဆရာတော်၏စာကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ ဘာသာပြန်ပေးသည်"ဟုဖော်ပြပါရှိသည်၊၊
မိုင်းကျက်အောက်ဂူတွင် (၅) ရက်သီတင်းသုံးအပူဇော်ခံပြီးမှ မိုင်းဖုန်းကို ကြွရောက်မည်ဖြစ်ကြောင်းလည်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 22 June 2022
၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း၌ အထည်ချုပ်စက်ရုံများ လစဉ်တိုးဖွင့်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အထည်ချုပ်စက်ရုံများတွင် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် လစဉ်အထည်ချုပ်စက်ရုံအသစ် ငါးရုံဖွင့်လှစ်၍ အလုပ်အကိုင် ငါးသိန်းခန့် ဖန်တီးပေးထားကြောင်း သိရသည်။
အဆိုပါ စက်ရုံအသစ်များ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် မေလတွင် လုပ်သားနှစ်သောင်းကျော် အလုပ်အကိုင်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။
"လာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေမှာ အထည်ချုပ်စက်ရုံက အများဆုံး ပါဝင်ပါတယ်"ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရပြီး အလုပ်လက်မဲ့များဖြစ်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အလုပ်ကိုင်ရှားပါးနေမှုကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်သူများရှိနေပြီး အစိုးရကလည်း တရားဝင် လုပ်သားစေလွှတ်မှုများ ရှိနေကြောင်းလည်းသိရသည်။
ymg/sth
#Yangon_Media_Group
Page 1234 of 1467