#LocalNews
Published_19 July 2022
တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၅၀ ဦးအား ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ယင်းတို့အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ခြင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း အလုပ်သမားရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
photo-M E , Seoul
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 July 2022
ကမ္ဘာ့ရွှေစျေးထက် ပြည်တွင်းရွှေစျေးမြင့်တက်နေရခြင်းမှာ ပြည်တွင်းဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ရွှေစျေးတွက်တဲ့နေရာမှာ ကမ္ဘာ့ရွှေစျေးနှုန်းရယ်၊ ပြည်တွင်းဒေါ်လာစျေးရယ်၊ နယ်စပ်ကငွေလဲနှုန်းတွေရဲ့ ရောင်းလိုအားဝယ်လိုအားကိုကြည့်ပြီး ရွှေစျေးငြိမ်အောင်လုပ်ရတာပေါ့။ အခု ပြည်တွင်းဒေါ်လာစျေးကတအားတတ်နေတာ။ တနေ့ကို ၁၀ တတ်လိုက် ၂၀ တတ်လိုက်နဲ့၊ ပြည်တွင်းဒေါ်လာစျေးတတ်လို့ တတ်နေတာ"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
လက်ရှိတွင် ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ကျပ် ၂၃၀၀ နဲ့ ၂၄၀၀ ကြားအထိ မြင့်တက်လာကြောင်း၊ယခုရက်ပိုင်းအတွင်းဗဟိုဘဏ်မှ ထုတ်ပြန်လာသည့် နိုင်ငံခြားငွေကြေးမူဝါဒဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် ပြင်ပငွေလဲစျေးကွက်မှာ တဒေါ်လာကို ၂၂၀၀ ၀န်းကျင်ငြိမ်နေရာမှ ဒေါ်လာငွေလဲနှုန်းသည် ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်ရွှေစျေးနှုန်းမှာ သိန်း ၂၀ ခြောက်သောင်းရှိနေပြီး ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၇၁၈ ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးထက်မြင့်တက်နေခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_19 July 2022
ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO၊ INGO အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ရခိုင်မြောက်ပိုင်း မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွားလိုပါက လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက သိရသည်။
ရခိုင်ဒေသအတွင်းဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းကူညီစာနာထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ခရီးသွားလာခြင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကစ၍ ယာယီကန့်သတ်လိုက်ကြောင်း၊ယင်းမှာ လုံခြုံရေးအရဖြစ်ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
"နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသတွင်းအဖွဲ့အစည်းတွေထဲမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး တိမ်းချော်သွားရင် နယ်လုံဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ဆိုရင် တာဝန်ယူမှာပေါ့ ။ဒါကြောင့် သွားမယ်ဆိုရင် ဘယ်အဖွဲ့ကပဲဖြစ်ဖြစ် နယ်လုံကို စာတင်ရတယ်။ လက်ရှိ လုံခြုံရေးအနေအထားအရပေါ့။ခွင့်ပြုတဲ့နေရာရှိပေမယ့် ခွင့်မပြုတဲ့နေရာလည်း ရှိတယ်။အဓိက လုပ်နေတာက နယ်လုံဝန်ကြီးပါ" ဟု ယင်းကဆိုသည်။
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)က စားနပ်ရိက္ခာ ထောက်ပံ့မှုများ ၊ ကြက်ခြေနီအဖွဲ့များ၏ ကူညီရေးလုပ်ငန်းများ ရှိနေကြောင်း၊လက်ရှိတွင် အဆိုပါလုပ်ငန်းများ ယာယီရပ်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 July 2022
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်းကြောင့် အလုပ်အကိုင်ရှာဖွေပေးနေသည့် အေဂျင်စီအချို့ လုပ်ငန်းရပ်ဆိုင်းမှုများရှိလာကြောင်း အလုပ်သမားရေးရာဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက်မှာ ၇၁ ခုရှိပြီး ယခင်နှစ်ထက်အေဂျင်စီ ၁၂ ခုလျော့နည်းသွားကြောင်း သိရသည်။
ယင်းအပြင် ရပ်နားထားသည့် အေဂျင်စီအများစုသည် အလုပ်အကိုင်ရှာဖွေရခက်ခဲလာခြင်း၊ စည်းကမ်းသတ်မှတ်ချက်များ မလိုက်နာနိုင်သည့်အတွက် လိုင်စင်ပိတ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ စီးပွားရေးကျပ်တည်းမှုကြောင့် လုပ်ငန်းအများစု လုပ်ငန်းမတိုးချဲ့ နိုင်သည့်အတွက် လုပ်သားအသစ်ခေါ်ယူမှုလျော့နည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်သူများပြားလာပြီး တရားမဝင်သွားရောက်သူများလည်းရှိနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 19 July 2022
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေကို လေဖိအားမြင့်ပတ်ဝန်းကျင်မှာ သန့်စင်တဲ့အောက်ဆီဂျင်ရှူခိုင်းခြင်းဖြင့် အခြေအနေတိုးတက်လာနိုင်ဖွယ်ရှိကြောင်း အစ္စရေးလ်လေ့လာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
သုတေသီတွေက အနည်းဆုံး ၃ လတိုင်အောင် ကိုဗစ်နောက်ဆက်တွဲဝေဒနာခံစားနေရသူ ၇၃ ဦးကို လေဖိအားမြင့်နေရာမှာ အောက်ဆီဂျင်ပေးခြင်း (HBOT) ကုသနည်းဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
ထိုလူနာတွေကို ပုံမှန်ထက်အောက်ဆီဂျင်ပိုရစေရန် ပုံမှန်လေဖိအားထက် ၂ ဆ ၃ ဆပိုများတဲ့ အခန်းထဲမှာ အောက်ဆီဂျင်ရှူသွင်းခြင်းမျိုးကို အကြိမ် ၄၀ ခန့်ပြုလုပ်ခိုင်းခဲ့ပါတယ်။
နောက်ဆုံးကုသမှု အကြိမ်ပြီးဆုံးနောက်ခဏအကြာမှာပဲ HBOT ကုသနည်းခံယူတဲ့ လူတွေဟာ ကုသမှုမခံယူတဲ့လူတွေထက် ဝေဒနာလက္ခဏာခံစားရမှုအပိုင်းတွေမှာ သိသိသာသာတိုးတက်လာကြောင်း အင်္ဂါနေ့က Scientific Reports မှာ ဖော်ပြထားပါတယ်။
လက္ခဏာခံစားရမှုသက်သာလာခြင်းက ဦးနှောက်တည်ဆောက်ပုံနဲ့လုပ်ဆောင်ပုံရဲ့ သံလိုက်ပဲ့တင်ရိုက်ခတ်မှုအထောက်အထားတွေနဲ့ ဆက်စပ်နေပြီး ဦးနှောက်သို့ အောက်ဆီဂျင်ပါဝင်မှုများတဲ့ သွေးတွေကို ပိုဆောင်ပေးကြောင်း ဖော်ပြထားပါတယ်။
HBOT နည်းလမ်းက ဒဏ်ရာကောင်းစွာ မသက်သာတဲ့အနေအထားမှာ အသုံးပြုလေ့ရှိပြီး ဦးနှောက်ထိခိုက်ဒဏ်ရာအတွက် ကုသနည်းအဖြစ်လည်း မကြာသေးမီကမှ စမ်းသပ်ခဲ့ပေမယ့် ကိုဗစ်နောက်ဆက်တွဲဝေဒနာအတွက်ကတော့ ပထမဆုံးစမ်းသပ်မှုဖြစ်ပါတယ်။ တွေ့ရှိမှုများကို အတည်ပြုနိုင်ဖို့နဲ့ အသုံးပြုနိုင်မယ့်လူနာအမျိုးအစားတွေကို သိရှိဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း သုတေသီတွေပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published - 19 July 2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျကြိုးတံတားပေါ်တွင် ယနေ့ နံနက်ပိုင်း၌ YBS ၆၁ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း၊ လတ်တလောအခြေအနေအရ ကားဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ခန့်မှန်းရကြောင်း အင်းစိန်မြို့နယ်ရှိ ပရဟိတအသင်းမှ ပြောကြားထားသည်။
မီးလောင်မှုမှာ ယနေ့မနက် ၇ နာရီခွဲခန့်မှ စတင်လောင်ခဲ့ခြင်းဖြစ်ပြီး ၇ နာရီ ၅၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ymg/sth
#Yangon_Media_Group
ဗိုလ်ချုပ်အောင်ဆန်းက အကယ်၍များ လုံခြုံရေးအစောင့်တစ်ယောက်လောက်ထားရင် (ရှောင်ဖို့တိမ်းဖို့)အချိန်ရသွားတဲ့အတွက် တော်တော်များများ အခုလိုကျဆုံးမှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် ခုနလိုပစ်ပြီးတာတောင် ဝန်ကြီးနှစ်ပါးကိုမထိတဲ့အတွက် အဲဒီ့ဝန်ကြီးနှစ်ပါးလွတ်သွားတယ်၊၊ဒေါက်တာမင်းမြင့်(အတွင်းဝန်ဦးအုန်းမောင်၏သား)
#Yangon_Media_Group
#Health_Tips
Published 19 July 2022
ကျန်းမာနေတဲ့သူပဲဖြစ်ဖြစ် ဝေဒနာခံစားနေရသူပဲဖြစ်ဖြစ် ကျန်းမာရေးထိန်းသိမ်းတဲ့နေရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ မိမိပြုလုပ်နေတဲ့လေ့ကျင့်ခန်းက ကောင်းကျိုးသက်ရောက်မှုရှိစေရန်အတွက်ဆိုရင် ကိုယ့်ရဲ့လိုအပ်တဲ့လေ့ကျင့်မှု အကန့်အသတ်အထိသာ ပြုလုပ်သင့်ပြီး ဆိုးကျိုးတွေ ဝန်ပိမလာစေဖို့ကလည်း အရေးကြီးပါတယ်။
ကောင်းကျိုးဆိုးကျိုးကြား ညီတူမျှတူဖြစ်ဖို့ကလည်း လွယ်တော့မလွယ်ကူပါဘူး။
ဥပမာအားဖြင့် အလုံပိတ်အားကစားခန်းမတွေမှာဆိုရင် ရောဂါပိုးကူးစက် လွယ်တတ်ပါတယ်။
အထူးသဖြင့် အခုလို ကိုဗစ်ကပ်ရောဂါကာလမှာ အားကစားခန်းမလိုနေရာမျိုးတွေက ရောဂါပျံ့နှံကူးစက်ရာနေရာကြီး ဖြစ်လာတတ်ပါတယ်။
အလုံပိတ်အခန်းတွေထဲက လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ ရှူထုတ်လိုက်တဲ့ အမှုန်အမွှားတွေထဲမှာ ရောဂါဖြစ်စေတဲ့အရာတွေ ပါဝင်တတ်ပါတယ်။
အချက်အလက်များအရ ငြိမ်သက်နေတဲ့လူတစ်ယောက်က ပျမ်းမျှအားဖြင့် တစ်မိနစ်ကို အမှုန်အမွှား ၅ လီတာမှ ၁၅ လီတာထုတ်လွှတ်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေကတော့ တစ်မိနစ်ကို အမှုန်အမွှား ၁၀၀ မှ ၂၀၀ လီတာကြား ထုတ်လွှတ်လေ့ရှိပါတယ်။
ဒီမတိုင်ခင်က လေ့ကျင့်ခန်းဘယ်လောက်ထိ ပြင်းထန်ခြင်းက အမှုန်အမွှားဘယ်လောက်အထိ ထုတ်လွှတ်နိုင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေသိရှိဖို့ ခက်ခဲနေခဲ့ပါတယ်။
ဂျာမနီမှ ဇီဝလှုပ်ရှားမှု၊ ရုပ်ပိုင်းလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အတူပူးပေါင်းပြီး ဆန်းသစ်တဲ့နည်းလမ်းတစ်ခုဖြင့် လေ့လာခဲ့ကြပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိုးက ကိုယ့်အတွက်အန္တရာယ်ရှိနိုင်လဲဆိုတာနဲ့ ကိုယ်ရွေးချယ်တဲ့ အမျိုးအစားပေါ်မူတည်ပြီး ဘယ်လိုသက်ရောက်မလဲဆိုတာကို ကောက်ချက်ချဖော်ထုတ်နိုင်ဖို့ ပညာရှင်များက ရှာဖွေခဲ့ကြပါတယ်။
အသက် ၁၈ နှစ်မှ ၄၀ ကြား ကျန်းမာသန်စွမ်းသူအစမ်းသပ်ခံတွေကို ခေါ်ယူခဲ့ပြီး အထူးစီမံထားတဲ့နှာခေါင်းစည်းအုပ်ကာ လေ့ကျင့်ခန်းပြုလုပ်ခိုင်းခဲ့ပါတယ်။
ရှူထုတ်လိုက်တဲ့ အရာတွေထဲက ပါလာတဲ့အမှုန်အမွှားတွေကို အဆိုရှင်ဖြင့်တိုင်းတာကာ လေ့ကျင့်ခန်းပြုလုပ်စဉ်အတွင်း ထွက်လာတဲ့ အမှုန်အမွှားပမာဏကို လေ့လာခဲ့ပါတယ်။
ပြင်းထန်မှုအဆင့်ကို လုံးဝရပ်နားထားတဲ့အဆင့်ကနေ အပြင်းထန်ဆုံး ခြေကုန်လက်ပန်းကျတဲ့အဆင့်အထိ ပြုလုပ်ခိုင်းခဲ့ရာ သာမန်ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမှာ အမှုန်အမွှားပမာဏက သိသိသာသာများလာခြင်းမရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် သာမန်အပေါ့စားပြေးလွှားခြင်း၊ သိပ်ပြီးအလေးမများတဲ့ ဝိတ်တုံးမြှောက်မခြင်း၊ စက်ဘီးစီးခြင်းတိုက သိပ်ပြီးရောဂါကူးစက်ပျံ့ပွားမှုမဖြစ်စေကြောင်း သုံးသပ်ခဲ့ကြပါတယ်။
ကိုယ်အလေးချိန်ချခြင်းမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့ အချိန်တိုအတွင်း ကယ်လိုရီများစွာလောင်ကျွမ်းပေမယ့် ပြင်းပြင်း ထန်ထန်လှုပ်ရှားခြင်း၊ ကြွက်သားလှုပ်ရှားမှုများခြင်းတို့က လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေထဲမှာ ရောဂါကူးစက်နိုင်ချေမြင့်မားပါတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် အမှုန်အမွှားပျံ့လွင့်ခြင်းမှကာကွယ်နိုင်ရန် ကာကွယ်ရေးနည်းလမ်းများ ပြုလုပ်ဖို့လိုအပ်ပါတယ်။
အားကစားခန်းမတွေမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်မယ့်နေရာတွေကို အခြားသူများလေ့ကျင့်ခန်းလုပ်တဲ့နေရာနဲ့ သီးခြားခွဲထားသင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 18 July 2022
လူ ထောင်ပေါင်းများစွာဟာ အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေကျွန်း ဘာလီကို စုဝေးရောက်ရှိနေကြပါတယ်။ သူတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခစ်ခစ်ရယ်မောရင်း ဆုတောင်းပေးကြတဲ့ ရယ်မော ယောဂ လို့အမည်ပေးထားတဲ့ လေ့ကျင့်ခန်းလာလုပ်ကြတာဖြစ်ပါတယ်။
ရယ်မော ယောဂကို ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်လောက် လုပ်လိုက်တာနဲ့ စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်ပြီး ခက်ခဲတဲ့ အချိန်မှာ လူတွေ အကောင်းမြင်နေထိုင်နိုင်အောင် ကူညီပေးပါတယ်လို့ “ရယ်မော ယောဂ” လှုပ်ရှားမှု တည်ထောင်သူ မာဒန်ကက်ထရီယာက ပြောပါတယ်။
“ရယ်မောခြင်းသည် အကောင်းဆုံးဆေးဖြစ်တယ်။ နေ့တိုင်းရယ်မောရင် ခင်ဗျားတို့ ပျော်ရွှင်ပြီး ကျန်းမာလာလိမ့်မယ်။ ပြီးတော့ လွယ်လွယ်နဲ့ မဖျားမနာတော့ဘူး” လို့ ၁၉၉၅ခုနှစ်မှာဒီလှုပ်ရှားမှဒကို စတင်တည်ထာင်ခဲ့တဲ့ အိန္ဒိယ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ဘာလီကျွန်းမှာတော့ ရယ်မော ယောဂ ကို ၂၀၀၈ခုနှစ်မှာစတင်ခဲ့တာပါ။ အခုဆို အပန်းဖြေကျွန်းတစ်ကျွန်းလုံးမှာ ဒီယောဂ ကို လိုက်စားသူပေါင်း တစ်သောင်း ခွဲကျော်ရှိနေပါပြီ။
၂၀၁၉ခုနှစ်တုန်းက လူပေါင်းတစ်သောင်းကျော်ဟာ ရယ်မော ယောဂကို ဟိန္ဒူတွေရဲ့ဘာလီကျွန်းမှာ ပါဝင်ဆင်နွှဲရင်း ပြည်တွင်း စံချိန်ချိုးခဲ့ပါတယ်။
ရှင်တို့ရယ်မောရင် ရှင်တို့ ခန္ဓာကိုယ်ထဲမှာ အများကြီးဖြစ်သွားးတယ်။ ဟိုမုန်းတွေ အများကြီးလှုပ်ရှားသွားတယ်။ ရှင်တို့ နေလို့ထိုင်လို့ပိုကောင်းသွားတယ်။ စိတ်သဘောတွေလည်းပိုကောင်းလာတယ်” လို့ ရယ်မောယောဂကို ဂျာမနီကနေ လာရောက်ဆင်နွှဲတဲ့ အယ်ကီဆက်ဆင်းကပြောပါတယ်။ သတင်းထောက်က ခင်ဗျားရယ်နိုင်သလာလို့မေးတော့ သူက အားပါးတရရယ်ပြနေပါတယ်။
ရယ်မောယောဂဟာ အပြောင်အပျက်တွေ၊ဟာသတွေမပါဘဲနှင့်လူတိုင်းရယ်မောနိုင်တဲ့ တစ်မူထူးတဲ့ အယူအဆတစ်ရပ် ဖြစ်တယ်။ရယ်မောတာကို လေ့ကျင့်ခန်းတစ်ခုအနေနှင့်ရယ်ကြတယ်။ ယောဂရဲ့ အသက်ရှုနည်းစနစ်ကိုပါ ပေါင်းစပ်ထားတယ်။အဲဒါကြောင့် အောက်ဆီဂျင်ပိုပြီးရလာပြီး ပိုကျန်းမာပျော်ရွှင်လာစေပါတယ်လို့လည်း ရယ်မေယောဂ လှုပ်ရှားမှုကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ မာဒန်ကတ်ထရီးယားကပြောပါတယ်။
ရယ်မောတဲ့အခါ ကိုယ်ခံအားက ပိုအားကောင်းလာတယ်။ လွယ်လွယ်နှင့်မဖျားတော့ဘဲ ကျန်းမာလာတယ်။ အခြားသူတွေနှင့်အတူ ရယ်မောရတော့ ပိုပြီးတော့ပျော်ရွှင်စရာကောင်းတယ်။ ဒီနေ့အစီအစဉ်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထူးအစီအစဉ်ဖြစ်တယ်လို့လည်း မာဒန်ကတ်ထရီးယားက ပြောပါတယ်။
ဒါဟာကျန်းမာရေးအတွက် အထူးသဖြင့် ရုပ်ရောစိတ်ရောအတွက်ဖြစ်တယ်။ ကျွန်မက အိမ်ထောင်ရှင်မတစ်ဦးပါ။ အိမ်မှာက ပြဿနာပေါင်းစုံလေ၊ ယောကျ်ားနှင့်ပြဿနာ၊အမေနှင့် ဒါမှမဟုတ် အခြားမိသားစုဝင်တွေနှင့်..။ အဲဒါကြောင့် ဒီယောဂက သိပ်ကို အထောက်အပံ့ဖြစ်စေတယ် လို့ ပါဝင်ဆင်နွှဲသူ လီလီဝါဒါနီကပြောပါတယ်။
အခုဆို ကျွန်မစိတ်တွေပွင့်ထွက်လာတယ်။ အလွန်ခက်ခဲတဲ့အခြေအနေမျိုးမှာတောင်ပေါ့။ အရာရာကို ပိုပြီးခံနိုင်ရည်ရှိလာတယ်၊ မိသားစုတွေနှင့်နေရထိုင်ရတဲ့ဘဝက ပိုသက်သောင့်သက်သာဖြစ်လာတယ် လို့လည်း ဝါဒါနီက ဆက်ပြောလိုက်ပါတယ်။
#Source_AFP
#Laughter_Yoga
#Laughter_Yoga_Mass_Session_Bali
#Indonesia_Bali
#WorldWildlife
Published 18 July 2022
သစ်တောထိန်းသိမ်းရေး တာဝန်ယူထားတဲ့'ဟွမ်အယ်ဗာရာဒို'ဟာ ပြီးခဲ့တဲ့ ၁၇ နှစ်လုံးလုံး အန္တရာယ်ရှိသတ္တဝါကို မျိုးသုဉ်းပျောက်ကွယ်ခြင်းမှကာကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်နေခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 July 2022
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိစက်ရုံများတွင်လုပ်ကိုင်ကြမည့် မြန်မာ MoU လုပ်သားများ ထပ်မံသွားရောက်ခွင့်ရကြောင်း အလုပ်သမားအေဂျင်စီများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်က အမျိုးသား ၅၅ဦး၊ အမျိုးသမီး ၂၉ဦး စုစုပေါင်း အလုပ်သမား ၈၄ ဦးအား ကော့သောင်း - ရနောင်း ရေလမ်းကြောင်းကနေ ထပ်မံစေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းတို့မှာ ဘန်ကောက်မြို့ ခြင်ဆေးခွေစက်ရုံ ၊ ရာဘာအရည်ထုတ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့်ခေါ်ယူသော အလုပ်သမားများထဲမှ ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်ခြမ်းသို့ ရေလမ်းဖြင့် ပြီးခဲ့သည့် မေလတွင် စတင်ဝင်ရောက်ခဲ့ရာ ဇူလိုင်လ ၁၈ ရက်ထိ (၁၁)ကြိမ်ရှိကာအလုပ်သမားဦးရေ ၁ဝ၁၄ ဦး ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 18 July 2022
၂၀၂၂ခုနှစ်ဇန်နဝါရီလမှ ဇွန်လအထိ ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ စုစုပေါင်းလျှပ်စစ်တင်သွင်းတင်ပို့သည့် ကုန်သွယ်မှုပမာဏပေါင်း (၁.၄၃)ဘီလီယံ kWh ရှိပြီး ယမန်နှစ်ကာလတူထက် (၅၉.၂၄)% မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊
၎င်းတို့အနက် တင်ပို့သည့်လျှပ်စစ်ပမာဏပေါင်း (၇၀၅)သန်း kWh ရှိပြီး ယမန်နှစ်ကာလတူထက် ၁ ဆတိုးတက်လာခဲ့ကြောင်းဖော်ပြထားသည်၊၊
တင်သွင်းသည့် လျှပ်စစ်ပမာဏပေါင်း (၇၂၆)သန်း kWh ရှိကာ ယမန်နှစ်ကာလတူထက် (၃၂.၆)% တိုးတက်လာခဲ့ခြင်းဖြစ်သည်၊၊
China Southern Power Grid Co., Ltdသည် ယူနန်ပြည်နယ်နှင့် ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံလျှပ်စစ်ကွန်ရက်တို့ အစိတ်အပိုင်းလိုက်အပြန်အလှန်ချိတ်ဆက်သော နိုင်ငံဖြတ်ကျော် လျှပ်စစ်ပို့လွှတ်သည့်လမ်းကြောင်းမှတစ်ဆင့် အနီးတဝိုက်နိုင်ငံများ၏ လျှပ်စစ်တင်သွင်းတင်ပို့မှု လိုအပ်ချက်ဖြည့်ဆည်းပေးကာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေဘဝ လျှပ်စစ်အသုံးပြုမှုကို ထောက်ပံ့ပေး၍ နိုင်ငံဖြတ်ကျော်လျှပ်စစ်ကုန်သွယ်ရေး တည်ငြိမ်စွာတိုးတက်လာမှုဖော်ဆောင်ပြီး အပြန်အလှန်ချိတ်ဆက်မှုအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုသည်၊၊
စာရင်းများအရ China Southern Power Grid Co., Ltd သည် ၂၀၁၄ ခုနှစ်တွင် မဲခေါင်မြစ်ဝှမ်းဒေသလျှပ်စစ်ကွန်ရက်များနှင့် ကုန်သွယ်ရေးစတင်လာကတည်းက ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံဖြတ်ကျော် လျှပ်စစ်ကုန်သွယ်မှုပမာဏပေါင်း ၆၅.၅ ဘီလီယံ kWh ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် သန့်ရှင်းစွမ်းအင်ပါဝင်မှုသည် ၉၀% ထက်ကျော်လွန်ပြီး သန့်ရှင်းစွမ်းအင် ဒေသဖြတ်ကျော်ကောင်းမွန်စွာခွဲဝေပေးမှုအား မြှင့်တင်လိုက်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1185 of 1467