#Local_News
Published_27 December 2022
အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုပမာဏဟာ တန်ချိန် ၁ သန်းနဲ့ ၆ သောင်း ၉ ထောင်ကျော်အထိ ရှိလာပြီး ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၉၁၇ ဒသမ ၆၉ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 27 December 2022
၁။ ပြည်ပ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁၇ ဒသမ ၆၉ သန်းရရှိထား
၂။ ပိတ်ရက်များတွင်ကျိုက်ထီးရိုးစေတီဖူးမြော်နိုင်ရန် တောင်တက်ကား(၁၅၀)ကျော်နှင့် ကေဘယ်များဖွင့်လှစ်ထားဟုဆို
၃။ YBS ယာဉ်လိုင်း ၁၅ လိုင်းတွင် CCTV ကင်မရာတပ်ဆင်ထားပြီးဟု YRTC ထုတ်ပြန်ထား
၄။ တစ်ရွာလုံးဝါးထည်ပစ္စည်းထုတ်လုပ်သည့် တရုတ်ရွာကလေး
ခရီးသွားတွေဆွဲဆောင်သည့်နေရာတစ်ခုအဖြစ် ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ရွှေစက်တော် မန်းချောင်းအတွင်းမှာ အပျော်စီးလှေ ခရီးစဉ် စတင်မယ် လို အဲဒီခရီးစဉ်ကို ဖော်ဆောင်မယ့် Power of Success ကုမ္ပဏီ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိစေရန် တစ်နိုင်ငံလုံးတွင် လူဦးရေစာရင်းကောက်ယူမှုလုပ်ငန်း စတင်တော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။
"ရွေးကောက်ပွဲအတွက် မြေပြင်မှာ စာရင်းကောက်တဲ့လုပ်ငန်းလုပ်မှာဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကောက်ယူတဲ့လုပ်ငန်းတွေ လုပ်မှာ၊ ရုံးပိတ်ရက်တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းကောက်ယူတဲ့လုပ်ငန်းတွေကို လုပ်သွားမှာပါ"ဟု အဆိုပါ ဌာန၏ တာဝန်ရှိသူက ပြောသည်။
စာရင်းကောက်ယူသည့် လုပ်ငန်းအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဖွဲ့စည်းထားသော မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက် ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နှင့် အခြားလူမှုရေးအသင်းအဖွဲ့များက ပါဝင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ ရွှေမုဌော ဘုရားနှင့် မြို့တော်ခန်းမအနီး အလျား ၁၁၁၅ ပေ၊ အနံ ပေ ၃၀၀ ရှိ ရန်ကင်းသာ ပန်းခြံသစ်တွင် အပန်းဖြေရန် သူလာရောက်လည်ပတ်မှုများ ရှိနေကြောင်း ပဲခူးဒေသခံများက ပြောသည်။
"ပြီးခဲ့တဲ့ ၅ ရက်လောက်က ဖွင့်တာ၊ ညဘက်တွေဆိုရင် ပိုလှပါတယ်။အဲဒီထဲမှာ မြက်ခင်းအလှတွေ ရှိတယ်၊ အရိပ်ရတဲ့ အပင်ကြီးတွေလည်း ရှိတယ်၊ အပန်းဖြေထိုင်ခုံတွေလည်း ရှိတယ်။ ဆိုင်ကယ်နဲ့လူသူတွေအတွက် ဆိုင်ကယ်ရပ်မယ့်နေရာတွေလည်း လုပ်ထားတယ်ဗျ၊လာလည်သူတွေ ရှိပါတယ်"ဟု ပဲခူးဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ပန်းခြံအတွင်းတွင် ၃၂ ပေ အမြင့် ဒိုင်နိုဆော ၊ ပေ ၂၀ အမြင့်ရှိ ဂေါ်ဇီလာ ရုပ်၊ ၆ ပေ ၃ လက်မ ရှိ ကာတွန်းရုပ် များလည်း တည်ဆောက်ထားကြောင်း၊ ပန်းခြံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ငွေ ၁၁၉ ဒသမ ၂၂ ၉ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့စာရင်းများအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး အနေဖြင့် လက်ရှိ ပန်းခြံများကိုအဆင့်မြှင့်ခြင်း ၊ ပြည်သူများ အပန်းဖြေရန်နေရာများ ဖော်ထုတ်သည့် လုပ်ငန်းလုပ်ကိုင်ခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_27 December 2022
တရုတ်နှစ်သစ်ကူးနီးလာသော်လည်း ဝယ်သူနည်းပါးခြင်းကြောင့် ဖရဲဈေးကွက်အရောင်းအဝယ် အေးနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိတွင် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအချိန်က နှစ်သစ်ကူးလည်းနီးလာပြီဆိုတော့ ဖရဲကလှိုင်လှိုင်သွားရမယ့်အချိန်။ အရောင်းအဝယ်ကောင်းနေရမှာပေါ့။ အခုဟာက ဈေးကွက်ကအေးနေတယ်။ ဖရဲကားအစီးရေ ၁၅ စီးဝန်းကျင်လောက်ပဲ ဝင်တော့တယ်။ ဝယ်လက်ကလည်းနည်းသွားတယ်”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 27 Dec 2022
အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) (H.R.7900) ကို ၂၃-၁၂-၂၀၂၂ ရက်တွင် အတည်ပြုခဲ့ရာ ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် “BURMA Act of 2022” အား ထည့်သွင်းခဲ့ခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အထက်ဖော်ပြပါ အက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ကြောင်း၊ ထို့ပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှု များသည် အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို အဘက်ဘက်မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက် ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာကန့်ကွက် ကြောင်း ဖော်ပြပါရှိသည့် သံတမန်စာကို ၁၃-၁၂-၂၀၂၂ ရက်တွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့ မှတစ်ဆင့် ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့ပြင် ဝါရှင်တန်မြို့ရှိ၊ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ၁၆-၁၂-၂၀၂၂ ရက် တွင် ဆက်သွယ်၍ ထပ်မံပြီး တရားဝင်ကန့်ကွက်ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူနိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn အား ၁၆-၁၂-၂၀၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)သို့ ဆင့်ခေါ်ယူတွေ့ဆုံ၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် သံတမန်စာ(မူရင်း)အား လက်ရောက်ပေးအပ်ခြင်းဖြင့် မြန်မာဘက်မှ တုံ့ပြန်မှုများ ပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန်အတွက် ရန်ကုန်မြို့၊ပြည်လမ်းကို ဇန်နဝါရီ(၂)ရက်နှင့် (၄)ရက်တွင် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်၊၊
ဇန်နဝါရီ(၂)ရက် မနက်ပိုင်းတွင် လွတ်လပ်ရေးနေ့အခမ်းအနားအတွက်အစမ်းလေ့ကျင့်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ(၄)ရက် မနက်(၄) နာရီ(၂၀)မိနစ်တွင် ပြည်သူ့ရင်ပြင်၌ကျင်းပမည်ဖြစ်ပြီးအခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကိုယာယီပိတ်ထားမည်ဖြစ်သည်၊၊
ပြည်လမ်းကို ယာယီပိတ်ထားမည်ဖြစ်၍ လမ်းပိတ်ထားစဉ်တွင် မြောက်မှတောင်သို့ မောင်းနှင်လာသည့်ယာဉ်များ မြေနီကုန်းမီးပွိုင့်တွင် ညာဘက်ချိုးပြီး အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ တောင်မှမြောက်သို့မောင်းနှင်လာသည့်ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းမှပြောင်းလဲမောင်းနှင်ကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအသိပေးနှိုးဆော်ထားကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Ukraine_Crisis
Published 27 December 2022
ရုရှားတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ယူကရိန်းတို့လက်နက်ချအရှုံးပေးရန်နှင့် ရုရှားရဲ့ကမ်းလှမ်းချက်များအတိုင်း ဖြည့်ဆည်းရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'က တနင်္လာနေ့မှာ ယူကရိန်းကို ရာဇသံပေးလိုက်ကာ ထိုကဲ့သို့လိုက်လျောခြင်းမရှိပါက ရုရှားစစ်တပ်က အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
ဒါဟာ ရုရှားသမ္မတ'ပူတင်'က ဆွေးနွေးဖို့အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ရာဇသံထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းမြို့တွေကို ဒုံးကျည်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် 'ပူတင်'ဆွေးနွေးမယ့်ကမ်းလှမ်းချက်ကို ယူကရိန်းနဲ့ အနောက်မဟာမိတ်နိုင်ငံများက ပယ်ချလိုက်ပါတယ်။
ယူကရိန်းတိုင်းပြည်ရဲ့ နယ်မြေ ၅ ပုံ ၁ ပုံကို ရုရှားသိမ်းပိုက်ထားခြင်းကိုလည်း ယူကရိန်းအနေနဲ့ အသိအမှတ်ပြုပေးဖို့ ရုရှားကဆက်ပြီးအလိုရှိနေပါတယ်။
ရုရှားတပ်တွေ မဆုတ်ခွာမချင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းဘက်က တုန့်ပြန်ထားပါတယ်။
"အာဏာရှင်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်တပ်ရှင်းလင်းရေးနဲ့ နာဇီဝါဒဖယ်ရှားရေး၊ ကျွန်ုပ်တို့ရဲ့ နယ်မြေအသစ်တွေမှာ ရုရှားလုံခြုံရေးကို ခြိမ်းခြောက်နေမှုအား ရှင်းလင်းရေး စတဲ့ကမ်းလှမ်းချက်များကို ရန်သူကိုအသိပေးလိုက်ပါပြီ" လို့ 'လက်ဗ်ရော့ဗ်'ရဲ့ပြောကြားချက်ကို ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီမှ ဖော်ပြခဲ့ပါတယ်။
"ဆိုလိုရင်းကတော့ ရှင်းရှင်းလေးပါ၊ ဆုံးရှုံးမှုနည်းပါးဖို့အတွက် ဒီအချက်အလက်တွေကို လိုက်နာပါ၊ မဟုတ်ရင်တော့ ရုရှားတပ်တွေက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။
ယူကရိန်း-ရုရှားစစ်ပွဲကာလ ၁၁ လကြာမြင့်တဲ့အချိန်မှာ ရုရှားတပ်များ အရှက်ရဖွယ်ဆုတ်ခွာခဲ့ကြရပြီး ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ ရုရှားတပ်များ အပြင်းအထန်တိုက်ခိုက်ခံနေရပါတယ်။
တနင်္လာနေ့က ယူကရိန်းဘက်ကလို့ယူဆရတဲ့ ဒရုန်းတစ်စင်းဟာ ရုရှားလေပိုင်နက်ကနေ ကီလိုမီတာရာချီ ဖောက်ထွင်းဝင်ရောက်လာပြီး ရုရှားရဲ့ဗျူဟာမြောက်ဗုံးကျဲလေတပ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုကြီးဖြစ်စေခဲ့ပါတယ်။
ယူကရိန်းအရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ရုရှားဗုံးကျဲလေယာဉ်အခြေစိုက်စခန်းဟာ ယူကရိန်းရှေ့တန်းကနေ မိုင်ပေါင်းရာချီကွာဝေးစွာ တည်ရှိနေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ လေယာဉ်တွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ခဲ့ပေမယ့် ရုရှားနဲ့ ယူကရိန်းဆိုရှယ်မီဒီယာအကောင့်တွေမှာတော့ လေယာဉ်အများအပြားပျက်စီးသွားတယ်လို့ ဖော်ပြနေကြပါတယ်။
ရုရှားတို့က ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လာရာ လူ ၉ သန်းခန့် လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေပါတယ်။
စစ်ပွဲကာလအတွင်း ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူသောင်းချီပြီး သေဆုံးခဲ့ကာ နှစ်ဖက်စလုံးမှ တပ်သားထောင်ဂဏန်းခန့်လည်း သေကြေထားပါတယ်။
ဒီအတွက်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရန်တပ်သားသိန်းဂဏန်းခန့်ကို ပထမဆုံးအနေနဲ့ 'ပူတင်'ကခေါ်ယူထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ မိုင်တိုင်အမှတ်(၁၃၆/၆)နှင့် (၁၃၆/၇)ကြားတွင် ခရီးသွားလိုက်ထရပ်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ အနီးရှိချောက်အတွင်းထိုးကျ တိမ်းမှောက်ခဲ့ရာ၊ ယာဉ်ပေါ်ပါ ခရီးသွား ၁၁ ဦးအနက် ၆ ဉီးဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ ဒီဇင်ဘာလ ၂၇ရက် နံနက် ၈နာရီ ၁၃မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခဲ့ရကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၆ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဉီးကို မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_27 December 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း ဖော်ပြချက်အတွင်း အမေရိကန်ဒေါ်လာ ပျမ်းမျှငွေလဲနှုန်းကို (၂၄၇၈) ကျပ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ဗဟိုဘဏ်ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် (၃,၀၀၀) ပတ်ချာလည် ဖြစ်ပေါ်နေချိန်တွင် စီးပွား၊ ကူးသန်းမှ ကျပ် (၂,၄၇၈) ဖြင့် ဈေးဖြတ်ပေးထားခြင်းဖြစ်သည်။
အဆိုပါ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည့် စားအုန်းဆီ တစ်ပိဿာအရင်းဈေး စရိတ်၊ ထပ်ဆောင်းအရောင်း ကုန်သွယ်အခွန်တို့ အပါအဝင် ကျပ် (၄၂၇၆) ဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ကျပ် (၄၃၆၀) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်လာစေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 27 December 2022
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဒီဇင်ဘာ(၂၆) ရက်က မီးရထားစက်ခေါင်းနှင့်မော်တော်ယာဉ်တိုက်မိပြီး ကားပေါ်ပါခရီးသည်(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဒီဇင်ဘာ(၂၆) ရက်ညနေ(၆)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာသို့သွားသော လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမှ ပုဂံသို့မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်ကြီးမှလက်ဝဲရွာသို့ သွားရောက်ရန် မောင်းနှင်လာသော HIAce အမျိုးအစား (အဖြူရောင်) ယာဉ်တို တိုက်မိခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၁ ဦး၊ အနက်ကျား (၂)၊ မ (၃) ပေါင်း (၅ )ဦး၊ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တိုအား ညောင်ဦးခရိုင် အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်၊၊
မီးရထားစက်ခေါင်းနှင့် ကားတိုက်မိချိန်တွင်ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့စခန်းမှ လူနာတင်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1183 of 1747