Published 11 October 2022
နောက်ထပ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ နှစ်မျိုးမှာ ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရပြန်တဲ့အတွက် စင်္ကာပူတွင် ပြန်လည် သိမ်းဆည်းနေကြောင်းနှင့် ယခုအခါ စားသုံးရန် အန္တရာယ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် အဆိုပါ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးရှိလာပြီဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။
နောက်ထပ် အက်သလင်းအောက်ဆိုက် တွေ့ရှိရတဲ့ Mie Sedaap အသင့်ခေါက်ဆွဲထုတ်ကုန်နှစ်မျိုးကတော့ Mie Sedaap's Kari Spesial အသင့်စားခေါက်ဆွဲခွက်အမျိုးအစားနှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲခွက် အမျိုးအစားတို့ဖြစ်ကြပါတယ်လို့ စင်္ကာပူ အစားအစာ အေဂျင်စီကပြောပါတယ်။
အင်ဒိုနီးရှားကုန်စုံဆိုင်ဖြစ်တဲ့ Indostop စင်္ကာပူစတိုးကို အဲဒီအမျိုးအစားနှစ်မျိုးကို ပြန်လည်သိမ်းဆည်းဖို့ အေဂျင်စီက ညွှန်ကြားခဲ့ပါတယ်။
အောက်တိုဘာ(၈)ရက်ကလည်း Mie Sedaap Soto flavour နှင့် Mie Sedaap Curry flavour အသင့်စားခေါက်ဆွဲထုတ် တွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
အဲဒီမတိုင်ခင် အောက်တိုဘာ (၆)ရက်က အဲဒီအမှတ်တံဆိပ်ထဲက Korean Spicy Soup နှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲနှစ်မျိုးကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
ပြန်လည်သိမ်းဆည်းထားတဲ့ အသင့်စားခေါက်ဆွဲတွေထဲက ငရုတ်သီးမှုန့်တွေထဲမှာ အက်သလင်းအောက်ဆိုက် ပါဝင်နေ တာ ဖြစ်တယ်လို့ သိရပါတယ်။
ထုတ်လုပ်တဲ့ PT Wings Surya ကုမ္ပဏီက Mie Sedaap အသင့်စားခေါက်ဆွဲတွေနှင့် ငရုတ်သီးမှုန့်တွေကို လက်လီဆိုင်တွေကနေ ပြန်လည်သိမ်းယူရာမှာ သွင်းကုန်လုပ်ငန်းရှင်တွေနှင့်အတူ လုပ်ဆောင်နေပါတယ်လို့ပြောပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေမှာ မသန့်တာတွေဖယ်ရှားနိုင်ဖို့ ဖော်စပ်နည်းကို ပြန်လည်ပြုပြင်မယ်လို့လည်း သူတို့ကပြောပါတယ်။
အက်သလင်းအောက်ဆိုက်ဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အစားအစာတွေမှာ သုံးဖို့ ခွင့်ပြုမထားပါဘူး။ အနည်းငယ်စားသုံးမိလို့ ချက်ခြင်းလက်ငင်း အကျိုးသက်ရောက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုင်ကို ရေရှည်စားသုံးမိရင် မျက်စေ့၊အရေပြား၊နှာခေါင်းနှင့်လည်ချောင်းဦအဆုပ်တို့မှာ မအီမသာဖြစ်စေနိုင်ပြီး ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီရဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
အက်သလင်းအောက်ဆိုက်နှင့် ထိတွေ့မိရင်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်လည်းရှိတယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုက်တွေ့ရှိလို့ စင်္ကာပူမှာပြန်လည်သိမ်းဆည်းရတဲ့ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးမှာ -
-Mie Sedaap Kari Spesial Instant Cup Noodles
- Mie Sedaap Korean Spicy Chicken Instant Cup Noodles
- Mie Sedaap Soto flavour instant noodles
- Mie Sedaap Curry flavour instant noodles
- Mie Sedaap Korean Spicy Chicken instant noodles
- Mie Sedaap Korean Spicy Soup instant noodles တို့ဖြစ်ကြပါတယ်။
Source Straits Times
#Mie_Sedaap
#Ethylene_oxide
#Singapore_SFA
Published 11 Oct 2022
ပြင်သစ်ရဲ့ ကြီးမားတဲ့ ရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ်လ်စွမ်းအင်ကုမ္ပဏီရဲ့ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ အတွက် ပြင်သစ်နိုင်ငံတစ်လွှားက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတွေ လက်ကျန်အတော်နည်းနေတဲ့ ပြဿနာနှင့် ရင်ဆိုင်နေကြရပါတယ်။
အစိုးရက စေ့စပ်ညှိနှိုင်းဖို့ပြောနေတဲ့ကြားထဲက တိုတယ်လ်ရဲ့ အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြနေကြတာဟာ ရက်သတ္တပတ် (၃)ပတ်ရှိပြီဖြစ်ပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ဆီဆိုင်တွေရဲ့ ၃၀ရာခိုင်နှုန်းခန့်ဟာ ဆီတွေအကုန်ပြတ်လပ်နေတာ ဒါမှမဟုတ် လောင်စာဆီ တစ်မျိုးမျိုး ပြတ်လတ်နေတာနှင့်ကြုံနေကြရပါတယ်။ အဲဒါကြောင့် ဆိုင်တွေမှာ ဆီလာထည့်တဲ့ ကားတန်းတွေဟာ အရှည်ကြီးဖြစ်နေပြီး ယာဉ်မောင်းတွေဟာ ကြံရာမရဖြစ်နေကြရပါတယ်။
လစာကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြနေကြသူတွေကို အလုပ်ပြန်ဆင်းကြဖို့ လစာကိစ္စဆွေးနွေးမယ်လို့ ကုမ္ပဏီက တနင်္ဂနွေနေ့က သဘောတူခဲ့လို့ ဆန္ဒပြတာတွေရပ်သွားနိုင်တယ်လို့တော့ မျှော်လင့်နေကြပါတယ်။
လောင်စာဆီဈေးနှုန်းတွေနှင့်ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေတာကြောင့် ပြင်သစ်အိမ်ထောင်စုတွေ ဝယ်လိုအားတွေဆုတ်ယုတ်နေချိန်မှာ ယခု ဓာတ်ဆီအကျပ်အတည်းထပ်မံပေါ်ပေါက်နေတာဖြစ်ပါတယ်။
Source AFP
#France_Petrol_Crisis
#France_Energy_Crisis
#TotalEnergies_Strikes
#World_Society
Published 11 October 2022
ဘိုလစ်ဗီယာနိုင်ငံ အယ်လ်အာလ်တိုရှိ လမ်းတစ်လမ်းမှာ အစ်ဆက်နဲ့ မီဂွယ်တာပိုတိုညီအစ်ကိုဟာ ပထမဆုံးစစ်တုရင်ပွဲကို ကစားနေခဲ့ကာ ကုန်သည်ကြီးတစ်ဦးက စောင့်ကြည့်ပေးခဲ့ပါတယ်။
#Yangon_Media_Group
Published 11 Oct 2022
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သုံးနှစ်ကြာမကျင်းပဖြစ်ခဲ့တဲ့ ပစိဖိတ်ဆာရီငါးပွဲတော်ကို တနင်္လာနေ့က ပြန်လည်ပြုလုပ်ခဲ့ပြီး အများပြည်သူကို ဆာရီငါး တစ်ထောင် အခမဲ့ပေးဝေခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ ပစိဖိတ်ဆာရီ ငါးဟင်းဟာ ဆောင်းဦးရာသီရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။
အရင်က ပွဲကျင်းပသူတွေဟာ ပွဲတော်အတွက် ပစိတ်ဖိတ်ဆာရီငါး အကောင်း ၅၀၀၀ ပြင်ဆင်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ငါးဖမ်ဆီးမိမှု ကျဆင်းတဲ့အတွက် ငါးပုံတစ်ပုံအထိလျော့ချခဲ့ကြရပါတယ်။
ပစိဖိတ်ဆာရီငါးဟာ ဈေးချိုပြီး အရည်အသွေးကောင်းတဲ့အတွက် ဂျပန်မှာ အများပြည်သူစားသုံးတဲ့ အစားအစာအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပင်လယ်ပတ်ဝန်းကျင်အပြောင်းအလဲတွေကြောင့် ဂျပန်နိုင်ငံရဲ့ ကမ်းခြေရေပြင်တွေဆီ ငါးတွေအဝင်လျော့နည်းလာခဲ့ပြီး ငါးဖမ်းဆီးရမိတွေ ဆက်လက်လျော့ကျလာခဲ့တာဖြစ်ပါတယ်။
ဟိုကိုင်းဒိုးငါးဖမ်းဆိပ်တစ်ခုမှာ ပစိဖိတ်ဆာရီငါးဖမ်းဆီးရမိဟာ မနှစ်ကထက် ၁၀ရာခိုင်နှုန်းပဲရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ် ဆောင်းဦးရာသီငါးဖမ်းရာသီမှာ မလုံလောက်မှုတွေရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ငါးဈေးတွေကြီးလာပြီး မနှစ်ကထက် နှစ်ဆပေး ဝယ်နေကြတယ်လို့ အချို့ပစိဖိတ်ဆာရီငါးစားသောက်ဆိုင်တွေကပြောပါတယ်။
ဂျပန်နိုင်ငံမှာ ဆာရီငါးဖမ်းဆီးရမိဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင် စံချိန်တင်ကျဆင်းခဲ့ရပါတယ်လို့ ငါးလုပ်ငန်းဌာနမှ သိရှိရပါတယ်။မြောက်ပစိဖိတ်မှာ ဒီနှစ်ဖမ်းဆီးရမိတာဟာ အများဆုံးဖမ်းနိုင်ခဲ့တာရဲ့ သုံးပုံတစ်ပုံပဲရှိတာမို့ ငါးဖမ်းဆီရရှိမှုတွေ ဆက်ပြီးနည်းနေဦးမှာဖြစ်ပါတယ်။
Source CCTV+
#Pacific_Saury_Festival
#Japan_Saury_Fishing
#DailyNews
Published _ 11 October 2022
၁။ ကြက်သွန်ဈေးငြိမ်နေပြီး အရောင်းအဝယ်အေးစက်နေဟုဆို
၂။ လူတစ်သိန်းတွင် တီဘီရောဂါရှိသူ(၁၁၅)ယောက်ရှိနိုင်သဖြင့် စီမံချက်ဖြင့် ရှာဖွေကုသပေးနေ
၃။ လယ်ယာထွက်ကုန်တင်ပို့မှုမှ ဒေါ်လာတစ်ဘီလီယံကျော်ရရှိထား
၄။ လက်ကိုင်ဖုန်းအသုံးပြုချိန်လျှော့ချနိုင်ရန် ဘိုလစ်ဗီယာနိုင်ငံမှ ကလေးများကို စစ်တုရင်သင်ပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 11 Oct 2022
ဂျပန်နိုင်ငံမှာ စတားလင့်ခ် Starlink အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်နေပြီလို့ အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့ စပေ့ရှ်အိတ်စ် SpaceXကုမ္ပဏီကကြေညာပါတယ်။
စတားလင့်ခ်ဟာ ဂျပန်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသတွေနှင့် အင်တာနက် မရတစ်ချက် ရတစ်ချက်ဖြစ်နေပြီး ဆက်သွယ်ရခက်ခဲတဲ့ ကျွန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။
စပေ့ရှ်အိတ်စ်က ယင်းရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာတာဖြစ်ပါတယ်။ တရားဝင်ဝက်ဆိုက်မှာပါတဲ့ အချက်အလက်တွေအရ စပေ့ရှ်အိတ်စ်အင်တာနက်ရဲ့ လစဉ်ကြေးဟာ ၈၄ ဒေါ်လာ ( ၁၂၃၀၀ ယန်း)ဖြစ်ပါတယ်။ အဲဒီအပြင် ဟာ့ဒ်ဝဲကုန်ကျစရိတ်ကလည်း ယန်းငွေ ၇၃၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။
စတားလင့်ခ်ဟာ ဂြိုဟ်တုကနေတစ်ဆင့် မြန်နှုန်းမြင့်ပြီး စောင့်ဆိုင်းချိန်နည်းပါးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ကို ဆောင်ရွက်ပေးနေပါတယ်။ ရုရှားတိုက်ခိုက်ပြီးကတည်းက ယူကရိန်းမှာ စတားလင့်ခ်ရဲ့ ဂြိုဟ်တုအင်တာနက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။
ဥရောပနှင့် အမေရိကန်အပြင် အာရှနှင့် အခြားဒေသတွေကိုပါ ဂြိုဟ်တုအင်တာနက်လုပ်ငန်းဝန်ဆောင်မှုပေးဖို့ စတင်းလင့်ခ်က စီစဉ်နေပါတယ်။
ဖိလစ်ပိုင်မှာ အစိုးရဟာ ယင်းရဲ့ အခမဲ့ ဝိုင်ဖိုင်အစီအစဉ်အတွက် စတားလင့်ခ်ကို စာရင်းသွင်းဖို့ စဉ်းစားနေပါတယ်။ စပေ့ရှ်အိတ်ခ်ဟာ ဒီဇင်ဘာနောက်ဆုံးထားပြီး စီးပွားဖြစ်လုပ်ငန်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ကုမ္ပဏီရဲ့ အစိုးရဆက်ဆံရေး အကြီးတန်းအရာရှိ ရီဘက်ကာဟန်တာကပြောပါတယ်။
Source: Nikkei Asia
#Starlink internet
#Japan_Internet
#Elon_Musk
#World_Health
Published 11 October 2022
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် အချို့လူတွေမှာ ခေါင်းကိုက်ခြင်းနဲ့ လက်မောင်းနာကျဉ်ခြင်းများ ဖြစ်လေ့ရှိပါတယ်။
အချို့ကတော့ မူးဝေခြင်း ဒါမှမဟုတ် အဖုအကျိတ်ထွက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
အခုဆိုရင် သုတေသနပြုချက်တစ်ခုမှာ ဖော်ပြရာ ကိုဗစ်ကာကွယ်ဆေးတွေရဲ့ နောက်ထပ်ဘေးထွက်ဆိုးကျိုးတစ်ခုက ဓမ္မတာစက်ဝန်းပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။
BMJ Medicine ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ရာမှာ ကာကွယ်ဆေးထိုးတဲ့အမျိုးသမီးတွေက မထိုးတဲ့သူတွေနဲ့ယှဉ်ရင် ဓမ္မတာတစ်ရက်နောက်ကျတာမျိုး ဖြစ်လေ့ရှိတယ်လို့ သုတေသီများ ဖော်ပြကြပါတယ်။
တစ်ခုရှိတာက ဒီပြောင်းလဲမှုက ယာယီသာဖြစ်တတ်တာပါ။
ကာကွယ်ဆေးထိုးပြီး ဓမ္မတာတစ်ကြိမ်လာပြီးချိန်မှာ ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။
လူပေါင်း ၂ သောင်းနီးပါးကို လေ့လာရာ ၁၄,၉၃၆ ဦးက ကာကွယ်ဆေးထိုးထားပြီး ၄,၆၈၆ ဦးကတော့ မထိုးထားပါဘူး။
ဓမ္မတာစက်ဝန်းပြောင်းလဲတာဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါ။
ဒီအတွက်တာဝန်ရှိတဲ့ ဟော်မုန်းတွေကို စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်၊ ကယ်လိုရီနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့က သက်ရောက်မှုရှိနေပါတယ်။
၈ ရက်ထက်မပိုဘဲ ဓမ္မတာအပြောင်းအလဲဖြစ်ခြင်းဟာ ပုံမှန်အခြေအနေအတွင်းရှိကြောင်း နိုင်ငံတကာသားဖွားနဲ့မီးယပ်အဖွဲ့က ပြောကြားထားပါတယ်။
ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးအပြီးမှာ ဓမ္မတာကာလက ၀.၇၁ ရက်ပိုရှည်ကြာသွားပြီး ဒုတိယအကြိမ်ထိုးအပြီးမှာတော့ ၀.၅၆ ရက် ပိုကြာလာပါတယ်။
ထိုစမ်းသပ်တဲ့အဖွဲ့ထဲမှာ လူ ၁၀၀ လောက်က ၈ ရက်နဲ့အထက်နောက်ကျခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးတစ်လအကြာ ပုံမှန်ပြန်ဖြစ်သွားတာကြောင့် သန္ဓေအောင်ခြင်းကိစ္စမှာ သက်ရောက်ခြင်းမရှိပါဘူး။
ခန္ဓာကိုယ်ရောဂါခုခံအားနဲ့ အခြားအစိတ်အပိုင်းများကြား မှားယွင်းပြီးလှုံ့ဆော်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုးမှာ ဒီလိုသက်ရောက်မှုမျိုးရှိနေနိုင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ဓမ္မတာပြောင်းလဲတာမျိုး၊ ခေါင်းကိုက်ဖျားနာတာမျိုးက ကာကွယ်ဆေးဘယ်လောက်အထိ အာနိသင်ရှိလဲဆိုတာကို ပြသတဲ့သဘောမဟုတ်ဘဲ အချို့လူတွေက ဟော်မုန်းအပြောင်းအလဲနဲ့ ရောဂါခုခံအားကို ပိုပြီးတုံ့ပြန်မိလို့ဖြစ်ပါတယ်။
ဓမ္မတာပြောင်းလဲခြင်းက သိသိသာသာပြောင်းလဲပြီး လနဲ့ချီကြာလာရင်တော့ သားဖွားမီးယပ်အထူးကုနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ ဒေါက်တာ'ကောဝက်စ်'က အသိပေးလိုက်ပါတယ်။
Source: CNA
#Yangon_Media_Group
Page 731 of 982