#Daily_News
Published_ 18 May 2023
၁။ ရခိုင်ဒေသရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လိုအပ်သောပစ္စည်းများကို ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့ အချို့ထံပေးပို့ လှူဒါန်းထားနိုင်
၂။ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသတို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်
၃။ တိုင်းရင်းသား ဂီတဖန်တီးမှုများ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေဟုဆို
၄။ ကီဘာယာဝတ်စုံကို ဒေသတွင်းယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံအချို့ ကြိုးပမ်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Asia_Politics
Published_ 18 May 2023
နိုင်ငံတော်မှ ဒေါ်လာဘီလီယံဝက်ကျော်ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် အကြီးတန်းအစိုးရဝန်ကြီးတစ်ဦးကို အင်ဒိုနီးရှားအာဏာပိုင်များက မေလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ယခုစွဲချက်တင်ခံရတဲ့ 'ဂျွန်နီဂျီပလိတ်'ဟာ သမ္မတ'ဂျိုကိုဝီဒိုဒို'အစိုးရလက်ထက်မှာ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံရတဲ့ ၅ ဦးမြောက်ဝန်ကြီးဖြစ်လာပါတယ်။
မကြာသေးမီ ၂၀၂၁ က လူမှုဝန်ကြီးနဲ့ ငါးမွေးမြူရေးဝန်ကြီးတို့ဟာလည်း အဂတိမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
ဂျွန်နီရဲ့ဝန်ကြီးဌာနက ကျေးရွာပေါင်းထောင်ချီဆီသို့ အင်တာနက်ရောက်ရှိစေရမယ်လို့ ၂၀၂၀ ကဆိုခဲ့ကာ ဆက်သွယ်ရေးတာဝါတိုင်ထောင်ချီတည်ဆောက်ရေးအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာများဝယ်ယူမှုမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဂျွန်နီကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ်ရုံး(AGO)က ပြောကြားခဲ့ပါတယ်။
ဂျွန်နီဟာ ဝန်ကြီးတစ်ဦးအနေနဲ့ အသုံးစရိတ်သုံးစွဲသူအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း AGO အရာရှိ'ကွန်တာဒီ'က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျစေနိုင်တဲ့ အင်ဒိုနီးရှားအကျင့်ပျက်ခြစားမှုဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတာဖြစ်ကြောင်း နောက်ထပ်အရာရှိတစ်ဦးဖြစ်တဲ့ 'ကတွတ်စူမယ်ဒါနာ'က ပြောပြလိုက်ပါတယ်။
ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက တရားစီရင်ရေးလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်မှာဖြစ်ပြီး ဒီကိစ္စကြောင့် အများပြည်သူဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မထင်မှတ်ထားခဲ့ကြောင်း သမ္မတရုံးကပြောကြားလိုက်ပါတယ်။
"သမ္မတက အရာရှိတွေအနေနဲ့ ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်ကြဖို့ မကြာခဏ သတိပေးလေ့ရှိတယ်" လို့ သမ္မတရုံးမှ အရာရှိတစ်ဦးကဆိုပါတယ်။
ဝန်ကြီးရဲ့ရှေ့နေတစ်ဦးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
ယခုစွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှုမှာ နိုင်ငံတော်အတွက် ၈ ထရီလီယံရူပီး (ဒေါ်လာ ၅၄၄ သန်း)ဆုံးရှုံးမှုရှိခဲ့ကြောင်း AGO က ထုတ်ဖော်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency International ရဲ့အဆိုအရ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်ခြစားမှုညွှန်းကိန်း ၄ မှတ်ကျဆင်းသွားပြီး နိုင်ငံပေါင်း ၁၈၀ မှာ ၁၁၀ နေရာအထိ ရောက်ရှိလာပါတယ်။
Source: CNA
#Asia_Politics #အင်ဒိုနီးရှားဆက်သွယ်ရေးဝန်ကြီး #အဂတိလိုက်စားမှု
#YMG #Yangon_Media_Group
#World_Science
Published_ 18 May 2023
အင်္ဂါဂြိုဟ်ဟာ နီမြန်းတဲ့အသွင်ရှိရုံမက တစ်ချိန်က လှုပ်ရှားသက်ဝင်ခဲ့တဲ့မီးတောင်များလည်း ရှိခဲ့ဖူးပါတယ်။
ကမ္ဘာပေါ်က အမြင့်ဆုံးဧဝရတ်တောင်ထက် ပိုမိုမြင့်မားတဲ့ အရာတစ်ခုကို ဥရောပမှ Mars Express က စူးစမ်းခဲ့ပါတယ်။
အင်္ဂါဂြိုဟ်မှ ဒုတိယအမြင့်ဆုံးမီးတောင်ဖြစ်တဲ့ Ascraeus Mons ရဲ့ပုံရိပ်တွေကို အရည်အသွေးမြင့်ရုပ်သံကင်မရာဖြင့် European Space Agency (ESA) က ရိုက်ကူးပုံဖော်ခဲ့ပါတယ်။
Ascraeus Mons မီးတောင်က အမြင့် ၁၈ ကီလိုမီတာမြင့်ကာ ဆင်ခြေလျှောတိမ်ကာ ၇ ဒီဂရီမျှစောင်းသွားပါတယ်။
Ascraeus ထက် မြင့်တဲ့မီးတောင်ဆိုလို့ စကြဝဠာတစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်တဲ့ Olympus Mons သာရှိပါတယ်။
ထိုမီးတောင်မှာ ချော်ရည်စီးဆင်းမှု၊ ပေါက်ကွဲဝများ၊ လမ်းကြောင်းများ၊ ကြီးမားတဲ့အက်ကွဲကြောင်းများ ရှိနေပါတယ်။
အဝိုင်းပုံသဏ္ဍာန်ကျင်းများ ပေါင်းစည်းသွားကာ ချော်ရည်လမ်းကြောင်းများ ခြောက်သွေ့သွားတာကို တွေ့မြင်ခဲ့ရပါတယ်။
မျက်နှာပြင်အောက် ပုန်းကွယ်နေတဲ့ မြေသားများမတည်မငြိမ်ဖြစ်စေကာ ပြိုကျစေပြီး တွင်းတစ်ခုလိုမျိုးပြိုကျစေမယ်လို့ ဘူမိဗေဒပညာရှင်များက ယုံကြည်နေကြပါတယ်။
ထိုမြေသားတွေ ဘယ်လိုဖြစ်ပေါ်လဲဆိုတာ သေချာမသိရပေမယ့် ချော်ရည်၊ ပြာမှုန့်၊ ရေတို့ ပါဝင်နိုင်ကြောင်း ESA က ဖော်ပြခဲ့ပါတယ်။
Mars Express ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဂြိုဟ်နီကို လှည့်ပတ်နေခဲ့ပြီး မျက်နှာပြင်ပုံဖော်ခြင်း၊ သတ္တုဓာတ်များရှာဖွေခြင်း၊ လေထုဖွဲ့စည်းမှုနဲ့ လည်ပတ်မှုတို့ဖော်ထုတ်ခြင်း၊ ဂြိုဟ်နီအပေါ်ယံလွှာအောက်ရှိ စူးစမ်းလေ့လာခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
Source: India Today
#World_Science #အင်္ဂါဂြိုဟ် #ဧဝရတ်တောင် #ဒုတိယအမြင့်ဆုံးမီးတောင်
#YMG #Yangon_Media_Group
#World_Health
Published_ 18 May 2023
ရေခဲမုန့်က ချိုမွှေးပြီးအရသာရှိပေမယ့် အဆီနဲ့သကြားဓာတ်များစွာ ပါဝင်ပါတယ်။
အချို့လူတွေက ရေခဲမုန့်ဟာ ကျန်းမာရေးအတွက်သင့်တော်စေတဲ့ အချိုပွဲလို့ သတ်မှတ်နေကြပါတယ်။
ရေခဲမုန့်နဲ့ ဆီးချိုရောဂါတို့အကြောင်း အမေရိကန်ပြည်သူ့ကျန်းမာရေးပညာရှင် 'ဒေးဗစ်မယ်ရစ်ဂျွန်စ်'က စတင်လေ့လာခဲ့ပါတယ်။
ထိုလေ့လာချက်အရ တစ်နေ့ကို ရေခဲမုန့်တစ်ခွက်စားသုံးတဲ့ ဆီးချိုရောဂါရှင်တွေဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ခဲ့ပါတယ်။
ထပ်ပြီးလေ့လာခဲ့ရာမှာတော့ ဒီတွေ့ရှိချက်ဟာ အမှန်တကယ်သက်သေပြနိုင်လောက်တဲ့အထိ စိတ်မချရပါဘူး။
အခြားနို့ထွက်ပစ္စည်းတွေက အာနိသင်မရှိပေမယ့် ဒိန်ချဉ်များများစားတဲ့အခါမှာ ဆီးချိုရောဂါဒုတိယအမျိုးအစား ဖြစ်နိုင်ချေနည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။
ရေခဲမုန့်က ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ အယူအဆရှိပေမယ့် သူ့မှာ အဆီဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်တို့ပါဝင်ကာ ပေါင်မုန့်ထက် ပိုမိုကောင်းမွန်ကြောင်း တက်ဖ်စ်တက္ကသိုလ်မှ 'ဒဲရီယပ်ရှ်မိုဇာဖာရီယန်'က ပြောပြခဲ့ပါတယ်။
ဒီသုတေသနနဲ့ပတ်သက်ပြီး ရေခဲမုန့်ပြေးစားမှာတော့မဟုတ်ဘူးလို့ ကွင်းမယ်ရီလန်ဒန်တက္ကသိုလ်မှ စာသင်ကြားသူ'ဂျွန်ဖော့'က ရှင်းပြခဲ့ပါတယ်။
ရေခဲမုန့်စားသုံးရတဲ့ အကြောင်းအရင်းအမျိုးမျိုးကတော့ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းပြီးတဲ့နောက် အမောပြေစားကြသလို အချိုပွဲအဖြစ် အခြားအဆီများတဲ့အစားအစာတွေထက် ရေခဲမုန့်ကို ရွေးချယ်ကြပါတယ်။
ရေခဲမုန့်မှာပါဝင်တဲ့ အာဟာရအချို့က အကျိုးဖြစ်ထွန်းစေပြီး အထူးသဖြင့် ကယ်လ်စီယမ်ပါဝင်ကာ ဂလူးကို့စ်ညွှန်းကိန်းလျော့နည်းပါတယ်။
နောက်ဆုံးချုံကြည့်တဲ့အခါမှာတော့ ရေခဲမုန့်ဟာ ကျန်းမာရေးအတွက်သင့်တော်တယ်လို့ မယူဆသင့်ဘဲ အနည်းငယ်စားသုံးတာကတော့ ကျန်းမာရေးအတွက် အကျိုးရှိစေတယ်လို့ အာဟာရပညာရှင်'ဒူအန်မယ်လာ'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#YMG #Yangon_Media_Group
#Asia_Business
Published_ 17 May 2023
တရုတ်နိုင်ငံမှ ပန်းသီးစိုက်တောင်သူတစ်ဦးရဲ့ ရက်ပ်ဗီဒီယို အင်တာနက်မှာပျံ့နှံသွားပြီးနောက် တရုတ်အနောက်မြောက်ဘက်ရှိ ရှန်ဆီပြည်နယ်မှဝေးလံတဲ့ရွာတစ်ရွာမှာ ပန်းသီးရောင်းအားမြင့်တက်လာပါတယ်။
#Asia_Business #တရုတ်ကျေးရွာတစ်ခု #ပန်းသီးများ #အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်ရောင်းချ #စီးပွားဖြစ်ထွန်းလျက်ရှိ
#YMG #Yangon_Media_Group
#Daily_News
Published_ 17 May 2023
၁။ မုတ်သုန်လေ ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည်ဖြစ်၍ မွန်၊ကရင်၊တနင်္သာရီ စသည့်တောင်ပိုင်းဒေသများ၌ မိုးသက်လေပြင်းကျရောက်နိုင်
၂။ သဘာဝဘေးကျရောက်နေသည့် ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀၀)ကျော်စေလွှတ်ထားပြီဖြစ်
၃။ပြင်ပရွှေပေါက်စျေး သိန်း၃၀ကျော်ရှိနေပြီး ကမ္ဘာ့ရွှေစျေး ၁၉၉၁ ဒေါ်လာ ပေါက်စျေးရှိနေ
၄။ တရုတ်ကျေးရွာတစ်ခုတွင် ပန်းသီးများကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့် ရောင်းချကာ စီးပွားဖြစ်ထွန်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 17 May 2023
အမေရိကန်ရဲ့ကြွေးမြီကန့်သတ်ချက်ဆိုတာ အမေရိကန်အစိုးရအနေနှင့် ပိုက်ဆံကို ဘယ်လောက်အထိ ချေးလို့ရတယ် ဆိုတာကို ခွင့်ပြုတဲ့ ပမာဏဖြစ်ပါတယ်။
ယခုအမေရိကန်လွှတ်တော်အမတ်တွေက အဲဒီကန့်သတ်ထားတဲ့ ငွေချေးနိုင်တဲ့ပမာဏကို ထပ်တိုးပေးရမှာလား၊ ဒီအတိုင်းပဲ ဆိုင်းထားရမလားဆိုတာ အချင်းချင်းငြင်းခုန်နေကြပါတယ်။
လက်ရှိကြုံနေရတဲ့ အနေအထားကို အလွယ်နားလည်အောင်ပြောရရင်တော့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးဟာ အခု ပိုက်ဆံ တွေကုန်တော့မယ့်ဆဲဆဲလို့ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က “ ရီပတ်ဘလီကန်နှင့်ဒီမိုကရက်တွေအကြား အခုလိုချောင်ပိတ်မိနေတာကို မကျော်လွှားနိုင်ဘူးဆိုရင် ဇွန်လ၁ရက်နေ့ဆိုရင် အမေရိကန်အစိုးရအနေနှင့် အကြွေးတွေ ပေးစရာပိုက်ဆံရှိတော့မှာမဟူတ်ဘူးလို့ သတိပေးနေရပါတယ်။
ယခုရိုက်ခတ်မှုဟာ ကမ္ဘာကြီးအထိအကျိုးသက်ရောက်ပြီး ဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။ ဒါဟာ ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ကပ်ဘေးတစ်ခုဆိုက်ရောက်ဖို့ ဖြစ်နိုင်ချေများလာလိမ့်မယ်” လို့ ကပ္ပီတယ်အီကော်နော်မစ် ရဲ့ အမေရိကန် စီးပွားရေးပညာရှင်ဒုတိယအကြီးအကဲ အင်ဒရူးဟန်တာက သုံးသပ်ပါတယ်။
၁၉၁၇ခုနှစ်ကစပြီး အမေရိကန်ဟာ အစိုးရအနေနှင့် အကြွေးယူလို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပထမဆုံးအကြွေးပမာဏကန့်သတ်ချက်က ဒေါ်လာ ၁၁.၅ ဘီလျံဖြစ်ပါတယ်။
ကွန်ဂရက်ဟာ အကြွေးယူလို့ရတဲ့ ငွေပမာဏကိုထပ်တိုးချင်တဲ့အခါတိုင်း ဥပဒေကြမ်းတစ်ခုတင်သွင်းအတည်ပြုလေ့ရှိခဲ့ ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ သမ္မတ ဟားဘတ်ဟိုဗားလက်ထက်ကစလို့ သမ္မတတစ်ဦးချင်းစီတိုင်းမှာ တိုးတိုး လာခဲ့ပါတယ်။ ကြွေးမြီကန့်သတ်ချက်ကို ထပ်ထပ်တိုးခဲ့ရတာ အကြိမ်ပေါင်း ၁၀၀မကရှိခဲ့ပါတယ်။ အခုဆို အကြွေး ကန့်သတ်ချက်ဟာ ဒေါ်လာ ၃၁.၄ ထရီလီယံအထိရှိနေပြီဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ အဲဒီကန့်သတ်ချက်ပမာဏကို ပြီးခဲ့တဲ့ဇန်နဝါရီက ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာ ကတော့ အစိုးရအနေနှင့် ဘယ်လိုနည်းနှင့်မှ တရားဝင် ပိုက်ဆံထပ်ချေးလို့မရတော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။
အခုတွေ့ကြုံနေရတာက အဲဒီကြွေးမြီကန့်သတ်ချက်ကို ထပ်တိုးမြှင့်ပေးဖို့ရာမှာ ရီပတ်ဘလီကန်အများစုနေရာရထားတဲ့ အောက်လွှတ်တော်ကနေထောက်ခံမဲပေးဖို့လိုအပ်နေတာပါ။ အာဏာရဒီမိုကရက်ပါတီက အောက်လွှတ်တော်မှ လူနည်းစု နေရာရထားတာပါ။ အဲဒါကြောင့် သဘောတူညီမှုရဖို့ဆိုတာ အာမခံချက်မရှိဖြစ်နေရတာပါ။
ရီပတ်ဘလီကန်တွေက ကြွေးမြီကန့်သတ်ချက်တိုးပေးရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်ကို ကြိုးစားအသုံးပြုပြီး သမ္မတဂျိုးဘိုင်ဒင် အသုံးစရိတ်တွေဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။ ဧပြီ၂၆ ရက်တုန်းကတော့ ကြွေးမြီပမာဏကို နောက်ထပ် ၁.၅ ထရီလီယံတိုးပေးဖို့ အောက်လွှတ်တော်ကအတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေနှင့် ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ အစိုးရရဲ့အသုံးစရိတ်တွေကို ၂၀၂၂ခုနှစ်ကအတိုင်းဖြတ်တောက်ဖို့နှင့် တစ်နှစ်ကို တိုးတက်မှု ၁ ရာခိုင်နှုန်းရှိစေဖို့တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းဟာ ဒီမိုကရက်တွေအများစု နေရာရထားတဲ့ အထက်လွှတ်တော်အထိ မရောက်ဘဲဖြစ်နေရပါတယ်။
အဲဒါကြောင့် ယခုအခြေအနေမှာ နိုင်ငံရေးအရ မတိုးသာ မဆုတ်သာဖြစ်နေရပါပြီ။ ဆိုလိုတာကတော့ အမေရိကန်ရဲ့ အနာဂတ်စီးပွားရေးဟာ ငရဲကျလုဖြစ်နေတာပါ။ သဘောတူညီချက်သာ ခပ်စောစောမရခဲ့ဘူးဆိုရင် ပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေတွေနှင့်ကြုံတွေ့ရလာနိုင်ပါတယ်။
အမေရိကန်အစိုးရဟာ လိုငွေပြပြီးမောင်းနှင်နေတာပါ၊ ဆိုလိုတာက သူဟာ အခွန်ရတာထက် ပိုက်ဆံတွေပိုသုံးနေတာ ပါ။အဲဒါကြောင့်နှစ်တိုင်း ချေးငွေပမာဏတိုးတိုးပေးခဲ့တာပါ။ အကယ်လို့ သဘောတူညီချက်မရတော့ဘူးဆိုရင် ပိုက်ဆံ ထပ်ချေးလို့မရတော့ပါဘူး။ အဲဒီအခါ အစိုးရဟာ ပေးစရာရှိတဲ့ စရိတ်တွေအကုန်လုံးကို မပေးနိုင်တော့ပါဘူး။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဧပြီလကုန်အထိ ပိုက်ဆံ ဒေါ်လာ ၃၁၆ ဘီလျံရှိနေပါတယ်။ မေးစရာရှိတာက အဲဒီပိုက်ဆံတွေ ဘယ်တော့ ကုန်သွားမလဲဆိုတာပဲဖြစ်တယ်လို့ ဟန်တာကပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဇွန်လထဲမှာဆိုရင် အဲဒီပိုက်ဆံတွေကုန်ပြီလို့ပြောထားပါတယ်။
ပိုက်ဆံမရှိတော့ဘူးဆိုရင်တော့ အစိုးရဟာ အခွန်ကောက်လို့ရတဲ့ပိုက်ဆံတွေကိုပဲ သုံးစွဲလည်ပတ်ရတော့မှာဖြစ်ပါတယ်။ အဲသလိုသာဆိုရင် အများပြည်သူအတွက် လုပ်ဆောင်ပေးရမယ့် လုပ်ငန်းတွေအားလုံးအတွက် သူ ပိုက်ဆံမပေး နိုင်တော့ပါဘူး။ ဥပမာအားဖြင့် အစိုးရဝန်ထမ်းတွေရဲ့လစာ ဒါမှမဟုတ် လက်ရှိအကြေးတွေအားလုံးရဲ့ ဝန်ဆောင်မှုအလုပ် တွေစသဖြင့်ပေါ့။
ဇွန်လမှာ သက်တမ်းကုန်မယ့် ငွေချေးစာချုပ်တွေကို ပိုက်ဆံထုတ်ပေးနိုင်မှာမဟုတ်တော့ဘူး။ အဲသလိုဆိုရင် ဘဏ္ဍာ ရေးအကျပ်အတည်းတစ်ခုဖြစ်လာစေတော့မယ်လို့လည်း ဟန်တာကပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့ရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်ပြီဆိုရင် ဘာတွေဖြစ်လာမလဲ။ သီအိုရီအရပြောရရင်တော့ အစိုးရရဲ့ ကြွေးမြီတန်ဖိုးတွေဟာ ဝရုန်းသုန်းကားအခြေအနေနှင့်ရင်ဆိုင်ရတော့မှာပါ။
အမေရိကန်ရဲ့ ကြွေးမြီအများစုဟာ ပြည်တွင်းကချေးထားတာပါ။ ကြွေးမြီတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာရှိပြီး အဲဒါတွေက ဖက်ဒရယ်အရန်ငွေကြေးထံမှ ၂၁.၂ ရာခိုင်နှုန်း၊ပင်စင် ဒါမှမဟုတ် mutual funds ကနေ ၁၂ ရာခိုင်နှုန်းနှင့် အမေရိကန် အိမ်ထောင်စုတွေဆီက ၆.၇ ရာခိုင်နှုန်းဖြစ်ကြပါတယ်။
ကျန်တဲ့ ၃၁ ရာခိုင်နှုန်းကတော့ နိုင်ငံခြားကပိုင်ပါတယ်။ ငွေချေးစာချုပ်တွေအများဆုံးဝယ်ထားတဲ့ နိင်ငံက ဂျပန်ဖြစ်ပြီး ဒေါ်လာ ၁.၁ ထရီလီယံရှိနေပါတယ်။ တရုတ်နိုင်ငံက ဒေါ်လာ ၈၆၇ ဘီလျံရှိပြီး ယူကေ ဒေါ်လာ ၆၅၄ ဘီလျံအသီးသီးနှင့် ဒုတိယနှင့် တတိယနေရာမှာရှိထားကြပါတယ်။
ကြွေးမြီပျက်ကွက်ပြီဆိုတာနှင့် အမေရိကန်နိုင်ငံမှာ ချေးငှားစရိတ်တွေကိုဒုက္ခပေးတော့မှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ချေးငှားစရိတ်တွေလည်း အလိုက်အထိုက် လိုက်တက်လာလိမ့်မယ်လို့ ဟန်တာကပြောပါတယ်။
အမှန်တကယ်က အမေရိကန်အစိုးရဟာ အကြွေးကို တကယ်တမ်းမပေးနိုင်တော့တာမဟုတ်ဘဲ ဥပဒေအရ ပေးလို့မရ အောင်တုပ်နှောင်ခံလိုက်ရတာဖြစ်လို့ လူတွေဖန်တီးတဲ့ အန္တရာယ်တစ်ခုကို ဖန်တီးတဲ့သဘောသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် အခုတစ်ခါမှာတော့ အရင်ဖြစ်ခဲ့တာတွေထက် အန္တရာယ်ပိုများနေပါတယ်။ ၂၀၁၁ခုနှစ်တုန်းက ဖက်ဒရယ်ကြွေးမြီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၅.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခု ၉၈ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ပြီးတော့ အတိုးနှုန်းတွေကလည်း အလွန့်ကိုမြင့်မားနေတာဖြစ်ပါတယ်။ ဒီအချက်တွေပေါင်းလိုက်ရင် အစိုးရအနနှင့်ပိုပြီးမြင့်မားတဲ့ ကြွေးမြီဆိုင်ရာစရိတ်တွေနှင့်ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍရေးတည်ငြိမ်မှုအနေနှင့်ပြောရရင်တော့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးဆိုးရွားနေပါတယ် လို့ ဟန်တာကပြောပါတယ်။
Source: What is the US debt ceiling and what will it mean if it isn’t raised? By The Telegraph
#အမေရိကန်ကြွေးမြီကန့်သတ်ချက်
#US_Debt_Ceiling
#အမေရိကန်စီးပွားရေး
Page 727 of 1151