#World_Politics
Published 12 May 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ထိပ်သီးလွှတ်တော်အမတ်တို့ သောကြာနေ့မှာပြုလုပ်ရန်စီစဉ်ထားတဲ့ ကြွေးမြီကန့်သတ်ချက်ဆိုင်ရာအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံရန်သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကပ်ဘေးကြီးကိုရှောင်ရှားနိုင်ရန် အစိုးရရဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံကြွေးမြီကန့်သတ်ရေးမြှင့်တင်ခြင်း ဆွေးနွေးပွဲများကျင်းပမှာဖြစ်ကာ ဖက်ဒရယ်အသုံးစရိတ်ကို ကန့်သတ်ရန်နည်းလမ်းများကို နှစ်ဖက်စလုံးမှတာဝန်ရှိသူများက စတင်ဆွေးနွေးနေပြီလို့ ဆွေးနွေးပွဲများနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
"ဝန်ထမ်းတွေက ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပြီး ခေါင်းဆောင်တွေအားလုံးက လာမယ့်သီတင်းပတ်အစောပိုင်းမှာ တွေ့ဆုံဖို့သဘောတူထားတယ်" လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ဘိုင်ဒင်၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက္ကာသီ'၊ ဒီမိုကရက်တစ်အထက်လွှတ်တော်လူများစုခေါင်းဆောင် 'ချက်ခ်ရှူမာ'၊ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်ထိပ်သီးအမတ် 'မစ်ချ်မက်ကွန်နယ်'၊ ဒီမိုကရက်တစ်အောက်လွှတ်တော်ထိပ်သီးအမတ် 'ဟာကင်မ်ဂျက်ဖရီစ်'တို့ရဲ့ လက်ထောက်များဟာ ကြွေးမြီကန့်သတ်ချက်မြှင့်တင်ရေး ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တွေ့ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။
အခုလိုရွှေ့ဆိုင်းရတာဟာ ဆွေးနွေးပွဲမှာပြဿနာရှိတဲ့သဘောမဟုတ်ဘဲ ခေါင်းဆောင်တွေ ထပ်မံမတွေ့ဆုံခင် ညှိနှိုင်းရေးမှူးတွေအနေနဲ့ ဆက်လက်ဆွေးနွေးဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း မက္ကာသီက သတင်းထောက်တွေကို ကပ်ပီတိုလ်မှာပြောကြားလိုက်ပါတယ်။
သဘောတူညီချက်တစ်ခု ရယူမယ်ဆိုပါက အသုံးစရိတ်ဖြတ်တောက်မှုအချို့ ဒါမှမဟုတ် အသုံးစရိတ်တင်းကျပ်တာတွေကို လက်ခံရမှာဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက သိရှိထားကြပါတယ်။
ကြွေးမြီကန့်သတ်ချက်ကို ဘယ်လောက်ကြာအောင် တွန်းအားပေးဖြေရှင်းရမလဲဆိုတာကို နှစ်ဖက်စလုံးက အခြေအတင်ဆွေးနွေးနေကြတယ်လို့ သတင်းအရစ်အမြစ်များကဆိုပါတယ်။
ဘိုင်ဒင်နဲ့ဒီမိုကရက်တစ်တွေအနေနဲ့ ရွေးကောက်ပွဲအတွက် အချိန်ပိုရအောင် အသုံးစရိတ်များဖြတ်တောက်လျှော့ချခြင်းကို လက်ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။
အသုံးစရိတ်ဖြတ်တောက်ခြင်းနဲ့ ကန့်သတ်ခြင်း ဆွေးနွေးနေတဲ့ကိစ္စက ဒီမိုကရက်တစ်များ အချိန်ကာလကြာရှည်အောင် ကြွေးမြီကန့်သတ်ချက် ခြွင်းချက်မရှိရုတ်သိမ်းဖို့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတိုးတက်လာတဲ့သဘောဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ အသုံးစရိတ်ဖြတ်တောက်မှုအပြင် မူဝါဒအပြောင်းအလဲအချို့ကိုပါ တောင်းဆိုခဲ့ကြပါတယ်။
ဆွေးနွေးပွဲရွှေ့ဆိုင်းခြင်းကို အိမ်ဖြူတော်က အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပုံဖော်နေပါတယ်။
ကြွေးမြီကန့်သတ်ချက် မမြှင့်တင်နိုင်ဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဘေလ်ပေးဆောင်ရန် ဘဏ္ဍာပြတ်လပ်သွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Source: Reuters #World_Politics #သမ္မတဘိုင်ဒင် #အောက်လွှတ်တော်ဥက္ကဋ္ဌ #ကြွေးမြီကန့်သတ်ချက်
#YMG #Yangon_Media_Group
#World_Science
Published 12 May 2023
သိပ္ပံပညာရှင်တွေက ရော့ခ်ဂီတကို ပြုလုပ်ကြမှာဖြစ်ပြီး ကမ္ဘာမြေကြီးကတော့ အနုပညာရှင်ဖြစ်ပါတယ်။
ဒီပွဲမှာ ငလျင်လှိုင်းတွေက တိုက်ရိုက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုကို မေလ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ယူကေအန်ဂလီယာရက်စ်ကင်တက္ကသိုလ်မှ ဒေါက်တာ'ဒီမီနီကိုဗီစင်နန်ဇာ'က အချိန်နဲ့တပြေးညီငလျင်ဒေတာများကို ဂီတအစိတ်အပိုင်းများအဖြစ် ပြောင်းလဲရန် သူတီထွင်ထားတဲ့ ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုမယ်လို့ သိရပါတယ်။
မှတ်တမ်းတင်အချက်အလက်များကို အမေရိကန်ရှိ ယဲလိုးစတုန်းအမျိုးသားဥယျာဉ်မှ ငလျင်တိုင်းတာချက်ကနေ ရယူသွားမှာဖြစ်ပါတယ်။
ငလျင်အချက်အလက်ကနေ ဂီတအမှတ်များအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။
တုန်ခါမှုများနဲ့ ပုံမှန်လှုပ်ရှားမှုများကို အခြေခံအားဖြင့်ပုံဖော်နေတယ်လို့ ဂါးဒီးယန်းကိုပြောကြားခဲ့ပါတယ်။
ကွန်ပျူတာပရိုဂရမ်ဖြင့်ထုတ်လုပ်တဲ့ ဂီတအမှတ်တွေကို ဂီတပညာဆိုင်ရာလက်ထောက်ပါမောက္ခ ဒေါက်တာ'အယ်လစ်ဆာရွှာ့ဇ်'က စင်ပေါ်မှာ တိုက်ရိုက်ဖျော်ဖြေမှာဖြစ်ပါတယ်။
ယဲလိုးစတုန်းအမျိုးသားဥယျာဉ်ဟာ မီးတောင်နေရာတစ်ခုဖြစ်ပြီး မီးတောင်လှုပ်ရှားမှု တုန်ခါတဲ့ပမာဏတိုးလာတာနဲ့အမျှ ဂီတနုတ်စ်တွေလည်း ရရှိလာမှာဖြစ်ပါတယ်။
ငလျင်ဒေတာက သိသိသာသာတုန်လှုပ်သွားတယ်ဆိုရင် ဂီတသံစဉ်အနေနဲ့ ထင်ဟပ်နေမှာဖြစ်ပါတယ်။
ငလျင် ၅၀ ရာခိုင်နှုန်းလောက်ဟာ အစုလိုက်အပြုံလိုက်ဖြစ်ပွားတတ်ပြီး ငလျင်ဗေဒ၊ ဘူမိရူပဗေဒ၊ စက်ပြင်ပညာ၊ အချက်အလက်သိပ္ပံနဲ့ ဂီတကိုစိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်တွေအတွက် ကစားကွင်းကောင်းတစ်ခုဖြစ်ပြီး အလွန်ထူးခြားကြောင်း ဗီစင်နန်ဇာက ဆိုပါတယ်။
သူကိုယ်တိုင်က တေးရေးဆရာ၊ ရူပဗေဒပညာရှင်၊ အသံပြသမှုတို့မှာ သုတေသီတစ်ဦးဖြစ်ပြီး ယခင်ကစမ်းသပ်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။
Source: WION #World_Science #သိပ္ပံပညာရှင်များ #ရော့ခ်ဂီတအဖြစ်အမှန်တကယ်တီးခတ်ပြသ #YMG #Yangon_Media_Group
#World_Health
Published 12 May 2023
ဦးခေါင်းယားယံခြင်းကို ခံစားရသူတွေဟာ နှစ်ပေါင်းများစွာကြာတဲ့အထိ ခံစားရနိုင်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းအချို့ကို အရေပြားရောဂါဆိုင်ရာ ဒေါက်တာ'ဆိုင်ဗန်မာဆာ'က ဖော်ပြထားပါတယ်။
သန်း၊ ကိုယ်ခံအားရောဂါစတဲ့ပြဿနာများအပြင် ဓာတ်မတည့်ခြင်း၊ ကင်ဆာဖြစ်နိုင်တဲ့အနာများ၊ စိတ်ဖိစီးမှု၊ အာရုံကြောပြဿနာများလည်း ရှိနေနိုင်ပါတယ်။
ပိုပြီးယားယံလာလေ ပိုပြီးအခြေအနေဆိုးရွားလာလေဖြစ်ပါတယ်။
- သန်း
ဦးခေါင်းတစ်ခုလုံး ယားယံသလိုဖြစ်ပြီး တစ်ခုခုက ဦးရေပြားပေါ်မှာ သွားလာနေကာ ကလိထိုးနေသလိုပါပဲ။
ဆန်စေ့လို သန်းဥတွေကိုလည်း တွေ့မြင်နိုင်ကာ သာမန်သန့်ရှင်းရေးလုပ်လို့ အဆင်မပြေဘူးဆိုရင် ဆေးညွှန်းရယူသင့်ပါတယ်။
- ဗောက်
ခေါင်းပေါ်မှာ အဖြူဖတ်ဗောက်တွေကလည်း ယားယံခြင်းကိုဖြစ်စေပါတယ်။
အဆီပြန်တဲ့ဦးရေနဲ့ ဆဲလ်သေတွေစုပြုံခြင်းကြောင့် ဗောက်ဖြစ်စေတာဖြစ်ပြီး ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့် ဆံပင်ကိုထိရုံမက ဦးရေပြားအထိပါ ရောက်ရှိအောင်လျှော်ပေးရမှာဖြစ်ပါတယ်။
- Seborrheic အရေပြားရောင်ရမ်းခြင်း
ဗောက်ထခြင်းလို ပြဿနာအပြင် နီမြန်းရောင်ရမ်းခြင်းပါဖြစ်ပေါ်ကာ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အဖျားရောဂါတို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။
မှိုပျောက်ခေါင်းလျှော်ရည်လိုမျိုးက ဒီပြဿနာအတွက် အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။
- အရေပြားဓာတ်မတည့်ခြင်းကြောင့်ရောင်ရမ်းခြင်း
ဦးရေပြားတစ်ခုလုံးမှာ ယားယံနီရဲခြင်းဖြစ်စေပြီး တံတောင်ဆစ်နဲ့ ဒူးနောက်ဘက်တို့မှာ အများဆုံးပေါ်ပေါက်တတ်ပါတယ်။
မျိုးရိုးအလိုက်အများဆုံးဖြစ်တတ်ပြီး ဘယ်နေရာလဲဆိုတာသိရဖို့ ရေနွေးဖြင့် ခဏတာချိုးပေးဖို့လိုပါတယ်။
- ဆိုရီယေဆစ်
ဒီပြဿနာက အရေပြားမှာ နီရဲယားယံတဲ့အကွက်တွေ ဖြစ်ခြင်းပါ။
ရာသီဥတု၊ စိတ်ဖိစီးမှု၊ ဘက်တီးရီးယားကူးစက်မှု၊ အချို့သောဆေးတွေကြောင့် ဖြစ်တတ်ပြီး ကတ္တရာစေးပါတဲ့ ခေါင်းလျှော်ရည်ဖြင့်ကုသနိုင်သလို လိုအပ်ရင် စတီးရွိုက်ကုသမှုလည်း ခံယူနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်းဖြစ်စဉ်
အချို့သောဆံပင်သုံးထုတ်ကုန်ပစ္စည်းတွေထဲက ပါဝင်ပစ္စည်းတွေက ဓာတ်မတည့်ဘဲယားယံခြင်းမျိုး ဖြစ်စေပါတယ်။
ဒီလိုဖြစ်ရင်တော့ ထိုပစ္စည်းအသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး ၄၈ နာရီကျော်တဲ့အထိ မသက်သာပါက အရေပြားအထူးကုနဲ့ ပြသသင့်ပါတယ်။
- ကမျဉ်းကောင်
ကမျဉ်းကောင်သေးသေးလေးတွေကြောင့် ဦးရေပြားထဲဖောက်ဝင်ကာ အနာဖေးတွေဖြစ်ပေါ်ပါတယ်။
သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိပေမယ့် ဒီပြဿနာခံစားရသူတွေနဲ့ အတူတူနေတဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။
- ဦးရေပြားပွေး
ဒါကမှိုကူးစက်မှုဖြစ်ပြီး ဝေဒနာသည်နဲ့ထိတွေ့တာက အဓိကကူးစက်တတ်ပါတယ်။
မှိုပျောက်ခေါင်းလျှော်ရည်က သက်သာနိုင်ပေမယ့် ပိုဆိုးလာရင်တော့ လိမ်းဆေးများပါအသုံးပြုရနိုင်ပါတယ်။
Source: The Jerusalem Post #World_Health #ဦးရေပြားယားယံရခြင်း
#YMG #Yangon_Media_Group
#World_Auction
Published 11 May 2023
ဩစတြီးယားဘီလျံနာ ဟေဒီဟော်တင်ပိုင်ဆိုင်ခဲ့တဲ့ ကျောက်မျက်ရတနာရာချီကို ခရစ္စတီလေလံပွဲမှာ နောက်တစ်ပတ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
#World_Auction #နာဇီခေတ် #ကျောက်မျက်ရတနာ
#YMG #Yangon_Media_Group
#Daily_News
Published_ 11 May 2023
၁။ မြန်မာတွင် ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုးတွေ့ရှိ တစ်ဦးထပ်မံသေဆုံး
၂။ အာဆီယံ-ကိုရီးယားစီမံချက်ဖြင့် မြန်မာကလေးငယ်များစာဖတ်ခြင်း ပိုမိုတိုးတက်အောင်ဆောင်ရွက်နေ
၃။ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသ သံဖြူဇရပ်၊ ကျိုက်က္ခမီ၊ စက်စဲနှင့်ရေးမြို့တွင် ကမ်းနီးကမ်းဝေးသွားခြင်း ပိတ်ပင်လိုက်ပြီး ကယ်ဆယ်ရေးများပြင်ဆင်ထား
၄။ နာဇီခေတ်နှင့်ဆက်စပ်နေသည့် ကျောက်မျက်ရတနာများအား လေလံပွဲ၌ဒေါ်လာသန်း(၁၅၀)ဖြင့် ရောင်းချနိုင်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published 11 May 2023
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း 'အင်မ်ရန်ခန်း'ကို မေလ ၉ ရက်နေ့က အစ္စလာမာဘတ်တရားရုံးမှာ ဖမ်းဆီးခဲ့ပြီးနာရီပိုင်းအကြာမှာပဲ ဆန္ဒပြလူစုလူဝေးကြီးက ရာဝယ်ပင်ဒီရှိ အမျိုးသားစစ်ဌာနချုပ်ဂိတ်ပေါက်တွေကနေ တွန်းဝင်လာကြပါတယ်။
၁၉၄၇ ခုနှစ်က ပါကစ္စတန်ပေါ်ပေါက်လာချိန်ကစပြီး မြို့တော်အစ္စလာမာဘတ်ရဲ့ အာဏာစင်္ကြံများအပေါ် အုပ်စိုးမှုအပိုင်းကျဆင်းနေခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံပိုင်အသံလွှင့်ဌာနက လူကြိုက်များတဲ့ တူရကီဒရာမာကားမထုတ်လွှင့်မီ အကျပ်အတည်းများကို ထပ်ခါထပ်ခါဖော်ပြခဲ့ပါတယ်။
အင်မ်ရန်ခန်းရဲ့ PTI ထောက်ခံသူအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ လူသန်း ၂၃၀ ကျော်ရှိတဲ့ ယင်းတို့နိုင်ငံအပေါ် ပါကစ္စတန်စစ်တပ်ရဲ့ ရပ်တည်ခိုင်မာမှုများကို တိုက်ခိုက်ရန် ဖော်ထုတ်ခဲ့ကြပါတယ်။
စစ်တပ်က ပါကစ္စတန်ကို ပြီးခဲ့တဲ့ ၇၅ နှစ်အတွင်း တိုက်ရိုက်အုပ်ချုပ်ခဲ့တာ နှစ် ၃၀ ကျော်ရှိပါပြီ။
အရပ်သားအစိုးရလက်အောက်မှာပင် စစ်ခေါင်းဆောင်များက အာဏာကို လုံးဝချုပ်ကိုင်ထားကြပါတယ်။
ပါကစ္စတန်မှ ခရစ်ကတ်ကမ္ဘာ့ဖလားဆုရအသင်းခေါင်းဆောင် အင်မ်ရန်ခန်းဟာ နိုင်ငံရေးလောကထဲဝင်ရောက်လာကာ ဧပြီ ၂၀၂၂ မှာ ပါလီမန်မှာ အယုံအကြည်မရှိမဲဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရပြီး မကြာမီမှာ အာခံမှုတွေမြင့်တက်လာပါတယ်။
ခန်းဟာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလမှာ သူ့ကိုဒဏ်ရာရစေအောင် ပါကစ္စတန်စစ်ထောက်လှမ်းရေးအရာရှိဗိုလ်မှူးချုပ် 'ဖေဆယ်နာဆီယာ'က လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲနေခဲ့ပါတယ်။
မေလ ၉ ရက်နေ့က ခန်းဟာ အကျင့်ပျက်ခြစားမှုကြားနာပွဲသို့ တက်ရောက်နေစဉ် အစ္စလာမာဘတ်တရားရုံးအတွင်း မှန်အတားအဆီးများကို ချိုးဖျက်ဝင်ရောက်လာပါတယ်။
ပါကစ္စတန်လက်နက်ကိုင်ထိန်းသိမ်းရေးသမားများက တွန်းလိုက်ဆွဲလိုက်ဖြင့် အင်မ်ရန်ခန်းဟာ အကျဉ်းထောင်သို့ရောက်ရှိသွားပါတယ်။
ခန်းကတော့ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ကြောင်းပြောကြားကာ အဂတိလိုက်စားမှုစွဲချက်များကို ငြင်းဆိုလိုက်ပါတယ်။
မေ ၉ ရက်နေ့ကတည်းက ဆန္ဒပြမှုအတွင်း အနည်းဆုံးလူ ၅ ဦးသေဆုံးကာ ပန်ဂျပ်ပြည်နယ်တစ်ခုတည်းမှာပင် လူ ၁ ထောင်ကျော်ဖမ်းဆီးခံရပါတယ်။
စစ်တပ်က အပြင်းအထန်ဖြိုခွဲခဲ့ပေမယ့် ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေပြီး တိုင်းပြည်အာဏာက ယဲ့ယဲ့သာကျန်ပါတော့တယ်။
ခန်းကိုထောက်ခံသူတွေက ပါကစ္စတန်လမ်းမတွေမှာ ဆက်လက်ဆန္ဒပြနေကာ သူတို့ရဲ့ခေါင်းဆောင်ကို မလွှတ်မချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ အခိုင်အမာဆိုနေကြပါတယ်။
Source: WION #World_Politics #ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအင်မ်ရန်ခန်း #ဆန္ဒပြမှုများအပြင်းအထန်ဖြစ်ပွား
#YMG #Yangon_Media_Group
#World_Health
Published 11 May 2023
ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သက်ဆိုင်နေပြီး နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ အခြားအခြေအနေများ ဖြစ်နိုင်ချေများပါတယ်။
သွားတိုက်အာလုတ်ကျင်းခြင်းတို့က လူအများသိကြပေမယ့် လူတွေမလုပ်သင့်တာတွေလည်း ရှိနေပါသေးတယ်။
- ခံတွင်းသန့်ရှင်းရေးကိုလျစ်လျူရှုခြင်း
ပုံမှန်သွားတိုက်ခြင်း မလုပ်ဆောင်ဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ အခြားခံတွင်းရောဂါများ ဖြစ်စေနိုင်ပါတယ်။
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်နဲ့ထုတ်ကုန်ပစ္စည်းတွေ သုံးစွဲခြင်းဖြင့် သွားအစွန်းထင်စေခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ သွားဖုံးရောဂါနဲ့ ပါးစပ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။
- သွားကိုနာနာဖိတိုက်ခြင်း
သွားတိုက်တဲ့အခါ အားဖြင့်ဖိတိုက်ခြင်းက အညစ်အကြေးတွေ ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်တယ်လို့ လူအများကထင်နေကြပေမယ့် ကြွေလွှာတွေပျက်စီးနိုင်ပါတယ်။
- ရေလုံလောက်စွာ မသောက်ခြင်း
ရေက ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေရုံမက ခံတွင်းကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။
စားသောက်ပြီး ရေသောက်လိုက်ခြင်းဖြင့် သွားတွေကိုဆေးကြောသန့်စင်ပေးပါတယ်။
- ကိုယ်တိုင်လုပ်နည်းလမ်းများသုံးစွဲလွန်းခြင်း
ကိုယ်ပိုင်နည်းလမ်းအချို့ဖြင့် သွားဖြူစင်အောင်ပြုလုပ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
သွားဖြူလွန်းခြင်းဟာ သွားအထိမခံဖြစ်စေပြီး ကြွေလွှာတွေကို အားနည်းစေပါတယ်။
- မုန့်ပဲသရေစာနှင့်အချိုဓာတ်အစားများလွန်းခြင်း
အချိုအစားများတဲ့အခါ ပါးစပ်ထဲက ဘက်တီးရီးယားတွေက အချိုတွေကိုစားသုံးပြီး အက်ဆစ်ထွက်စေကာ ကြွေလွှာကိုထိခိုက်စေပါတယ်။
- သွားကိုပုံမှန်မစစ်ဆေးခြင်း
သွားပိုးစားခြင်းကိုဖြစ်စေတဲ့ အရာတွေရှိမရှိသိရှိစေရန် သွားဆေးခန်းသို့ ပုံမှန်သွားပြသင့်ပါတယ်။
Source: NY Post #World_Health #သွားနှင့်ခံတွင်း
#YMG #Yangon_Media_Group
Page 608 of 1028