#World_Science
Published 23 January 2023
လေယာဉ်တောင်ပံ ၃၈၃ ပေရှည်လျားတဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးဟာ မကြာသေးမီကမှ ကယ်လီဖိုးနီးယား မိုယာဗယ်ကန္တာရပေါ်မှာ ၆ နာရီကြာစမ်းသပ်ပျံသန်းခဲ့ပြီး စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါတယ်။
Stratolaunch Roc သယ်ယူရေးလေယာဉ်ဟာ Talon-A separation test ယာဉ်ကိုသယ်ဆောင်ပြီး သောကြာနေ့နံနက်က ဒုတိယအကြိမ်စမ်းသပ်ပျံသန်းခဲ့ပါတယ်။
Talon-A က ၂၈ ပေရှည်လျားပြီး ပြန်လည်အသုံးပြုနိုင်တဲ့ စမ်းသပ်လေယာဉ်ဖြစ်ကာ အသံထက် ၅ ဆကျော်မြန်တဲ့နှုန်းဖြင့် ဝန်များကိုသယ်ဆောင်နိုင်ပါတယ်။
"ကျွန်တော်တို့အဖွဲ့က အံ့အားသင့်စရာကောင်းလှအောင် စမ်းသပ်မှုမှာတိုးတက်နေပြီး ကြိုးစားမှုတွေကနေတဆင့် ဘေးကင်းစွာခွဲထုတ်ပျံသန်းခြင်းနဲ့ စမ်းသပ်ပျံသန်းခြင်းတွေမှာ ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း Roc ကနေ Talon-A ရှေ့ပြေးပုံစံစမ်းသပ်ပစ်ချမှုကို ပြုလုပ်မှာဖြစ်ပြီး အောင်မြင်ခဲ့ပါက ကုမ္ပဏီဟာ သူတို့ရဲ့ပထမဆုံး အသံထက်မြန်စမ်းသပ်ယာဉ် Talon-A TA-1 ကို မိတ်ဆက်ပြသသွားဖို့ ရည်မှန်းထားပါတယ်။
ပစ်ချမယ့်အခြေအနေတွေကို သေချာအကဲဖြတ်ခြင်းဖြင့် ဘေးအန္တရာယ်နည်းစေမှာဖြစ်ကြောင်း Stratolaunch အမှုဆောင်အရာရှိချုပ်'ဇာချာရီကရေဗာ'က ပြောပြခဲ့ပါတယ်။
Stratolaunch ကထုတ်လုပ်တဲ့ Roc လေယာဉ်ဟာ သာမန်အားဖြင့် ၃၄၅ ပေရှည်လျားတဲ့ ဘောလုံးကွင်းဂိုးတိုင်နှစ်ခုကြားအကွာအဝေးထက် ပိုမိုကျယ်ပြန့်ပါတယ်။
ကုန်တင်ပစ္စည်းမပါဘဲနဲ့ဆိုရင် အလေးချိန်ပေါင် ၅ သိန်းရှိကာ စုစုပေါင်းအလေးချိန် အများဆုံး ၁.၃ သန်းအထိ တင်ဆောင်ထွက်ခွာနိုင်ပါတယ်။
မြေပြင်မှာ ဘီး ၂၈ ဘီးဖြင့်သွားနိုင်ပြီး လေထဲရောက်တဲ့အခါမှာတော့ ၇၄၇ လေယာဉ်အင်ဂျင် ၆ လုံးဖြင့် ပျံသန်းပါတယ်။
လေယာဉ်က H ပုံသဏ္ဍာန်ရှိပြီး အရွယ်အစားတူကိုယ်ထည် ၂ ခုက အပြိုင်တည်ရှိပါတယ်။
ညာဘက်လေယာဉ်ကိုယ်ထည်မှာ လေယာဉ်မှူးတွေထိုင်ကာ ဘယ်ဘက်ကိုယ်ထည်မှာ အလွတ်ဖြစ်ပါတယ်။
သူ့ရဲ့အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို ၅၃၀ မိုင်နှုန်းဖြစ်ပါတယ်။
ကိုယ်ထည်အကျယ်က စံချိန်တင်ဖြစ်တဲ့အပြင် မြေပြင်ကနေ ထိပ်ဆုံးအထိ ပေ ၅၀ မြင့်ကာ လေးထပ်တိုက်ထက် ပိုမြင့်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 22 Jan 2023
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇနီပြည်နယ်မှာ အခုဆို -၁၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့အထိ အအေးဓာတ်လွန်ကဲနေပါတယ်။ အဲဒီပြည်နယ်ရဲ့ ဘန်ဆာဒက်စ်ရေကန်ကြီးထဲမှာ အာဖဂန်အမျိုးသား ၃၀ကျော်ဟာ လေ့ကျင့်ခန်းအမျိုးမျိုးပြုလုပ်ကာ အအေးဓာတ်ကို အံတုစိန်ခေါ်ပြသခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အေးခဲလှိုင်းတစ်ခုဟာ အာဖဂန်နစ္စတန်တစ်လွှား ရိုက်ခတ်သွားခဲ့ပါတယ်။ ဂေါ် ပြည်နယ်မှာဆိုရင် -၃၃ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိအေးခဲခဲ့ပါတယ်။
အဲဒီ အအေးလှိုင်းဒဏ်ကြောင့် လူပေါင်း အနည်းဆုံး ၇၈ ဦးအထိသေဆုံးခဲ့ရပါတယ်။
Source: AFP
Published 22 Jan 2023
ကာလီဖိုနီးယားပြည်နယ် မွန်ထရီပတ်မြို့အနီးမှာ လူအစုလိုက်အပြုံလိုက်ထဲ သေနတ်ဖြင့်ပစ်ခတ်မှု စနေနေ့ညက ဖြစ်ပွားခဲ့ရာ လူ(၉)ဦးသေဆုံးခဲ့တယ်လို့ လော့အင်ဂျလိစီရင်စုရဲဌာနက ပြောပါတယ်။
“ ပစ်ခတ်မှုကြောင့်သေဆုံးရမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ မွန်ထရီပတ်ရဲဌာနကို အကူအညီပေးဖို့ လော့အင်ဂျလိစီရင်စုရဲဌာနက ရဲထောက်လှမ်းရေးတွေ ဆောင်ရွက်နေပါတယ်။ လူ(၉)ဦးသေဆုံးပါတယ်” လို့ အဲဒီရဲဌာနက သတင်းတိုထုတ်ပြန်ပါတယ်။
“ယခုအချိန်မှာ နောက်ထပ် သတင်းအချက်အလက်မရရှိသေးပါဘူး” လို့လည်းဆိုပါတယ်။
သံသယဖြစ်စရာသေနတ်သမားဟာ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရဲဌာနကပြောပေမယ့် သူလွတ်မြောက်နေသလား ဖမ်းမိသလား မသိကြရသေးပါဘူး။
စနေနေ့ ဒေသံစံတော်ချိန် ည၁၀နာရီမှာ သေနတ်ပစ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်ထရီပတ်ခ်က တရုတ်နှစ်သစ်ကူးပွဲ ကျင်းပနေတဲ့ အနားတစ်ဝိုက်မှာ ဖြစ်ခဲ့တာလို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဆိုရှယ်မီဒီယာတွေမှာတင်ထားတဲ့ပို့စ်တွေထဲမှာ ဒဏ်ရာရတဲ့သူတွေကို လူနာတင်စင်နှင့် လူနာတင်ကားပေါ် သယ်ဆောင်သွားတာကိုမြင်တွေ့ကြရပါတယ်။ သေနတ်ပစ်ခတ်တဲ့နေရာအနီးမှာ ကပွဲကလပ်တစ်ခုလည်းရှိပြီး အခြာတစ်ဖက်မှာ ရဲတပ်ဖွဲ့အရံအတားရှိနေတာကို ဗွီဒီယိုတွေမှာတွေ့ရပါတယ်။
“ ကျွန်တော်တို့ရဲ့ အနီးနားက မွန်ထရီပတ်ခ်မြို့ သေနတ်ပစ်ခတ်မှုမှာ ယနေ့ညမှာ သူတို့ချစ်မြတ်နိုးသူတွေကို ဆုံးရှုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ကြေကွဲကြရပါတယ်” လို့ လော့အင်ဂျလိမြို့ ကြီးကြပ်ရေးအရာရှိ ကက်နက် မဲဂျာက တွစ်တာမှာရေးပါတယ်။
စနေစောစောပိုင်းမှာ အဆိုပါတရုတ်နှစ်သစ်ကူးပွဲကို လူရာပေါင်းများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနေရာမှာ မက်ရှင်းဂန်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးတွေ့ခဲ့တယ်လို့ အနီးအနားက သူ့ရဲ့ စားသောက်ဆိုင်လာရောက်ပြီး ခိုလှုံတဲ့ လူတစ်ဦးက ဆိုင်ရှင်ကိုပြောခဲ့တယ်လို့ လော့အင်ဂျလိတိုင်းမ်သတင်းစာကရေးသားပါတယ်။
Source Reuters
#Mass_shooting_Monterey-Park_California
#9_killed_mass_shooting
#USA
#World_News
Published 22 Jan 2023
အိန္ဒိယ နိုင်ငံက ၂၀၂၂ ဂူဂျာရတ်အဓိကရုဏ်းအတွင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်ထားတဲ့ ဘီဘီစီသတင်းကားကို ရုပ်သံထုတ်လွှင့်ခြင်းပိတ်ပင်လိုက်ပါတယ်။ အဲဒီအပြင် အဲဒီရုပ်သံကို မည်သည့်ဆိုရှယ်မီဒီယာတွင် ပြန်တင်ခြင်းတွေကိုပါ ပိတ်ပင်လိုက်တယ်လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ သတင်းနည်းပညာဥပဒေတွေရဲ့အောက်က အစိုးရရဲ့ အရေးပေါ်အခွင့်အာဏာတွေကို အသုံးပြုပြီး အဆိုပါ ရုပ်သံကို မျှဝေခြင်း ပို့စ်တင်ခြင်းတွေကို ပိတ်ပင်တာဖြစ်တယ်လို့ အစိုးရ အကြံပေးတစ်ဦးဖြစ်တဲ့ ကန်ချန်ဂုပတာက တွစ်တာကနေ ကြေညာပါတယ်။
ဘီဘီစီက အဆိုပါရုပ်သံကို မထုတ်လွှင့်ရသေးခင် အချို့သော ယူကျုချယ်နယ်လ်တွေမှာ အဆိုပါဗွီဒီယိုကို တင်ထားခဲ့ကြပြီးဖြစ်ပါတယ်။
အိန္ဒိယအစိုးရက တွစ်တာကို အဆိုပါရုပ်သံလင့်ခ်တင်ထားတဲ့ တွစ်တာအကောင့် ၅၀ကျော်ကို ပိတ်ပစ်ဖို့ အမိန့်ထုတ်ထားပြီး ယူကျုကိုလည်း အဆိုပါရုပ်သံတင်ခြင်းကို ပိတ်ပင်တားဆီးပေးဖို့ ညွှန်ကြားလိုက်တယ်လို့ ဂုပတာက ပြောပါတယ်။ ယူကျုရော တွစ်တာရောက ညွှန်ကြားချက်ကို လိုက်နာကြတယ်လို့လည်း သူကပြောပါတယ်။
အဆိုပါရုပ်သံဟာ ဝါဒဖြန့်ဖို့ရည်ရွယ်ပြီး အပုတ်ချတဲ့ဇာတ်ညွှန်းသက်သက်ဖြစ်တယ်လို့ အိန္ဒိယအစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့တဲ့ အဆိုပါ ဂူဂျာရတ်အဓိကရုဏ်းဖြစ်ပွားစဉ်က မိုဒီဟာ အဆိုပါပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဟိန္ဒူ ဝတ်ပြုခရီးသည်တွေ တင်ဆောင်လာတဲ့ ရထားတစ်စီးမီးလောင်ပြီး လူ ၅၉ ဦးသေဆုံးတာကို အကြောင်းပြုပြီး အဓိကရုဏ်းဖြစ်ပွားခဲ့တာပါ၊
Source: Reuters
#Modi_BBC_Documentary
#India_Politics
While the BBC has not aired the documentary in India, the video was uploaded on some YouTube
#Yangon_Media_Group
Published 22 Jan 2023
အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲပြည်နယ် ဝီလ်မင်တန်က သမ္မတဂျိုးဘိုင်ဒင်ရဲ့နေအိမ်ကို တရားရေးဌာနက ဇန်နဝါရီ ၂၀ရက် သောကြနေ့က ရှာဖွေမှုတွေပြလုပ်ခဲ့စဉ်အတွင်း လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ရေးရှေ့နေ ဘော့ဘော်ဝါက စနေနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
၁၉၇၃ခုနှစ်နှင့် ၂၀၀၉ခုနှစ်အတွင်း ဒယ်လဝဲ ဆီးနိတ်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက လျှို့ဝှက်အဆင့် သတ်မှတ်ပေးထားတဲ့ စာရွက်စာတမ်းတွေအပါအဝင် စာရွက်စာတမ်း အနည်းဆုံး(၆)ခုတွေ့ရှိခဲတာလို့ ဘော်ဝါက ပြောပါတယ်။
ကျန်တဲ့စာရွက်စာတမ်းတွေကတော့ ၂၀၀၉မှ၂၀၁၇နှစ်အတွင်း အိုဘားမား သမ္မတဖြစ်စဉ် ဒုတိယသမ္မတအဖြစ် သူတာဝန်ထမ်းဆောင်စဉ်က ဖြစ်တယ်လို့ ဘော်ဝါကဆက်လက်ပြောပါတယ်။ တရားရေးဌာနက အနည်းဆုံး ၁၂ နာရီ ကြာအထိ အိမ်ထဲရှာဖွေမှုပြုလုပ်ရာကနေ အဲဒီစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအပြင် ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ်က သူ့ရဲ့ လက်ရေးစာတွေကိုပါ တရားရေးဌာနက ယူဆောင်သွားတယ်လို့ ရှေ့နေ ဘော်ဝါကပြောပါတယ်။
ဂျိုးဘိုင်ဒင်က သူ့အိမ်ထဲ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေရှိမရှိ အစအဆုံးအနှံ့ ရှာဖွေဖို့ ခွင့်ပြုခဲ့တယ်လို့လည်း ဘော်ဝါကပြောပါတယ်။
အိမ်ကိုရှာဖွေနေစဉ်အတွင် သမ္မတနှင့် သမ္မတကတော်တို့ရှိမနေကြဘဲ တရာရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ သမ္မတရဲ့ ကိုယ်ရေးနှင့်အိမ်ဖြူတော်ရှေ့နေတွေအတူတကွရှာဖွေခဲ့ကြတာဖြစ်တယ်လို့လည်း သမ္မတရဲ့ အထူးဥပဒေ အကျိုးဆောင် ရစ်ချတ်ဆော်ဘာကလည်း သတင်းထုတ်ပြန်ချက်နောက်တစ်စောင်မှာ ဖော်ပြပြောဆိုထားပါတယ်။
Source: WION
#Biden_House_search
#US_Politics
#Classified_documents_Biden
#World_Lifestyle
Published 22 January 2023
လူတွေဟာ တစ်နေ့ကို ဆိုရှယ်မီဒီယာအသုံးပြုချိန် ပျမ်းမျှအားဖြင့် ၂ နာရီခွဲရှိပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ဆိုးကျိုးများသက်ရောက်နိုင်ကာ အချိန်ကုန်တဲ့ လုပ်ရပ်ဖြစ်နေနိုင်ပါတယ်။
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဖေ့စ်ဘွတ်၊ တစ်တော့၊ အင်စတာဂရမ်တို့လို ဆိုရှယ်မီဒီယာက ဘယ်လောက်အထိ သက်ရောက်နေလဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ဖို့ အရေးကြီးကြောင်း ပန်ဆယ်ဗေးနီးယားတက္ကသိုလ် ဒီဂျစ်တယ်ကျန်းမာရေးစင်တာမှ 'အန်နစ်ရှ်အက်ဂါဝယ်'က ပြောကြားလိုက်ပါတယ်။
အနည်းဆုံးတော့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို ရပ်နားလိုက်ရင် သင့်အတွက် ကျန်းမာစေနိုင်ပါတယ်။
ဆိုရှယ်မီဒီယာကို ဘာကြောင့်စပြီး အသုံးပြုခဲ့လဲဆိုတာကို သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်သင့်ကြောင်း 'အက်ဂါဝယ်'ကဆိုပါတယ်။
ကိုယ်လိုချင်တဲ့ ကျေနပ်မှုအတိုင်းမရရှိဘူးဆိုရင် အခြားတစ်ခုခု ပြောင်းလဲသင့်ပါပြီ။
ဆိုရှယ်မီဒီယာကို ဘာကြောင့်စတင်အသုံးပြုခဲ့သလဲ?
- အပြင်မှာ တွေ့ဆုံနိုင်ဖို့ အသင်းအဖွဲ့တွေ ရှာဖွေတာလား
- သတင်းမီဒီယာကို မဂ္ဂဇင်း၊ စာအုပ်တွေအပြင် အခြားနည်းလမ်းဖြင့် ကြည့်ရှုချင်လို့လား
- ပွဲတွေတက်ရောက်ပြီး ဈေးဝယ်ဈေးရောင်းလုပ်ချင်တာလား
ဖုန်းအသုံးပြုတာ ကြာလာတဲ့အခါ လည်ပင်းကြွက်သားများ တောင့်တင်းလာတတ်ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းမှ ရပ်နားလိုက်တဲ့အခါ လည်ပင်းနာခြင်း သက်သာစေပြီး မျက်လုံးအနားရစေပါတယ်။
ဆိုရှယ်မီဒီယာကြောင့် လူတွေပိုပြီးဆက်သွယ်မိလာကြပေမယ့် အသုံးပြုခြင်းကို ကန့်သတ်လျှော့ချလိုက်တဲ့အခါ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းတို့ လျော့နည်းသွားပါတယ်။
ဒါ့အပြင် ညဘက်ကောင်းစွာ အိပ်ပျော်ရတဲ့ အကျိုးကျေးဇူးလည်း ရရှိစေပါတယ်။
အိမ်မှာရှိတဲ့အချိန် ဖုန်းကို မမြင်နိုင်တဲ့တစ်နေရာရာမှာ ထားကြည့်ပါ။
ဖုန်းကိုအလွယ်တကူ မကိုင်ဖြစ်တဲ့အခါ ဆိုရှယ်မီဒီယာလည်း အသုံးမပြုဖြစ်တော့ပါဘူး။
ဖုန်းသုံးမယ့်အစား စာဖတ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ် ပြုလုပ်ကြည့်ပါ။
လက်ရှိဖုန်းအများစုမှာ အသုံးပြုချိန်ကို တွက်ချက်ထားတဲ့ စနစ်တွေပါဝင်တာကြောင့် တစ်နေ့တာအသုံးပြုချိန်ကို မိမိဘာသာ ဆန်းစစ်ကန့်သတ်နိုင်ပါတယ်။
မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ရှိတဲ့အခါမှာလည်း ဖုန်းအသုံးပြုခြင်းကို စနစ်တကျကန့်သတ်အသုံးပြုသင့်ပါတယ်။
အရင်နေ့ကထက် ယနေ့မှာ ဖုန်းအသုံးပြုချိန် ၁၀ မိနစ်ခန့်လျှော့ချသုံးတဲ့အကျင့်ကို စတင်ကျင့်ဆောင်နိုင်ပါတယ်။
အချို့တွေက ဆိုရှယ်မီဒီယာကနေ ကြောငြာတာမျိုးရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရှိသင့်တဲ့အသုံးပြုချိန်တော့ မတူညီကြပါဘူး။
Source: South China Morning Post
#Yangon_Media_Group
#World_Science
Published 22 January 2023
ပီကေပြုလုပ်ရာမှာ အသုံးပြုတဲ့ လာနိုလင်ဟာ သိုးတွေရဲ့ အရေပြားဂလင်းကနေ ထွက်ရှိတဲ့ အဆီတစ်မျိုးဖြစ်ကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိထားပါတယ်။
သိုးမွှေးမှာတွေ့ရတဲ့ ချောဆီဖယောင်းဟာ လူတွေမှာ အဆီဂလင်းကထွက်တဲ့ဟာနဲ့ ဆင်တူနေပါတယ်။
ပီကေသားပြုလုပ်ရာမှာ လာနိုလင်ကိုအသုံးပြုလေ့ရှိကာ စံချိန်စံညွှန်းနဲ့ညီတာကြောင့် ပါဝင်ပစ္စည်းတွေထဲမှာ ဖော်ပြထားခြင်းမရှိကြပါဘူး။
ဒါကြောင့် ပီကေဟာ သက်သက်မလွတ်ဘူးလို့ ဆိုဖွယ်ရာရှိနေပါတယ်။
နှစ်သက်ဖွယ်ပီကေဖြစ်လာအောင် ပျော့ပျောင်းပစ္စည်းများ၊ အချိုဓာတ်ပစ္စည်းများ၊ အနံ့အရသာများဖြင့် ပြုလုပ်ထားပါတယ်။
အချိုဓာတ်အတွက် ကယ်လိုရီနည်းတဲ့အပြင် ဈေးနှုန်းသက်သာတဲ့ အက်စ်ပါတမ်ကို သကြားအစားအသုံးပြုကြကာ သကြားထက် အဆ ၂၀၀ ပိုချိုစေတာကြောင့် အနည်းငယ်မျှသာ သုံးရပါတယ်။
အချိုဓာတ်အမှုန့်တွေဟာ ကျန်းမာတဲ့လူတွေမှာ သင့်တင့်တဲ့ပမာဏစားသုံးပါက ဘေးကင်းစေပေမယ့် ကျန်မားဆိုးကျိုးကြာရှည်စွာ ခံစားရနိုင်တာနဲ့ပတ်သက်ပြီး အငြင်းပွားနေကြပါတယ်။
သကြားအစားထိုးပစ္စည်းတွေက အူလမ်းကြောင်းဘယ်လိုသက်ရောက်စေသလဲ၊ သွေးတွင်းသကြားဓာတ်ကို ဘယ်လိုဖြစ်စေသလဲဆိုတာကို သုတေသီတွေက နောက်ထပ်လေ့လာမှု ပြုလုပ်နေကြပါတယ်။
နောက်ထပ်ပါဝင်ပစ္စည်းတစ်ခုက တာရှည်ခံပစ္စည်း ဗျူတိုင်လိတ်တက်ဟိုက်ဒရော့ဆီတိုလင်းဖြစ်ပြီး ကင်ဆာနဲ့ဆက်စပ်နေတယ်လို့ သိရပါတယ်။
ပီကေရဲ့ပါဝင်ပစ္စည်းတွေက အဆိုးတွေချည်းပဲလည်းမဟုတ်ပါဘူး။
သကြားမပါတဲ့ပီကေမှာ ဆိုက်လီတောလ်ပါဝင်ပြီး သွားပိုးစားခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားရန်မှ ကာကွယ်ပေးပါတယ်။
ဒါပေမဲ့ အလွန်အကျွံပီကေဝါးတတ်ရင်တော့ ခေါင်းကိုက်ခြင်း၊ မေးရိုးလွဲခြင်းတို့ဖြစ်နိုင်ကာ မေးရိုးကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ သွားနဲ့နားကိုက်ခဲခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
Source: NY Post
#Yangon_Media_Group
Page 606 of 949