အီလွန်မတ်စ်က သူနှင့် မက်တာ Meta စီအီးအို မတ်ခ်ဇူကာဘတ်တို့ရဲ့ သတ်ပုတ်ပွဲကို သူ့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း အိတ်စ် X မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ပြောလိုက်ပါတယ်။ အိတ်စ်ဆိုတာ ယခင်တွစ်တာကို နာမည်ပြောင်းခဲ့ တာဖြစ်ပါတယ်။
ဇွန်လကတည်းကစပြီး အီလွန်မတ်စ်နှင့် ဇူကာဘတ်တို့ ဆိုရှယ်မီဒီယာသူဋ္ဌေးကြီးနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး လက်စ်ဗီးဂါးမှာ ကိုယ်ခံပညာတွေရောနှောထားတဲ့ သတ်ပုတ်ပွဲလုပ်ကြဖို့ ပြောဆိုနေခဲ့ကြပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
“ဇူနှင့် မတ်စ်တို့ရဲ့ ထိုးကြိတ်သတ်ပုတ်ပွဲကို အိတ်စ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးပါမယ်။ ရတာတွေအားလုံးကို စစ်ပြန်တွေအတွက် လှူဒါန်းသွားပါမယ်” လို့ မတ်စ်က တနင်္ဂနွေ(ဩဂုတ်၆) ရက်မနက်က သူ့ရဲ့ပလက်ဖောင်း အိတ်စ်မှာ ပို့စ်တင်ထားပါတယ်။ဒါပေမယ့် သူက အသေးစိတ်ကိုတော့ပြောမထားပါဘူး။
ရိုက်တာသတင်းဌာနက ဇူကာဘတ်ရဲ့ မက်တာ Meta ကိုဆက်သွယ်ပြီး မှတ်ချက်တောင်းပေမယ့် ချက်ခြင်းမတုန့်ပြန်သေးပါဘူးလို့ သတင်းကရေးသားထားပါတယ်။
Source Reuters
ထိုင်းကိုပြန်လာဖို့ စီစဉ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ မထင်မှတ်ဘဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မွေးနေ့ပွဲကို နှမဖြစ်သူ ယင်လတ်ရှင်နာဝါထရာနှင့်အတူ ဩဂုတ် ၅ ရက် သွားရောက်ခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ ၇၂နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်လာတဲ့ သက်ဆင်ရဲ့ ပုံတွေကို ဖနွမ်းပင်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ တက်မောင်းမြို့က ဟွန်ဆန့်နေအိမ်မှာကျင်းပခဲ့တဲ့ အဆိုပါမွေးနေ့ပွဲကို မကြာမီကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်လာမယ့် သားဖြစ်သူ ဟွန်မန်နက်နှင့် အခြားမိသားစုဝင်တွေပါတက်ရောက်ကြပါတယ်။
သက်ဆင်ဟာ နှမဖြစ်သူ ယင်လတ်နှင့်အတူ သူ့အိမ်မှာ တစ်ညတာ တည်းခိုသွားခဲ့တယ်လို့ ဟွန်ဆန်က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဖရက်ရှ်နယူးစ်ကို ပြောပါတယ်။ ဩဂုတ် ၆ရက် တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားက မထွက်ခွာခင် သူတို့ အတူတကွ မနက်စာ သုံးဆောင်ခဲ့ကြတယ်လို့လည်း ဟွန်ဆန်ကပြောပါတယ်။
၁၉၉၂ခုနှစ်ကစပြီး ဟွန်ဆန်နှင့်သက်ဆင်တို့ဟာ ဘုရားပေးတဲ့ညီအစ်ကိုတွေအဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အလွန်နီးကပ် ရင်းနှီး ခင်မင်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ထိုင်းမှာစစ်တပ်က အာဏာသိမ်းပြီး သက်ဆင်နှင့် သူ့နှမ မယင်လတ်တို့ ဖြုတ်ချခံခဲ့ရသော်လည်း သူတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။
ဟွန်ဆန့်မွေးနေ့ပွဲကို သက်ဆင်နှင့်နှမဖြစ် မမျှော်လင့်ဘဲ တက်ရောက်တာတာဟာ အဲဒီစိတ်ဝင်စားစရာကောင်းလှတဲ့ ဆက်ဆံရေးအတွက် နောက်ထပ် စာမျက်နှာအသစ်တစ်ခုဖြစ်ဖွယ်ရှိတယ်လို့ သတင်းစာကရေးသားပါတယ်။
သက်ဆင်ဟာ ပြည်ပြေးအဖြစ်ကနေ ထိုင်းနိုင်ငံကို ဩဂုတ်လဆန်းပိုင်းပြန်လာမယ်လို့ စီစဉ်ထားပေမယ့် ဝန်ကြီးချုပ် ရွေးချယ်ပွဲ ဆိုင်းငံ့သွားတာကြောင့် ပြန်လာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အစိုးရသစ်ပေါ်တဲ့အထိ စောင့်မယ် လို့ ပြောကြားထားပါတယ်။
Source: Agencies
ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံကို ကာကွယ်ပေးဖို့ ဆက်လက်ဦးဆောင်နေမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဩဂုတ် ၅ရက်စနေနေ့က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးတင်းမားမှုတွေရှိနေလို့ စစ်တပ်ရဲ့ တည်ငြိမ်မှုနှင့်ပတ်သက်လို့ သတင်းထောက်တွေကမေးမြန်းတဲ့အခါ ထိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာရေးသားထားပါတယ်။
မေ ၁၄ ရက်ရွေးကောက်ပွဲအပြီး သုံးလနီးပါးကြာပြီးနောက် အစိုးရဖွဲ့ဖို့ကြိုးစားမှုတွေ တုံ့ဆိုင်းသွားခဲ့တဲ့ အလျောက် ထိုင်းနိုင်ငံဟာ နိုင်ငံရေးတင်းမာမှုတွေနှင့် ရင်ဆိုင်နေကြရပါတယ်။ ဒီမိုကရေစီလိုလားသူတွေနှင့် စစ်တပ်လိုလားသူတွေ အကြား ပဋိပက္ခတွေကြောင့် စစ်တပ်က ဝင်ရောက်စွက်ဖက်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အိမ်စောင့်အစိုးရဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးပရာရွတ်ဟာ သူ့ပါတီနှင့်သူ့မဟာမိတ်တွေ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အစိုးရအသစ်ကို အာဏာလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့အနာဂတ်နှင့် နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်နေတဲ့အပေါ်မေးမြန်းရာမှာ သူက နုပျိုတဲ့ စစ်သားတွေ ရှိနေပြီး တပ်ရဲ့အရေးပါးမှုကို အာမခံတဲ့ ဥပဒေတွေရှိနေသမျှကာလပတ်လုံး သူ့အနေနှင့် ဘာတစ်ခုကိုမျှစိတ်မပူဘူး လို့ ပြန်ဖြေခဲ့ပါတယ်။ သူဟာ အစိုးရသစ်တာဝန်ယူချိန်အထိ ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးထမ်းဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။ သူဟာ အာဏာလွှဲပြီးနောက်ပိုင်းမှာ နောက်ကွယ်မှာဆက်ရှိနေဦးမလားလို့မေးတဲ့အခါသူက “ အဲဒီ အထိမစဉ်းစားရသေးဘူး” လို့သူကပြန်ပြောပါတယ်။
ဗိုလ်ချုပ်ကြီးပရာရွတ်ဟာ ချူလာချွမ်ကလောင်စစ်တက္ကသိုလ်ရဲ့ ၁၃၆နှစ်ပြည့်အခမ်းအနားတက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ ပါတယ်။
သူဟာ အဲဒီကျောင်းမှာ အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ကျောင်းသားဟောင်းတွေဖြစ်တဲ့ အထက်လွှတ်တော်အမတ်တွေနှင့် စကားပြောဆိုနေတာကို အခမ်းအနားမှာတွေ့မြင်ခဲ့ရပါတယ်။ ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကောတေးကိုလည်း အခမ်းအနားမှာဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် နာရီဝက်ကြာစကားပြောဆိုနေတာတွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကသတင်းရေးသားပါတယ်။
စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စကို ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့တာလားဆိုတဲ့မေးခွန်းကို ဗိုလ်ချုပ်ကြီး နာရွန်ပန်ကဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကြဖြစ်တဲ့ စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စ ယခုထိ တရားဝင်အစည်းအဝေးထိုင်တာမတွေ့ရသေးပါဘူး။
Ref: Bangkok Post
#World_Health
Published 6 August 2023
အသက် ၄၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဟာ လူတွေသုံးစွဲပြီး စွန့်ပစ်လေ့ရှိတဲ့ ပစ္စည်းတစ်ခုရဲ့အခွံကြောင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများ ကာကွယ်နိုင်ခဲ့ကြောင်းကို တစ်တော့ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
သူမဟာ ဘိုတောက်စ် သို့မဟုတ် ဟိုင်ယာလူရွန်နစ်အက်ဆစ်၊ မျက်နှာကုသမှုတို့ အသုံးမပြုဘဲ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခဲ့ပုံကို ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ရာ သဘောကျနှစ်သက်သူ ၂၈,၀၀၀ ရှိခဲ့ပါတယ်။
ငှက်ပျောသီးဟာ အိမ်တိုင်းလိုလိုမှာရှိပြီး စားသုံးပြီးနောက် အခွံတွေကို လွှင့်ပစ်ကြပေမယ့် သူမကတော့ အခွံတွေကို အပိုင်းလေးတွေလှီးဖြတ်ကာ မျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။
မိနစ်အနည်းငယ်ကြာပြီးနောက် မျက်နှာသစ်ကာ ကြက်ဆူဆီလိမ်းခဲ့ပါတယ်။
အသုံးမပြုခင်ကပုံတွေကို တင်ထားခဲ့ရာမှာ မျက်နှာမှာ မြင်သာတဲ့အရေးကြောင်းများနဲ့ အိုမင်းခြင်းလက္ခဏာများ မြင်တွေ့နိုင်ပါတယ်။
ငှက်ပျောသီးအခွံများဖြင့် ပုံမှန်အသုံးပြုပြီး ၂ လကြာပြီးနောက် ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။
ထိုပုံမှာတော့ အသက် ၄၂ နှစ်ရှိ 'ကေတီ'ဟာ အတော်လေးငယ်ရွယ်တဲ့ပုံ မြင်တွေ့ရပြီး ထိုနည်းလမ်းတစ်မျိုးတည်းဖြင့်ပင် တောက်ပတဲ့အသားအရေ ရရှိခဲ့တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
@365gethappy အမည်ဖြင့် တစ်တော့မှာဗီဒီယိုများ တင်ပြနေကာ ဘာဆေးမှထိုးခြင်းသောက်ခြင်းမရှိဘဲ ဒီလိုအနေအထား ရရှိခဲ့တယ်လို့ ပြောပြထားပါတယ်။
ကေတီက ထိုနည်းလမ်းကို ညစဉ် ၄ လတိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကြည့်ရှုသူအများအပြားက သူ့မျက်နှာပြောင်းလဲသွားပုံကို အားကျနေကြပြီး နည်းလမ်းမျှဝေခဲ့တဲ့အတွက် ကျေနပ်အားပေးနေကြပါတယ်။
#World_Health #စွန့်ပစ်ပစ္စည်းငှက်ပျောသီးအခွံ
Source: The Jerusalem Post
#World_News
Published 6 August 2023
ဂျော်ဂျီယာမှ ကျောင်းသူတစ်ဦးဟာ ရှားပါးတဲ့ ဦးနှောက်စားအမီးဘားပိုးကြောင့် အသက်သေဆုံးသွားရပါတယ်။
အသက် ၁၇ နှစ်အရွယ် 'မီဂန်အက်ဘီနော့သ်'ဟာ ဂျော်ဂျီယာရှိ ရေကန်တစ်ခုမှာ ရေကူးရင်း Naegleria fowleri လို့ခေါ်တဲ့ အမီးဘားပိုးကူးစက်ပြီးနောက် ဇူလိုင် ၂၂ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။
ဂျော်ဂျီယာပြည်သူ့ကျန်းမာရေးဌာနမှ ရောဂါပိုးကူးစက်မှုအကြောင်း သတိပေးစာထုတ်ပြန်ပြီး ရက်ပိုင်းမှာပဲ သေဆုံးသူရဲ့အမေဖြစ်သူ 'ခရစ္စတီနာအက်ဘီနော့သ်'က သူ့သမီးအသက်ဆုံးပါးသွားကြောင်း အတည်ပြုလိုက်ပါတယ်။
ဆေးရုံက သူမကို ကျောရိုးဆေးထိုးပြီး ရောဂါရှာဖွေဖို့ ကြိုးစားခဲ့ကာ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်လို့ ပြောပြခဲ့ပါတယ်။
အက်ဘီနော့သ်သေဆုံးမှုဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဂျော်ဂျီယာမှာ ၆ ဦးမြောက်ဖြစ်ခဲ့ပါတယ်။
ကူးစက်နိုင်ချေနည်းပေမယ့် ရေကူးသူတွေအနေနဲ့ ဒီလိုရောဂါပိုးကူးစက်နိုင်ချေက အမြဲတမ်းရှိနေတတ်တယ်လို့ သတိပေးလိုက်ပါတယ်။
ရောဂါကူးစက်ပြီဆိုရင် ဦးနှောက်တစ်ရှူးတွေထိခိုက်ကာ ဦးနှောက်ဖောရောင်ခြင်းနဲ့ သေဆုံးခြင်းတို့ပါ ဖြစ်ပွားနိုင်ကြောင်း ဂျော်ဂျီယာပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။
ကူးစက်ပြီး ၁ ရက်မှ ၁၂ ရက်အတွင်း ရောဂါလက္ခဏာပြနိုင်ကာ အပြင်းအထန် ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ အကြောဆွဲခြင်း၊ ကိုမာတို့ဖြစ်နိုင်ကာ အသက်သေဆုံးနိုင်ပါတယ်။
အက်ဘီနော့သ်ဟာ ဆေးရုံမှာ ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ရပြီး ဦးနှောက်ရောဂါပိုးကူးစက်ခြင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
#World_News #ရေကူးပြီးနောက် ဦးနှောက်စားအမီးဘားပိုးကူးစက်
Source: People
ဗုဒ္ဓဟူးနေ့က ဂျာမနီမြောက်ပိုင်းမှာကျင်းပတဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးမက်တယ်ဂီပွဲတော် ကျင်းပရာလယ်မြေနေရာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှတောဖြစ်သွားရပြီး ပွဲလာရောက်ကြည့်ရှုသူ အရေအတွက်ကို ကန့်သတ်လိုက်ရပါတယ်။
Published_ 5 August 2023
#လက်မှတ်ဝယ်ထားသူအချို့အားဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့
#World_Event
#Yangon_Times
#Daily_News
Published_ 5 August 2023
၁။ ပြည်တွင်းခရီးသွား ကုမ္ပဏီ (၂၃)ခုကို ထိုင်းဗီဇာဝန်ဆောင်မှုအတွက် လုပ်ကိုင်ခွင့်ပြု
၂။ ဩဂုတ်လအတွင်း ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့်ကလေးငယ်များကို ဗီတာမင်ဆေးများ တိုက်ကျွေးမည်
၃။ မြန်မာ့အုန်းလက်မှုထုတ်ကုန်ပစ္စည်းများ အာရှမှာသာမက ဒူဘိုင်းနှင့်ဥရောပနိုင်ငံများမှာပါ ဈေးကွက်ရရှိနေ
၄။ ရွှံ့အလွန်ထူထပ်နေသည့် ဂျာမနီဟဲဗီးမက်တယ်ဂီတပွဲ၌ ရာသီဥတုအခြေအနေကြောင့် လက်မှတ်ဝယ်ထားသူအချို့အားဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 488 of 970