#World_Health
Published 25 March 2023
ထမင်းမစားခင် ဗာဒံစေ့စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။
ဆီးချိုနဲ့ အဝလွန်ခြင်းဖြစ်နိုင်ချေရှိနေတဲ့ အိန္ဒိယလူမျိုးတွေမှာ ဗာဒံစေ့စားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သုတေသန ၂ ရပ်မှာ တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ရာမှာ မနက်စာ၊ နေ့လယ်စာ၊ ညစာမစားခင် မိနစ် ၃၀ အလိုမှာ ၂၀ ဂရမ်မျှရှိတဲ့ ဗာဒံစေ့လက်တစ်ဆုပ်စာကို စားသုံးစေခဲ့ပါတယ်။
စမ်းသပ်ကာလအတွင်း အခြားအစေ့အဆန်အားလုံးကိုတော့ ရှောင်ရှားခိုင်းခဲ့ပါတယ်။
ကယ်လီဖိုးနီးယားအယ်လ်မွန်ဘုတ်အဖွဲ့က ထောက်ပံ့ပြီးဒေါက်တာ'အေနုမစ္စရာ'နဲ့ ဒေါက်တာ'ဆီမာဂူလာတီ'တို့က စမ်းသပ်တာဖြစ်ပါတယ်။
ထိုသို့စားသုံးစေခြင်းဟာ ထမင်းစားပြီးနောက် ဂလူးကို့စ်နဲ့ အင်ဆူလင်အတက်အကျဖြစ်ခြင်းကို လျော့ကျစေနိုင်ပြီး သွေးထဲဂလူးကို့စ်တက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ သုတေသီများယူဆနေကြပါတယ်။
"ဗာဒံစေ့က သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းချုပ်တဲ့နေရာမှာ အဓိကပတ်သက်နေပြီး အစာမစားခင်တိုင်း ဗာဒံအနည်းငယ်စားပေးခြင်းဖြင့် အိန္ဒိယလူမျိုးတွေမှာ ၃ ရက်အတွင်း ဂလူးကို့စ်ပမာဏထိန်းချုပ်ပေးနိုင်တယ်လို့ ဖော်ပြသွားပါတယ်။
ဗာဒံမှာပါဝင်တဲ့ အမျှင်၊ မိုနိုဆက်ကျူရိတ်တက်အဆီ၊ ဇင့်၊ မဂ္ဂနီဆီယမ် အာဟာရဓာတ်များက ဂလူးကို့စ်ကိုထိန်းချုပ်နိုင်စေပြီး ဆာလောင်ခြင်းကိုလျှော့ချပေးပါတယ်။
အစာအိမ်ရှင်းလင်းရာမှာ နှောင့်နှေးစေတဲ့အတွက် အစာတွေကို နှေးကွေးစွာချေဖျက်ပေးကာ ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်ပြီး ဆီးချိုဖြစ်နိုင်ချေရှိတဲ့သူတွေကို သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။
Source: India Today
#Yangon_Media_Group
#World_SocialMedia
Published 24 March 2023
မက်ဒရစ်ဆင်ခြေဖုံးရပ်ကွက်ရှိ အမျိုးသမီးငယ် ၄ ဦးဟာ တစ်တော့ပေါ်မှာ လူသန်းပေါင်းများစွာကြည့်ရှုနေတဲ့ သတင်းများကိုအကျဉ်းချုပ်ပြီး ဗီဒီယိုများဖန်တီးရန် ကြိုးစားနေကြပါတယ်။
#YMG#Yangon_Media_Group
Published 24 March 2023
ပြင်သစ်နိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်ကြတဲ့သန်းနှင့်ချီတဲ့ ဆန္ဒပြသူများနှင့် ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေအကြား မတ်လ၂၃ရက်ကြာသပတေးနေ့က ရုန့်ရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ သမ္မတ မက်ခရွန်ရဲ့ အကြီးအကျယ်အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေး အပေါ် ဆန့်ကျင်လာခဲ့ကြတာ သုံးလရှိပြီလည်းဖြစ်ပါတယ်။
ရဲအရာရှိ၁၅၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး များစွာသော ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ကြရပါတယ်။ ပါရီမြို့အပါအဝင် မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေကနေ ရုန့်ရင်းဆန်ခတ်မှုတွေဖြ်လာခဲ့ကြပြီး ဆန္ဒပြသူတွေက မီးကွင်းတွေနှင့် ပစ်ပေါက်ခဲ့ကြပါတယ်။
Source AFP
#ပြင်သစ်ပင်စင်ကိစ္စဆန္ဒပြပွဲ
#ပြင်သစ်ပင်စင်ပြုပြင်ပြောင်းလဲရေး
#YangonMediaGroup
#DailyNews
Published_ 23 March 2023
၁။ကမ္ဘာ့အမွေအနှစ်စာရင်းတင်နိုင်ရန် သင်္ကြန်ပွဲတော်များကို မှတ်တမ်းတင် documentary များ ရိုက်ကူးမှတ်တမ်းတင်ထားမည်ဟုဆို
၂။တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်မယ်ဆိုရင် နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား ခိုင်မာသည့် MOU တွေချုပ်ဆိုရန်လိုအပ်ဟုဆို
၃။ တစ်ရက်အတွင်း ဓာတ်ဆီဈေး တစ်လီတာလျှင် ၂၁၀၀ ကျပ်သို့ ပြန်တက်လာ
၄။တစ်တော့၊ ယူကျုတို့တွင် သတင်းများစုစည်းတင်ဆက်ပေးနေသည့် အမျိုးသမီးငယ်အဖွဲ့ အောင်မြင်မှုရနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Military
Published 24 March 2023
ရန်သူရဲ့ ရေတပ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ရေဒီယိုသတ္တိကြွဆူနာမီကို ဖန်တီးပေးနိုင်တဲ့ ရေအောက်နျူကလီးယားဒရုန်းတစ်ခုကို မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ စမ်းသပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ မြောက်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာမှာ အဆိုပါလက်နက်စနစ်အသစ်ကို ထည့်သွင်းစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကိုရီးယားကျွန်းဆွယ်မှာ မရှောင်လွှဲနိုင်လောက်အောင် တင်းမာမှုမြင့်တက်လာတယ်လို့ မြောက်ကိုရီးယားက အပြစ်တင်နေပါတယ်။
ဒါတွေကြောင့် မြောက်ကိုရီးယားတပ်တွေဟာ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေအတွက် အသင့်ပြင်နေကြပြီး နျူကလီးယားတပ်တွေမှာ အရေအတွက်အရရော အရည်အသွေးအရပါ အခြေခံဦးစားပေးအနေနဲ့ အင်အားဖြည့်တင်းနေကြပါတယ်။
KCNA သတင်းဌာနတင်ပြချက်အရ မြောက်ကိုရီးယားစစ်တပ်ဟာ ဖျက်ဆီးစွမ်းအားအလွန်ကျယ်ပြန့်တဲ့ ဆူနာမီလက်နက်စနစ်ကို နေရာချလိုက်ပြီဖြစ်ပါတယ်။
အဆိုပါရေအောက်ဒရုန်းဟာ ရေအနက် ၈၀ မှ ၁၅၀ မီတာမှာ ၅၉ နာရီ ၁၂ မိနစ်ကြာအောင် မောင်းနှင်နိုင်ခဲ့ပါတယ်။
ဒီရေအောက်နျူကလီးယားဒရုန်းဟာ မည်သည့်ဆိပ်ကမ်း၊ ကမ်းရိုးတန်းမှာမဆို နေရာချနိုင်သလို ရေပေါ်သင်္ဘောနဲ့လည်း ဆွဲထားနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်'က အဆိုပါစစ်ရေးလေ့ကျင့်မှုတွေကို ညွှန်ကြားခဲ့ကာ ဒီလေ့ကျင့်မှုတွေက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို သတိပေးတဲ့အနေဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
အမေရိကန်အရင်းရှင်တွေနဲ့ တောင်ကိုရီးယားရုပ်သေးရုပ်တို့ ရွေးချယ်ရာလမ်းကြောင်းအတိုင်း ကျရှုံးသွားအောင် ပြုလုပ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နျူကလီးယားထိပ်ဖူးတပ် ပုံစံတူတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ဗုဒ္ဓဟူးနေ့က စမ်းသပ်ခဲ့ကြောင်း KCNA က အတည်ပြုလိုက်ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားရဲ့ နောက်ထပ်စစ်ရေးတိုက်ခိုက်စွမ်းရည်ကို ဖော်ပြလိုက်တာဖြစ်ပြီး လေထဲဖောက်ခွဲခြင်း၊ ထိန်းချုပ်ရေးကိရိယာတွေအပေါ် အားထားနိုင်စွမ်းကို ဖော်ပြနေတာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 24 March 2023
ခန္ဓာကိုယ်အတွက် အကောင်းဆုံးအစားအစာထဲမှာ ဟင်းသီးဟင်းရွက်များပါဝင်ပြီး စားရန်အသင့်တော်ဆုံးစာရင်းတွေကို လူတွေသိချင်ကြပါတယ်။
ဘယ်လိုဟင်းရွက်သီးနှံပဲဖြစ်ဖြစ် အစာချေခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်တို့ကို ကူညီပေးကာ အသားအရည်ပုံသဏ္ဍာန်ကောင်းမွန်စေခြင်း၊ ဆံကေသာကောင်းမွန်စေခြင်း၊ အသက်ရှည်ခြင်းတို့ကို ပံ့ပိုးပေးနိုင်ပါတယ်။
ဒါကြောင့် ပုံမှန်စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတစ်ပန်းကန်မှာ လိုအပ်တဲ့အာဟာရများအဖြစ် ဗိုက်တာမင်-ကေ ၁၁၆ ရာခိုင်နှုန်း၊ ဗိုက်တာမင်-စီ ၁၃၅ ရာခိုင်နှုန်းအပြင် ဖောလစ်အက်ဆစ်၊ မန်းဂနိစ်၊ ပိုတက်ဆီယမ်တို့ လုံလောက်စွာပါဝင်ပါတယ်။
သူ့မှာပါဝင်တဲ့ ဒြပ်ပေါင်းအမျိုးမျိုးနဲ့ အင်ဇိုင်းတွေက ကင်ဆာအမျိုးမျိုးပြန်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ဖွယ်ရှိပါတယ်။
(၂) ခရမ်းရောင်ဂေါ်ဖီ
သူ့မှာ အမျှင်ဓာတ် ၂ ဂရမ်၊ နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်-စီ ၈၅ ရာခိုင်နှုန်းပါဝင်သလို ကျန်းမာရေးအကျိုးကျေးဇူးရစေတဲ့ အန်သိုဆိုင်ယာနင်လည်း ပါဝင်ပါတယ်။
အဲဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးကြောကျဉ်းခြင်းကို ကာကွယ်တဲ့အပြင် မကောင်းတဲ့ကိုလက်စ်ထရောလ်တွေ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးပါတယ်။
(၃) မုန်လာဥနီ
မုန်လာဥနီက အမြင်အာရုံကို ထိန်းသိမ်းပေးပြီး ဗိုက်တာမင်-အေ၊ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-ကေ၊ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
လိမ္မော်ရောင်ဖြစ်စေတဲ့ ဘီတာကယ်ရိုတင်းက ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
(၄) သကြားမုန်လာ
သကြားမုန်လာအပြင် ဟင်းနုနွယ်၊ ကိုက်လံ၊ အခြားဟင်းရွက်များပါဝင်ပြီး မဂ္ဂနီဆီယမ်အပြည့်ပါဝင်တာကြောင့် ကြွက်သား အာရုံကြောလုပ်ဆောင်ချက်၊ သွေးတွင်းဂလူးကို့စ်၊ သွေးပေါင်ချိန်တို့ကို ထိန်းညှိပေးပါတယ်။
(၅) ကြက်သွန်ဖြူ
ရိုးရာဆေးဘက်ဆိုင်ရာများအရ ရောဂါအမျိုးမျိုးကာကွယ်ကုသရာမှာ ကြက်သွန်ဖြူကိုအသုံးပြုကြပါတယ်။
လေ့လာချက်များအရ ကြက်သွန်ဖြူက ဘက်တီးရီးယားအချို့ကို သေစေနိုင်ပြီး ရောဂါကူးစက်မှုနဲ့ အစာအဆိပ်သင့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#World_News
Published 24 March 2023
နေလုံးကြီးပေါ်က ကောင်းကင်သို့ ကျစ်ကျစ်တောက်ပူနေတဲ့ ပလတ်စ်မာအငွေ့များတက်လာကာ ကမ္ဘာဂြိုဟ် ၁၄ လုံးစာပမာဏမြင့်တက်သွားပြီး ကမ္ဘာဂြိုဟ်အရွယ်အစားမျှအလုံးများခွဲထွက်ကာ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ထိုထိတ်လန့်ဖွယ်အဖြစ်အပျက်ကို နက္ခတ္တဗေဒပညာရှင်များ၊ အပျော်တမ်းပညာရှင်များနဲ့ နက္ခတ္တဓာတ်ပုံဆရာများကပါ မျက်မြင်တွေ့ရှိခဲ့ကြပါတယ်။
နေစကြဝဠာစနစ်ထဲမှာ အမြင့်ဆုံးဖြစ်နိုင်တဲ့ လေဆင်နှာမောင်းရဲ့ပုံတွေကို နာဆာဆိုလာဒိုင်နမစ်စောင့်ကြည့်ရေးစခန်းက ဖမ်းယူရရှိခဲ့ပါတယ်။
ဆိုလာလေဆင်နှာမောင်းက နေရဲ့ မြောက်ဝင်ရိုးစွန်းမှာ ဖြစ်ပေါ်ခဲ့ကာ ၃ ရက်ကြာအောင် တည်ရှိနေခဲ့ပြီး သံလိုက်ဓာတ်ငွေ့တိမ်တိုက်အဖြစ် လျော့မသွားခင် ၁၂၀,၀၀၀ ကီလိုမီတာလောက်အထိ ကမ္ဘာဂြိုဟ် ၁၄ လုံးစာခန့် မြင့်တက်သွားခဲ့ပါတယ်။
အဲဒီနောက် ဆိုလာလေဆင်နှာမောင်းက လျော့ကျသွားကာ အာကာသထဲသို့ ပုံစံအမျိုးမျိုးဖြင့် ပျံ့ထွက်သွားပါတယ်။
ဒါပေမဲ့ ကျွန်ုပ်တို့ဂြိုဟ်ကတော့ လေဆင်နှာမောင်းရဲ့သက်ရောက်မှုကို ကြုံတွေ့ရနိုင်ဖွယ်မရှိဘူးလို့ Space Weather က တင်ပြခဲ့ပါတယ်။
နေပေါ်ကို ကမ္ဘာဂြိုဟ်အရွယ်အစားမျှရှိတဲ့ အရာတွေကျရောက်လာတာဟာ ငရဲကဲ့သို့ထင်မှတ်ရဖွယ်ရှိကြောင်း နက္ခတ္တဗေဒပညာရှင်များက ဖော်ပြခဲ့ကြပါတယ်။
"ကမ္ဘာဂြိုဟ် ၁၄ လုံးစာလောက်မြင့်တဲ့ လေဆင်နှာမောင်းတန်းကြီးက နေပေါ်မှာ အရောင်တွေထွက်ပြီး ကျရောက်နေခဲ့ပါတယ်" လို့ နက္ခတ္တဓာတ်ပုံပညာရှင်'အန်ဒရူမက်ကာသီ'က တွစ်တာမှာဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေလုံးကြီးဟာလည်း အလွန်လှုပ်ရှားနေခဲ့ပြီး မျက်နှာပြင်ပေါ်မှာ နေပြောက်အနည်းဆုံး ၆ ခုဖြစ်ပေါ်လာကြောင်း ယူကေအာကာသရာသီဥတုခန့်မှန်းသူတစ်ဦးက ဆိုလိုက်ပါတယ်။
ဆိုလာမီးတောက်များနဲ့ ပလတ်စ်မာပေါက်ကွဲမှုများက နေရဲ့အရှေ့တောင်ဘက်စွန်းရှိ နေပြောက်တစ်ခုမှာ လာမယ့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အခုလက်ရှိမှာ နေပေါ်မှာ ဆိုလာလေများ အပြင်းအထန်တိုက်ခတ်နေပြီး လေထုအထက်ပိုင်းရှိ အပေါက်နှစ်ပေါက်ကနေ လေများထုတ်လွှတ်နေပါတယ်။
ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ဆိုလာလေထိတွေ့မှုကနေ ဘူမိသံလိုက်မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ချေရှိနေပါတယ်။
Source: WION.
#Yangon_Media_Group
Page 483 of 866