၂၂ စက်တင်ဘာ ၂၀၂၄

ထိုင်းအစိုးရက နှစ်ပတ်လည် တပ်ရာထူးများအပြောင်းအရွှေ့ကြီးတစ်ခုကို မကြာခင်ကြေညာဖွယ်ရှိပြီး  ထိုပြန်လည်ဖွဲ့စည်းမှုတွင် လာမည့်လ၌ အငြိမ်းစားယူကြမည့် ကြည်းတပ်နှင့် ရေတပ်ဦးစီးချုပ်တို့၏ နေရာများကို အသစ်ခန့်အပ်ခြင်းလည်း ပါဝင်တယ်လို့ ထိုင်းသတင်းများကရေးသားပါတယ်။

အဆိုပါ တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ တပ်ရာထူးအပြောင်းအရွှေ့တွင် အဆိုပါ တပ်အကြီးအကဲ (၂)နေရာ အပါအဝင် စုစုပေါင်း အရာရှိ ၈၀၈ဦးပါဝင်တယ်လို့သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ တော်ဝင်ဂေဇက်ဝက်ဘ်ဆိုက်မှာ‌ ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာဟာ အဆိုပါစာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ အတည်ပြုပေးဖို့ တင်သွင်း လိုက်ပြီလို့ရေးသားထားပါတယ်။  ဘုရင်မင်းမြတ်အတည်ပြုပြီးပါက ယင်းအပြောင်းအရွှေ့များသည် အောက်တိုဘာ ၁ ရက်မှစတင်အကျုံးဝင်မှာဖြစ်ပါတယ်။

အငြိမ်းစားယူတော့မည့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရိုအင်ချိုင်ဟင်တောင်၏ နေရာတွင် သူထောက်ခံတင်ပြထားသည့် လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း)  ဗိုလ်ချုပ်ကြီး ပန်နာကလောပလိုသပ်  ဖြစ်လာမယ်လို့ အသံတွေထွက်နေပါတယ်။

ယင်းအပြင် အငြိမ်းစားယူမည့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒွန်ပန်အမ်၏ နေရာတွင် သူထောက်ခံ ပေးထားသည့် ဗိုလ်ချုပ်ကြီး ဂျီရာပို ဝန်ဝစ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးထားကြပါတယ်။ သူဟာ ရေတပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဂျာမနီနိုင်ငံ မြူဝစ်ရေတပ် တက္ကသိုလ် ဆင်းတစ်ဦးဖြစ်ပါတယ်။

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပန်ပက်ဒီပန်တန်ကူက သူ၏ လက်ထောက် အဖြစ်  လေတပ်အကြီးတန်းပညာရှင် ဗိုလ်ချုပ်ကြီး ချိန်နက်ပိုကစ်ကို ဒုတိယလေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ ယင်းအပြင် ဗိုလ်ချုပ်ကြီး မန်နက် ချာဗန်နာပရာရွန်ကို လည်း  လေတပ်အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖွယ်ရှိနေကြောင်းသတင်းများက ရေးသား ဖော်ပြကြပါတယ်။

Source Thai Media outlets