#Daily_News
Published_ 26 October 2023
၁။ မကွေးမှနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်(၁၀၀)ကျော် ကိုရီးယား-မြန်မာဆရာဝန်များနှင့် အခမဲ့ခွဲစိတ်ကုသခွင့်ရ
၂။ နယ်စပ်ဂိတ်များ ပြန်ဖွင့်လာတာကြောင့် မူဆယ်မြို့နယ်အတွင်း လူကုန်ကူးမှုအသိပညာပေးလုပ်ငန်းတွေ ထိရောက်စွာလုပ်ဆောင်ပေးနေ
၃။ ပုသိမ်ထီးကုန်ကြမ်းဈေးမြင့်တက်ပြီး ကုန်ချောဈေးပုံမှန်အတိုင်းရှိသောကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများတွက်ခြေကိုက်မှုနည်းပါးနေ
၄။ နိုင်ငံခြားမှ အဆင့်မြင့်နည်းပညာများ၊ လူသုံးကုန်ပစ္စည်းများ တရုတ်ကတိုးမြှင့်တင်သွင်းသွားမည်ဟုဆို... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 26 October 2023
မြေပြင်ကျူးကျော်မှု ပြုလုပ်ရန် စီစဥ်နေတဲ့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ပစ်မှတ်ထားပြီး အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ပွဲပဋိပက္ခက အရှေ့အလယ်ပိုင်းကို ကျော်လွန်ပြီး ပျံ့နှံ့လာနိုင်တယ်လို့ ရုရှားကသတိပေးလိုက်ကာ ကမ္ဘာ့အင်အားကြီး နိုင်ငံများကလည်း ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်သို့ အရေးပေါ် လူသားချင်းစာနာထောက်ထားခြင်း အကူအညီများကို ပေးပို့မယ့်အစီအစဥ် ပျက်သုဥ်းခဲ့ပါတယ်။
ပါလက်စ်တိုင်းနဲ့ အစ္စရေးလ်တို့ဟာ ဘေးကင်းလုံခြုံစွာဖြင့် ဘေးချင်းကပ်လျက် ရပ်တည်ဖို့ တန်းတူညီမျှ ထိုက်တန်မှုရှိကြောင်း ဘိုင်ဒင်က ဝါရှင်တန်ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွများ တိုက်ခိုက်ပြီး လူပေါင်း ၁,၄၀၀ ကျော်သတ်ဖြတ်ကာ ဓားစာခံ ၂၀၀ ကျော် ခေါ်ဆောင်သွားရတဲ့ ရည်ရွယ်ချက်က အစ္စရေးလ်နဲ့ ဆော်ဒီအာရေဗျတို့ ဆက်ဆံရေး ပြန်လည်သင့်မြတ်မှုကို မလိုလားတာကြောင့် ဖြစ်မယ်လို့ ဘိုင်ဒင်က ယူဆထားပါတယ်။
ရုရှားသမ္မတပူတင်က ထိုပဋိပက္ခဟာ အရှေ့အလယ်ပိုင်းကို ကျော်လွန်လာနိုင်ကြောင်း သတိပေးလိုက်ကာ အခြားသူတွေ ပြုခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဂါဇာမှာရှိတဲ့ အပြစ်မဲ့အရပ်သားတွေ ထိခိုက်ပျက်စီးနေရတာ မဖြစ်သင့်ဘူးလို့ ဆိုလိုက်ပါတယ်။
အခုအချိန်မှာ အဓိကတာဝန်က အသက်တွေ သေကြေပျက်စီးနေတာကို ရပ်တန့်ဖို့ဖြစ်ကြောင်း၊ ဒီလိုမှ မရပ်တန့်နိုင်ရင် အလွန်ဆိုးကျိုးများတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပျက်လာနိုင်ကြောင်း အရှေ့အလယ်ပိုင်း နယ်စပ်ကို ဖြတ်ကျော်လာနိုင်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။
ထိုဒေသအတွင်း အမေရိကန်တပ်များကို ကာကွယ်နိုင်ရန် အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်များ နေရာမချမချင်း ဂါဇာကိုကျူးကျော်ရန် စောင့်ဆိုင်းမယ်လို့ အစ္စရေးလ်က သဘောတူညီခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။
အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ်အဖွဲ့တွေ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များကို တိုက်ခိုက်ပြီး ပဋိပက္ခတင်းမာလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။
ဂါဇာစစ်ပွဲက ပါလက်စ်တိုင်း နယ်နိမိတ်တွေကို ကျော်လွန်နေပြီဖြစ်ပြီး အစ္စရေးလ်တို့က ဆီးရီးယားကို လက်တုန့်ပြန်တဲ့အနေဖြင့် စစ်လေယာဥ်များဖြင့် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့သလို ဆီးရီးယားမှ အလက်ပိုလေဆိပ်နဲ့ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့တို့ကို ပစ်မှတ်ထားပါတယ်။
အစ္စရေးလ်ရဲ့ အဓိကရန်သူ အီရန်ဟာ ဒေသတဝိုက် အသာစီးရဖို့အတွက် ဆီးရီးယား၊ လက်ဘနွန်တို့ရှိ လက်နက်ကိုင် အဖွဲ့အစည်းများသာမက ဟားမတ်စ်တို့ကိုလည်း ထောက်ပံ့နေခဲ့ပါတယ်။
နောက်ထပ် အကြောင်းအရာကတော့ ပါလက်စ်တိုင်း အရပ်သားများထံ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးများ ပေးပို့ခွင့်ရရှိရန် စစ်ပွဲယာယီရပ်ဆိုင်းရေးအတွက် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ်ကို မူကြမ်းတင်ပြခဲ့ရာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
ရုရှားကလည်း အပစ်အခတ် ရပ်စဲရေးအတွက် အပြိုင်တင်ပြခဲ့ပေမယ့် လိုအပ်တဲ့ အနည်းဆုံးမဲဆန္ဒ အရေအတွက် မရရှိခဲ့ပါဘူး။
အစ္စရေးလ်ကတော့ အဆိုပါမူကြမ်း ၂ ရပ်စလုံးကို ငြင်းဆိုကာ ဟားမတ်စ်တို့က ဒါကိုအခွင့်ကောင်းယူပြီး နောက်ထပ်အန္တရာယ်တွေ ခြိမ်းခြောက်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
ဂါဇာကို အစ္စရေးလ်ကျူးကျော်မယ့် အစီအစဥ်ကို အချိန်ဆွဲဖို့ နိုင်ငံတကာက ဖိအားပေးလာရတာဟာ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၂၀ ထဲက တဝက်လောက်ဟာ နိုင်ငံ ၂၅ နိုင်ငံမှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး အတော်များများက အစ္စရေးလ်နိုင်ငံသား ခံယူခွင့်ပူးတွဲ ကိုင်ဆောင်ထားတယ်လို့ ယူဆရပါတယ်။
#World_News #စစ်ပွဲဂယက်ပျံ့နှံ့ #ပူတင်သတိပေး #Source: Reuters
#World_Health
Published 26 October 2023
အိုမင်းရင့်ရော်လာတယ်ဆိုတာ သက်ရှိတိုင်းမှာ သဘာဝအတိုင်း ဖြစ်ပျက်နေတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက စနစ်တွေ တဖြည်းဖြည်း ယိုယွင်းလာကာ ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်ပိုင်းဆိုင်ရာမှာပါ လုပ်ဆောင်ချက်တွေ ကျဆင်းလာပါတယ်။
အိုမင်းရင့်ရော်ခြင်းကို လုံးဝရပ်တန့်ဖို့ မဖြစ်နိုင်ပေမယ့် စားသောက် နေထိုင်မှုပုံစံတွေ၊ အချို့သော အစားအစာများဖြင့် ဒီဖြစ်စဥ်ကို နှောင့်နှေးအောင် ပြုလုပ်နိုင်ပါတယ်။
အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးအောင် ပြုလုပ်နိုင်ဖွယ်ရှိတဲ့ စားစရာတွေထဲမှာ ..
(၁) ဒိန်ချဥ်
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အစာခြေခြင်းကို ထောက်ပံ့ပေးခြင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း၊ အရေပြားကျန်းမာစေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
(၂) ဘယ်ရီသီးများ
အမျိုးမျိုးသော ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး အိုမင်းခြင်းနဲ့ သက်ဆိုင်တဲ့ရောဂါများမှ ကာကွယ်ပေးပါတယ်။
(၃) ထောပတ်သီး
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ ဗိုက်တာမင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး အရေပြားနဲ့ နှလုံးကျန်းမာရေးတို့ကို အားဖြည့်ပေးကာ ဦးနှောက်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးပါတယ်။
(၄) အဆီပါသောငါးများ
ဆယ်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာတို့မှာ အိုမီဂါ၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးကာ အသားအရည် ဝင်းဝါစေပါတယ်။
(၅) အခွံမာသီးများနှင့် အစေ့များ
သစ်ကြားသီး၊ ဗာဒံသီး၊ လျှော်စေ့၊ ချီယာစေ့တို့ဟာ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အဆီများ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၆) ကောက်ပဲသီးနှံများ
ဆန်ညိုနဲ့ ပေါင်မုန့်ကြမ်းတို့မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ၊ အမျှင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
(၇) နနွင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကာကူမင်ပါဝင်တာကြောင့် အိုမင်းခြင်းလက္ခဏာများကို လျှော့ချပေးကာ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
(၈) ချောကလက်မည်း
သင့်တင့်မျှတစွာ စားသုံးပေးပါက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိနိုင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၉) လက်ဖက်စိမ်း
သူ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ခန္ဓာကိုယ်ထဲက ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးကာ နှလုံးကို ကျန်းမာစေပါတယ်။
#World_Health #အိုမင်းရင့်ရော်ခြင်းလက္ခဏာ #အစားအစာ #Source: DoctorNDTV
#World_Health
Published 26 October 2023
ဝက်ရဲ့နှလုံးဖြင့် အစားထိုးခွဲစိတ်မှုခံယူခဲ့တဲ့ ဒုတိယမြောက်လူနာဟာ တစ်လကြာပြီးနောက်မှာ နလန်ပြန်ထူဖို့ ဆေးရုံမှာ ကြိုးစားနေတာတွေကို သေကြာနေ့က ဗီဒီယိုကနေ မြင်တွေ့ခဲ့ရပါတယ်။
မယ်ရီလန်းမှ လောရန့်ဖော့ဆက်ဟာ နှလုံးအလုပ်မလုပ်တဲ့ ရောဂါကြောင့် သေလုနီးပါးဖြစ်နေပြီး အခြားကျန်းမာရေး ပြဿနာများကြောင့် သာမန်နှလုံးခွဲစိတ်မှုမျိုး ပြုလုပ်လို့မရတဲ့အချိန်မှာ မယ်ရီလန်းဆေးတက္ကသိုလ်မှ ဆရာဝန်များက အန္တရာယ်များတဲ့ စမ်းသပ်ခွဲစိတ်မှုကို အကြံပြုခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ ခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုဆေးရုံမှဗီဒီယိုထဲမှာ ရုပ်ပိုင်းဆိုင်ရာ ကုသရေးမှူး ခရစ္စဝဲလ်စ်က သူ့ကိုစက်ဘီးခြေနင်း လေ့ကျင့်ခန်းလုပ်ခိုင်းနေစဥ် ပြုံးနေခိုင်းဖို့ ပြောပြနေတာကို တွေ့ရပါတယ်။
ဒီလိုလုပ်ရတာ ခက်ခဲပေမယ့် ရအောင်လုပ်မယ်လို့ အသက် ၅၈ နှစ်ရှိဖော့ဆက်က အသက်ပြင်းပြင်းရှူရင်း ပြောပြသွားပါတယ်။
မယ်ရီလန်းဆေးတက္ကသိုလ်အဖွဲ့ဟာ ယမန်နှစ်က ပထမဆုံးနှလုံးအစားထိုး ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ထံမှနှလုံးကို သေလုနီးပါးဖြစ်နေတဲ့ လူနာမှာ အစားထိုးခဲ့ပါတယ်။
၂ လကြာအသက်ရှင်ခဲ့ပြီးနောက် နှလုံးအလုပ်မလုပ်တော့ကာ နှလုံးအတွင်းမှ ဝက်ဗိုင်းရပ်စ်တစ်မျိုးရဲ့ လက္ခဏာတွေကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
ပထမအခေါက်က အတွေ့အကြုံကို သင်ခန်းစာယူခဲ့ပြီး အခုတစ်ခေါက်မှာ ဗိုင်းရပ်စ်စမ်းသပ်မှု အပါအဝင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါတယ်။
တိရိစ္ဆာန်များမှ လူထံသို့ အင်္ဂါအစားထိုးခြင်း နည်းလမ်းတွေဟာ ဆယ်စုနှစ်တွေကြာအောင် မအောင်မြင်ခဲ့ဘဲ လူသားတွေရဲ့ ကိုယ်ခံအားစနစ်က ပြင်ပတစ်ရှူးတွေကို ချက်ချင်းဖျက်ဆီးပစ်လိုက်ပါတယ်။
အခုအခါမှာ ဝက်ရဲ့နှလုံးကို လူသားတွေနဲ့ ပိုမိုဆင်တူလာအောင် မျိုးရိုးဗီဇပြုပြင် ဖန်တီးလာကြပါတယ်။
ဝက်ရဲ့နှလုံးကို ခန္ဓာကိုယ်ထဲမှာ လက်မခံတာမျိုး မတွေ့ရဘူးလို့ ဆရာဝန်များက ဆိုပါတယ်။
ဖော့ဆက်ဟာ မတ်တပ်ရပ်နိုင်ပြီဖြစ်ပြီး ကုသရေးပညာရှင်များက လမ်းပြန်လျှောက်နိုင်ရန် လိုအပ်တဲ့ခွန်အား ရရှိဖို့ကို ကူညီပေးနေကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီလိုမျိုး အစားထိုးခွဲစိတ်မှုများဖြင့် လူသားအင်္ဂါ ရှားပါးလာတာကို အစားထိုးနိုင်မယ်လို့ သိပ္ပံပညာရှင်များ မျှော်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစားထိုးခွဲစိတ်မှု ပြုလုပ်ရန် လူနာပေါင်း ၁ သိန်းကျော်ရှိနေပြီး အများစုက ကျောက်ကပ်အင်္ဂါတွေ ဖြစ်ပါတယ်။
အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအနေနဲ့ ပိုမိုလေ့လာခွင့်ရရှိစေရန် ရည်ရွယ်ကာ သိပ္ပံပညာရှင်အဖွဲ့အချို့က ဝက်ကျောက်ကပ်နဲ့ နှလုံးတွေကို မျောက်တွေနဲ့ လှူဒါန်းထားတဲ့ လူခန္ဓာကိုယ်အလောင်းတွေမှာ စမ်းသပ်နေကြပါတယ်။
#World_Health #ဒုတိယမြောက်ဝက်နှလုံးအစားထိုးခွဲစိတ်မှု #လေ့ကျင့်ခန်းပြန်လုပ်နေနိုင်ပြီ #Source: New York Post
ဆီနီဂေါနပန်းအားကစားသမားတွေဟာ ဆင်းရဲတဲ့အခြေအနေကနေ ရုန်းထွက်ချင်နေကြပြီး မြိုတော်ဒါကာရှိ တရုတ်မှဆောက်လုပ်ပေးထားတဲ့ အားကစားကွင်းကြီးထဲက ပရိသတ်များစွာရှေ့မှောက်မှာ သူတိုရဲ့ ခွန်အားကို ပြသချင်နေကြပါတယ်။
#World_Sports
Published_ 25 October 2023
#ဆီနီဂေါနပန်းအားကစား #အမျိုးသားနပန်းအားကစားကွင်းကြီး
#Daily_News
Published_ 25 October 2023
၁။ သရေခေတ္တရာပျူမြို့ဟောင်းဇုန်အတွင်း ခရီးသွားများအတွက် သန့်စင်ခန်း Public Toilet နှစ်ခုတည်ဆောက်ရန်စီစဉ်နေ
၂။ မိုးများပြီးကွမ်းခြံတွေ ပျက်စီးမှုများပေမယ့် ဝယ်လိုအားမရှိတာကြောင့် ယမန်နှစ်လောက်ကွမ်းဈေးမြင့်မရရှိ
၃။ ကျိုက်ထီးရိုးနှင့် ပုဂံအပါအဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများအတွင်း ဆေးလိပ်ကင်းစင်နယ်မြေများအဖြစ်သတ်မှတ်ဆောင်ရွက်နေပြီး အောင်မြင်မှုများရှိနေ
၄။ ဆီနီဂေါနပန်းအားကစားကို တစ်ခေတ်ဆန်းလာစေသည့်အမျိုးသား နပန်းအားကစားကွင်းကြီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 25 October 2023
ဟားမတ်စ်စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတဲ့ ဂါဇာမြို့မှ လူနေထူထပ်တဲ့ ဒေသတွေကို အစ္စရေးလ်တပ်များ ဝင်ရောက်တိုက်ခိုက်ရန် အလားအလာ ရှိနေပြီး ဒါဟာ ယခင်က ဆီးရီးယားနဲ့ အီရတ်တို့မှာ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အစ္စလာမ်အကြမ်းဖက်အဖွဲ့နဲ့ အသေအကြေ တိုက်ခိုက်ခဲ့ကြတာကို ပြန်လည်အမှတ်ရစေပါတယ်။
မိုဆူလ်နဲ့ ရက်ကာတို့မှာ သေနတ်ပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထောင်နဲ့ချီ သေဆုံးခဲ့တာကို အစ္စရေးလ်အနေနဲ့ သင်ခန်းစာယူရမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ စစ်ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။
အစ္စရေးလ်တို့နဲ့ ပြောဆိုရာမှာ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်ဖို့၊ ဘေးကင်းရေး အတိုင်းအတာများ သေချာဆောင်ရွက်ဖို့ အရေးကြီးကြောင်း အလေးပေးပြောပြခဲ့တယ်လို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက အင်္ဂါနေ့မှာ မိန့်ကြားလိုက်ပါတယ်။
၂၀၁၆ အောက်တိုဘာမှ အစ္စလာမ်အကြမ်းဖက်အဖွဲ့ ကျဆုံးရာ ၂၀၁၇ ဇူလိုင်လအထိ မိုဆူလ်ကို အစ္စလာမ်သူပုန်များထံမှ လွတ်မြောက်အောင် ဝိုင်းရံတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၁ သောင်းသေဆုံးကာ အရပ်သား ၃,၂၀၀ ခန့်ပါဝင်ခဲ့တယ်လို့ AP သတင်းဌာန စုံစမ်းရေးမှ သိရှိရပါတယ်။
စစ်သွေးကြွများက ထွက်ပြေးရန်ကြိုးပမ်းစဉ်မှာ အရပ်သားဓားစာခံတွေကို ဖမ်းဆီး သတ်ဖြတ်သွားခဲ့ပြီး လူသားဒိုင်းအဖြစ် အသုံးချသွားပါတယ်။
အရပ်သားတွေကို အဝေးသို့ ထွက်ပြေးဖို့ သတိပေးထားစဉ် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းထားဖို့နဲ့ လူသားချင်းစာနာမှုစင်္ကြံများ ချမှတ်ဆောင်ရွက်သွားဖို့ အရေးပါကြောင်းကို ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဌ၊ အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးအကြီးအကဲ၊ အကြီးတန်း ကွန်မန်ဒါများက သိရှိထားကြကာ အရပ်သားကာကွယ်ရေး၊ စစ်သွေးကြွများမှ ပြုလုပ်ထားနိုင်တဲ့ ထောင်ချောက်များအကြောင်း အကြံပြုကြကာ ကျောင်းတွေ၊ ဗလီတွေ၊ နေအိမ်တွေမှာ ပုန်းခိုနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အထူးတပ်ဖွဲ့မှာ ပါဝင်ခဲ့တဲ့ မရင်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂလင်း အပါအဝင် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ကို အစ္စရေးလ်သို့ စေလွှတ်လိုက်ပါတယ်။
လူနေအရပ်တွေမှာ တိုက်ခိုက်တာနဲ့ ပတ်သက်လာရင် အဆိုပါအရာရှိတွေက အတွေ့အကြုံရှိထားပြီး အစ္စရေးလ်ကာကွယ်ရေးတပ်တွေနဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
တဲလ်အေဗစ်မှာ အစ္စရေးလ်ခေါင်းဆောင်များနဲ့ လွိုက်အော်စတင် တွေ့ဆုံရာမှာ အစ္စလာမ်အကြမ်းဖက်တွေကို နှိမ်နင်းခဲ့စဉ် အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးကို ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ကာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတဲ့ အချက်ကိုလည်း သိရှိထားဖို့ ပြောကြားသွားပါတယ်။
ဂါဇာသို့ ဝင်ရောက်တိုက်ခိုက်တဲ့အခါ အရပ်သားတွေရဲ့ ဘေးကင်းမှုကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ သတိပေးလိုက်ပါတယ်။
အရပ်သားများ ထိခိုက်သေဆုံးမှု မဖြစ်အောင် အစီအစဉ်တွေ၊ လေ့ကျင့်မှုတွေ၊ ပစ်မှတ်တွေ၊ လက်နက်အသုံးပြုခြင်းတွေကို ထိန်းညှိသွားဖို့ကို အလေးထားရမှာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ တကယ်အရေးပါကြောင်း၊ ဟားမတ်စ်တွေရဲ့ လက်ထဲမှာရှိနေတဲ့ အပြစ်မဲ့ ပါလက်စ်တိုင်းပြည်သူတွေရဲ့ အရေးကို စဉ်းစားပြီး အကျိုးရှိမယ့်လုပ်ရပ် လုပ်နိုင်ဖို့လိုအပ်ကြောင်း အငြိမ်းစားစစ်တပ်ဗိုလ်ချုပ်ကြီး ဂျိုဆပ်ဗိုတယ်က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ယခုစစ်သွေးကြွတွေဟာ အီရန်ကထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ပိုမိုအဆင့်မြင့်နေပြီး ဂါဇာမြေအောက်က လှိုဏ်ခေါင်းတွေက ဆီးရီးယားတုန်းက လှိုဏ်ခေါင်းတွေထက် ပိုမိုရှည်လျားဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။
ယခင်က ရင်ဆိုင်ခဲ့တဲ့ ISIS တွေထက် ယခုဟားမတ်စ်စစ်သွေးကြွေတွေက နောက်တစ်ဆင့်မြင့်လာတဲ့ လူရမ်းကားတွေဖြစ်နေတယ်လို့ ခံစားရကြောင်း အော်စတင်က ဆိုပါတယ်။
#World_News #အမေရိကန် #အီရတ် #ဆီးရီးယား #Source: AP News
Page 475 of 1018