#DailyNews
Published _ 3 September 2022
၁။ စက်သုံးဆီဈေးဂယက်ကြောင့် အောက်ဆိုက်ကားအချို့ပြေးဆွဲမှုရပ်နားထားရဟုဆို
၂။ ဓါတ်ဆီ ၁ လီတာ ကျပ် ၁၀၀ ခန့် ပြန်လည်မြင့်တက်လာ
၃။ ရဟန်းရှင်လူ(၅၀၀)ခန့်ကို B ပိုးC ပိုး စစ်ဆေးပေးပြီး B ပိုးကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့
၄။ နှစ်(၃,၀၀၀) သက်တမ်းရှိ ဘုန်းတော်ကြီးအုတ်ဂူအား ပီရူးတွင် ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 3 September 2022
အမေရိကန်အနောက်ပိုင်းဒေသမှာ အပူလှိုင်းဖြတ်သန်းလျက်ရှိကာ ပုံမှန်ထက် အပူချိန် ၃ ဆလောက်မြင့်တက်နေပါတယ်။
"ကျွန်မတို့အိမ်မှာ လေအေးပေးစက်မရှိပါဘူး၊ ပန်ကာတစ်လုံးပဲရှိပါတယ်၊ အိမ်မှာမနေနိုင်တော့လို့ လေအေးပေးစက်ဖွင့်တဲ့နေရာတွေကို လာရတာပါ" လို့ အငြိမ်းစားတစ်ဦးဖြစ်သူ'နယ်လီအာမာယာ'က AFP ကို ပြောကြားခဲ့ပါတယ်။
အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတာကြောင့် ဒေသအရေးပေါ်ဌာနမှ လေအေးပေးစင်တာနေရာ ၄၀ ကို ဖွင့်လှစ်ပေးခဲ့ကာ လော့စ်အိန်ဂျလိစ်က လူပေါင်းများစွာဟာ ထိုလေအေးပေးစင်တာများသို့ လာရောက်ကြပါတယ်။
လေအေးပေးစင်တာတွေကို စာကြည့်တိုက်တွေ၊ အပန်းဖြေစင်တာ၊ ပန်းခြံ၊ သက်ကြီးဂေဟာတွေမှာ ပြုလုပ်ထားပြီး အပူချိန်မြင့်တက်နေတဲ့ နေ့ပိုင်းတွေမှာ လေအေးပေးစက်ဖွင့်ထားပေးကာ အချိုရည်အေးများဖြင့် ထောက်ပံ့ပေးထားပါတယ်။
မိုးလေဝသဌာနတွေက ကယ်လီဖိုးနီးယားမှ နေရာအများစုအပြင် နီဗါဒါ၊ အရီဇိုနာ အချို့နေရာများမှာလည်း အပူလွန်ကဲနိုင်ပြီး အပူချိန် ၁၁၀ ဒီဂရီဖာရင်ဟိုက် ( ၄၃ ဆဲလ်စီးယပ်စ် ) အထိရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ယခုရက်သတ္တပတ်ရုံးပိတ်ရက်ကိုကျော်ပြီး နောက်အပတ်အထိ ကြာမြင့်နိုင်ကာ ညဘက်မှာတော့ အပူချိန်ကျဆင်းတာကြောင့် ခံသာတယ်လို့ ပြောလို့ရပါတယ်။
အပူချိန်များလာခြင်းက ရက်ကြာလာပြီး ညဘက်တွေမှာပါ ပူလာမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်ကို ထိခိုက်မှုရှိလာနိုင်ပြီး နာမကျန်းဖြစ်လာနိုင်ကာ အသက်သေဆုံးသည်အထိဖြစ်လာနိုင်တယ်လို့ ဆရာဝန်များက ဆိုပါတယ်။
အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်လာတဲ့အချိန်မှာ အကူအညီလိုအပ်မယ့်သူတွေကို အတတ်နိုင်ဆုံး ရှာဖွေကူညီဖို့စီစဉ်ထားကြောင်း လော့စ်အိန်ဂျလိစ်အရေးပေါ်စီမံဌာနမှ 'ဟိုဆက်ပ်ရစ်ဆာ'က ပြောပြခဲ့ပါတယ်။
အပူလှိုင်းက လူနေမှုအဖွဲ့အစည်းတွေကို မျှမျှတတသက်ရောက်တာတော့မဟုတ်ပါဘူး။
ဒေသအစွန် အဖျားကလူတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းတွေက ပိုပြီးတော့ ခံစားရနိုင်ပါတယ်။
အိမ်ခြေရာမဲ့လူတွေ၊ အပြင်ဘက် နေပူကြီးထဲ အလုပ်လုပ်ရသူတွေ၊ သစ်ပင်ရိပ်မရှိတဲ့ အိမ်ကလူတွေ၊ ကားလမ်းမနဲ့နီးတဲ့အိမ်ကသူတွေက ပိုပြီးတော့ အန္တရာယ်များပါတယ်။
"လေအေးပေးစက်မရှိတဲ့အိမ်က လူတွေ၊ အိမ်မရှိတဲ့လူတွေ၊ အပူဒဏ်သက်သာအောင် ရှာကြံနေထိုင်တဲ့လူငယ်တွေ၊ လေအေးပေးစက် မကောင်းတဲ့အိမ်ကလူတွေ ဖြစ်ပါတယ်"လို့ 'ရစ်ဆာ'က ဆိုပါတယ်။
ကယ်လီဖိုးနီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံက အိမ်တွေကို လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲဖို့ တောင်းဆိုထားပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာရကာ ရာသီဥတုပြောင်းလဲမှုများ ပြင်းထန်လာရကြောင်း သတိပေးလိုက်ပါတယ်။
အပူလှိုင်းတွေက ပိုပိုပြီး ပူပြင်းလာကာ မုန်တိုင်းတိုက်တဲ့အခါ ရေကြီးရေလျှံတာတွေ အဖြစ်များလာပြီး အန္တရာယ်ပိုများလာတဲ့ သဘောတရားပါပဲ။
#Source: rfi
#Yangon_Media_Group
#World_Health
Published 3 September 2022
စတီးရွိုက်ဆေးတွေ သောက်သုံးနေရခြင်းက စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းအပြင် အခြားကျန်းမာရေးပြဿနာများနဲ့ ဆက်စပ်နေကြောင်း အဓိကလေ့လာချက်ကြီးမှာ တွေ့ရှိထားပါတယ်။
ဗြိတိန်လူမျိုးသန်းပေါင်းများစွာက အဆစ်အမြစ်ရောင်၊ အသက်ရှူကြပ်အဆုတ်ရောင်ရောဂါ၊ နှင်းခူ၊ ရင်ကြပ်ရောဂါ၊ ခုခံအားကျဆင်းဝေဒနာတွေကို ကုသဖို့ စတီးရွိက်တွေ အသုံးပြုနေကြပါတယ်။
စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ဂလူကိုကော်တီကွိုက်ဟာ ဦးနှောက်ရဲ့ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲစေနိုင်ပြီး စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေများစေပါတယ်။
ဂလူကိုကော်တီကွိုက်ကြာရှည်စွာ သုံးစွဲခြင်းက ရေရှည်မှာ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ချေရှိတာနဲ့ ပတ်သက်နေပေမယ့် သုတေသနအရတော့ အထောက်အထားအနည်းငယ်သာရှိပါ သေးတယ်။
ဆေးတွေရဲ့ ဓာတုပစ္စည်းတွေ ကိုယ်တွင်းအင်္ဂါတွေကို ပစ်မှတ်ထားနိုင်ရန်အတွက် ဆေးတွေက လူရဲ့ကိုယ်ခံအားစနစ်ကိုချပေးပါတယ်။
ဒီလိုဓာတုပစ္စည်းတွေထဲမှာ ဒက်ဆာမီသာဆုန်း၊ ကော်တီဆုန်း၊ ဘူဒီဆိုနိုက်တို့ ပါဝင်ပါတယ်။
လူနာတွေရဲ့ဦးနှောက်ကို ကျန်းမာတဲ့ဦးနှောက် ၂၄,၀၀၀ ကျော်နဲ့နှိုင်းယှဉ်ကာ ဦးနှောက်ရဲ့ ခဲရောင်အသားနဲ့ အဖြူရောင်အသားတို့မှာ ပြောင်းလဲမှုဖြစ်ပေါ်ပုံကို ကြည့်ရှုခဲ့ကြပါတယ်။
စတီးရွိုက်သုံးစွဲနေရသူတွေက စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ချေ ၇၆ ရာခိုင်နှုန်းပိုဖြစ်နိုင်ပြီး ထုံထိုင်းခြင်းဝေဒနာ ၉၀ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပါတယ်။
ဒါ့အပြင် စိတ်မပါလက်မပါဖြစ်ခြင်း ၈၄ ရာခိုင်နှုန်းနဲ့ ဂဏာမငြိမ်ခြင်း ၇၈ ရာခိုင်နှုန်းပိုဖြစ်နိုင်ပါတယ်။
လေ့လာချက်အရ ဂလူကိုကော်တီကွိက်သောက်သုံးခြင်းနဲ့ ရှူသွင်းခြင်းကြောင့် ဦးနှောက်ပုံရိပ်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဂလူကိုကော်တီကွိုက်ရေရှည်သုံးစွဲသူတွေထဲမှာ ဆေးပမာဏအတိုင်း ဒါမှမဟုတ် သုံးစွဲချိန်အတိုင်း ဦးနှောက်အဖြူအသားတည်ဆောက်ပုံအရ ဂလူကိုကော်တီကွိုက်ရှူသွင်းတဲ့သူတွေမှာ သက်ရောက်မှုအနည်းဆုံး၊ သောက်သုံးတဲ့သူတွေမှာ သက်ရောက်မှုများကာ ရေရှည်သုံးစွဲသူတွေထဲမှာ သက်ရောက်မှုအများဆုံးဖြစ်နေပါတယ်။
ဒီတွေ့ရှိချက်တွေက ထင်ရှားပြီးတော့ ရောဂါကုသမှုနဲ့ အာရုံကြောဘေးထွက်ဆိုးကျိုးများကြား ဆက်စပ်မှုကို သတိထားမိစေမှာဖြစ်ပါတယ်။
ဂလူကိုကော်တီကွိုက်သုံးစွဲသူတွေမှာ စိတ်ကျန်းမာရေးပြဿနာများဖြစ်ပေါ်ကြောင်း သတင်းတင်ပြခဲ့ကြပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာကတော့ သိပ်ပြီး မပြောင်းလဲပါဘူး။
ဂလူကိုကော်တီကွိုက်သုံးစွဲခြင်းနဲ့ ဦးနှောက်တည်ဆောက်ပုံကြားဆက်စပ်မှုကို လေ့လာတဲ့ အကြီးဆုံးသုတေသနဖြစ်ပြီး ပထမဆုံးလည်းဖြစ်ပါတယ်။
Source: Telegraph
#Yangon_Media_Group
#World_Health
Published 3 September 2022
သွေးအမျိုးအစား-အေ ပိုင်ရှင်တွေဟာ အသက်စောစောအချိန်မှာပဲ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ များနေပြီး အို-သွေးပိုင်ရှင်တွေကတော့ ဖြစ်နိုင်ချေနည်းတဲ့သူတွေဖြစ်ပါတယ်။
Neurology ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့ကဖော်ပြရာမှာ လေဖြတ်ထားတဲ့လူ ၁၇,၀၀၀ နီးပါးနဲ့ လေဖြတ်ခြင်းမဖြစ်ဖူးသူ ၅၇၀,၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြပါတယ်။
"လေ့လာသုံးသပ်ချက်များအရ လူတွေရဲ့မျိုးဗီဇနဲ့ပတ်သက်ပြီး သွေးအမျိုးအစားနဲ့ စောစီးစွာလေဖြတ်ခြင်းဖြစ်နိုင်ချေတို့ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်၊ အသက်အရွယ်နောက်ပိုင်းမှ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေဆက်စပ်မှုက အသက်အစောပိုင်းဖြစ်နိုင်ချေလောက် အထောက်အထားမပြနိုင်ပါဘူး"လို့ စုံစမ်းရေးမှူး'ဘရက်စ်တန်မစ်ချဲလ်'က ဆိုပါတယ်။
မေရီလန်းဆေးပညာတက္ကသိုလ်မှ 'မစ်ချဲလ်'နဲ့သုတေသီအဖွဲ့က သွေးအမျိုးအစားနဲ့ လေဖြတ်ခြင်းအန္တရာယ်ကြား ဆက်စပ်ပုံကို လေ့လာခဲ့ကြပါတယ်။
သွေးအမျိုးအစား အေ၊ အေဘီ၊ ဘီ၊ အို တို့ကို လေ့လာခဲ့ကြရာ အေ-သွေးပိုင်ရှင်တွေက အသက် ၆၀ မတိုင်ခင်မှာ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေအများဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
တွေ့ရှိချက်ကို ကောက်ချက်ချနိုင်ရန် သုတေသီတွေက စမ်းသပ်ခံသူတွေကို သွေးအမျိုးအစားအလိုက် ခွဲခြားပြီး စောစီးစွာလေဖြတ်ခြင်း၊ အသက်အရွယ်နောက်ပိုင်းလေဖြတ်ခြင်း၊ လေဖြတ်ခြင်းအန္တရာယ်မဖြစ်ခြင်းဆိုတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
အေ-သွေးပိုင်ရှင်တွေက စောစီးစွာလေဖြတ်နိုင်ချေရှိနေပြီး အို-သွေးပိုင်ရှင်တွေကတော့ သိပ်ပြီးဖြစ်နိုင်ချေမရှိပါဘူး။
ဘီ-သွေးပိုင်ရှင်တွေကတော့ စောစီးစွာဖြစ်နိုင်ချေအပြင် အသက်အရွယ်နောက်ပိုင်းမှလည်း ဖြစ်နိုင်ချေရှိနေပါတယ်။
၂၀၂၀ ခုနှစ်အတွင်း လေဖြတ်ခြင်းကြောင့် သေဆုံးသူ ကမ္ဘာတဝှမ်းမှာ ၃.၅ သန်းနီးပါးရှိခဲ့ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
ဒီလိုတွေ့ရှိချက်ကြောင့် သွေးအမျိုးအစားက လေဖြတ်နိုင်ချေနဲ့ဆက်စပ်နေတာကို ပိုပြီးစူးစမ်းစရာဖြစ်လာပါတယ်လို့ 'ဒင်းမာ့ခ်ဂလက်ဝင်း'က မှတ်ချက်ပြုခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Climate
Published 2 September 2022
ဆိုးဆိုးရွားရွားမိုးခေါင်ရေရှားခြင်းကြောင့် စပိန်နိုင်ငံရှိရေလှောင်ကန်များမှ ရေမျက်နှာပြင်များ ကျဆင်းလာကာ အရင်ကရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ အထိမ်းအမှတ်ကျောက်တုံးအစုအဝေးကြီးနဲ့ ရာစုနှစ်သက်တမ်းရှိ ဘုရားကျောင်းတစ်ခုတို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
#Yangon_Media_Group
Published- 2Sept 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးကို စက်တင်ဘာ ၂ရက် သောကြာနေ့က ပွဲထုတ်လိုက်ပါတယ်။ ဒါဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားလက်နက်တွေကို မှီခိုနေရတာကိုလျှော့ချဖို့နှင့် ဒေသအတွင်း တရုတ်ရဲ့စစ်ရေးအရယုံကြည်စိတ်ချ မှုတိုးပွားလာနေတာ ကို တန်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းမှုဖြစ်ပါတယ်။
INS Vikrant (အိုင်အင်န်အက်စ် ဗစ်ကရန့်) လို့ အမည်ပေးထားတဲ့ အဲဒီ လေယာဉ်တင်သင်္ဘောကြီးဟာ အလျား ၈၆၀ ပေရှိပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောတွေထဲမှာ တစ်စီးဖြစ်ကာ နှစ်ပေါင်း ၁၇နှစ်ကြာ တည်ဆောက်မှုနှင့်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်ရေတပ်ကို ပိတ်ဆို့နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး အနားယူသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးရဲ့ အမည်ကို အမွေဆက်ခံထားတာလည်းဖြစ်ပါတယ်။
“ ယနေ့မှာ အိုင်အင်န်အက်စ် ဗီကရန့်ဟာ နိုင်ငံကို ယုံကြည်မှုအသစ်တွေနှင့် ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဖန်တီးပေးလိုက်ပါပြီ “ လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တောင်ပိုင်း ကရာလာပြည်နယ်မှာပြုလုပ်တြ့ သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားပါတယ်။
“ ပြည်တွင်းမှာ ဒီလို လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ အနည်းငယ်သော နိုင်ငံအုပ်စုထဲ ကျွန်တော်တို့ ဝင်ရောက်လိုက်ပါပြီ” လို့လည်းသူကပြောပါတယ်။
အိန္ဒိယရဲ့ တစ်စီးတည်းသော အခြားလေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တွေမှာ အမှုထမ်းနေသူ ၁၆၀၀ဦးခန့်ကို ယခုလေယာဉ်တင် သင်္ဘောကြီးမှာ တာဝန်ပေးမှာဖြစ်ပါတယ်။
အဲဒီအခြားလေယာဉ်တင်သင်္ဘောကြီးကို အိန္ဒိယရဲ့ အဓိက လက်နက်ရောင်းနိုင်ငံဖြစ်တဲ့ ရုရှားထံမှ တစ်ပတ်ရစ်သင်္ဘောကြီးအဖြစ် အိန္ဒိယက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ နိုင်ငံက နိုင်ငံခြားကနေ စစ်ရေးပစ္စည်းတွေ ဝယ်ယူမှီခိုနေရတာကို ဖြတ်တောက်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်းစက်မှုလုပ်ငန်းတွေကို တည်ဆောက်ခဲ့ပါတယ်။
အခုဆို စစ်သင်္ဘောတွေနှင့် ရေငုပ်သင်္ဘောတွေ အစီးရေ သုံးဒါဇင်ကျော်ကို နိုင်ငံရဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်နေပါတယ်။
အိန္ဒိယရဲ့ ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီသရုပ်သကန်တွေမပါတော့ တဲ့ ရေတပ်အလံအသစ်ကိုပါ သောကြာနေ့က စတင်အသုံးပြုပြသခဲ့ပါတယ်။
“ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုလုပ်ခဲ့ကြပြီ။ ကျွန်တော်တို့လက်အောက်ခံဘဝ အမှတ်လက္ခဏာတွေကို ဖယ်ရှားပစ်ခဲ့ပြီ” လို့ လည်း မိုဒီက ပြောပါတယ်။
ရေတပ်အလံသစ်မှာ ယခင်ကပါခဲ့တဲ့ အင်္ဂလန် နိုင်ငံတော်အလံက စိန့်ဂျော့ကြက်ခြေခတ်နေရာမှာ ဟိန္ဒူစစ်ဘုရင် ချတ်ထရာပါတီ ရှီဗာဂျီရဲ့ တော်ဝင်တံဆိပ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။
Source: AFP
#India
#India_Home_made_aircraft_carrier
#INS_Vikrant
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 771 of 984