#WorldHealth
Published 10 May 2022
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမခံရဖူးတဲ့ အဝလွန်သူတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းဖြင့်ရရှိလာတဲ့ ကာကွယ်နိုင်စွမ်းက သက်ရောက်မှုနည်းပါးနိုင်ကြောင်း တူရကီလေ့လာချက်တစ်ရပ်မှာဖော်ပြထားပါတယ်။
လေ့လာမှုထဲမှာ SARS-CoV-2 မကူးစက်ဖူးတဲ့ အဝလွန်သူတွေမှာ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကာကွယ် ဆေးထိုးနှံခြင်းက ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ပဋိပစ္စည်း (antibody) ပမာဏ ၃ ဆကျော် နည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဆိုင်နိုဗက်ဘိုင်အိုတက်ခ်မှ ထုတ်လုပ်တဲ့ ကိုရိုနာဗက်ကာကွယ်ဆေးထိုးပြီး ကိုရိုနာမကူးစက်ဖူးတဲ့ အဝလွန်သူတွေမှာတော့ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ပဋိပစ္စည်းပမာဏ ၂၇ ဆလျော့ နည်းကြောင်း နယ်သာလန်နိုင်ငံ အဝလွန်ခြင်းနဲ့ပတ်သက်တဲ့ ဥရောပကွန်ဂရက်မှာ ယခုအပတ်အတွင်း တင်ပြသွားပါတယ်။
အရင်ကကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖူးတဲ့သူတွေမှာတော့ အဝလွန်သည်ဖြစ်စေ၊ ပုံမှန်ကိုယ်အလေးချိန်ရှိသည်ဖြစ်စေ ပဋိပစ္စည်းပမာဏအတူတူပဲဖြစ်ကြောင်း နှိုင်းယှဉ်တွေ့ရှိရပါတယ်။
BMI ၄၀ နဲ့ အထက်ရှိတဲ့အဝလွန်သူ ၁၂၄ ဦးနဲ့ BMI ၂၅ အောက်ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ရှိသူ ၁၆၆ ဦးတို့မှာ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ထွက်ရှိလာတဲ့ ကိုယ်ခံအားတုန့်ပြန်မှုတွေကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။
အယောက် ၁၃၀ က mRNA အမျိုးအစားဖိုင်ဇာကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အယောက် ၁၆၀ ကတော့ ဆိုင်နိုဗက်ရဲ့အသက်မဲ့ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခဲ့ကြပါတယ်။
အဝလွန်တဲ့သူတွေမှာ ဖိုင်ဇာဘိုင်အိုတက်ခ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းက ကိုရိုနာဗက်ကာကွယ်ဆေးထိုးခြင်းထက် ပဋိပစ္စည်းထွက်ရှိမှု သိသိသာသာများခဲ့ပါတယ်။
ပဋိပစ္စည်းများခြင်းက ကိုဗစ်ရောဂါကိုပိုပြီးကာကွယ်ပေးနိုင်မှာလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်လို့ အစ္စတန်ဘူလ်တက္ကသိုလ်မှ ဦးဆောင်သုတေသနပြုသူ'ဗော်လ်ကန်ဒီမီယာဟန်ယူမွတ်ခ်'က ဖော်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
Published 9 May 2022
ဓာတ်ဆီဈေးနှုန်းတွေတက်လာတဲ့အတွက် အမေရိကန်တွေဟာ သူတို့ရဲ့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပြီး ကားနှင့်ခရီးတွေကို အတင်းအကျပ်လျှော့ချလာနေရတယ်လို့ လေ့လာဆန်းစစ်မှုတစ်ခုအရ သိရပါတယ်။
ဧပြီ၂၉ရက်ကနေ မေ(၁)ရက်အထိ ရာဟူး/မာရူးရဲ့ အများပြည်သူထင်မြင်ချက်ဆိုင်ရာ လေ့လာဆန်းစစ်မှုတစ်ခုမှာ ကြုံရာ အမေရိကန်ယာဉ်မောင်း ၁၃၉၂ဦးကို မေးမြန်းခဲ့ပါတယ်။
အဲဒီအခါ သူတို့ထဲက ၆၆ရာခိုင်နှုန်းဟာ ဓာတ်ဆီဈေးနှုန်းတွေတက်လာလို့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပစ်နေ ရတယ်လို့ ဖြေကြပါတယ်။
ယာဉ်ပိုင်ရှင်တွေ ဒါမှမဟုတ် အိမ်ထောင်စုတွေရဲ့ သုံးပုံနှစ်ပုံက သူတို့ဟာ သူတို့ရဲ့ ယာဉ်မောင်းပုံစံကို သိသိသာသာပြောင်း လဲရပြီး မလိုအပ်တဲ့ ကားမောင်းခရီးတွေကို ဖြတ်တောက်ပစ်လိုက်တယ်လို့ပြောကြပါတယ်။
ကျန်တဲ့ ၃၄ရာခိုင်နှုန်းကတော့ သူတို့အနေနှင့် ဆီဈေးတစ်ဂါလံကို အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနားမကပ်မချင်း ယာဉ်အသုံးပြုတဲ့အလေ့အထကို ပြောင်းလဲစရာသိပ်မရှိဘူးလို့ပြောပါတယ်။
ပုံမှန်ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ တနင်္လာနေ့က အမေရိကန်တစ်နိုင်င့လုံးမှာ ပျှမ်းမျှအားဖြင့် ၄.၃၈ဒေါ်လာခန့်ရှိနေပါတယ်။ နီဗာဒါနှင့်ကာလီဖိုးနီးယာတို့မှာတော့ ဈေးနှုန်းဟာ (၅)ဒေါ်လာ အထက်ရှိနေပါတယ်။ ဒီဇယ်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်တာ ပိုလို့တောင်မြန်နေပါသေးတယ်။
ထောက်ပို့စရိတ်တွေမြင့်တက်လာတဲ့အလျောက် ဓာတ်ဆီဈေးတွေတက်လာတာဟာ အမေရိကန်ရဲ့ စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။
Source CMG
#WorldClimate
Published 09 May 2022
ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပူပြင်းလှတဲ့ အိန္ဒိယလမ်းဘေးမှာ မလှုပ်မယှက်နိုင် လဲကျဖြစ်နေတဲ့ အပျံသင်ကာစ စွန်တစ်ကောင်ကို သယ်ယူကယ်ဆယ်လာခဲ့ပါတယ်။
#Yangon_Media_Group
Published 9 May 2022
ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့သည့် ၇၇ကြိမ်မြောက် အခမ်းအနားကို မေ(၉)ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ရင်ပြင်နီမှာကျင်းပခဲ့ရာ သမ္မတပူတင်က တက်ရောက်မိန့်ခွန်းပြောပြီး ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်းဂူးလည်းတက်ရောက်ပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းမှာ အမိမြေအပေါ် လက်သင့်မခံနိုင်တဲ့ တကယ့်ခြိမ်းခြောက်မှုကြီးကို ကာကွယ်တွန်းလှန် နေကြတယ်လို့ သမ္မတ ဗလာဒီမာပူတင်က မေ၉ရက်နေ့မှာ အောင်ပွဲနေ့ နှစ်ပတ်လည် စစ်ရေးပြ အခမ်းအနားဖွင့်ပွဲမှာ ပြောကြားပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းမှာ နာဇီဝါဒကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေကြပြီး ကြောက်စရာ ကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ထပ်မဖြစ်အောင် လုပ်စရာရှိတာအကုန်လုပ်ဖို့ အရေးကြီးတယ်လို့လည်း သူက ထောင်ပေါင်းများစွာသော တပ်သားတွေကို ပြောပါတယ်။
အနောက်နိုင်ငံတွေက သတင်းရေးခဲ့ကြသလို ယူကရိန်းပဋိပက္ခကြီးထွားလာဖို့ ဒီနှစ်ပတ်လည်ပွဲမှာ ပူတင်က တစ်ခုခု ကြေညာမယ်ဆိုတာလည်း ဖြစ်မလာခဲ့ဘဲ သူ့မိန့်ခွန်းမှာ အရေးကြီးတဲ့ကြေညာချက်တစ်ခုမျှပြောမသွားခဲ့ပါဘူး။
“ သင်တို့ဟာ အမိမြေအတွက် အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတယ်။ ဒုတိယကမ္ဘာစစ်ရဲ့သင်ခန်းစာတွေကို ဘယ်သူမှ မေ့ပစ်လိုက်မှာမဟုတ်ဘူး” လို့ ယူကရိန်းမှာရောက်နေတဲ့ သူ့တပ်တွေကို ပူတင်က ရည်ညွှန်းပြောဆိုပါတယ်။
ပူတင်က ပဋိပက္ခအတွက် ယူကရိန်းနှင့်အနောက်ကို အပြစ်တင်သွားပါတယ်။ “ကိဗ်နှင့်ယင်းရဲ့မဟာမိတ်တွေဟာ ကျွန်ုပ်တို့ရဲ့ သမိုင်းဝင်မြေတွေကိုကျူးကျော်ဖို့ပြင်ဆင်နေတယ်လို့ သူကပြောပါတယ်။
ကျွန်ုပ်တို့ရဲ့ နယ်စပ်တွေမှာ တိုက်ရိုက်ခြိမ်းခြောက်မှုတွေဖန်တီးတာ လုံးဝလက်ခံလို့မရဘူးလို့ ပူတင်ကပြောပါတယ်။ နေတိုးက ယူကရိန်းအတွက် လက်နက်တွေဖြန့်ပေးနေတာနှင့် နိုင်ငံခြားအကြံပေးတွေ နေရာယူထားကြတာကို သူက ရည်ညွှန်းပြောဆိုတာပါ။
ရုရှားမှာ အခြားနည်းရွေးစရာမရှိဘူးလို့ပူတင်ကပြောပါတယ်။ ဒါပေမယ့် ရန်လိုမှုတွေကို pre-emptive တုန့်ပြန်မှုတွေပဲ လုပ်ဆောင်နေတယ်၊ဒါဟာ အချုပ်အခြာအာဏာ၊တောင့်တင်းခိုင်မာပြီးလွတ်လပ်တဲ့ နိုင်င့အတွက် တစ်ခုတည်းသော မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
တနင်္လာနေ့ကကျင်းပတဲ့ ၇၇ကြိမ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို တပ်အင်အား တစ်သောင်းတစ်ထောက်ကျော်နှင့် စစ်ရေးဆိုင်ရာ ယန္တယားယာဉ်ပေါင်း ၁၃၀ကျော်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Source AFP
#DailyNews
Published - 9 May 2022
၁။ ကျောက်မဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားရာနေရာများမှ မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးဖို့ ဒေသခံများလိုလား။
၂။ သဘာဝတရားရိပ်သာတွင် တစ်လကို လူဦးရေ(၁၅၀)လောက် တိုးနေ၊စားဖို့ဆန်များ လိုအပ်ဟုဆို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပူပြင်းလှတဲ့အိန္ဒိယရာသီဥတုမှာ ငှက်သတ္တဝါများအသက်ရှင်ရန်ခက်ခဲလျက်ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 09 May 2022
အမေရိကန်သမ္မတကတော်'ဂျေလ်ဘိုင်ဒန်'က ယူကရိန်းပြည်သူတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ရုရှားတို့ကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ယူကရိန်းနိုင်ငံသို့ တနင်္ဂနွေနေ့က မမျှော်လင့်ဘဲ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ယူကရိန်းစစ်ဘေးရှောင်များ ယာယီခိုလှုရာ ကျောင်းတစ်ကျောင်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတကတော်'အိုလီနာဇယ်လန်စကာ'နဲ့ တွေ့ဆုံခဲ့ပါတယ်။
"ဒီလိုကြမ်းတမ်းရက်စက်တဲ့ စစ်ပွဲကြီးကို ရပ်တန့်သွားရမှာဖြစ်ပြီး အမေရိကန်တို့က ယူကရိန်းပြည်သူတွေဘက်က ရပ်တည်ထောက်ခံကြောင်း သက်သေပြဖို့လိုအပ်တယ်ထင်ပါတယ်" ဆိုတဲ့ 'ဘိုင်ဒန်'ရဲ့ပြောကြားချက်ကို ဝါရှင်တန်ပိုစ်သတင်းထောက်က အခြားမီဒီယာများထံ ဝေမျှတင်ဆက်ပေးခဲ့ပါတယ်။
အဆိုပါစာသင်ကျောင်းမှာ စစ်ဘေးရှောင်ယူကရိန်းနိုင်ငံသား ၁၆၃ ဦးခိုလှုံ့လျက်ရှိပြီး ကလေးငယ် ၄၇ ဦးပါဝင်နေပါတယ်။
'ဂျေလ်ဘိုင်ဒန်'ဟာ ယူကရိန်းအိမ်နီးချင်းဆလိုဗေးကီးယားနိုင်ငံကို ခရီးထွက်လာတာဖြစ်ပြီး ရုရှားတိုစတင်ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အများရှေ့ထွက်ပြလာတာဖြစ်ပါတယ်။
'ဘိုင်ဒန်'က 'ဇယ်လန်စကာ'ကို ပန်းစည်းပေးအပ်ခဲ့ပြီး သမ္မတကတော်နှစ်ယောက် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။
စစ်မြေပြင်နိုင်ငံကိုလာရောက်လည်ပတ်တာဟာ ရဲရင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ 'ဘိုင်ဒန်'ကို 'ဇယ်လန်စကာ'က မှတ်ချက်ပြုလိုက်ပါတယ်။
"စစ်ပွဲဖြစ်ပွားရာနိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုတွေနေ့စဉ်ဖြစ်ပွားနေတဲ့နိုင်ငံကို အမေရိကန်သမ္မတကတော်လာရတာ ဘယ်လောက်အထိအန္တရာယ်များလဲဆိုတာ ကျွန်မတို့နားလည်ပါတယ်၊ ဒီနေ့တင်ပဲ လေကြောင်းအန္တရာယ်ဉဩသံကြားလိုက်ရပါသေးတယ်၊ အမေရိကန်တွေရဲ့ထောက်ခံမှုနဲ့ သမ္မတရဲ့ဦးဆောင်လှုပ်ရှားမှုကိုလည်း ကျွန်မတို့သိရှိသဘောပေါက်ထားပါတယ်၊ ကျွန်မတို့အလေးအနက်ထားတဲ့ အမေများနေ့မှာ လာရောက်လည်ပတ်တာဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ သိရှိခံစားရပါတယ်" လို့ စကားပြန်မှ တစ်ဆင့်ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ဟာ ရုရှားအပေါ်စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရာမှာ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပြီး ရုရှားသမ္မတ'ပူတင်'ကို စစ်ပွဲရပ်တန့်ဖို့ တွန်းအားပေးနေပါတယ်။
'ဂျိုးဘိုင်ဒန်'က ကျူးကျော်စစ် စတင်ဖြစ်ပွားပြီးကတည်းက ယူကရိန်းကို လာရောက်ခြင်းမရှိသေးပေမယ့် အမေရိကန်ထိပ်သီးအရာရှိတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'၊ ကာကွယ်ရေးဝန်ကြီး'လွိက်အော်စတင်'နဲ့ လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုဆီ'တို့ဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်းက ယူကရိန်းမြို့တော်သို လာရောက်လည်ပတ်ခဲ့ပါတယ်။
'ဂျေလ်ဘိုင်ဒန်'ဟာ ယူကရိန်းကိုလာရောက်လည်ပတ်ပြီးနောက် နယ်စပ်ကနေဖြတ်ပြီး ဆလိုဗေးကီးယားကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 767 of 861