#World_Politics
Published 29 April 2023
ဆော်ဒီအာရေဗျနဲ့ အီရန်တို့က ယင်းတို့မြို့တော်တွေမှာ လာမယ့်ရက်ပိုင်းအတွင်း သံရုံးများအပြန်အလှန်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး'ဟော့စိန်အေမီရက်ဒေါ်လဟန်'က ဧပြီ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ဆော်ဒီနဲ့အီရန်တို့ကြား ဆက်ဆံရေးပြန်လည်ထူထောင်မှုသဏ္ဍာန် ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက လက်ဘနွန်မြို့တော်ဘေရွတ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မယ့်ရက်အတိအကျကိုတော့ မပြောခဲ့ပါဘူး။
နှစ်နိုင်ငံရေးဆက်ဆံရေး ပြန်လည်ထူထောင်ရန် မတ်လ ၁၀ ရက်နေ့က သဘောတူညီခဲ့ကြပြီး ၂ လအတွင်း နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးများပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဆော်ဒီက ထင်ရှားကျော်ကြားတဲ့ ဆော်ဒီရှီအာဘာသာရေးဆရာ 'ရှိတ်ခ်နီမာ'ကို ကွပ်မျက်ပြီးနောက် ၂၀၁၆ ဇန်နဝါရီကတည်းက အီရန်နဲ့ ဆော်ဒီသံရုံးတို့ဟာ နှစ်နိုင်ငံစလုံးမှာ ပိတ်ထားခဲ့ကြပါတယ်။
သံရုံးများပိတ်ရတာဟာ ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားပြည်ထောင်စုတို့ ဝင်ရောက်စွက်ဖက်မှုအပြီး ဆယ်စုနှစ်များစွာဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြားမတည်ငြိမ်မှုကြောင့် ဖြစ်ပါတယ်။
စွက်ဖက်မှုတွေရှိနေပေမယ့် အီရန်နဲ့မဟာမိတ် ဟူသီလှုပ်ရှားမှုက ဆော်ဒီကျောထောက်နောက်ခံပြုအစိုးရကို ဖြုတ်ချပြီး မြို့တော်ဆာနာကို သိမ်းပိုက်ခဲ့ပါတယ်။
ဆော်ဒီမြို့တွေကို လက်နက်ဆင်ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တဲ့ ဟူသီတွေကို အီရန်ကလက်နက်များ ထောက်ပံ့နေတယ်လို့ ဆော်ဒီက စွပ်စွဲခဲ့ပါတယ်။
၂၀၁၉ ခုနှစ်က အာရမ်ကိုဆီစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အတွက် ဆော်ဒီက အီရန်ကိုစွပ်စွဲခဲ့ပါတယ်။
အီရန်ကတော့ အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူတို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့လက သံတမန်ရေးပြဿနာများအဆုံးသတ်ရန် သဘောတူခဲ့ကြပြီး တရုတ်ရဲ့စေ့စပ်မှုဖြင့် သံတမန်ရေးရာလုပ်ငန်းစဉ်များ ပြန်လည်ထူထောင်သွားမှာဖြစ်ပါတယ်။
အီရန်နဲ့ ဆော်ဒီအာရေဗျတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းပြောဆိုခဲ့ကြကာ လာမယ့်ရက်များအတွင်း သံရုံးများပြန်လည်ဖွင့်လှစ်သွားဖို့ သဘောတူညီခဲ့ကြကြောင်း အေမီရက်ဒေါ်လာဟန်က ပြောကြားခဲ့ပါတယ်။
Source: WION #World_Politics #ဆော်ဒီအာရေဗျ #အီရန်မြို့တော် #နှစ်နိုင်ငံသံရုံး
#YMG #Yangon_Media_Group
#World_Health
Published 29 April 2023
၁၈၈၁ ခုနှစ်က ဆိုရှယ်လစ်ဝါဒီထွန်းကားလာချိန်မှာ လက်ဝဲဝါဒီလူထုကို နှစ်သိမ့်ကျေနပ်စေရန် ကွန်ဆာဗေးတစ်ဂျာမနီအကြီးအကဲ 'အော့တိုဗွန်ဘစ်မာ့ခ်'က အမျိုးသားရေးပင်စင်ယူခွင့်ကို အဆိုပြုခဲ့ပါတယ်။
ပင်စင်စားအရွယ်ကို အသက် ၇၀ လို့သတ်မှတ်ခဲ့ရာ ထိုအချိန်က ပျမ်းမျှမျှော်မှန်းသက်တမ်းက ၄၀ နှစ်ဖြစ်ပါတယ်။
မူဝါဒချမှတ်ပြီးနောက်မှာ ဗွန်ဘစ်မာ့ခ်က ရာထူးမှနှုတ်ထွက်ခဲ့ပေမယ့် သူ့မူဝါဒကအသက်ဝင်ခဲ့ပါတယ်။
၁၉၁၆ ခုနှစ်မှာ ဂျာမနီနိုင်ငံရဲ့ အငြိမ်းစားခံစားခွင့်ကို အသက် ၆၅ နှစ်သို့လျှော့ချခဲ့ကာ အခြားနိုင်ငံများစွာအတွက် စံနမူနာဖြစ်လာပါတယ်။
၁၉၃၅ ခုနှစ်တုန်းက အမေရိကန်မှာ နိုင်ငံတော်ပင်စင်အငြိမ်းစားအသက်အရွယ်ကို ၆၅ နှစ်သတ်မှတ်ခဲ့ပေမယ့် အမေရိကန်လူမျိုး ၆၀ ရာခိုင်နှုန်းအောက်ကသာ ထိုအသက်အရွယ်အထိ အသက်ရှင်နေထိုင်ခဲ့ကြပါတယ်။
အခုခေတ်မှာတော့ လူသားတွေဟာ ပိုမိုအသက်ရှည်လာကြပြီး ပင်စင်စားလို့ရတဲ့အရွယ်အထိ နေထိုင်လာနိုင်ပါတယ်။
အငြိမ်းစားအရွယ် ၆၂ နှစ်နဲ့ ပျမ်းမျှမျှော်မှန်းသက်တမ်း ၈၂ နှစ်ရှိတဲ့ ပြင်သစ်လိုနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ သက်ကြီးရွယ်အိုတွေရဲ့ စီးပွားရေးဖိအားတွေပြေလည်စေရန်အကြောင်းနဲ့ နိုင်ငံတော်ပင်စင်ခံစားခွင့်က ရေရှည်မထောက်ပံ့နိုင်တဲ့အကြောင်းတွေ အငြင်းပွားခဲ့ကြပါတယ်။
စီးပွားရေးအရကြည့်ရင် အသက်အရွယ်နောက်ပိုင်းမှ အငြိမ်းစားယူတာဟာ လူတိုင်းရဲ့အခြေခံနေထိုင်ရေးအတွက် အကျိုးရှိစေပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကိုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြပါတယ်။
ပျမ်းမျှအလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ကို လူတွေကျန်းမာစွာနေထိုင်နိုင်ပြီး သန်စွမ်းကြံ့ခိုင်နေတဲ့ နှစ်တွေအတိုင်း သတ်မှတ်သင့်ပါတယ်။
အသက် ၅၀ အရွယ်မှာ ကျန်းမာနေတဲ့ အမေရိကန်လူမျိုးတွေဟာ ကြံ့ခိုင်သန်စွမ်းနေတဲ့အချိန် ၂၃ နှစ်ခန့်ရှိကာ မသန်စွမ်းတော့တဲ့အချိန်ကတော့ ၈ နှစ်လောက်ရှိပြီး ပျမ်းမျှအလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်က အသက် ၇၃ နှစ်ဖြစ်တယ်လို့ ဘော့စ်တွန်ကောလိပ် အငြိမ်းစားသုတေသီစင်တာမှ သုတေသနစီးပွားရေးပညာရှင်'ဂဲလ်ဝက်စတိုင်း'က အကြံပြုထားပါတယ်။
ဆေးပညာပိုင်းဆိုင်ရာ အပြောင်းအလဲအပြင် အလုပ်ရဲ့သဘောသဘာဝကလည်း ပြောင်းလဲလာကာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်အလုပ်သမားဦးရေ ၄၅ ရာခိုင်နှုန်းက အသိပညာနဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှု၊ စီးပွားရေးနဲ့ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့မှာ လုပ်ကိုင်ကြပါတယ်။
အသိပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေမှဝန်ထမ်းများအနေဖြင့် အသိဉာဏ်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အငြိမ်းစားအရွယ်က အသက် ၇၀ ဆိုတာ အကြောင်းသင့်ကြောင်း ဂျော်ဂျီယာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး 'လီဆာရန်ဇီဟမ်မွန်'က ပြောကြားလိုက်ပါတယ်။
ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းပေါ်မှာသာ ပင်စင်စားအသက်ကိုတွက်မယ်ဆိုရင် အသက် ၆၀ ဖြစ်စရာအကြောင်းမရှိပါဘူးလို့ ဆိုပါတယ်။
အချို့လူတွေက အသက် ၈၀ အထိ ဆက်လက်လုပ်ကိုင်နိုင်ပေမယ့် အချို့အလုပ်တွေကတော့ ရုပ်ပိုင်းဆိုင်ရာအားစိုက်မှု ပိုမိုလိုအပ်တာမျိုးရှိပါတယ်။
ဒီလိုဝန်ထမ်းတွေဆိုရင် အသက် ၆၀ ဝန်းကျင်မှာ အနားယူသင့်ပြီဖြစ်ပါတယ်။
ဒါကြောင့် ပင်စင်စားအသက်အရွယ်မြှင့်တင်သတ်မှတ်ဖို့ရာ တစ်ဦးနဲ့တစ်ဦး သက်ရောက်ပုံမတူတာကြောင့် စိတ်ထဲသိရှိဖို့သာလိုအပ်ပါတယ်။
Source: CNA #World_Health #ကျန်းမာရေးရှုထောင့် #အငြိမ်းစားယူသင့်လဲ
#YMG #Yangon_Media_Group
#World_Design
Published 28 April 2023
'ယိုဆူကဲတာကာဟာတာ'က သူ့ရဲ့ကားအဆန်းကို ဘယ်သူတွေဘယ်လိုမြင်မြင် ဂရုမစိုက်ပါဘူး။
သူ့ကားမှာ သူအကြိုက်ဆုံးကာတွန်းဇာတ်ဆောင်ပုံတွေဖြင့် အလှဆင်ထားတာဖြစ်ပါတယ်။
#World_Design #ဂျပန် #ကာတွန်းရုပ်ပုံ #မော်တော်ကားအလှဆင်ခြင်း
#YMG #Yangon_Media_Group
Published 28 April 2023
ဘီဘီစီ ဥက္ကဋ္ဌ ရစ်ချတ်ရှပ်ဟာ သူ့ကိုအလုပ်ခန့်ထားတဲ့ လုပ်ငန်းစဉ်အတွင်း အကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့ အကြောင်းအရာ နှစ်ခုကို ကြေညာရန်ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာတစ်ခုထွက်ပေါ်ပြီးနောက် ဘီဘီစီကော်ပိုရေးရှင်းဥက္ကဋ္ဌရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။
ရှပ်ဟာ ဗြိတိန်ကွန်ဆာဗေးတစ်ပါတီရဲ့ အလှုရှင်တစ်ဦးဖြစ်ပြီး အဲဒီတုန်းက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နှင့် ဝန်ကြီးချုပ် ကို ပုဂ္ဂိုလ် ရေးချေးငွေပေးမယ့် လူတစ်ဦးနှင့် တွေ့ဆုံဖို့ သူက ကူညီစီစဉ်ပေးခဲ့ပါတယ်။
သူက သူ့အနေနှင့် ဘီဘီစီဥက္ကဋ္ဌအလုပ်လုပ်ချင်တယ်လို့ ဝန်ကြီးချုပ်ကိုကြိုပြောခဲ့ပြီး ခန့်အပ်ရေးအဖွဲ့ကိုလည်း သူဟာ ဝန်ကြီးတွေထောက်ခံတဲ့ တစ်ဦတည်းသော ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။
အဲဒီအပြင် သူ့ရဲ့ငယ်သူငယ်ချင်း ကနေဒါစီးပွားရေးလုပ်ငန်းရှင် ဆမ်ဘလင့်တ်ဟာ ရှပ်ဆီကိုလာခဲ့ပြီး ၂၀၂၀ခုနှစ်မှာ ဝန်ကြီးချုပ်ငွေကြေးအခက်ခဲရုန်းကန်နေရတာတွေကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
သူဟာ အများပြည်သူနှင့်ဆိုင်တဲ့အလုပ်ခန့်ထားခြင်းဆိုင်ရာ အစိုးရရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပေမယ့် သူကတော့ ဒီချိုးဖောက်မှုဟာ သူ့အလုပ်ခန့်ထားတာကို တရားမဝင်တော့အောင်လုပ်ဖို့အထိ မလိုအပ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။
Source agaencies
#ဘီဘီစီဥက္ကဋ္ဌရစ်ချတ်ရှပ်ရာထူးမှနှုတ်ထွက်
#ဗြိတိန်နိုင်ငံရေး
#YangonMediaGroup

#Daily_News
Published_ 28 April 2023
၁။ 92တစ်လီတာ ၂၀၁၀ကျပ်အထိရောက်ရှိပြီး စက်သုံးဆီဈေးနှုန်းအကျဘက်ရှိနေ
၂။ နေ့အပူချိန်(၄၀)°Cအထက်ရောက်ရှိနေသော ဒေသများတွင် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်းများအဖြစ်များနိုင်
၃။ ပြင်ပရွှေပေါက်ဈေး သိန်း ၃၀ ကျော်သည့်အတွက် ရွှေဈေးနှုန်းတည်ငြိမ်စေရေး ရန်ကုန်ရွှေအသင်းအရေးပေါ် အစည်းဝေးပြုလုပ်
၄။ ဂျပန်တွင်ကာတွန်းရုပ်ပုံများဖြင့် မော်တော်ကားအလှဆင်ခြင်း ရေပန်းစားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 29 April 2023
သုတ်ပိုးတွေရဲ့အရည်အသွေးကိုကျစေပြီး မျိုးမပွားနိုင်တဲ့ပြဿနာဖြစ်လာစေတဲ့ အဓိကအကြောင်းအရာများကို သိပ္ပံပညာရှင်များ ဖော်ထုတ်လိုက်ပါတယ်။
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်ရှိ ဆမ်မယ်ဝစ်တက္ကသိုလ်မှ သုတေသီများက သုတ်ပိုးကိုထိခိုက်စေတဲ့ အန္တရာယ်အများဆုံးအချက်အလက်များကို ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကပ္ပယ်အိတ်သွေးကြောဖောရောင်ခြင်း၊ ဆီးချိုရောဂါ၊ ဝှေးစေ့အကျိတ်၊ အသက်အရွယ်စတဲ့ အချက်အလက်တွေက သုတ်ပိုးဆဲလ်တွေရဲ့အရည်အသွေးအပေါ် အကြီးမားဆုံးသက်ရောက်နေပါတယ်။
သုတ်ပိုးမျိုးရိုးဗီဇပစ္စည်းများအပေါ် ထင်ထင်ရှားရှားသက်ရောက်နေတဲ့ အချက်များအကြောင်း Reproductive Biology and Endocrinology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
သုတ်ပိုးဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဆုံးဖြတ်ရာမှာ DNA အပိုင်းပိုင်းခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်းက တစ်ခုတည်းသော အထောက်အထားပြုစမ်းသပ်မှု ဖြစ်နေပါတယ်။
သုတ်ပိုးထဲရှိ မျိုးရိုးဗီဇပစ္စည်းအစအနနဲ့ မူလအခြေအနေတို့ရဲ့ အချိုးအစားဖြစ်တဲ့ DNA ပါဝင်မှုကို စစ်ဆေးတာဖြစ်ပါတယ်။
DNA ပိုပြီးအပိုင်းပိုင်းထွက်လေ သုတ်ပိုးမျိုးအောင်နိုင်စွမ်းကျဆင်းလေဖြစ်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေများကြောင်း ဆမ်မယ်ဝစ်တက္ကသိုလ် ဆီးလမ်းကြောင်းဌာနမှ ဒေါက်တာ'ဇော့ကိုပါ'က ပြောပြခဲ့ပါတယ်။
လက်ရှိလေ့လာချက်အရ ဆေးလိပ်သောက်ခြင်းဖြင့် DNA ပြိုကွဲခြင်း ၉.၁၉ ရာခိုင်နှုန်းပိုများစေကာ အရက်သေစာသောက်သုံးခြင်းနဲ့ ကိုယ်အလေးချိန်တို့ကတော့ သုတ်ပိုးအရည်အသွေးအပေါ် လက်တွေ့သက်ရောက်မှုရှိမနေပါဘူး။
အချို့သောရောဂါကူးစက်မှုတွေက သုတ်ပိုးအရည်အသွေးကို မပျက်စီးစေပေမယ့် ဘက်တီးရီးယားနဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေကတော့ DNA ပြိုကွဲခြင်းဖြစ်နိုင်ချေ ၈.၉၈ ရာခိုင်နှုန်းအထိ ရှိနေနိုင်ပါတယ်။
အနောက်တိုင်းဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မျိုးပွားနိုင်စွမ်းကျဆင်းလျက်ရှိပြီး စုံတွဲ ၆ တွဲမှာ ၁ တွဲနှုန်းက မျိုးမအောင်တဲ့ပြဿနာရှိနေပါတယ်။
အကြောင်းအရင်းတွေ အမျိုးမျိုးဖြစ်နိုင်ပြီး ၅၀ ရာခိုင်နှုန်းခန့်ကတော့ အမျိုးသားတွေနဲ့ သက်ဆိုင်နေပါတယ်။
ကလေးမယူခင်မှာ နေထိုင်စားသောက်မှုပုံစံ အကောင်းဆုံးဖြစ်အောင် ကျင့်ကြံကြည့်ဖို့ ပညာရှင်များအကြံပေးလိုက်ပါတယ်။
ဥပမာအားဖြင့် ဆေးလိပ်ဖြတ်ခြင်း၊ ပုံမှန်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းတို့ဖြစ်ပါတယ်။
Source: India Today #World_Health #သုတ်ပိုး #အမျိုးသားများမျိုးမအောင်ခြင်း #သိပ္ပံပညာရှင်#YMG #Yangon_Media_Group
#Asia_Crime
Published 28 April 2023
ဆိုင်ယာနိုက်ကိုအသုံးပြုပြီး မိတ်ဆွေသူငယ်ချင်း ၁၂ ဦးကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီးနောက် 'ဆာရာရတ်ရန်ဆီဝူထာပွန်'ကို ဘန်ကောက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း BBC က တင်ပြထားပါတယ်။
သူ့သူငယ်ချင်းတစ်ဦးက ဆာရာရတ်နဲ့ ယခုလအစောပိုင်းမှာ ခရီးသွားနေစဉ် သေဆုံးခဲ့ပြီးနောက် သေဆုံးသူမိသားစုက သံသယဖြစ်လာခဲ့ပါတယ်။
ဆာရတ်က သူ့ရည်းစားဟောင်းအပါအဝင် အခြား ၁၁ ယောက်ကိုလည်းသတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကယုံကြည်နေပြီး ဆာရတ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
ငွေရေးကြေးရေးမတည်မငြိမ်ဖြစ်ခြင်းက လူသတ်မှုဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်း ဖြစ်နိုင်တယ်လို့ ရဲတွေကဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်ခန့်က သူဟာ သူငယ်ချင်းနဲ့အတူ ဘန်ကောက်အနောက်ဘက်ရှိ ရတ်ချာဘူရီပြည်နယ်သို့ ခရီးသွားခဲ့ကာ မြစ်တစ်ခုမှာပြုလုပ်တဲ့ ဗုဒ္ဓဘာသာစောင့်ရှောက်ကာကွယ်ခြင်းပွဲတစ်ခုမှာ ပါဝင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
အချိန်တစ်ခုအကြာမှာ သူငယ်ချင်းဖြစ်သူ 'ဆီရီပွန်ခန်ဝေါင်'ဟာ မြစ်ကမ်းပါးမှာ လဲကျသွားပြီး သေဆုံးသွားခဲ့ပါတယ်။
အလောင်းခွဲစိတ်စစ်ဆေးရာမှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ ဆိုင်ယာနိုက်တွေ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူကိုတွေ့ရှိခဲ့ချိန်မှာ သူ့ပိုက်ဆံအိတ်နဲ့ ငွေသားတွေပျောက်ဆုံးနေခဲ့ပါတယ်။
နောက်ထပ်သေဆုံးသူတွေဟာလည်း အလားတူပုံစံအတိုင်း သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များပြောကြားခဲ့ပေမယ့် နောက်ထပ်အချက်အလက်တွေကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
လူသတ်မှုတွေက ၂၀၂၀ ခုနှစ်က စတင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။
သေဆုံးသူတွေအားလုံးကို မဖော်ပြထားပေမယ့် ဆာရာရတ်ရဲ့ရည်းစားဟောင်းနဲ့ အမျိုးသမီးရဲအရာရှိ ၂ ဦးလည်း သေဆုံးသူတွေထဲမှာပါဝင်တယ်လို့ သိရပါတယ်။
ပစ်မှတ်ထားခံခဲ့ရတဲ့သူတစ်ဦးဆိုရင် ဆာရာရတ်က သူ့ဆီကနေ ဘတ် ၂ သိန်းခွဲချေးငှားခဲ့တယ်လို့ ရဲတွေကဆိုပါတယ်။
သူတို့နှစ်ယောက် နေ့လယ်စာစားအပြီးမှာတော့ အမျိုးသမီးဟာ မူးဝေအော့အန်ခဲ့ကာ အသက်ရှင်ခဲ့ပါတယ်။
သေဆုံးသူများရဲ့မိသားစုတွေက လက်ဝတ်ရတနာတွေနဲ့ ပိုက်ဆံတွေ ပျောက်ဆုံးနေတယ်လို့လည်း တိုင်ကြားထားပါတယ်။
သက်သေစုဆောင်းရတာ အခုအချိန်မှာ ခက်ခဲနေနိုင်ပြီး အစောပိုင်းတုန်းက ဒီလိုမကောင်းတဲ့လုပ်ရပ်မျိုးကို မိသားစုတွေက သံသယမဖြစ်ခဲ့ကြဘူးလို့ ရဲတွေကပြောပြခဲ့ပါတယ်။
ဒါ့အပြင် အချို့အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။
Source: The Hindustan Times #Asia_Crime #လူ(၁၂)ဦး #ဆိုင်ယာနိုက်အဆိပ် #ထိုင်းလူမျိုးအမျိုးသမီး #YMG #Yangon_Media_Group
Page 766 of 1176